Showing posts with label Tagပိုစ့်များ. Show all posts
Showing posts with label Tagပိုစ့်များ. Show all posts

Friday, 4 October 2013

ကင်ဆာအကြောင်းသိသလောက်...Tagပိုစ့်

 ဓါတ်ပုံကို ဂိုဂယ်မှကူးယူသည်။

အားလုံးဘဲ မင်္ဂလာပါ။စာမရေးတာလည်းကြာပြီ Tag ပိုစ့်လေးလည်း သများလာအက်ထားတာ ကြာပြီ။ ကျမ ဘာမှမလုပ်နိုင်သေးတာ။ဒီနေ့တော့ ကျမချစ်ရသော ဘလော့ဂါ **ဂျာရစ်** မဒမ်ကိုး Tag ထားသောပိုစ့်လေးကို ရေးဖို့ဆုံးဖြတ်လိုက်တယ်။အပြင်မှာလည်း မိုးတွေကရွာ စိတ်တွေ ထဲမှာလည်း ဒေါသတွေထန် မကျေနပ်မှု့တွေနဲ့ ပြည့်ဝနေလို့ ကျမရဲ့ စိတ်တွေကို အရိုင်းမဝင် ရလေအောင် ဘလော့လေးထဲဝင် စာလေးရေးဖို့ ရောက်ရှိလာပါပြီ။

Tag လုပ်ထားတာကြာပြီဖြစ်ပေမဲ့ ခုမှရေးဖြစ်တဲ့ ပိုစ့်လေးအတွက် http://madankoo.blogspot.com/ ကို ဦးစွာ ဒီကနေ တောင်းပန် လိုက်တယ်။နောက်ကျခြင်း များစွာဖြင့်......တကယ်တော့ နောက်ကျတာမဟုတ်ပါဘူးကွယ် အချိန်ယူနေတာပါ။ မဒမ်ကိုးက Tag လိုက်ပေမဲ့ သူပိုစ့်မှာ သွားဖတ်တော့ အရေးအသား အသိပညာက အတော်လေးပြည့်စုံနေပြီ။ဒါကြောင့် ဘာရေးရမလဲမသိ ဖြစ်နေလို့ စဉ်းစားနေတာ။

ကျမက စာဖတ်အားလည်းနည်း ကျန်းမာရေး ဗဟုသုတလည်းနည်း အကုန်အားနည်းနေသူမို့ ခုလိုကျန်းမာရေးအတွက် ပိုစ့်ရေးရမယ်ဆိုတော့ အတော်စဉ်းစားရတယ်။အင်းလေ မဒမ်းကိုး ဘလော့ကလည်း ကျန်းမာရေးအသိပညာရေးနဲ့ ပါတ်သက်တာတွေ ပုံနဲ့တစ်ကွရေးသားထားပြီမို့ ကျမ ထပ်မံမရေးလိုတော့ပါဘူး။ဘလော့ဂါ  မောင်နှမတွေကလည်း ထို့နည်းတူ အစား အသောက်နဲ့ ပါတ်သက်ပြီး ရေးကြမယ် ပညာပေးကြမယ်လို့ ကျမယုံကြည် ပါတယ်။ထို့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပါတ်သက်လာရင် အစားအသောက်တွေကအစ ဆင်ခြင်ဖို့ ပညာပေးပိုစ့်လေးနဲ့အတူ ကင်ဆာဆို တဲ့ရောဂါဆိုးလေး အတွက် ဘယ်လိုသတိနဲ့ ကာကွယ်ကြမလဲဆိုတာ ကျမ ထပ်မံဖြည့်စွက် ရေးချင် ပါတယ်။

မြန်မာလူမျိုးတွေကလည်း သူတို့ရိုးရာစာလေး ကိုယ့်လူမျိုးအစားလေးကို စွဲမြဲစွာစားတတ်တာ သဘာဝ ကျပါတယ်။ငပိမှာကင်ဆာကိုဖြစ်စေတဲ့ ယူးရီးယားဓါတ်မြေသြဇာတွေ သုံးတယ်ဆိုလည်း ကျမတို့ လူမျိုးတွေက မွေးကတည်းက ငပိစားပြီးကြီးပြင်းလာသူတွေက အများကြီးပါ။နောက်ပြီး တိုင်းရင်းသူ/သား တော်တော်များများက ထမင်းပွဲတိုင်းမှာ ငပိရည်က အဓိက ဟင်းလိုဖြစ်နေ တာပါ။နောက်ပြီး မြန်မာပြည်ရဲ့ စီးပွားရေးအခြေနေကြောင့် နယ်တွေဘက်မှာဆို သာမာန် အောက်ခြေ တစ်နေ့လုပ်တစ်နေ့စား သမားတွေအတွက်က ငပိရည်ဟင်းက တကယ့်ဟင်းကောင်းပါဘဲ။ဒီလို အကြောင်းအမျိုးမျိုးနဲ့ စားသုံးလာကြတာ အဖိုးအဖွားတွေကအစ မိဘတွေလက်ထက်ထိ။ မိဘတွေလက်ထက်ပြီးနောက်မှာတော့ ကျမတို့သားသမီးတွေကလည်း ဒီလိုဘဲစားသုံးလာကြပြန်တယ်။ အဲဒီချိန်ထိ ငပိမှာပါတဲ့ ဆိုးကျိုးကို မသိခဲ့တာလား ဒါမှမဟုတ် အရင်စားသုံးခဲ့တဲ့ ငပိတွေက တကယ်ဘဲ ကျန်းမာရေးကို ထိခိုက်စေတဲ့ ယူးရီးယားဓါတ်မြေသြဇာတွေ မပါခဲ့တာလား။

နောက်တစ်ခုက လ္ဘက်....ရွာအလှူတွေမှာဆို အလှူတိုင်း ပွဲတိုင်း မပါမဖြစ် ဧည့်ခံကြတဲ့ ရိုးရာစာ လ္ဘက်။ရှေးလူကြီးတွေကအစ ထမင်းစားပြီးတိုင်း .... ညနေစကားဝိုင်းတွေမှာလည်း လ္ဘက်မပါ မဖြစ်ပေါ့။ ခုချိန်မှာတော့ လ္ဘက်တွေကအစ  မလိုအပ်တာတွေပိုသုံးထားတဲ့ ဆိုးဆေးတွေကြောင့် ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ကျမတို့လူမျိုးတွေကလည်း ကိုယ့်ရိုးရာ အစာလေးတွေကို တပ်မက်စွဲလန်း နှစ်ခြိုက်စွာ စားသုံးကြတော့ ခုချိန်မှာစားမယ်ဆိုရင်တောင် သတိထား ဆင်ခြင်သင့်ပါတယ်။ဒီအစာတွေမှာ ဒါတွေပါတယ် ဒါတွေက ဒီလိုရောဂါကိုဖြစ်စေတယ်လို့ ကျန်းမာရေး ပညာပေးဟောပြော ကြရင်တောင် ကျမတို့ မြန်မာလူမျိုးကလည်း ငယ်စဉ်ကတည်းက ဘိုးဘွားတွေကအစ စားသုံးလာခဲ့ကြတဲ့ အစားအစာကိုမှ စွန့်လွတ်ဖို့ အတော်ခဲယဉ်ပေမည်။

