Tuesday 9 November 2010

ဗလာလက်နဲ့အတွေးနက်ခဲ့တဲ့ ည

          စာမရေးတာလည်း ကြာပြီဆိုတော့ ဘာမှမရှိတဲ့ ကျွန်တော့် ဘလော့လေးကို လာလည်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်က မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ကြပါစေလို့  ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ကျွန်တော် စာဆက်မရေးခင် ကျွန်တော့် ခံစားချက်လေးကို တင်ပြပါရစေဗျာ။ခုတလော ကျန်းမာရေး ကလည်းမကောင်း လူမှူ့ရေး ပြသနာလေးတွေနဲ့ ကျွန်တော် တော်တော် စိတ်ပင်ပန်းလူပင်းပန်း ဖြစ်နေချိန် ဆရာတော်ဥုသုမင်္ဂလ တရားတွေကိုနာရင်း စိတ်သက်သာအောင် ကြိုးစားနေ လိုက်တယ်။ အဲဒီနောက်  ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးမိတယ်။ငါ ဘာအတွက် အသက်ရှင် နေတာလဲလို့။ အဲဒီနောက် ကျွန်တော့်အဖြေ ကငါချစ်လှစွာသော မြန်မာပြည်မှာလည်း မပြန်ချင်တော့ဘူး ... မပြန်ချင်တာက ဒီမှာနိုင်ငံသား ခံယူဘို့ပြောတာ မဟုတ်ပါ။ အခုလက်ရှိ ဒီနိုင်ငံမှာလည်း ဆက်ပြီး မနေချင်တော့ဘူး...မနက်ဖြန် ဆိုတာကို လည်းမလိုချင် အသက်ဆက် မရှင်ချင်တော့ဘူး...ဘာမှလည်း လိုချင်တတ်မက်စိတ် မရှိတော့ဘူး..တကယ်ဘဲ ဘဝကိုနေရတာလည်း ငြီးငွေ့နေပြီ...ကျွန်တော် ဘာဆက် လုပ်ရမလဲ တွေးပြီး အရာအရာတိုင်း ကိုတရားသဘောနဲ့ဘဲ မြင်ပြီးဖြေသိမ့်လိုက်တယ်။ဟော စိတ်သက် သာရာလည်းရရော နလန်ထတုန်းဘဲရှိသေး မြဝတီက တိုက်ပွဲသတင်း ကြားရပြန်တော့ တစ်ခါ စိတ်ထောင်း ကိုယ်ကြေဖြစ်ရ ပြန်ရော။ အမှန်ပြောရရင် သနားတတ်တဲ့စိတ် အရင်းခံ ကြောင့်ကျွန်တော် ပိုဆိုး ခဲ့ရတာပါ။

  
မြဝတီဆိုတဲ့မြို့ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးသလို ကျွန်တော့် ဆွေမျိုးမောင်နှမတွေ တယောက်မှ မရှိဘူး။အသိမိတ်ဆွေလည်း မရှိဘူး။သို့သော် အခြေအနေရ ပြေလွှားနေကြရတဲ့ သူတွေကို မြင်ရပြန်တော့ ကျွန်တော် ရင်ထဲနာကျင်ရပြန်တယ်။မုန်တိုင်း ဒဏ်တွေ ခံရလို့တောင်မပြီးသေး နောက်တစ်နေရာက ပြည်သူတွေ ပြေးရပြန်ပြီ။ ကျွန်တော် စိတ်ထိခိုက် ယုံကလွှဲပြီး ဘာမှမတတ်နိုင်ပါ။တစ်ချို့ကလည်း ကျွန်တော်ကို ပြောလာကြတယ်လေ။ကိုယ်က အနာဂါတ် လှပပြီး အေးချမ်းစွာ နေရတဲ့ နိုင်ငံကိုရောက်နေပြီဘဲ ဘာလို့အပူရှာမှာလဲ အေးဆေးနေပါတဲ့။အင်းလေ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတော့ သူတို့ပြောတာကို ကျွန်တော်နားထောင် လိုက်ပေမဲ့ ကျွန်တော် မနေနိုင်ပါဘူး။ ကျွန်တော် တတိယနိုင်ငံကို ရောက်ချင်လို့ဆိုတဲ့ ရည်ရွည်ချက်နဲ့ ရောက်လာတာ မဟုတ်ခဲ့ပေမဲ့ တတိယနိုင်ငံမှာ နေဘို့အခြေနေတွေက ကျွန်တော့်ကို တွန်းပို့လာခဲ့တာပါ။ ကျွန်တော် တစ်ရက်မှ မပျော်ပါဘူး အမိမြေကိုဘဲ သတိရမိတာ အမှန်ပါ။ သို့သော် ဆန္ဒသာရှိပေမဲ့ လက်တွေ့ဘဝကို ကျွန်တော် ငြင်းဆန်လို့ မရတော့ပါ။ ခုကျွန်တော် အခက်ခဲဖြစ်နေတဲ့ ပြည်သူတွေကို ဘာမှမကူညီ မတတ်နိုင်ပေမဲ့ သူတို့အတွက် ကြေကွဲစိတ်လေးတော့ ဖြစ်ပေးလို့ ရတယ်လို့ ကျွန်တော့်ခံယူတယ်။ တစ်ချို့လူတွေရဲ့ အတွေးမှာတော့ တတိယနိုင်ငံကိုရောက်တာ အေးချမ်း နေပြီဘဲဆိုတာ သူတို့အတွက် ဟုတ်ပေမဲ့ ကျွန်တော့်အတွက် မဟုတ်ခဲ့ဘူး။လူတိုင်းမှာ ရည်ရွယ်ချက် တွေမတူကြတော့ ဘယ်သူ့ကိုယ်မှ အပြစ်မတင်ဘူး။ကျွန်တော်ကတော့ တတိယနိုင်ငံကို အကြောင်းကြောင်း ကြောင့် ရောက်ခဲ့ပေမဲ့  ကျွန်တော် အတွက်မအေးချမ်း ဘဲမြန်မာပြည်တွင်းမှာ ကျန်ခဲ့တဲ့မိဘတွေ အတွက် ပူပန်ရ ကျွန်တော်နှင့် သက်ဆိုင်သူ မသက်ဆိုင်သူတွေအတွက် တွေးတွေးမိပြီး အပူပိုကြီးခဲ့ရပါတယ်ဗျာ။

