Saturday 24 September 2011

ဧရာဝတီနဲ့ ကျနော်

   ဧရာဝတီနဲ့ ကျနော်




မန္တလေးမြို့ မရမ်းခြံဆိပ်ကနေထွက်လာတဲ့ စက်လှေပေါ်မှာ ခရီးသည်တွေနဲ့အတူ မင်းကွန်းဘက်ကို ဘုရားဖူးသွားကြမယ့် ဘုရားဖူးတွေကြားမှာ ကျတော် ဧရာဝတီရဲ့ လှိုင်းကြမ်းကြီးတွေကို ငေးရင်းရင်တွေခုန်မိသည်။ ၀ါတွင်းကာလ မြစ်ရေကြီး ချိန်မို့ရေစီးကသန်လှသည်။  ရေတွေ အ၀ါရောင်ဘက်ကို သန်းနေသည်။ရေစီးနဲ့ နုံးတွေသယ်လာသည်လို့ထင်သည်။ ဒိုက်သရောတွေ၊ သက်ကယ်ပင်တွေနဲ့အတူ အမှိုက်တွေ မျှောပါလာတတ်သည်ကိုလည်း  တွေ့ရသည်။ ငယ်ငယ်က အမေပြောခဲ့တဲ့ ရွှေယုံနဲ့ ရွှေကျားပုံပြင်လေးကို ဖြတ်ကနဲ့ သတိရလိုက်မိသည်။ ငယ်ရွယ်နုနယ်ချိန်လည်းဖြစ်၊ တနယ်တကျေးမှာ စာသင်နေချိန်လည်းဖြစ်တာမို့ အမေကို သတိရမိရင် လွမ်းလို့ မဆုံးတဲ့ ဝေဒနာ။ ခရီးကပြန်လာတော့ မှတ်တမ်းစာအုပ်လေးမှာ အမေကို သတိရကြောင်းရေးလိုက်မိသည်။သို့သော် ဧရာဝတီက အမေ့ကို သတိရစေတယ်ဆိုတာ ကျနော် မဆက်စပ်မိပါ။ ခုတော့.....အမေ့ကို သတိရစေတဲ့ ဧရာဝတီ အသက်ငှင်နေပြီတဲ့ အမေ။


အခုတော့ ကျနော် အမေရဲ့အဝေးမှာ ဧရာဝတီရဲ့အဝေးမှာ။အမေ နေကောင်းပါစေ။ဧရာဝတီနေကောင်းပါစေ အမေ။ထာဝစဉ် စီးဆင်းပါစေ မိခင်ဧရာဝတီ။ငယ်ရွယ်ချိန်မို့ စက်လှေနဲ့ ဧရာဝတီကို ဖြတ်ရပေမယ့် တကယ့် ရင်ခုန်စရာ စွန့်စားခန်းပါ။တနေ့တော့ ကျနော် ဧရာဝတီကို လှေငယ်နဲ့ဖြတ်ဖို့ အခွင့်ရေးတခုရခဲ့ပါတယ်။ မြစ်ကမ်းတခုက တောင်သူကြီး တယောက်အိမ်မှာ နွားနို့ ပူပူလေးသောက်ပြီး မြစ်ဘက်အပျင်းပြေ လမ်းလျှောက်ထွက် လာမိတယ်။လှေတင်းတွေ့တာနဲ့ အပျင်းပြေ လှေစီးရင်း ရွာက ကလေးတယောက်နဲ့ လှေလှော်ကျင့်နေလိုက်တယ်။ တနာရီလောက်လေ့ကျင့် လိုက်တော့လှေကို ဖြောင့်ဖြောင့်လှော်တတ်လာတယ်။ ပဲ့ကိုထိန်းတတ်လာတယ်။ ကျနော်တဘက်ကမ်းကို  လှေနဲ့ဖြတ်ကြည့်ချင်လာတယ်။ ကျနော်တို့နိုင်ငံရဲ့ အကြီးကျယ်ဆုံးသော အခမ်းနားဆုံးသော ဧရာဝတီကို ကျနော် လှေငယ်လေးနဲ့ ဖြတ်ဘူးချင် စိတ်တွေဖြစ်လာတယ်။ ဒီလိုဖြတ်ဘူးတာကို ကိုယ့်ဘ၀ရဲ့ မှတ်တမ်းတခုအနေနဲ့ မှတ်တမ်းတင်ထားချင်လာတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း စာအုပ်ကိုလည်း ဖတ်ပြီးကာစမို့ စွန့်စားခန်းလေးတွေ့တုန်း စွန့်စားကြည့်ချင်လာတယ်။မနက်ခင်းနေရောင်ဖြာချိန်မို့ သင်္ဘောကြီးတွေ အလာကျဲချိန် ဖြတ်ကြမယ်ဆိုပြီး ရွာခံကလေး တယောက်ကိုညှိတော့ သူက ခေါင်းညိမ့်တာနဲ့ ကျနော်တို့ ဧရာဝတီကို ဖြတ်ကြတယ်။ သဲသောင်ပြင်တွေကိုကွေ့ပတ်လှော်ခတ်ရင်း တကယ်ရေစီးကြမ်းတဲ့ နေရာတွေရောက်လာတယ်။