ယခုကျမရောက်သော နိုင်ငံတွင်လည်း နွေရာသီ ပွင့်လင်းချိန်တိုင်း သူတို့နိုင်ငံသားများဟာ အသားများစုပြီး ကင်းစားကြတယ်။အဲလိုအသားကင်စားကြတာ အများစုက အသားကို တူးနေအောင် အမဲရောင်ထွက်အောင်ကင်ပြီးမှ အဲဒီမဲနေတာလေးတွေကို အရသာပိုရှိတယ် ဆိုပြီး စားကြတယ်။အဲဒီ မဲပြီးမီးကျွမ်းနေတာတွေကလည်း ကင်ဆာကိုဖြစ်စေတယ်လို့ သိရပါတယ်။ဒါကြောင့် အသားကင်စားတာ ကြိုက်တဲ့သူများ အထူးသတိထားဆင်ခြင်စေချင် ပါတယ်။အဲလို အစာများကို တတ်နိုင်သမျှရှောင်ရှား  စေချင်ပါတယ်။

ထို့အပြင် အသီးအရွက်တွေမှာလည်း အပင်ရှင်သန်မြန်အောင် ဆေးတွေဖြန်းပြီး လိုအပ်တာထက်ပိုပြီး အသုံးပြုထားတာမို့ အသီးအရွက်တွေကို စားမယ်ဆိုရင် အသီး အရွက်တွေကို မစားမှီရေနှင့်ဆားကို ဇလုံထဲထည့်ပြီး (၁၅) မိနစ်လောက် စိမ်ထားစေ ချင်ပါတယ်။အဲလိုလေးလုပ်ပြီးမှ ချက်စားစေချင်ပါတယ်။

ကျမကတော့ ကင်ဆာမဖြစ်ခင် ဘယ်လိုကာကွယ်သင့်တယ်ဆိုတာလေး အသိပေးချင်ပါတယ်။ တစ်ချို့က ကင်ဆာဆိုတာ မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုပင်ဖြစ်စေ ကြိုတင်ကာကွယ်မှု့ကတော့ ပိုကောင်းတာပေါ့။မြန်မာပြည်မှာ နေခဲ့ပေမဲ့ ခုလိုလုပ်ပေးလားတော့ သေချာမသိ။အခု ကျမရောက်နေတဲ့ နိုင်ငံမှာဆို အမျိုးသမီးတိုင်း ကင်ဆာရောဂါရှိမရှိစစ်ဆေးရတယ်။ဆေးရုံကစာပို့ပေးတယ်။ကိုယ့်ဆီကခွင့်ပြုချက်တောင်းတယ်။ ကိုယ့်ဆန္ဒရှိရင် သူတို့အခမဲ့ စစ်ပေးတယ်။အဲတာ( ၃) နှစ်တစ်ကြိမ်အကုန် စစ်ရပါတယ်။ စစ်ဆေးဖို့ဆေးရုံက စာပို့ပေးပါတယ်။အလကားစစ်ပေးတာပါ။

အစားအသောက်တွေလည်း ဆင်ခြင်သတိထားဖို့သင့်သလို ကိုယ်တိုင်လည်း ကျန်းမာရေးကို ကြိုတင်ကာကွယ်သင့်ပါတယ်။ကိုယ့်ဆီမှာ မျိုးရိုးမရှိဘူးဆိုပြီး သတိလက်လွတ် မနေသင့်ပါဘူး။ စစ်ဆေးဖို့အခွင့်ရှိတယ်ဆို ကြိုတင်စစ်ဆေးပါ။နေရာဒေသ အခြေနေပေါ်မူတည်းပြီး အကောင်းဆုံး လုပ်ဆောင်သင့်တာ လုပ်ဆောင်ပါ။

ကျမ ကိုယ်တိုင်ကလည်း ကင်ဆာမျိုးရိုးပါဘဲ။ အဒေါ်တစ်ယောက်က ရင်သား ကင်ဆာနောက် တစ်ယောက်က သားအိမ် ကင်ဆာ နောက်ညီမဝမ်းကွဲ (၉)တန်းကျောင်းသူလေးက သွေး ကင်ဆာ။ခုတော့ညီမလေးတော့ ဆုံးသွားတာ ကြာပါပြီ။သားအိမ်ကင်ဆာ အဒေါ်လည်း ဆုံးသွားတာကြာပါပြီ။ ရင်သားကင်ဆာအဒေါ်ကတော့ သူခွဲတုန်းက ကျမကိုယ်တိုင် ဘဲဆေးရုံမှာစောင့်ပြီးပြုစုပေး ခဲ့တာပါ။ခုဆို(၁၅)နှစ်လောက် ကြာခဲ့ပါပြီ။ အဒေါ်ကတော့ ယနေ့ထိကျန်းမာနေဆဲပါဘဲ။ ဒါပေမဲ့တစ်နေ့တော့ သေခြင်းတရား ဆိုတာ လူတိုင်းကြုံရမှာမို့ ကြိုတွေးပြီးစိတ်မပူပါဘူး။ အခွင့်ရေးပေးလာတာမို့  ကင်ဆာ စစ်ဆေး ဖို့ဆေးရုံကစာလာရင် သွားစစ်လိုက်တယ်။ကိုယ်ကမိန်းမကလေးမို့ မိန်းကလေးအတွက် အနီးစပ်ဆုံးနဲ့ ကိုယ်တိုင် စမ်းသပ် သတိထားလို့ရတာတွေကို ကိုယ်တိုင်အမြဲသတိထား ဆင်ခြင်တယ်။ကျမလိုဘဲ စာဖတ်သူ ညီအစ်မများလည်း မိမိကိုယ်ကို အမြဲသတိထား ဆင်ခြင်ကြစေလိုပါဘဲ။

