Tuesday 1 April 2014

သားသား အာကာဘုန်းမြတ်မောင် (၁)လပြည့် မွေးနေ့အလှူ

ဒီနေ့လေးပေါ့  ကျမတို့ဇနီးမောင်နှံ (၂)ယောက်ရဲ့ ခြောက်သွေ့နေ့တဲ့ ဘဝကြီးထဲ စိုပြေအောင်လုပ်ပေးဖို့ သူရောက်လာတဲ့နေ့။ ခုဆို ကျမ အရင်ကလို ကွန်ပျူတာလည်းမသုံးနိုင် ချက်တင်လည်းမတက်နိုင်တော့ ပါဘူး။ဒါကြောင့် ဘလော့လေးမှာလည်း ပိုစ့်သစ်တွေရေးချင်တဲ့ စိတ်ကူး ဆန္ဒတွေရှိပေမဲ့ စာရေးတဲ့ဘက်ကို မရောက်ဖြစ်ပါဘူး။

ဒီနေ့ 2-4-2014 နေ့လေးဟာ ကျမရဲ့ ချစ်လှစွာသော သားဦးရတနာလေးရဲ့ (၁)လပြည့်တဲ့နေ့လေးပါဘဲ။ သားသားကို ကျမ မတ်လ (၂)ရက် တနင်္ဂနွေနေ့  မနက်မှာမွေးဖွားခဲ့တယ်။ကျမအတွက်တော့ မှတ်ရလွယ်တဲ့နေ့လေးပေါ့။ မြန်မာပြည်မှာလည်း မတ်လ(၂)ရက်နေ့ဟာ အမှတ်တရရက် တစ်ရက်ဖြစ်တဲ့ တောင်သူလယ်သမားနေ့ဖြစ်တာမို့ ကျမအတွက်တော့ သားသားမွေးနေ့ကို ဘယ်လိုမှ မေ့စရာ မှားစရာ မရှိတော့ပါဘူး။ သားသားကိုလည်း မေမေက ကျေးဇူးတင်ပါတယ်။ အမေတို့ မိသားစုထဲ ပျော်ရွှင်ခြင်းတွေ ကြည်နူးခြင်းတွေ ပီတိတွေ သယ်ဆောင်ယူလာပေးခဲ့လို့ဘဲ။

ခုဆို ကျမတို့အိမ်လေးဟာ တကယ့်သာယာပျော်ရွှင်ဖွယ်လေး ဖြစ်နေပါပြီ။အရင်က အထီးကျန်ဆန်ပြီး တိတ်ဆိတ်ခြောက်သွေ့နေတဲ့ အိမ်လေးမှာ ခုလို အပြုံးတွေ ပျော်ရွှင်မှု့တွေ ပီတိတွေ လွမ်းမိုးနေပါပြီ။ ကျမ သားသားကို ကိုယ်ဝန်စဆောင်ကတည်းက ကျမ ဆုတွေအများကြီး မတောင်းခဲ့ပါဘူး။ သို့သော် ကျမ နေ့စဉ်အမြဲ ဆုတောင်းမိတာက သားသား လူ့လောကထဲ ကျန်းကျန်းမာမာနဲ့ လွယ်လွယ်ကူကူ မွေးဖွားနိုင်ဖို့ .....သားသားဟာ ဘုရား..တရား...သံဃာ...ကို ကြည်ညိုယုံကြည်တတ်သူ ဖြစ်ပြီး လူကြီး မိဘဆရာ သမား ပြောစကားကို နားထောင်တတ်တဲ့ လိမ်မာရေးခြားရှိတဲ့ ကလေးဖြစ်ဖို့ ... ထက်မြက်တဲ့ ကလေးဖြစ်ပြီး မျက်နှာမြင် ချစ်ခင်ခံထိုက်တဲ့ ကလေးဖြစ်ဖို့  .... မိဘနှစ်ပါးရဲ့ စိတ်တွေ သားလေးမှာ အပြည့်အဝရှိဖို့.....လှူတတ် ပေးတတ် စာနာတတ် ...ရက်ရောတဲ့စိတ်... ကူညီတဲ့စိတ်... ရိုးသားတဲ့စိတ်တွေ သားသားမှာ ရှိဖို့ အမြဲဆုတောင်းပေးခဲ့ပါတယ်။