ကျနော်တို့ ရေစီးကိုဆန်တတ်တယ်။ လှိုင်းကြမ်းတွေစီးကြတယ်။ တကယ့်ကိုရင်ခုန်စရာကောင်းတဲ့ စွန့်စားခန်းပဲ။ တက်ဖက်ကမ်းကို ကျနော်တိုအာင်မြင်စွာ ရောက်သွားကြတယ်။ မိတ်ဆွေတယောက်နဲ့ သွားတွေ့တယ်။ ဘာနဲ့လာတာလည်းလို့ မေးတော့ ကိုယ့်ဘာသာလှလှော်လာတာပြောတော့ဟာ..ဆိုပြီးမျက်လုံးပြူးသွားတယ် ။နောက်အဲလို မလုပ်နဲ့လို့လည်းဆုံးမလိုက်တယ်။ အပြန်မှာကျနော်ပဲ့ကိုင် ပးတယ်။ သဲသောင်တွေမှာ ဟသာင်္တွေကို အနီးကပ်တွေ့ခဲ့ရတယ်။ ဟင်္သာတွေရဲ့ အရောင်ကအနီ၊ အ၀ါရောပြီး ကြည့်လို့သိပ်ကောင်း တယ်။မြစ်ကမ်းနဖူးက တဲလေးဆီပြန်ရောက်တော့ ဦးလေးကြီးက မင်းတို့ကြာလိုက်တာကွာ။ ဘယ်တွေသွားကြတာလဲတဲ့။ ငါကမ်းနဖူးတက်တက်ကြည့်တာ သုံးလေးခါရှိပြီတဲ့။ ကျနော် ဟိုဘက်ကမ်းကို သွားကြာတာလို့ပြောလိုက်တယ်။ ဟာ..တော်သေးတာပေါ့ ရွှေကိန္နရီတွေ့ရင် မင်းတို့လှေမှောက်မှာတဲ့ ရွှေကိန္နရီဆိုတာ နှစ်ထပ် အမြန်ရှပ်ပြေးသင်္ဘောကြီး။ ဒီသင်္ဘောကြီး ဖြတ်သွားရင် ကမ်းတွေတောင်ပျိုတယ်တဲ့။  ကိုယ့်စိတ်ထဲမှာတော့ ကျနော်အချိန်တွက်ဆတာ မှန်သွားတယ်ဆိုပြီး တွေးရင်း ၀မ်းသာနေမိတယ်။  ကျနော့ရဲ့ဇွဲနဲ့သတ္တိကို ဧရာဝတီက မှတ်ကျောက်တင်ပေးတဲ့အတွက် ကျေးဇူးပါ ဧရာဝတီ။


ကျနော့်မှာ ဧရာဝတီနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေရှိခဲ့သလို ဧရာဝတီကို ဂုဏ်ပြုခွင့်တွေလည်း ရခဲ့ပါတယ်။ကျနော် စာသင်ခဲ့တဲ့ အင်္ဂလိပ်စကားပြော သင်တန်းလေးမှာပါ။သင်တန်းလေးကလည်း သမိုင်းဝင် ဂေါဝန်ဆိပ်ကို သွားတဲ့ လမ်းမကြီးပေါ်မှာပါ။ ဒီသင်တန်းလေးမှာ ကိုငှက်ကြီးအမှတ်တရ လုပ်ကြပါတယ်။ ကျနော် စကားပြောခွင့်ရခဲ့ပါတယ်။ သင်တန်းဆရာနဲ့ ကျနော်ကြားမှာ ကိုငှက်ကြီးသီးချင်းတွေနဲ့ ခင်မင်မှုကို ချည်နှောင်ခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီနေ့က ဆေးကျောင်းက ကျနော့ မိတ်ဆွေလည်း လာအားပေးကြတယ်။ သီချင်းတွေလည်းဆိုကြတယ်။ ကျနော်လည်း ရာဇ၀င်များရဲ့ သတို့သမီးသီချင်းကို ဆိုခဲ့တယ်။ပရိတ်သတ်အားလုံး ကျနော် ဧရာဝတီလို့ အော်လိုက်တိုင်း ရာဇ၀င်များရဲ့ သတို့သမီးလို့ အော်ပြီး အားပေးခဲ့ကြတယ်။ငါတို့ရဲ့ မိခင်လို့ အော်ပြီးအားပေးခဲ့ကြတယ်။