ခုကျမနဲ့အရင်းနှီးဆုံး....အမတစ်ယောက် ရင်သားကင်ဆာဖြစ်နေတယ်။ 4-9-2013 ရက်နေ့မှာ ပထမအကြိမ် အကြိတ်ကိုခွဲပြီထုတ်တယ် စစ်ဆေးတယ်။နောက်ပြီး 30-9-2013ရက်နေ့ညမှာ နောက်တစ်ကြိမ်ထပ်ခွဲတယ်။ခုတစ်ကြိမ်မှာတော့ ဆရာဝန်က လိုအပ်လို့ ရင်သားကိုဖြတ်ထုတ်ပစ်လိုက်ပါတယ်။ သူရင်သားမှာ အကြိတ်စရှိစဉ်ကတည်းက သူကျမကိုပြောပြခဲ့တယ်။ ကျမဘက်ကလည်း သတိပေးခဲ့တယ်။ဆေးခန်းသွားပြပါ။အကြိတ်က နာကျင်ရင် မစိုးရိမ်ရပေမဲ့ မနာကျင်ဘူးဆို စိုးရိမ်ရတယ်လို့ ကျမ ခဏခဏသတိပေးခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအမကလည်း သူ့စီးပွားရေး တစ်ဖက်နဲ့ ရင်သားအကြိတ်ကို ဂရုမစိုက်ခဲ့ပါဘူး။ဒီလိုနဲ့ နေလာလိုက်တာ အချိန်တွေကုန်ရင်း (၂)နှစ်ကျော်ကြာခဲ့ပါတယ်။ လွန်သွားတဲ့ လအနည်းငယ်က အကြောင်းတိုက်ဆိုင်စွာ ဆရာဝန်ထံရောက်သွားတုန်း ဒီရင်သားအကြိတ်လေးအကြောင်း ပြလိုက်မိရာကစ...... 

ဆေးရုံးက ဒီအကြိတ်ကိုစစ်ဆေးဖို့  ခွဲထုတ်ဖို့ထိကို အမြန်ဆုံးစီစဉ်ပေးလာပါတယ်။အဲဒီအမကို ကြည့်ရင်တော့ ကျမတို့လိုဘဲ ကျန်းကျန်းမာမာပါဘဲ။ ဒါပေမဲ့ သူ့ရင်သားထဲက အကြိတ်တွေက ပြေးနေပြီး ဂျိုင်းနားထိကို ကူးလာ ပွားလာခဲ့တယ်။ စစ်ဆေးတဲ့ဆရာဝန်တွေကလည်း မြန်မာပြည်က ငွေ.... ဆရာဝန်တွေလိုမဟုတ်တော့ လူနာရှင်ကို စိတ်ဓါတ် မကျအောင် သေချာရှင်းပြတယ်။ဘယ်လိုလုပ်မယ် ဆိုတာကအစ အဆင့်ဆင့် အသေးစိတ် ရှင်းပြပေးတယ်။ သူတို့ပထမအဆင့်အနေနဲ့ လေဆာနဲ့ အကြိတ်ကိုအရင် ထုတ်တယ်။ ပြီးတော့ သေချာအောင်အကြိတ်ကို စစ်ဆေးတယ်။ သေချာပြီဆိုတော့ နောက်တစ် ကြိမ်ခွဲထုတ်တယ်။အကြိတ်တွေကို ထပ်ထုတ်ပစ်တယ်။ခုတော့ ရင်သားကိုပါ ဖြတ်ထားလိုက် ရပါတယ်။
 
ခုတော့ အပ်နဲ့ထွင်းရမဲ့ဟာ ပုဆိန်နဲ့ထွင်းရတယ်ဆိုသလို ဖြစ်သွားတယ်။ဒါပေမဲ့ အဲဒီအမကတော့ ကျန်းမာပါတယ်။ဒီနိုင်ငံမှာလည်း သေချာဂရုစိုက်ပေးတယ်။သူနာပြုတွေကလည်း သေချာရှင်းပြသလို  သေချာ ဂရုစိုက်ပေးပါတယ်။အရင်က မြန်မာပြည်က သူနာပြုတွေကဘဲ နွေးထွေးတယ် ထင်တာ။ဒီမှာလည်း သူနာပြုလေးတွေက တာဝန်အရအလုပ်လုပ်ရပေမဲ့ မေတ္တာစေတနာ ပါသလိုနွေးထွေးပါတယ်။ ပြီးတော့ လူနာရှင် သိသင့်သိထိုက်တာ အကုန်မချန်ထားဘဲ ရှင်းပြတော့ လူနာရှင်က ပိုစိတ်ချမ်းသာရတာပေါ့။ 

ပြီးတော့ ဒီလိုနိုင်ငံမှာဒီလိုရောဂါကို အခမဲ့ ကုပေးပါတယ်။အလုပ်လုပ်နေသူ ဆိုရင်လည်း ခုလိုရောဂါဖြစ်နေချိန်မှာ အလုပ်နားခွင့်ရပြီး လစာအပြည့်ရတာမို့ အဆိုးထဲကအကောင်းလို့ဘဲ လက်ခံရပါမယ်။တကယ်လို့ မြန်မာပြည်မှာဆို ဒီလိုရောဂါဆိုးဖြစ်ပြီဆို ငွေရှိမှ အသက်ဆက်ရှင်လို့ ရသလို ဆေးကုသဖို့ကလည်း ငွေရှိမှဖြစ်မှာပါ။ဆေးရုံတက်ရင်တောင် ဆရာဝန်တွေ သူနာပြုတွေက ငွေ ရှိမှပြေလည်အောင် ဆက်ဆံကြတယ်လို့ ဘလော့တွေမှာလည်း ဖတ်ရသလို မြန်မာပြည်က မိတ်ဆွေတစ်ချို့ဆီကလည်း သိရပါတယ်။ မြန်မာပြည် မှာတော့ ကျမသေချာမသိပါဘူး။

ကျမ ကင်ဆာနဲ့ပါတ်သက်ပြီး ဘာမှမသိပေမဲ့ ခုလိုလေးတော့ သတိပေးချင်ပါတယ်။အခွင့်အရေး ရှိရင်တော့ မိမိကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးပါ။အစားအသောက် ဆင်ခြင်စားသောက် ယုံနဲ့ မလုံလောက်တာမို့ ကျန်းမာရေး ပညာပေးစာပေများ စာအုပ်များကိုပါ ဖတ်စေချင်သလို လေ့လာစေချင်ပါတယ်။ထို့အပြင် တတ်သိသူများပြောပြတာကိုလည်း နားထောင် ဆင်ခြင်စေချင်ပါတယ်။ကျန်းမာရေးအတွက် လိုအပ်မယ်ဆိုရင်  တတ်နိုင်တယ်ဆို ကြိုတင် စစ်ဆေးမှု့များ ပြုလုပ်ပေးစေချင်ပါတယ်။