ကျမ ဆုတောင်းတွေ တစ်ချို့ ပြည့်ခဲ့ပါတယ်။ သားသားကို ကျမ နာကျင်မှု့ခံစားရပေမဲ့ အသက်သာဆုံး မွေးဖွားနိုင်ခဲ့ ပါတယ်။သားသားလည်း မွေးဖွားစဉ်  ကျန်းမာပါတယ်။ ပြီးတော့ ဘာမှမသိတတ်တဲ့ ကလေးဆိုပေမဲ့ သားသားကြောင့် မိဘတွေ အရမ်းပင်ပန်း အိပ်ရေးပျက် တာတွေ ယနေ့ချိန်ထိတော့ မဖြစ်ဖူးသေးပါဘူး။အဲဒီ အတွက်လည်း သားကိုကျမတို့ ဇနီးမောင်နှံက ကျေးဇူးတင်နေမိတာ။ 

တကယ်တော့ သားသား မွေးဖွားရမဲ့  " ဂျူးဒိတ်" ရက်က ဖေဖော်ဝါရီ (၂၈)ပါ။ ဖေဖော်ဝါရီလ စဝင်ပြီဆိုတာနဲ့ ကျမတို့ ဇနီးမောင်နှံမှာ ဒီနေ့လေးရောက်လာဖို့ အပျော်များစွာနဲ့ ကြိုဆိုခဲ့ရတာ။သားသားကိုလည်း သားလေးလာချင်တဲ့ရက်သာ လာခဲ့ပါ။ အဖေ+အမေ တို့ဘက်ကတော့ အဆင်သင့်စောင့်နေတယ် လို့ပြောပြီး အပြုံးတွေ နွေးထွေးမှု့တွေ ကြည်နူးမှု့တွေနဲ့ စောင့်နေခဲ့ကြတာ။ သားသားက ဖေဖော်ဝါရီ (၂၈)ရက်ကို ကျော်တဲ့အထိ ကျမတို့ဆီကို မလာသေးတော့ စိတ်ပူရပြန်ရော။ ဒါပေမဲ့ သားသားက သူ့အဖေဘက်က အဖိုးကို ချစ်ပုံပေါ်တယ်။ သူ့အဖိုးက သားသား မမွေးခင် (၁)ပါတ်အလိုမှာ သားလေးကို မတ်(၂)ရက် တနင်္ဂနွေနေ့လေးမှာ မွေးရင်  သိပ်ကောင်းမှာဘဲလို့ ကျမကိုဖုန်းထဲက ပြောမိတယ်။ သားသား အဖိုး လိုချင်တာ အဲဒီမတ်လ(၂)ရက် တနင်္ဂနွေသားပေါ့။ 

သားသားကလည်း အဖိုးပြောတာကို အမေ့ဗိုက်ထဲက ကြားသွားလားမသိ။ ဂျူးဒိတ် ကိုကျော်ပြီး မတ်လ (၂)ရက် တောင်သူလယ်သမားနေ့ တနင်္ဂနွေ မနက်စောစောမှာ လူ့လောကထဲ ရောက်လာခဲ့တယ်။ သားသားက ဘာနေ့သားလေးဘဲဖြစ်ဖြစ် အမေကတော့ သားသားကို ချစ်မှာဘဲ။ 

သားသား ကြီးပြင်းလာရင် မိဘနှစ်ပါးစိတ်ဓါတ်တွေ ပါလာဖို့ အလှူအတန်းတွေ လုပ်တတ်ဖို့ သားသား ကိုယ်ဝန်လွယ်ထားကတည်းက သားသားမွေးဖွားမဲ့ ဂျူးဒိတ် ဖေဖော်ဝါရီ(၂၈)ရက် ကစ သားသားအတွက် " မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် လွယ်ကန်သီလရှင်ကျောင်းမှာ "ဆွမ်းလှူပေးခဲ့ပါတယ်။ ခုလည်း ဒီနေ့ မတ်လ(၂)ရက်နေ့က သားသားမွေးနေ့မို့ ကျမတတ်နိုင်တဲ့ အလှူလေးပြုပေးတယ် သားလေးအတွက်ပေါ့။ 