အခုချိန်မှာ ကျနော်တို့ရဲ့ ဘိုးဘွားတွေရဲ့ သတို့သမီး၊ ရာဇ၀င်များရဲ့ သတို့သမီး၊ ကျနော်တို့ အားလုံးရဲ့မိခင် ဧရာဝတီကို လည်မျို အညစ်ခံနေရပြီ။ မိခင်ဧရာဝတီဟာ အသက်ထွက်တော့မယ်။ ဒီအချိန်မှာ ကျနော်တို့အားလုံး ၀ိုင်းဝန်းကာကွယ်ကြရမယ်။ ဧရာဝတီကို ကာကွယ်ဖို့ ကျနော်တို့ အဖိုးအဖွားတွေ၊ အကိုတွေ၊ အမတွေက လက်နှက်တွေ ထားပေးခဲ့ပါတယ်။ ကဗျာတွေ ရွတ်ပြီးကွာကွယ်ကြ။ သီချင်းတွေဆိုရင်း ကာကွယ်ကြ။ ကလောင်တွေနဲ့ကွာကွယ်ကြ။ လမ်းမတွေပေါ်မှာမှာ ကျနော်တို့ အားလုံး ရာဇ၀င်များရဲ့ သတို့သမီးသီချင်းကို ဆိုကြမယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကို ဆိုကြမယ်။


ဒီသီချင်းလေးကိုတော့ ကျမ အလွမ်းမြို့လေးကဘဲ Youtube ကနေရှာပြီးတင်ပေးလိုက်တာပါ။ ကျမရဲ့မိတ်ဆွေကြီးက  သူဆိုဖူးတယ်  (ဧရာဝတီကို  ကိုငှက်ကြီးရဲ့ မူရင်းအသံနဲ့ဘဲ  ပြန်ရှာပြီးတင်ပေးလိုက်ပါတယ်။ ကျမမိတ်ဆွေရဲ့  အသံနဲ့သာတင်ရင် သီချင်းနားဆင်မိသူတွေမှာ  ငှက်ဖျားပါဖြစ်နိုင်လို့.. အရေးပေါ်ဆေးရုံကားပါ ခေါ်ထားရမှာစိုးရိမ်လို့ ..   အားလုံးရဲ့ မိခင်အတွက်  ခံစားချက်သီချင်းတွေကို  သူ့အသံဆိုးနဲ့  မဖျက်စီးချင်လို့  ယ္ခုမူရင်း အတိုင်းပြန်တင်ပေးထားပါတယ်။




***************************************************************************
မထင်မှတ်တဲ့ တစ်ရက်မှာကျမကို  အွန်လိုင်းမှ သူငယ်ချင်း (ကိုဇော်သိင်္ခ)မှ  အမ ဧရာဝတီနဲ့ပါတ်သက်ပြီး ပိုစ်မရေးဘူးလားဆိုပြီး မေးလာခဲ့တယ်။ ကျမလည်း ပြန်ဖြေလိုက်ပါတယ်။ ကျမ စာကောင်းကောင်း မရေးတတ်လို့  အိမ်က (ချစ်ချစ်ကြီးကိုရေးခိုင်းမယ်)လို့  ပြန်ဖြေခဲ့တယ်။ ဒီလိုနဲ့ကျမ အတွေးတစ်ခုဝင်လာတယ်။ ကျမလည်း  အမေဧရာဝတီကို ချစ်တယ်။ ဒါပေမဲ့ အမေ့နဲ့ကျမ အနေဝေးနေတော့ အမေ့ရဲ့ခံစားချက်  အနစ်နာခံချက်တွေကို   ကျမဘာမှသေချာနားမလည်တဲ့  ရင်ဘတ်ကြီးနဲ့ခံစားပြီး  မရေးချင်လို့။ ရေးရမှာလည်း မထိုက်တန်လို့ပါ။ ဒါပေမဲ့  ကျမလည်း အသွေးအသားနဲ့ လူသားတစ်ယောက်မို့   အမေ့ကို ချစ်တတ်ပါတယ်။  ဒါကြောင့်  ဒီပိုစ်လေးရေးဘို့  ကျမရဲ့မိတ်ဆွေကောင်း တစ်ယောက်ကို  သွားသတိရမိတယ်။ သူက စာပေဗဟုသုတကြွယ်သလို  အတွေးခေါ်လည်းကောင်း  စာလည်းရေးကောင်းမို့  ကျမသူ့ကို အကြောင်းကြားလိုက်တယ်။ ဒီပိုစ်လေးရေးပေးပါ။ အမေ့ကိုချစ်ကြောင်း  သက်သေပြပေးပါ။ အမေ့သွေးတွေ ရန်သူတွေမသောက်မိစေဘို့...အမေ့အသားကို ရန်သူတွေ မဖျက်မစေဘို့  ရင်ထဲကစကားလုံးတွေနဲ့ တားဆီးပေးပါလို့ ကျမပြောလိုက်တယ်။ ကျမလိုဘဲ  အမေ့ကိုချစ်တယ် ...ချစ်သေးတယ်....ချစ်တတ်တယ်ဆို   ချစ်သက်သေခံစားချက်တွေကို  အများသိအောင် ....အမေ့ကို ကာကွယ်ပေးဘို့ ...စောင့်ရှောက်ပေးဘို့ တိုက်တွန်းလို့  ....(ဧရာဝတီနဲ့ကျနော်) ....ဆိုတဲ့ပိုစ်လေး  စာလုံးတွေချွေချ  ရင်ထဲကအနစ်သာရများနဲ့  သူ့ဘဝရဲ့အတိုအစနဲ့   အမေ့ကိုချစ်ကြောင်း  သက်သေပြခဲ့ပြီ။ 


  (((((((   အမေ့ကိုချစ်တယ်....အမေ့ကိုစောင့်ရှောက် ကာကွယ်ပေးကြပါ )))))))
      (((((((   အမေ့ကိုမစွန်လွှတ်နိုင်ဘူး......မေ့သွေးကြောတွေမခြောက်ခမ်းသေးဘူး ))))))))
           ((((((((  ခုဆိုရန်သူတွေလက်ထဲ....အမေ့ဘဝအပ်ရတော့မယ်.....အမေငိုနေတယ် )))))

                  ချစ်ခြင်းများစွားနဲ့  အမေဧရာဝတီကို  ကာကွယ်ပေးကြပါ။  

စာဖတ်သူများကိုလေးစားလျှက်
အလွမ်းမြို့လေး

3 comments:

ဇော်သိင်္ခ said...

အစ်မရေ.. ဧရာဝတီမြစ်ကြီး အကြောင်းဖတ်သွားပါပြီခင်ဗျာ။ ဧရာဝတီ မြစ်ပြင် အကျယ်ကြီးကို လှေပေါက်စလေးနဲ့ ကူးရတာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ဖို့လည်း ကေင်းတယ်ဗျ။ ကျွန်တော်တို့ဆို ငယ်ငယ်က အဲဒီလိုပဲ လှေပေါက်စလေးတွေနဲ့ရော လှေခပ်ကြီးကြီးနဲ့ရော ဖြတ်ကူးရတာ။ တခါတလေဆို ကိုယ့်စိတ်ထဲမှာ လှေများမှောက်သွားရင် ဆိုတဲ့ အတွေးဝင်လာပြီး ကျက်သိမ်းထသွားမိသေးတယ်..

ကျွန်တော်တို့ရဲ့ မိခင် ဧရာဝတီ၊ ရာဇဝင်များရဲ့ သတိုးသမီး ဧရာဝတီမြစ်ကြီး ကွယ်ပျောက်မသွားအောင် ကျွန်တော်တို့ တစ်တွေ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကြရအောင်ဗျာ...

မြစ်ဆုံ စီမံကိန်းကြီးကို လုံးဝ ကန့်ကွက်ပါတယ်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

ဝီရဓမ္မ(Brave The Dhamma) said...

အလွမ်းမြို့တော်လေးဆီသို့ အလည်ရောက်ခဲ့ပါတယ်။စာတွေလည်းဖတ်သွားသေးတယ်။ခြေဦးတည့်ရာလျှောက်သွားတတ်တဲ့နေရာလေးမှာ ဦးဇင်းဆိုဒ်လေးကိုပါထည့်ပေးပါလို့။ကျန်းမာချမ်းသာပါစေ။ဒီထက်မကအောင်မြင်ပါစေ။

ဝီရဓမ္မ(Brave The Dhamma) said...

ကွန်မင့်ပေးရင်း ကွန်ပြူတာဒေါင်းသွားလို့ ရောက်မရောက်မသိတာနဲ့ပြန်ပေးတာပါ။