လူတိုင်းကတော့ အကောင်းဆုံးတွေကိုဘဲ လိုချင်ကြသလို ပိုင်ဆိုင်ချင်ကြပါတယ်။ ဘယ်သူမှရောဂါဆိုးဆိုတဲ့ ကင်ဆာရောဂါတို့ ဆင်းရဲခြင်းရောဂါတို့ကို မလိုချင်ကြပါဘူး။ ဒါပေမဲ့ လောကမှာဖြစ်လာတဲ့ အရာရာတိုင်းအပေါ် ကျေနပ်စွာလက်ခံရကြမှာမို့ စာဖတ်ပရိတ်သတ် များအားလုံး ဘေးရန်ကင်းဝေးပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

ကျန်းမာရေး အသိပညာနဲ့ ပါတ်သက်ပြီးကျမ ပိုစ့်တစ်ခါမှ မရေးဖူးတာမို့ ဒီပိုစ့်လေးရေလိုက်တာ (၃)ပတ်လောက်ကြာသွားပါတယ်ရှင်။အမှားများနဲ့လိုအပ်ချက်များစွာအတွက်နားလည် ပေးကြပါလို့ နိဂုံးချုပ် အပိတ်လေးမှာ ထပ်မံတောင်းပန်လိုက်ပါတယ်။
 
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
4-10-2013




Sunday, 8 September 2013

မဂျက် Tag သော ဘလော့ဒေးပိုစ့်

အားလုံးဘဲမင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဘလော့ပေါ် မရောက်ဖြစ်တာကြာခဲ့ပါပြီ။ဘလော့လေးတွေကို မရောက်ဖြစ်ပေမဲ့ ဘလော့ဂါ မောင်နှမအားလုံးကို ရင်ထဲက အမြဲသတိရနေမိတာ အမှန်ပါ။ (၁)ကျန်းမာရေးက မမှန်တာရယ် (၂) ကွန်ပျူတာက ပျက်တာရယ် (၃)လူမှု့ရေးစိတ်ရှုပ်စရာများရယ် အားလုံးအသုပ်စုံလိုဖြစ်နေတော့ ဘလော့ထဲမဝင်ဖြစ်ခဲ့တာပါ။ ဘလော့ဒေးလေးကတော့ ပြီးသွားတာကြာခဲ့ပြီလို့ ထင်ပါတယ်။ဒါပေမဲ့ မဂျက်(စံပယ်ချို)မှ ခင်မင်စွာ Tag လာသောကြောင့် မဂျက်အား ခင်မင်မှု့နှင့် လေးစားမှု့ ပေါင်းစုကာ  ဘလော့ဒေးလေးအကြောင်း ရေးဖို့ ဖြစ် လာခဲ့တာပါ။

လူတိုင်းက မွေးတဲ့ရက်လေးကို သိကြရပေမဲ့ သေမဲ့ရက်လေးကို ဘယ်သူမှ မသိကြပါ။  ဒီတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့လေးရောက်ပြီဆို မွေးနေ့နေ့သစ်လေးကို ကြိုဆိုရင်း ပျော်ရွှင်ကြတယ်။ မိတ်ဆွေတွေနဲ့ ဆုံကြ မွေးနေ့သီချင်းဆိုကြ မုန့်တွေစားကြ ပျော်ကြရွှင်ကြသလို ကျမတို့ရဲ့ ဘလော့မွေးနေ့ လေးမှာလဲ  ဘလော့ဂါမောင်နှမတွေက တက်ညီလက်ညီ အမှတ်တရ စာတွေရေးကြ တစ်ယောက်မှတစ်ယောက်ကို အသိပေး Tag ကြ။သူရေးတဲ့ ဘလော့ဒေး စာလေးတွေကိုယ်ကဖတ် ကိုယ်ရေးတဲ့ ဘလော့ဒေးစာလေးတွေသူကဖတ် အတွေးလေးတွေ  မျှဝေ ဖလှယ်ရင်း ပျော်စရာ ပီတိလေးတွေ ရင်မှာပွေ့ပိုက်ရင်းပေါ့။

ဘလော့ဂါတိုင်းက ဘလော့လုပ်ရခြင်းအကြောင်း ကိုယ်စီရှိကြပါတယ်။ဘာကြောင့် ဘလော့စရေးဖြစ်တယ် ဆိုတာပေါ့။ကျမရဲ့ အလွမ်းမြို့လေး ဘလော့ကတော့ ကလေးဘလော့လေးပါ။လူစင်မမှီတဲ့ ဘလော့လေးပါ။ တကယ့်တော့ ကျမ ဘလော့စလုပ်ဖြစ်တာက စာရေးဝါသနာပါလို့လည်းမဟုတ် စာရေးတတ်လို့လည်း မဟုတ် တကယ်တော့ ဘလော့ဆိုတာထက် ကျမအလွမ်းမြို့လေးဆိုတဲ့ စာရေးတဲ့နေရာလေးက ကျမရဲ့ စိတ်ထွက်ပေါက်ပေးရာ နေရာတစ်ခု ကျမရဲ့....အလွမ်းတွေ - ပျော်ရွှင်မှု့တွေ - မကျေနပ်မှု့တွေ- ဗဟုသုတတွေ ကိုအန်ချပြီး ပြန်ဖတ်ဖို့ ကျမတစ်ဦးတည်းအတွက် စီစဉ်ခဲ့တာပါဘဲ။ ဒါပေမဲ့ ဘလော့လေးရယ်လို့ ခေါင်းစဉ်အောက်ထဲ ရောက်ရှိချိန်မှာတော့ ဘလော့ဂါ အကို..အမနဲ့ မောင် ..ညီမ..တွေက နွေးထွေးစွာကြိုဆို ဆက်ကမ်း အားပေးလာလို့ ကျမဘလော့လေးက အလွမ်းမြို့လေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆက်လက်ရှင်သန်ရပ်တည်နေ နိုင်ခဲ့တာပါ။

