Tuesday 22 March 2011

အမေ့အတွက်လွမ်းချင်း

အမေ....
တစ်ချိန်ကအကြောင်းတွေ
ရင်မှာရိုတ်ခတ် တွေးတောမိတိုင်း
အမေ့မျက်ရည် ပါးပြင်ထက်မှာ 
ယိုစီးဖိတ်ကျ မြင်မလှတဲ့ 
ဘဝကံကြမ္မာ ဖန်တီးရာကို
လိုက်  " က "  ရတဲ့ အမေ့ရဲ့ဘဝ
ဆိုးဝါးလှ။

ညနေဆိုရင်  ထမင်းဟင်းပွဲ
အမေပြင်ထား  မောင်ငယ်ညီမငယ်
စုံလင်စွာနဲ့  ဖြူစင်ပျော်ရွှင်
ချစ်ချစ်ခင်ခင်  အတူနွဲပျော် 
ပါတီကြီးတိုင်း မိသားစုလေး
ပျော်ခဲ့တယ်။

ဒီလိုနဲ့
အရွယ်တွေရောက်  ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်ဘဝကိုလျှောက် မြို့ပြကြီးထဲ
အမေ့မျက်နှာ တစ်ခါတစ်ရံ
မေ့သွားဖူးတယ်။

ခလုတ်ထိတိုင်း  တ  ခဲ့မိတဲ့
အာမေဋိတ်သံ အမေဆိုတာ
ဘယ်တွေရောက်သွား
တစ်ခါတစ်ရံ  စဉ်းစားမိတယ်။


လောကလမ်းကြမ်း ဘဝခရီးကြီးထဲ
သွေးရောင်စုံချယ် ဒုက္ခအလယ်
လိုက်ရင်းနဲ့မျှော မျှောရင်းနဲ့ပျော်
ပြုံးတစ်လှည့်  ငိုတစ်လှည့်
သောက ဒုက္ခ အတ္တ မာန
စုံလင်သွေးသား ဝေခွဲမတတ်
သမီးတစ်ယောက်  လမ်းပျောက်ခဲ့တယ်။

အမေဆိုတဲ့တေး အမေ့ဆုံးမစကားသံ
အရိပ်ယောင်လေးတောင်  သတိမရ
ရင်မှာလွမ်းဆွတ်မှု  ကင်းမဲ့
တမ်းတခြင်းဝေးကွာ
ထင်ရာလမ်းကို လျှောက်လှမ်းခဲ့တယ်။

နယ်မြေဝေးကွာ  ကာလတန်ကြာ
အမေ့ရင်ကခွဲထွက်  မနက်ဖြန်အတွက်
စုန်မျောရင်း 
တောရွာလေးက အမေအိုနဲ့
ပြိုကျတော့မဲ့ အိမ်အို
ထားခဲ့မိတာ  ရက်လတန်ကြာ
စာလွှာသတင်းမပါးလိုက်လို့
အမေအို  ခဲ တံတိုနဲ့ ညစ်ပေစာရွက်မှာ
အက္ခရာတွေစီ  မေတ္တာတွေသီပြီး
သမီးထံရေးပို့လိုက်တဲ့ ခပ်ညစ်ညစ်စာလွှာ
သမီးလက်ခံရရှိတော့မှ
အော်......
တောရွာလေးက မီးရောင်ခပ်မှိန်မှိန်လေးအောက်မှာ
မောင်ငယ် ညီမငယ်နဲ့ အမေအိုတို့
ငတ်တစ်လှည့်  ပြတ်တစ်လှည့်နဲ့
ဘယ်လိုရပ်တည် ကြိုးစားအသက်ရှင်
လူ့ဘဝလယ် ရုန်ကန်နေမလဲ
သမီးစဉ်းစားမိခိုက်.....


အမေ့အသံကြားချင် ခုမှတမ်းတ
လွမ်းတတ်မိပြီး ဖုန်းလေးကောက်ကိုင်
နံပါတ်နှိပ်တိုင်း လူကြီးမင်းကဆီးကြိုနှုတ်ဆက်
အဲဒီ ဒုက္ခခံနေရမှ သောကအပူရင်မှာ ရိုတ်ခတ်
လောင်မြိုက်တတ်ပြီ (အမေ) 

သက်ရှိထင်ရှား  မိခင်အိုအား
ရှိခိုးကန်တော့ ပြစ်ဝန်ချချင်
ရင်မှာဆန္ဒ တစ်ခုတည်းသာ။



ရေးချင်ရာရေးချလိုက်တဲ့ ကဗျာမကျ စာမကျ

ငါတို့ရဲ့အိမ်




လေးစားလျှက်
အလွမ်း

3 comments:

ကိုဇော် said...

သြော်. .အမေအတွက် လွမ်းချင်း တဲ့လား။
အမေကို လွမ်းတဲ့ ည တစ်ရေးရသေးရဲ့တဲ့. . .
.................................

Han Kyi said...

အခခုပဲ အမေ့ကိုလွမ်းလို့ ပို့စ်တစ်ပုဒ်ရေးပြီး အလည်ထွက်လိုက်တာ အမေ့ကိုပိုလွမ်းအောင် လုပ်တဲ့သူနဲ့မှ တွေ့ရတယ်လို့ ကဗျာမပီ စာမညီပေမယ့် အမေ့ကိုချစ်တဲ့နှလုံးသားနဲ့ဖတ်မိတော့ ရင်ကိုလာမှန်သွားလေရဲ့

Anonymous said...

လာလည်သွားတဲ့ ကိုဇော်နဲ့ ko Han Kyi ကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာမဟုတ်ပေမဲ့ စာဆိုရင်လည်း မမှားပါဘူး။ အဟဲ။။။ ဖတ်လို့ရနေတော့လည်း စာဖြစ် သွားတာပေါ့ရှင်။။။အားလုံး ဝမ်းသာပျော်ရွှင်ကြပါစေ။


အလွမ်း