အိမ်ထောင်တစ်ခုမှာ သာယာပျော်ရွှင် ချစ်သက်ရှည်ကြာအောင် ဘယ်လိုတွေ ဖွဲ့စည်းထားလဲ ဆိုတာ ကျမ သေချာမသိပါ။သို့သော် မောင်နဲ့ ကျမ ကတော့ အမြဲတမ်း မရှိ အတူပျော်ရွှင်နေသည်မှာ အမှန်ပါ။
ကျမတို့နှစ်ယောက်မှာ ရွှေငွေတွေ မပေါကြွယ်ဘူး။ မာန်မာန ဂုဏ်ဓနတွေ မရှိဘူး။ ဟန်ဆောင်မှု့တွေ ကင်းတယ်။ လောဘတွေဘေးချိတ် အတ္တတွေဖယ်ချပြီး အရောင်မဲ့နှလုံးသားတွေနဲ့ လက်ချင်းယှဉ်လို့ တူတွဲလာလျှောက်လာ ခဲ့ကြတယ်။
မောင့်ရဲ့ အကြင်နာတွေနဲ့မိုးပြီး ဂရုဏာတွေခြုံပေးထားတဲ့ မေတ္တာစောင်လေးမှာ ကျမ နွေးထွေးစွာ အိပ်ပျော်ခဲ့တယ်။
အိမ်ထောင်တစ်ခုမှာ သူ့တာဝန်ကိုယ့်တာဝန် ခွဲခြားထားတာ ကျမ တွေ့ရပါတယ်။ ကျမ ငယ်စဉ်တုန်းကလည်း ခဏခဏ ကြားဖူး ကြုံဖူးပါတယ်။ မိသားစုမှာ သူ့တာဝန်သူ ကိုယ်စီရှိကြတယ်ဆိုတာပေါ့။ အဖေဆိုတဲ့ အိမ်ထောင်ဦးစီးက စားဝတ်နေရေး ငွေရှာပေးတယ်။ အမေဆိုတဲ့ မိခင်က သားသမီးတွေ မိသားစု စားဖို့သောက်ဖို့ စီမံခန့်ခွဲ ချက်ပြုတ်ရပါတယ်။ ကျမ မောင်ငယ် ကျမကိုတစ်ခါပြောခဲ့ဖူးတယ်။ ချက်ပြုတ်တယ်ဆိုတာ မိန်းမတွေအလုပ်တဲ့။ အင်း. အဲတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခုရယ် ဖြစ်လာပြီဆို သာယာပျော်ရွှင်ဖို့ နှစ်ကိုယ်တူ ယှဉ်တွဲလုပ်ဆောင်မယ်ဆို ပိုပြီးသာယာ အေးချမ်းမယ်လို့ ကျမထင်ပါတယ်။
ကျမတို့ အိမ်ထောင်ကျပြီးကတည်းက ကျမတာဝန် ချက်ပြုတ် စီမံ ထိန်းသိမ်းဆိုတာ ကျမ သိပေမဲ့ မောင်ကိုယ်တိုင်က ကျမ တစ်ယောက်တည်းကို ဒီတာဝန်တွေနဲ့ ပစ်မထားသလို ဖိ မထားပါဘူး။သက်သက်သာသာ အတူယှဉ်တွဲ အပြုံးတွေပိုက်ပြီး နားလည်မှု့တွေနဲ့ ကျေနပ်စွာ စာနာစိတ် ကြင်နာစိတ်နဲ့ စောင့်ရှောက်ကူညီခဲ့တယ်။
ကျမတို့ဇနီးမောင်နှံကတော့ ဒီလို
******************
မနက်တိုင်း ဘုရားသောက်တော်ရေကို မောင် ကပ်လှူခဲ့ရင်
ကျမက ဘုရားပန်းနဲ့ဆီမီး ပူဇော်ခဲ့တယ်။
မနက်တိုင်း ဘုရားသောက်တော်ရေကို ကျမ ကပ်လှူခဲ့ရင်
မောင်က ဘုရားပန်းနဲ့ဆီမီး ပူဇော်ခဲ့တယ်။
မောင်က မနက်အိပ်ယာနိုးလို့ ရေနွေးအိုးတည်ရင်
ကျမက မနက်နှစ်ယောက်အတူသောက်ဖို့ ကော်ဖီဖျော်တယ်။
ကျမက မနက်အိပ်ယာနိုးလို့ ရေနွေးအိုးတည်ရင်
မောင်က မနက်နှစ်ယောက်အတူသောက်ဖို့ ကော်ဖီဖျော်တယ်။
မောင်က မီးဖိုခန်းထဲဝင်ပြီး ဟင်းချက်ဖို့ပြင်ဆင် ချက်ပြုတ်ခဲ့ရင်
ကျမက မောင့်နဲ့အတူ မီးဖိုခန်းက အိုးခွက်အပေအကျံတွေကို ဆေးကြောတယ်
ကျမက မီးဖိုခန်းထဲဝင်ပြီး ဟင်းချက်ဖို့ပြင်ဆင် ချက်ပြုတ်ခဲ့ရင်
မောင်က ကျမနဲ့အတူ မီးဖိုခန်းက အိုးခွက်အပေအကျံတွေကို ဆေးကြောတယ်
မောင်က ထမင်းစာချိန်တိုင်း ထမင်းဟင်းခူးခပ် ပြင်ဆင်ပေးရင်
ထမင်းစားပြီးတိုင်း ကျမက စားပြီးသား အပေအကျံတွေကို ဆေးကြောတယ်။