အနုပညာသမားတွေ ပြောသလိုပြောရမယ်ဆိုရင်. .... ခုကျမ အလွမ်းမြို့လေး ဘလော့ ရှင်သန် ရပ်တည်နေတာကလည်း ကျမကိုခင်မင်တဲ့ ဘလော့ဂါ မောင်နှမတွေရယ် လာရောက် အားပေးသော စာဖတ်သူတွေကြောင့်ပါဘဲ။ကျမရဲ့ ဘလော့လေးကို ကျမရဲ့ပြုခဲ့သော အဆိုးအကောင်းတွေကို ရေးမှတ် ထားဖို့ဘဲ ရည်းရွယ်ခဲ့တာပါ။အဲလိုရေးမှတ်ထားတော့ ကိုယ်အားလပ် ချိန်တိုင်း ကိုယ်အဆိုး အကောင်းတွေကို ပြန်ဖတ်မိတော့  အကောင်းတွေပြန်ဖတ်မိရင် ဝမ်းသာပြီတိဖြစ် ရသလို အဆိုးတွေပြန်ဖတ်မိတော့ ဆင်ခြင်အသိဥာဏ် တိုးခဲ့ရပါတယ်။ ဒါကြောင့် ကျမရဲ့ လူစင်မမှီ အဖက်ဖက်က မပြည့်စုံတဲ့ ဘလော့လေးကို ယနေ့တိုင် လာရောက်အားပေးသော စာဖတ်သူ ညီအစ်ကို မောင်နှမများနှင့် ဘလော့ဂါမိတ်ဆွေများအားလုံးကို  ဒီနေရာလေးကနေ ကျမ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

သေချာပြောရမယ်ဆို ကျမ ဘလော့လေး စလုပ်တုန်းက ရက်စွဲလေးကို ကျမ သေချာ မမှတ်ထားလိုက်မိဘူး။ အစပထမ ကျမရဲ့ဘလော့ ခေါင်းစဉ်လေးကို  (အိမ်လွမ်းသူ)လို့ပေးထားတာပါ။ကျမ ဘလော့စလုပ်တုန်းက ဘာမှမသိ စမ်းတစ်ဝါးဝါးနဲ့ လုပ်နေရတာမို့  ကျမစိတ်ကြိုက် (အိမ်လွမ်းသူ)ဆိုတဲ့ နာမည်လေး ရွေးပြီးပေးခဲ့ ပါတယ်။ဒီလိုနဲ့ နားမလည်သူပီပီ သူများတွေက စာစရေးမယ်ဆို  (မာတီ)က ပိုကောင်းတယ် ဘာညာပြောလာတော့ (မာတီထဲ)ရောက်သွားပြန်တယ်။ဒါပေမဲ့ ကျမ (မာတီ)ကို မသုံးတတ်ခဲ့ဘူး။ မာတီရောက်တော့ (အိမ်လွမ်းသူ)ဆိုတဲ့ နာမည်နဲ့ ဘလော့ကို ကျမမြင်တော့ ကျမက ခုမှစပြီး ဘလော့ရေးသူ တကယ်လို့ အရင်ဒီနာမည်နဲ့ဖွင့်ထားသူက သူ့နာမည်တူလို့ ပြောင်းပေးပါ ဘာညာပြောလာရင် ကျမ အခက်တွေ့ပေးဦးမယ်။ ဘလော့ စည်းကမ်းတွေကိုလည်း ကျမ မသိခဲ့တာမို့ ကျမဘာသာ ဘယ်သူမှ မပြောခင်မှာဘဲ  ...အလွမ်းမြို့လေး....ဆိုတဲ့ ခေါင်းစဉ်လေးပြန်ပြောင်း ပေးခဲ့ ပါတယ်။ ရက်စွဲ မသေချာပေမဲ့ ကျမထင်တာ နိုဝင်ဘာလ ၂၀၁၀ လောက်ကတည်းက ဒီဘလော့လေး အသက်ရှင်ဝင် နေခဲ့ပါပြီ။

(အိမ်လွမ်းသူ)နဲ့ (အလွမ်းမြို့လေး)ရဲ့ အဓိပ္ပါယ်က အတူတူပါဘဲ။အဓိက အမိမြေကိုလွမ်းတာရယ် မိသားစုကို လွမ်းတာလေးကို ရေးချင်တာမို့ ခေါင်းစဉ်ကွဲလွဲသွားပေမဲ့ ကျမရေးချင်တဲ့ စာတွေကတော့ အတူတူဘဲ ဖြစ်ခဲ့ရပါတယ်။ဘလော့စရေးတုန်းက ကျမ တကယ့်မျောက် အုန်းသီးရသလိုပါဘဲ။ မသိတာကို စသင်တာမို့လားမသိ ညမအိပ်နိုင်  အချိန်မှန်မစားနိုင်ဘဲ ဘလော့နဲ့သာ နပန်းလုံး အချိန်ကုန်ခဲ့ရတာလေးက အမှတ်တရပါဘဲ။ နောက်ဆုံးဘယ်လောက်ထိ ဆိုးလဲတော့ သူငယ်ချင်းတွေကတောင် ကွန်ပျူတာကို ဒီလောက်ကလိတာ သုံးတာ ပျက်မှာပေါ့ဆိုပြီး.....ကျမကို နာမည်ပြောင် ...... မစ်ကွန်ပျူငို ....လို့ပေးခဲ့ ပါသေးတယ်။

ကျမစာသိပ်ရေးချင်တယ် ဒါပေမဲ့ စာမရေးတတ်ခဲ့ဘူး။ ကျမရေးချင်တာလောက်ဘဲ ရေးလိုက်တာဘဲ။ စာတစ်ပုဒ်ရဲ့ အရည်အချင်းနဲ့ မပြည့်မှီတာသိပေမဲ့ ကျမကိုယ်ပိုင် ခံစားမှု့ လက်ရှိမြင်တွေ့နေရတဲ့ ဘဝတွေ အခက်ခဲတွေ သင်ခန်းစာတွေမို့ ကျမစာဟာ စာကောင်းတစ်ပုဒ် မဟုတ်ခဲ့သလို အရည်ချင်းမပြည့်ဝပေမဲ့ ကျမ ကျေနပ်ခဲ့ရပါတယ်။ထို့နည်းတူ ကဗျာရေးကောင်းတဲ့ ဘလော့ဂါ  မောင်ငယ်တွေ ညီမငယ်တွေ အကိုတွေ အမတွေကိုလည်း လေးစားအားကျမိသလို  ရသစာပေများရေးကောင်းသော မောင်ငယ် ..ညီမငယ်တွေနဲ့ အကို အမ များကိုလည်း လေးစားအားကျမိပါတယ်။ နည်းပညာ ဘလော့ဂါများကိုလည်း လေးစားအားကျမိသလို ကျေးဇူးတင်မိပါတယ်။ ဘလော့နဲ့ပါတ်သက်သော ဘလော့ဂါစာရေးသူ စာရေးဆရာ ဆရာမများ နှင့် မောင်ငယ် ညီမငယ်များ  အကို အမများကို  အဖက်ဖက်မှ မပြည့်စုံသော ကလေးဘလော့ဂါ (အလွမ်းမြို့လေးမှ) လေးစားတန်ဖိုးထားပါကြောင်း  ဘလော့ဒေးနေ့လေးမှာ အမှတ်တရ စကားပြောကြားရင်း  ဘလော့ဒေးနေ့လေးမှာ ဘလော့ဂါများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။