          ခုဆို အိုးအိမ်စွန့်ပြီး ကိုယ်လွှတ်ပြေးနေရတဲ့ အချိန်မှာ ပြည်သူတွေရဲ့ ရင်ထဲ ဘယ်လောက်များ နာကျင်နေမလဲလို့ ကျွန်တော် တွေးမိပါတယ်။ မတည်မြဲတဲ့ လောကကြီးမှာ ဘယ်အရာမှ အစိုးမရပါဘူးဆိုတာ ကျွန်တော်တို့ကို တရား ကပြသွားတာဘဲ။  အားလုံးသော သူတွေ အတွက် အဝေးကနေ ကျွန်တော် ဆုတောင်းပေးယုံကလွှဲပြီး ကျန်တာ ဘာမှမတတ်နိုင်ပါ။ တကယ်လို့သာ မြဝတီမြို့ ဟာအရင်လို အေးအေးချမ်းချမ်း မရှိတော့ဘူးဆိုရင် ခုလို ထွက်ပြေးခဲ့တဲ့သူတွေ ဘယ်လိုဆက်လုပ် ကြမှာလဲ။ တတိယနိုင်ငံလို ပြောသံကြားရတာ စိတ်ကူးယဉ်ကောင်း ကြည်းနူးစရာကောင်းပေမဲ့ (ဒုက္ခသည်) လို့ခေါ်ခံရတာတော့ ကမ္ဘ္ဘာမှာ လူတိုင်းသိ လူတိုင်းပြောနေကြတော့ တစ်ခါတစ်ရံ ရှက်လှ ပါတယ်။အာရှ အချင်းချင်းမှာတောင် ထိုင်းနိုင်ငံမှာ သွားပြီးဒုက္ခသည်စခန်းမှာ သွားနေကြရတယ်။ ကိုယ့်နိုင်ငံက သူများ နိုင်ငံနဲ့ယှဉ်လိုက်ရင် အစစအရာရာ အများကြီးသာနေပြီး ဘာလို့ သူများနိုင်ငံထဲ ဒုက္ခသည်ဘဝနဲ့ ရောက်နေ ကြရတာလဲလို့ တွေးမိတိုင်း ရင်ထုမနာ ဖြစ်ခဲ့ရတယ်။ ကိုယ့်ပြည်သူတွေကိုလည်း သနားတယ်။ တကယ်လို့များ မြဝတီမြို့ဟာ သေနပ်သံတွေ တိတ်ဆိတ်ပြီး အေးချမ်းသွားပြီ ဆိုရင်ကော ခဏတာ ယာယီ ရှောင်းတိမ်းနေရတဲ့ ပြည်သူတွေ အရင်ကလို အေးချမ်းနိုင်ဦးပါ့မလား။ ပျက်စီးသွားတဲ့ အိုးအိမ်တွေ ဆုံးရှုံးသွားတာ တွေကြားထဲမှာ သောကအပူတွေ ထပ်နေမိမှာ သေချာပါ။အရင်ကလို ပြန်ဖြစ်ဖို့ အစကပြန်စကြ ရဦးမှာလေ။ ပြည်ပကို အခြေနေ အမျိုးမျိုးကြောင့် ရောက်နေသူ တွေလည်း အမိမြေမှာဘဲ အေးချမ်းစွာနဲ့ ရပ်တည်နေထိုင် ချင်ကြပေမဲ့ ခုလို အခြေနေအမျိုးမျိုးကြောင့် ရင်နာစွာခဏတာ စွန်ခွာခဲ့ရ သူတွေလည်း  အများကြီးပါ။ မတတ် နိုင်ဘူးလေ။ပြည်စုံချမ်းသာတဲ့ နိုင်ငံက မွေးဖွားလာပြီး သူများနိုင်ငံမှာ နာမည်ဆိုးနဲ့ ဒုက္ခသည် ခံနေကြရတာ။ အင်းလေ ကိုယ့်မြန်မာပြည်က နာမည်သာ ချမ်းသာကြွယ်ဝမှု ပြည့်စုံပြီး လူတွေကတော့ ဒုက္ခတွေကြားနေ့စဉ် ခါးစည်းခံနေရမှတော့ သူများနိုင်ငံမှာ ဒုက္ခသည်ဆိုတဲ့ ခေါင်းစဉ် အောက်မှာဘဲ ခဏတာ ရပ်တည် နေကြမှာတာက ပိုမြတ်ဦးကြမယ်လို့ ရင်နာတဲ့ပြည်သူတွေက တွေးတွေးပြီး စွန်ခွာခဲ့ရတဲ့ အမိမြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည် အေးချမ်းငြိမ်းချမ်း ပါစေလို့ ပြည်သူတွေ အားလုံးနဲ့ အတူကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။