ဒီနေ့သားလေး " အာကာဘုန်းမြတ်မောင်" (၁)လပြည့်တဲ့မွေးနေ့မှာ  သားလေးရဲ့ ဘဝအစကို မိဘတွေဖြစ်တဲ့ ကျမတို့ ဇနီးမောင်နှံက ဒီလိုလေး မျိုးစေ့ချပေးခဲ့တယ်။


"မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် လွယ်ကန်သီလရှင်ကျောင်းမှာ နေ့ဆွမ်းကပ်လှူပေးပါတယ်။"

"အိန္ဒိယမှာ ပညာတော်သင်နေတဲ့ ဦးဇင်းတစ်ပါးကို ဝတ္တုငွေ အိန္ဒိယငွေ ရူးပီးငွေ ၁သောင်း 10000 လှူ ပေးခဲ့ပါတယ်။

"ရန်ကုန်မှ အသိတစ်ယောက်ရဲ့အမေ နှလုံးသွေးကြောကျဉ်းလို့  ဆေးခန်းပြခါနီး အခွင့်သင့်လို့ သားလေးအတွက် ရည်ရွယ်ပြီး ငွေအများကြီးမဟုတ်ဘဲ (၂)သောင်းကျပ် လှူပေးနိုင်ခဲ့တယ်။"

ယခုပြုခဲ့သော ကုသိုလ်အစုစုအတွက် (၇)ရက် သားသမီးများအားလုံးကို အမျှ ပေးဝေပါတယ်။အားလုံး လည်း "အမျှ "ရကြပါစေ " အမျှ....အမျှ....အမျှ...." ယူတော်မူကြပါကုန်သော်....သာဓု....သာဓု....သာဓု.....

ခုလိုသားသားအတွက် မိခင်ဖြစ်တဲ့ ကျမကအလှူအတန်းပြုပေးခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရသလို သားသားလည်း မိဘတွေ ချပေးခဲ့တဲ့ မျိုးစေ့လေးကို ကြီးလာရင် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။

သားသားရေ... အဖေနဲ့အဖေကတော့ မိကောင်းဖခင်ဖြစ်ဖို့ အမြဲကြိုးစားနေမှာပါ။ မိခင်ကောင်း မိခင်မြတ်ဖြစ် ဖို့အမေကြိုးစားပါမယ် သားသားရေ.....သားသားလည်း ကြီးလာရင် လိမ်မာရေးခြားရှိတဲ့ ကလေးဖြစ်ဖို့ ကြိုးစားပါနော်။

အမေ့ချစ်လှစွာသော သားသား " အာကာဘုန်းမြတ်မောင်" (၁)လပြည့်မွေးနေ့လေးမှစ လိမ်မာရေးခြားရှိတဲ့ ကလေးဖြစ်ပြီး ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ အဖေနဲ့အမေ  ဆုတောင်းပေးလိုက်ပါတယ်။
 ချစ်ခြင်းများစွာ အနှိုင်းမဲ့ မေတ္တာဖြင့်
အဖေ+အမေ

ကျမကို ချစ်ခင်ကြသော အွန်လိုင်းမှ မောင်နှမများက သားသားဓါတ်ပုံတင်ပေးပါဆိုလို့ သားသားမွေးခါစ ဆေးရုံမှ ကျမဖုန်းနဲ့ရိုက်ထားတဲ့ ပုံလေးတွေတင်ပေးထားပါတယ်။  မိတ်ဆွေ ခင်မင်သူတွေက အမျိုးမျိုး ကော်မန့်တွေပေးကြပါတယ်။ သားလေးကို ချစ်စရာလေး လို့ပြောတော့ မိဘဖြစ်တဲ့ကျမက ပီတိဖြစ်မိသလို ပြုံးနေမိပါတယ်။ ဒီလိုစကားကြား ရတော့ ပြုံးနေတတ်တာ မိဘတိုင်းပါဘဲလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ ကျမ သားသား ဆေးရုံမှာ (၂)ရက်သားလေး အိပ်နေချိန်...ကလေးသဘာဝ နတ်ဆော့လို့ ပြုံးနေတာလေးကို အမိအရလေး ရိုက်ထားတဲ့ ပုံလေးကိုတင်ထားတာကို တစ်ချို့က သားလေးက မျက်နှာပြောင်တယ်လို့ ပြောလာပါတယ်။ 

တကယ်တော့ (၂)ရက်သား ဆိုတဲ့ကလေးက ဘာမှသိသေးတာ မဟုတ်သေးပါဘူး။ ကလေးသဘာဝ အိပ်နေချိန် နတ်ဆော့လို့ ...ငိုမယ်...ရီ (ရယ်) မယ် ဖြစ်နေတာပါ။ အဲတာကို ကျမသားလေးက မျက်နှာပြောင်တယ် အဲတာ အဖေတူလို့ဆိုပြီး ပြောလာသူကိုလည်း ကျမ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကျမ တင်ထားတဲ့ ဓါတ်ပုံဟာ သားသား (၂)ရက်သားဘဲ ရှိသေးတယ်ဆိုတဲ့ ပုံလေးဆိုတာကိုတော့ သိစေချင်တာ အမှန်ပါ။ ပြီးတော့ သားလေးသာ တကယ်အဖေတူတယ်ဆို အဖေ့လို အနေအေးမယ် စိတ်ရိုးမယ် တည်ကြည်မယ် ယောကျာင်္း ပီသမဲ့သူ ဖြစ်မှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ ကျမရဲ့ အိမ်ဦးနတ်ဖြစ်တဲ့ သားသား အဖေကလည်း မျက်နှာပြောင်တဲ့ အထဲက မဟုတ်တာ 100% သေချာနေလို့ပါဘဲ။ 

သားသားဓါတ်ပုံလေးကို အမျိုးမျိုးကော်မန့်ပေးသူတွေကိုလည်း စိတ်မဆိုးပါဘူး။လူတိုင်းက လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။သို့သော်တစ်ခါတစ်ရံ ကိုယ့်လွတ်လပ်မှု့ဟာ သူတစ်ပါးစိတ်ကို မထိခိုက်စေဖို့ဘဲ အရေးကြီးပါတယ်။ဒါကြောင့် သားသားဓါတ်ပုံတွေ ကျမ ဘလော့မှာရော  Facebook မှာရော မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်ချစ်ခင်လေးစားလျှက်
အလွမ်းမြို့လေး
2-4-2014

3 comments:

ပန်းအိ said...

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်း...

မိဘများရဲ့ ချစ်ခြင်း....

ပျောက်နေပေမယ့် ခင်မင်မိတဲ့သူတွေကို စိတ်ထဲအမြဲရှိလျှက်ပါနော် မကြီးလွမ်း ... :)

သားလေးက တကယ်ကို ချစ်ဖို့ကောင်း :)

ရွှေယွန်းဝါ said...

သားလေးမွေးနေ့အတွက်လှုပေးတဲ့အလှုအတွက် "သာဓု သာဓု သာဓု"။
သားလေးမေမေ ( မကြီးလွမ်း ) ဆုတောင်းပေးတဲ့အတိုင်း သားလိမ္မာလေးဖြစ်မှာပါ။
ဒီ post လေးကို ဖတ်မိတော့ မကြီးလွမ်းတို့မိသားစုအတွက် ပီတိဖြစ်မိပါတယ်။

ပစ်ပစ် said...

မာမီလွမ်း
ပစ်ကျောက်ပြင်ရွက်စောင့်နေတယ်..

Happy Birthday ပါသားသားလေးရေ