ဒီအောက်က ကဗျာလေးကတော့ ဘလော့ဒေးနဲ့ မပါတ်သက်ပါဘူး။ဒါပေမဲ့ ကျမ ဖတ်ဖူးတဲ့ ကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာအုပ်ထဲမှ ကဗျာလေးကို လာရောက်အားပေးသူ မောင်နှမများအားလုံးကို လက်ဆောင်ထပ်ဆင့်ပေးလိုက်ပါတယ်။

Extremes are dangerous.
အစွန်းရောက်ခြင်းသည်  အန္တရယ်

ဘာမဆို အစွန်းရောက်တာ မကောင်းဘူး။
အစွန်းရောက်ရင် ပြုတ်ကျတတ်တယ်တဲ့။

ဘာသာရေးအစွန်းရောက်တာလည်း မကောင်းဘူး။စီးပွားရှာတဲ့နေရာမှာ အစွန်းရောက်တာလည်း မကောင်းဘူး။စကားပြောတဲ့နေရာမှာ အစွန်းရောက်တာလည်း မကောင်းဘူး။ဘာမဆို အစွန်းမရောက်အောင် ထိန်းသိမ်းရမယ်တဲ့။

ကိုယ်လုပ်ကိုင်ပြောဆိုနေတာ အစွန်းရောက်မှန်း ဘယ်လိုသိနိုင်မလဲဆိုရင်တော့........
ကိုယ်နဲ့ဆက်ဆံ ပါတ်သက်သူတွေက ကိုယ့်ကိုယ်အထင်သေး
ငြိုငြင် ...အပြစ်တင်....အပြစ်မြင်လာတဲ့အခါ..
ကိုယ့်ကိုယ်မြင်ရင်    မတွေ့ချင်တော့ဘဲ ရှောင်ပြေးတဲ့အခါ
ကိုယ်ဟာ တစ်နေရာရာမှာ မှားနေပြီ....
အစွန်းရောက်နေပြီဆိုတာ သိနိုင်ပါတယ်တဲ့...

ကဲ....ကျမတို့အားလုံးလည်း  မိတ်ဆွေကောင်းတွေ လိုချင်တယ် တန်ဖိုးထားတယ်ဆိုရင် 
အဲဒီအခြေနေမျိုးမရောက်ရလေအောင် ဘယ်အရာကိုမဆို အစွန်းမရောက်ဖို့
သတိထား ဆင်ခြင်ကြပါစို့....


စာဖတ်သူများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး
8-9-2013

ပိုစ့်ရေးရန်  Tag...........ပေးသော  မဂျက် (စံပယ်ချို)ကို အထူးကျေးဇူးတင်ပါတယ်။

Friday, 28 December 2012

(၂၀၁၂)ကိုပြန်လှည့်ကြည့်ခြင်း Tag

အားလုံးဘဲ  မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့  ဦးစွာပထမ  နှုတ်ခွန်းဆက်လိုက်ပါတယ်။ မကြာခင်မှာ နှစ်သစ်လေးလည်း  ရောက်ရှိလာတော့မှာမို့  ဒီနေ့ကျမဘလော့လေးမှာ ညီမလေး ပစ်ပစ် Tag လုပ်ထားတဲ့  ၂၀၁၂ကိုနောက်ပြန်ကြည့်ခြင်းဆိုတဲ့  ပိုစ့်ကောင်းစဉ်လေးနဲ့  ကျမ  ၂၀၁၂ကိုဖြတ်သန်းခဲ့ ပုံလေးတွေ စာဖတ်သူများကို  မျှဝေလိုက်ပါတယ်။

ပထမဦးစွာ  ဘလော့သက်တမ်း (၂) နှစ်ကျော်ရှိခဲ့ပေမဲ့  လူသိနည်းတဲ့ဘလော့လေးတစ်ခုမို့  ကျမဘလော့ သက်တမ်းမှာ Tag  လုပ်ခံရတာ  အခုအကြိမ်က  ပထမဦးဆုံးဘဲဆိုတာကို ဘလော့ဂါမောင်နှမများအား အားပါးတရ ကြွားလိုက်ပါရစေ။ အဟီး! စာပြန်ရေးဖြစ်အောင်  သတိတရနဲ့ Tag လုပ်လာတဲ့ ညီမလေးပစ်ပစ်ကို အထူးကျေးဇူးတင်ပါတယ်။

ခုတလော စာတွေရေးပျင်းသလို  ဘလော့ထဲလည်း  အာရုံသိပ်မဝင်ဖြစ်နေတယ်။ စိတ်ရှုပ်တာလည်း မဟုတ် အလုပ်ရှုပ်တာလည်းမဟုတ်  ဘာဖြစ်လို့ဖြစ်မှန်းမသိ။ တရားလေးနာလိုက် တစ်ယောက်ထဲ  ငြိမ်ငြိမ်နေလိုက် ဒီလိုနဲ့ဘဲနေ့စဉ်  အချိန်တွေကုန်စေခဲ့တယ်။ အမှန်ဝန်ခံရရင် စာရေးဖို့  ပျင်းခဲ့တာပေါ့။ ခုတော့ ပစ်ပစ်ရဲ့ Tag လေးကြောင့် ဒီပိုစ့်လေးကို (၂၀၁၂) မကုန်ခင်  (၂၀၁၃) မဝင်ခင်လေးမှာ ကြိုးစားရေးလိုက်တာပါ။

၂၀၁၂ကို ပြန်လှည့်ကြည့်မိတော့  အဟောင်းတွေ အသစ်ပြန်မဖြစ်လာပေမဲ့  ကျမ  ဒီနှစ်ထဲ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရပါတယ်။ (၂၀၀၉) ခုနှစ်ကစတဲ့  စိတ်ဆင်းရဲမှု့တစ်ခုက  (၂၀၁၂ ) ရဲ့ဖေဖော်ဝါရီလလေးမှာ  အကောင်ထည်ပေါ်လာပြီး ကျမစိတ်ချမ်းသာခွင့်ရခဲ့တယ်။ 