   တကယ်တော့ ကျွန်တော်ဟာ နိုင်ငံရေးသမား တယောက်မဟုတ်ပါ။ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး  ဘာဆိုဘာမှမသိပါ။ သို့သော် နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် ကျွန်တော်နိုင်ငံရေး အကြောင်း မသိပေမဲ့ ကျွန်တော့်ရဲ့ ရင်ထဲက  နှလုံးသားက ခံစားမှုတွေဟာ ယိုဖိတ်ခဲ့ ရပါတယ်။ ကျွန်တော့်ကို ဘယ်သူမှသင်ပြတာ မဟုတ်ပေမဲ့ လက်တွေ့မြင်ကွင်းတွေက ကျွန်တော့်ရင်ကို လာထိမှန်ခဲ့ရလို့ ဆရာ မပါလည်း ကျွန်တော် (စာ) တတ်လာခဲ့ရတာပါ။ (စာ) တတ်လာ ပြီးနောက် ကျွန်တော် (နာ) တတ်လာပါတယ်။

    ခုချိန်မှာတော့ ကျွန်တော့်ကို အသဲကြားထဲက မဲတစ်ပြား လာပြောလဲ ကျွန်တော် စိတ်မဝင်စားဘူး။ ဘာလို့လဲလို့ မေးလာခဲ့ရင် ကျွန်တော် ပြန်ဖြေမိမှာက စိတ်ဝင်စားစရာ မရှိလို့ဆိုတဲ့ အဖြေလေးဘဲရှိတယ်။ ခုကျွန်တော့်စိတ်ထဲ  သေနတ်သံတွေကြားက ခြေရာသံများကိုသာ စိတ်ဝင်စား မိတာအမှန်ပါ။ ဘာတွေဘယ်လို ကူညီနိုင်မလဲလို့ ဗလာလက်နဲ့ အတွေးနက်ခဲ့တာ အိပ်မပျော်သောညဟာ မနက် မိုးစင်စင်လင်းခဲ့ ပါပြီ။

အားလုံးကိုလေးစားလျှက်
အလွမ်းမြို့လေး

2 comments:

ကိုဇော် said...

ဖြစ်ချိန်တန်လို့ ဖြစ်ရတာပေါ့လေ..
ဘယ်တတ်နိုင်မလဲ...
ဖြစ်လည်း ဖြစ်သင့်ပါတယ်။

အိမ်လွမ်းသူ said...

ကိုဇော်ရေ...

ဖြစ်နေပြီဆိုတော့ အချိန်တန်လို့ဘဲ သတ်မှတ်ရ တော့ရပေါ့။ခုတော့ ပံ့ပိုးကူညီမှုအတွက်အလှူခံ ရပြန်ပြီ။ဝမ်းသာရ ပါတယ်။တတ်နိုင်တာ
ကဒါလေးဘဲလေ.လေတွေပေးပြီး စာတွေရေး မနေတော့ဘူး။အဟီး