Wednesday 25 August 2010

တမ်းတမိတဲ့ ငယ်ဘဝ

                 ဒီနေ့ နေမကောင်းလို့ ကျွန်တော် အိမ်တွင်းအောင်း လုပ်နေတယ်။ အပြင်ဘက် ရာသီဥတုကို ကြည့်မိတော့လည်း မကြာခင် ဆောင်းတွင်း ရောက်လာတော့မယ်။ နှင်းတောကြားမှာ နှင်းတွေနဲ့အတူ နပန်းလုံးရတော့မယ်ပေါ့ ဆိုပြီး တယောက်ထဲ တွေးနေမိတယ်။ ဘာဘဲဖြစ်ဖြစ်လေ ကျွန်တော် ဒီရောက်နေပြီဘဲ။ ဘယ်ရာသီဥတုကို မဆို ကြုံတွေ့ ရင်ဆိုင်ရတော့မှာဘဲ။ မြန်မာပြည်မှာ တုန်းကတော့ ဆောင်းတွင်းလေး ရောက်တိုင်း ပျော်ခဲ့ရပေမဲ့ ခုတော့ ဆောင်းတွင်းလေးကို မချစ်မနှစ်သက်လည်း ရင်ဆိုင်ရတော့မှာဘဲ။ တယောက်ထဲ စိတ်လွတ်လပ်ရာ တွေးရင်း အပြင် ပြတင်းပေါက်လေးကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိပ်ခန်းခေါင်းရင်းမှာ သစ်ပင်ကြီး တစ်ပင်ရှိတယ်။ အသီးတွေက လည်းသီးလို့ပေါ့။ သို့သော် အဲဒီအပင် ဘာအပင်လည်းဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော် လေ့လာမှု့ အားနည်းတာကြောင့် ဖြစ်မယ်။ မိုးတွေကလည်း ရွာနေတယ်။ တိမ်တွေကလည်း မဲမှောင်နေပြီး လေတွေကလည်း ပြင်ထန်နေတော့ ကျွန်တော်လေ အမေနဲ့ ရွာလေးကို ပြေးမြင်ယောင်ပြီး ပိုလွမ်းမိလာပြန်တယ်။ ကျွန်တော် အိပ်ခန်းခေါင်းရင်းက လေတိုက်လို့ ယိမ်းယိုင်နေတဲ့ သစ်ပင်ကြီးဆိုတာ ဒီအောက် မှာလေ။


                      ဒီလိုဆောင်းအဝင်  ရာသီဥတုလေးကိုမြင်တော့  ဝေးကွာခဲ့တဲ့ မြန်မာပြည်က ကျွန်တော့် တောရွာလေးနဲ့အတူ မိသားစုတွေကို ပိုလို့ လွမ်းလာမိတယ်။ ကျွန်တော်တယောက်ထဲ လွမ်းစိတ်တွေဖြေရင်း နေလာခဲ့တာ ညနေ ၆နာရီကျော်လောက်မှာ မထင်မှတ်ဘဲ နေအလင်းရောင် လေးပေါ်လာတယ်။ ကျွန်တော်လည်း နေရောင်ကို မြင်ရတော့ အပြင်ဘက်ကို ထပ်မံ ငေးကြည့်မိပြန်တယ်။ ဒီအချိန်မှာ ကျွန်တော် (သက်တန့်)လေး တစ်ခုကို မြင်လိုက်ရတော့ ဖုန်းလေးယူပြီး  အမှတ်တရ ရိုက်ထားလိုက်တယ်။ မမြင်ရတာအတော်ကြာ နေပြီလေ။ ခလေးဘဝ ကျောင်းသား အရွယ်မှာတုန်းကတော့ ကျောင်းက ပြန်လာလို့ သက်တန့်လေးကို မြင်ရရင် ခလေးပီပီ လွယ်အိတ်လေးချပြီး ပြေးပြီးကြည့်ရ အော်ချင်ရာအော်ခဲ့မိတယ်။ ခုတော့ ကျွန်တော် အရွယ်ရောက်လာပြီး အရွယ်တောင် လွန်နေပြီလေ။ ဘဝက သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာ တွေကြောင့် ကျွန်တော် ရင့်ကျက်မှုတွေ ရနေပါပြီ။ ခလေးဘဝတုန်းကလို (အော်ချင်ရာအော်) မလုပ်တော့ပေမဲ့ ရင်ထဲမှာငယ်ဘဝကို သွားသတိရတဲ့ မြှားတစ်စင်း လာထိရှသွားတယ်။ ကျွန်တော်ပြုံးမိ သွားတယ်။  ကျွန်တော့် အတွေးတွေထဲမှာ ကျွန်တော်ပျော်နေမိတယ်။