မေလကုန်လို့ဇွန်(၁)ရက်နေ့ ရောက်ခဲ့ပေမဲ့ ကျမတို့အိမ်ထောင်သက် (၄)နှစ်ပြည့်မှာလည်း  ကျမတို့ ဇနီးမောင်နှံက  ပျော်ပျော်ရွှင်ရွှင်ဘဲ။ ဘာလိုလိုနဲ့  အိမ်ထောင်သက် (၄)နှစ်ပြည်ခဲ့တဲ့ နှစ်လေးပေါ့။

ဇူလိုင်လလောက်မှာတော့  ကျမ  ဒီနိုင်ငံရောက်စဉ်  ပထမဦးဆုံး  အလုပ်စဆင်းခဲ့ရတဲ့  လဖြစ်တာမို့  ကျမ အတွက်အမှတ်တရ ဖြစ်စေခဲ့ပါတယ်။နောက်ပြီးတော့ အလုပ်မှာ  မိတ်ဆွေကောင်းတွေနဲ့  ကျမတွေ့ဆုံ ခင်မင်ခွင့်ရခဲ့တယ်။ ကျမ ကျန်းမာရေးကြောင့် အလုပ်ကိုနားလိုက်ရပေမဲ့ ဒီနိုင်ငံရဲ့ အလုပ်လုပ်စဉ်ကာလအတွင်း  ဒီပလိုမာ  လက်မှတ်လေးကို  လက်ခံရရှိခဲ့ပါတယ်။ ဘာဘဲပြောပြောပေါ့  ကျမလို  ဘာမှမသိ မတတ်တဲ့  လူတစ်ယောက်ကို  ခုလိုအလုပ်ရှင် ကျမရဲ့ခေါင်းဆောင်က  ချစ်တယ် သဘောကောင်းတယ်ဆိုတာ သိရတော့  ကျမအတော်ဝမ်းသာခဲ့ရတယ်။ ကျမကိုပေးတဲ့  လက်မှတ်လေးက  ဘာမှမသုံးမဝင်ဘူးလို့ ကျမထင်ခဲ့ပေမဲ့  နောက်နောင် အလုပ်တွေလျှောက်မယ်ဆို  အထောက် အကူပြုစေပါတယ်လို့  သူများတွေပြောဖူးပါတယ်။ 
မှတ်ချက် -  ကျမ ဘာမှ မသိပါ...

အောက်တိုဘာလမှာ  ကျမမွေးလလေးမို့  အလှူအတန်းလေးပြုပြီး  ပျော်နေခဲ့ပေမဲ့  ကျမစိတ်ထဲ ဒွိဟဖြစ်ပြီး  ဆုံးဖြတ်ဝေခဲ့  စိတ်ဓါတ်လေးပင်တဲ့လ  ဖြစ်ခဲ့ရတယ်။ဒီလထဲမှာ  ကျမစိတ်တွေနေ့စဉ်  လေးလံနေမိတယ်။ အပြိုင်ယှဉ်နေတဲ့  ၂ခု  ဘယ်တစ်ခုရွေးရမလဲဆိုတဲ့  စိတ်မျိုးနဲ့  အမှန်တရားကို  ရှာဖွေရင်း  စိတ်တွေလေးလံ ထိုင်းမှိုင်း  ဒွိဟများခဲ့တဲ့  လလေးပါ။

နိုဝင်ဘာလလေးမှာတော့  ကျမအရမ်းချစ်တဲ့ အဖေနဲ့ထူးထူးခြားခြား  နေ့တိုင်းလိုဖုန်းပြောခွင့်ရတဲ့ အမှတ်တရ  လလေးပါဘဲ။ကျမ အဖေနဲ့ ခုလိုဖုန်းမပြောရတာ  (၁၀)နှစ်ကျော်ပြီ။ ဒီလထဲမှာတော့  သားအဖ နှစ်ယောက်ပျော်ပျော်ကြီး  စကားပြောတဲ့လ  ဖုန်းဘေလ်  အကုန်များဆုံလ  ဖြစ်ခဲ့ပါတယ်။

ဒီနှစ်တစ်နှစ်တာလေးမှာ  ကျမ  မကောင်းမှု့တွေမလုပ်မိအောင်  စိတ်ဆုံးဖြတ် ရှောင်ကျဉ်နိုင်ခဲ့တဲ့  နှစ်လေး လည်းဖြစ်ခဲ့တယ်။ အပြင် မိတ်ဆွေအပေါင်းသင်းနည်းတဲ့  နှစ်ဖြစ်သလို  ပြသနာဖြေရှင်းရ  နည်းတဲ့နှစ် လည်းဖြစ်ခဲ့တယ်။အွန်လိုင်း မိတ်ဆွေ  မောင်နှမတော့  တိုးခဲ့ပါတယ်။

ဒီဇင်ဘာလအစမှာတော့  ကျမစိတ်ကူး  ကျမဖြစ်ချင်တဲ့အရာလေးကို  လက်ဝယ်ပိုင်ဆိုင်နိုင်အောင်  ကြိုးစားသမျှ အကောင်ထည်ပေါ်ခဲ့ရတဲ့  လ  ဖြစ်တယ်။ကျမပျော်တယ်။ကျမစိတ်ကူးတွေ  အရောင်သန်း လာပြီမို့  ကျမ အဝေးက စိတ်၏ကြိုးစားမှု့ကြောင့်  ရရှိခဲ့တဲ့ပီတိကို  ကျမနဲ့အတူ  ကျမ  အဖေလည်း  ပျော်ရွှင်ကြည်နူးမှု့ကို  သောက်သုံးခွင့်  ရခဲ့တဲ့နှစ်လည်းဖြစ်ခဲ့တယ်။

ဒီနှစ်ကုန်ပိုင်းမှာ (ဒီဇင်ဘာ ၂၁ရက်မှ ၂၇)ရက်ထိ  ကျမရဲ့အိမ်ဦးသခင်  ကျမရဲ့ချစ်ရတဲ့  အမျိုးသားတော်တော် နေမကောင်းဖြစ်ခဲ့တယ်။ (၁)နှစ်လုံး အဖျားအနာ မရှိပေမဲ့  နှစ်ကုန်ကိုနှုတ်ဆက် ဖို့လားမသိ  သူတော်တော်လေး  နေမကောင်းဖြစ် ခဲ့တယ်။ သူနေမကောင်းတာမြင်တော့  ကျမ စိတ်တော်တော်မကောင်းဖြစ်သလို သူ့ကိုလည်း သနားတယ်။ ငိုလည်းငိုချင်တယ်။ မိဝေးဖဝေး ဆွေမျိုးဝေး ဆိုတော့။