ကျမကထမင်းစာချိန်တိုင်း ထမင်းဟင်းခူးခပ် ပြင်ဆင်ပေးရင်
ထမင်းစားပြီးတိုင်း မောင်က စားပြီးသား အပေအကျံတွေကို ဆေးကြောတယ်။
မောင်က ဖုန်စုတ်စက်နဲ့တစ်အိမ်လုံး သန့်ရှင်းအောင် ဖုန်စုတ်ခဲ့ရင်
ကျမက ရေပုံးနဲ့ကြမ်းတိုက်ဝတ်ယူပြီး တစ်အိမ်လုံးသန့်ရှင်းအောင် တိုက်ခဲ့တယ်။
ကျမက ဖုန်စုတ်စက်နဲ့တစ်အိမ်လုံး သန့်ရှင်းအောင် ဖုန်စုတ်ခဲ့ရင်
မောင်က ရေပုံးနဲ့ကြမ်းတိုက်ဝတ်ယူပြီး တစ်အိမ်လုံးသန့်ရှင်းအောင် တိုက်ခဲ့တယ်။
မောင်က လျှော်ပြီးသား အဝတ်တွေ လှန်းနေရင်
ကျမက ခြောက်နေတဲ့အဝတ်လေးတွေ ခေါက်ပေးတယ်။
ကျမက လျှော်ပြီးသား အဝတ်တွေ လှန်းနေရင်
မောင်က ခြောက်နေတဲ့အဝတ်လေးတွေ ခေါက်ပေးတယ်။
မောင်က မီးဖိုခန်း သန့်ရှင်းရေးလုပ်ရင်
ကျမက ရေချိုးခန်း သန့်ရှင်းရေးလုပ်တယ်။
ကျမက မီးဖိုခန်း သန့်ရှင်းရေးလုပ်ရင်
မောင်က ရေချိုးခန်း သန့်ရှင်းရေးလုပ်တယ်။
မောင်က ပန်းခြံထဲက မြက်တွေစက်နဲ့သွားရိတ်ရင်
ကျမက ရှည်နေတဲ့ သစ်ပင်ကိုင်းတွေနဲ့ ပန်းပင်လေးတွေ ရှင်းပေးတယ်။
ကျမက ပန်းခြံထဲက မြက်တွေစက်နဲ့သွားရိတ်ရင်
မောင်က ရှည်နေတဲ့ သစ်ပင်ကိုင်းတွေနဲ့ ပန်းပင်လေးတွေ ရှင်းပေးတယ်။
ကျမက လကုန်တိုင်း ကုန်ကျပြီးပေးရမဲ့ ငွေအထွက်စာရင်းကိုတွက်
မောင်က ကျမတွက်ပြီးသား စာရင်စာရွက်ကိုင် ဘဏ်သွား
မောင်က ဘဏ်ကအပြန် ပေးထားတဲ့ စာရင်းစာရွက်ဖြတ်ပိုင်းတွေအပ်
ကျမက မောင်ပေးအပ်လာတဲ့ စာရွတ်စာတမ်းကို ဖိုင်ထဲသိမ်းတယ်။
မောင်က ဂီတာတီးပေးရင်
ကျမက သီချင်းဆိုတယ်။
ကျမ ဂီတာတီးပြန်တော့
မောင်က သီချင်းပြန်ဆိုတယ်။
မောင်က စက်တွေတပ်ဆင်ပေးတယ်
ကျမက ကာရာအိုကေ ဆိုတယ်။
ကျမ ကာရာအိုကေဆိုတော့
မောင်က ဘေးနား ပြုံးနေတယ်။
မောင်က ဂိမ်းဆော့နေချိန်
ကျမက သီချင်းနားထောင်တယ်။
ကျမ ဘလော့ရေးနေချိန်တော့
မောင်က တီဗီကြည့်တယ်။
ညအိပ်ချိန်တော့လည်း မောင့်ရုပ်ရှင်ကားတွေ ကောင်းနေရင်
ကျမက ကွန်ပျူတာလေး သုံးရင်းစောင့်ပေးတယ်။
ကျမ ပိုစ့်ရေးလို့ ညနက်သွားရင်လည်း
မောင်က ဘေးနားထိုင်စောင့်ပေးရှာတယ်။
မောင်က ကျမအိပ်ယာ နိုးတိုင်း
ကျမ နဖူးလေးကို ချစ်စနိုးနဲ့ နမ်းတယ်။
ကျမက မောင်အိပ်ချိန်ရောက်တိုင်း
မောင့် နဖူးလေးကို ချစ်စနိုးနဲ့ နမ်းတယ်။ အာဘွား
((( အဟီး *** ရှက် --- ရှက်)))
ဒီလိုလေးနဲ့ နှစ်ယောက်အတူ ယှဉ်တွဲလျှောက်လာခဲ့တဲ့ အိမ်ထောင်ရေးလမ်းမှာ သာယာပျော်ရွှင်နေပါတယ်။ ဒါလေးကတော့ မောင်နဲ့ကျမရဲ့ တစ်နေ့တာကနေ နေ့စဉ် မှတ်တမ်းလေးတွေပေါ့။
ဘလော့မောင်နှမများလည်း သဘောကျတယ်ဆို လိုက်လျှောက် ကျင့်သုံးကြည့်ကြပေါ့။ တကယ် အေးချမ်းပျော်ရွှင်စရာ။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့