                                               
                                     ဒီလိုနဲ့ည ဘက်ရောက်လို့ အိပ်ယာထဲလှဲပြီး ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ ကျွန်တော့် ဘေးနာမှာတော့ ကျွန်တော်ကြိုက်တဲ့ (ကြာနီကန်ဆရာတော်ရဲ့ တရားတစ်ပုဒ်ကို တိုးတိုးလေး) ကျွန်တော်ဖွင့်ထားလိုက်တယ်။ ဒီလိုနဲ့ ည ၉နာရီလောက်တော့ ကျွန်တော် မီးပိတ်ပြီး အိပ်တော့မယ်အပြု ကျွန်တော့်ခေါင်းရင်း ပြတင်းပေါက်ကနေ ထိန်ထိန်သာတဲ့လ) တစ်စင်းက ကျွန်တော့်အခန်းလေးထဲ ထိုးဝင်လာတာကျွန်တော် မြင်လိုက်ရတော့ အိပ်ချင်စိတ်တွေ ပျောက်သွားပြီး နေ့ခင်းက အတွေးလေး ပြန်ဆက်မိသွားပြန်တယ်။ တောရွာလေးမှာနေစဉ်ခဲ့က မီးရောင်မှိန်မှိန်လေး အောက်မှာလသာတဲ့ ညတွေကိုကြုံခဲ့ရပေမဲ့ ခုလို အဝေးတစ်နေရာကို ရောက်တော့ ထိန်ထိန်လင်းတဲ့ လျှပ်စစ်မီး အောက်မှာ သဘာဝ (လ) သာတဲ့ညတွေကို တစ်ခါတစ်ရံကျွန်တော် မေ့ခဲ့ပါတယ်။ အထူးသဖြင့် (စကာင်္ပူ)လို လျှပ်စစ်မီး ထိန်းထိန်းလင်း နေတဲ့နိုင်ငံမှာဆို လပြည့်ညတွေကို ကျွန်တော်မသိဘဲ ကျော်လွန် လာခဲ့တာ နှစ်ပေါင်းတော်တော် များခဲ့ပါတယ်။ ကျွန်တော်တို့ တောရွာလေးမှာဆို ခုလို သာညတွေမှာ လူငယ်လေးတွေစုပြီး စကားပြောကြ ပုံပြောတမ်းကစားကြနဲ့ ခလေးဘဝပီပီကစားမှု မျိုးစုံနဲ့ညကို ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်။ ခုတော့ကျွန်တော်လေ အဲဒီဘဝလေးကို  လွမ်းမိပေမဲ့ ပြန်မရတော့ဘူးဆိုတာ ကျွန်တော် သိနေတယ်လေ။ ကျွန်တော်လေဝိုင်းစက်နေတဲ့ (လ) မင်းလေးကို ကြည့်ရင်း တောရွာလေးက အမေ့မျက်နှာလေးကို ပြေးမြင်ယောင် လာမိတယ်။ ကျွန်တော်အိပ်မပျော် တော့ဘူး။ ကျွန်တော့်ရဲ့ငယ်ဘဝက အကြောင်းတွေကို  အတိတ်ပုံရိပ့် ပြန်ဖော်ရင်း  ကျွန်တော်တယောက်ထဲ ညနက်ကြီးထဲ ယောင်ချာချာဖြစ်ခဲ့တယ်။( အဖေနဲ့အမေ)  နေကောင်း ကျန်းမာကြပါစေလို့  ဆုတောင်းပေးရင်း ကျွန်တော် (လမင်း) ကိုတိုင်တည်ပြီး စကားပြောနေမိတယ်။ ကျွန်တော့် မိဘများနဲ့အမြန်ဆုံး ပြန်တွေ့ခွင့် ရချင်တယ်လို့။

 
                                            
                     အဲနောက်ကျွန်တော် တယောက်တည်းအသံတိတ် သီချင်းတစ်ပုဒ်ကို စတင်လိုက်တယ်။ ကာရံမဲ့တီးလုံးတွေနဲ့ ကျွန်တော် နှလုံးသားက တီးဝိုင်းဆရာတွေနဲ့ ကျွန်တော်ကိုယ်တိုင် အဆိုတော် လုပ်ခဲ့တယ်။ ကျွန်တော် အသံတိတ်ဆိုတဲ့ သီချင်းလေး ကတော့  တေးရေးကိုလေးလွင် တေးဆို (ထူးအိမ်သင်)လို့ လူတိုင်း သိတဲ့ ကိုငှက်ကြီးရဲ့ (ကျေးဇူးပါ မေမေ) ဆိုတဲ့သီချင်းလေးပါဘဲ။ မိဘကိုချစ်တဲ့  သားသမီးတိုင်း  ဒီသီချင်းလေးကို ဆိုဖြစ်မယ်ဆိုတာ  ကျွန်တော်ယုံကြည်ပါတယ်။  မိဘကျေးဇူး သိတတ်သော သားသမီးများ ဖြစ်ကြပါစေ။

                  သီချင်း စာသားလေးက  ဒီမှာနော်။ကျွန်တော် ကြိုးစားပြီး တင်ထားပါတယ်။

     
သီချင်းဆိုမယ်ဆိုရင်တော့ တိုးတိုးလေးဆိုကြနော်။ ပတ်ဝန်းကျင်က   ခဲတွေလာလှူကြမှာစိုးလို့ပါ။


အလွမ်းမြို့လေး

3 comments:

ကိုဇော် said...

လူတိုင်းလိုလို အဲ အိမ်ကို ချစ်သူတိုင်းလိုလို အိမ်ကို လွမ်းတတ်ကြမှာပါ။
အကို ဆိုလည်း အိမ်လွမ်းသူ သီချင်းကို အမြဲ နားထောင်ဖြစ်ပါတယ်။
နင့်နင့်နဲနဲကို ကြိုက်တာ...

မင်းမောင် said...

အသက်တွေကြီးလာလေ ကိုယ့်ဇာတိ ကိုယ့်မိတ်ဆွေတွေကို သတိယလေ အောက်မေ့လေပါဘဲဗျာ။အထူးသဖြင့်ဝေးနေ၊ခွဲခွာနေရတဲ့အချိန်တွေဆို ပိုလို့တောင်စိုးပါသေးတယ်။ကျနော်တို့အဖိုးတွေ အဖွားတွေ သူတို့ငယ်သူငယ်ချင်းတွေနဲ့ဆုံတွေ့ချင်လို့အလည်လိုက်ပို့ပေးခဲ့ရတုန်းက ဒါတွေနားမလည်ခဲ့ဘူးဗျ။ကိုယ်ကိုတိုင် အရွယ်လေးရ၊အဝေးမှာလဲရောက်နေတဲ့အချိန်ဆိုတော့ ကိုယ်ချင်းစာတတ်သွားပြီ။
လွမ်းရတဲ့နေ့တွေလွန်ပါစေဗျာ။

ကိုရီး{ကိုကြီး} said...

အလွမ်းဓာတ်ခံရှိသူမို့ ပိုပြီးလွမးသွားမိတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}