ကျမကတော့ ဒီနှစ်ထဲမှာ ကျန်းမာရေးကောင်းနေပါတယ်။ကျမရဲ့  ကုလို့မရတဲ့  လေအန်တဲ့ရောဂါကတော့ ဘယ်လိုမှကုလို့မရပါ။ နေ့စဉ်နေ့တိုင်းလို  လေအန်တတ်ပေမဲ့  အဆိုးဆုံးမဖြစ်ခဲ့ပါ။ ရာသီဥတုအေးတာမျိုး  လေထိုးစာစားမိရင်  ကျမ  တစ်ညလုံးအိပ်မရအောင်  လေထိုးတတ်သည်ကလွဲပြီး ဖျားနာတာမျိုးမရှိခဲ့ပါ။

ဒီနှစ်ထဲမှာဘဲ  ကျမနဲ့ (၁၅)နှစ်လောက် ကွဲကွာခဲ့တဲ့  သူငယ်ချင်းနဲ့ပြန်  အဆက်သွယ်ရခဲ့တဲ့  ထူးခြားတဲ့  နှစ်လေးလည်းဖြစ်ပါတယ်။ ကျမ အပေါ်အလွန်သီးခံ  အနစ်နာခံ  အနွံတာခံတဲ့  သူငယ်ချင်းမို့  ကျမအတွက်  ထူးခြားတဲ့နှစ်လေး  ဖြစ်ခဲ့ရတယ်။

ဒီနှစ်ထဲမှာဘဲ  ကျမ  ဖေ့ဘွတ်သုံးတတ်ခဲ့တယ်။ သုံးဖြစ်ခဲ့တယ်။ သုံးလာခဲ့တယ်။ အရင်ကဆို  (ကိုဇော်၃၅၇) ကျမကို ခဏခဏသင်ပြ   ပြောပြခဲ့ပေမဲ့  ဖေ့ဘွတ်ကို  ကျမ  မနှစ်သက်ခဲ့သလို  မသုံးခဲ့ဘူး။ဒီနှစ်မှာတော့ မှတ်မှတ်ရရ  ဖေ့ဘွတ်သုံးတဲ့နှစ်  ကော်မန့်ဝင်ရေးတဲ့  နှစ်လေးပေါ့။

၂၀၁၂ရဲ့လစဉ်  ကုန်ဆုံးမှု့ကို  ပြန်ကြည့်မယ်ဆို လတွေကုန်လို့  နှစ်တွေကူးပြောင်းတော့မယ်ဆိုပေမဲ့  ဒီနှစ်ထဲ  ကျမမှာ  မထူးခြားတဲ့  အမှတ်တရလေးကတော့  ကျမတို့  အိမ်ထောင်သက် (၄)နှစ်သာကျော်လာခဲ့ပေမဲ့  တစ်ခါမှ  ခွန်းကြီးခွန်းငယ်  စကားများ  ရန်ဖြစ်မရှိခဲ့သေးပါ။

ကျမတို့ဇနီးမောင်နှံနှစ်ဦး  ခွန်းကြီးခွန်းငယ်  စကားများရန်ဖြစ် မရှိခဲ့တာမို့  ကျမအတွက် အကောင်းဆုံးနှစ်ဖြစ်ခဲ့ပေမဲ့  သားသမီးရတနာလည်း  မရရှိသေးတာလည်း ကျမတို့  ဇနီးမောင်နှံကို  စိတ်အားငယ်စေမှု့  တစ်ခုဖြစ်စေခဲ့ပါကြောင်း ဘလော့ဂါ  မောင်နှမများကို  အသိပေးလိုက်ပါတယ်။

ဒီနှစ်တစ်နှစ်လုံးမှာ  ကျမ အလှူအတန်းနဲ့  ပျော်ခဲ့တဲ့နှစ်ဖြစ်တယ်။ သူဌေးတွေလို  သိန်းရာချီ သိန်းထောင်ချီ မလှူနိုင်ခဲ့ပေမဲ့  ရတဲ့လစာလေးထဲကနေ  အလှူအတွက် ဦးစားပေးလှူခဲ့ရတာမို့  ကျမအတွက်  အလှူနှစ်လေးလို  ဆိုရပါမယ်။ (၂၀၁၂)မှာ  ကျမ  မလုပ်ဆောင်နိုင်သေးတာတွေအတွက်  (၂၀၁၃)မှာ  ပြန်လည်လုပ်ဆောင်နိုင်ရန်  စိတ်ကူးများဖြင့်  မျှော်လင့်ရင်း (၂၀၁၂)ကို  လက်ပြနှုတ်ဆက်မိသလို (၂၀၁၃) ကိုလည်း လက်ဆွဲနှုတ်ဆက်  ကြိုဆိုနေပါကြောင်း။
(၂၀၁၂)မှာတော့  ထူးထူးခြားခြား  ဘာလက်ဆောင်မှ  မရရှိခဲ့ဖူးပါ။ကျမ ကိုယ်တိုင်က  ပေးဆပ်ရတာကို ပျော်နေသူမို့လားမသိ  လက်ဆောင်မရဖူးပါ။ ထို့ကြောင့် (၂၀၁၃) မကုန်ခင်လေးမှာ ကျန်ရှိတဲ့ ရက်တိုလေးအတွင်း  အလွမ်းမြို့လေးကို  သနားသောအားဖြင့်  စေတနာမပါသော်လည်း  လက်ဆောင်ရဖူးစေချင်သော စာနာမှု့ဖြင့်  လက်ဆောင်ပေးချင်သူများ  ( Samsung Galaxy SIII 4G) အားလက်ဆောင်ပေးမည့်  သူရှိလျှင် စိတ်မဆိုးဘဲ  လက်ခံပေးမည်ဖြစ်ကြောင်း စာဖတ်သူမောင်နှမများအား  သတင်းကောင်း ပါးအပ်ပါတီ။

အားလုံးသော  မောင်နှမများလည်း  ကျမနဲ့အတူ  (၂၀၁၃)ကို  ပျော်ရွှင်ကြည်လင်စွာ  ကြိုဆိုနိုင်ကြပါစေလို  ဆုတောင်းပေးရင်း .......

ပစ်ပစ်ရေ  မကြီးလွမ်းဘဝမှာတော့ ပစ်ပစ်တို့လိုထူးခြားမှု့လေးတွေ  မရှိတော့ ပုံမှန်ဖြတ်သန်းခဲ့တာလေးတွေ  ရေးလိုက်ပြီနော်။ ပျော်ရွှင်ပါစေ ညီမလေး! စာဖတ်သူများအားလုံး  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပါစေ။

စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး