ဓါတ်ပုံကို ဂိုဂယ်မှကူးယူထားသည်
ခုတစ်လော စိတ်ရှုပ်ထွေးတာတွေကများ … အင်းလေ ပုထုစဉ်လူသားတွေမို့ လူမှု့ရေး မိသားစုအရေး ဘာအရေး ညာအရေး … အရေး … တွေကများပါ့။ ဗီစီဒီကြည့်ရင်တောင် ဒို့တာဝန်က အရေး (၃)ပါးဘဲရှိတာ။ ကျမနဲ့မှ အရေးတွေကများပါ့။ ဒီကြားထဲ ကျန်းမာရေးကလည်း အိပ်ယာထဲလှဲရတဲ့ အခြေနေမဟုတ်ပေမဲ့ ခန္ဓာရှိတော့ ဝေဒနာကရှိတဲ့ သဘောပေါ့။ ခေါင်းကိုက် ကိုယ်လက်ကိုက် ဘာတွေဖြစ်မှန်းမသိ။ တစ်ခုခု ဖြစ်နေတာတော့ သေချာတယ်။
ဒီလိုနဲ့အိပ်ယာထဲလှဲလိုက် အခန်းထဲလမ်းလျှောက်လိုက်နဲ့ ဂျီမေလ်းလေးဖွင့်စစ်လိုက် သူငယ်ချင်းတွေဘလော့ထဲ လည်လည်လိုက်သွားလိုက်ပေါ့။ တစ်နေ့ စိတ်ကလည်းနှုံး နေသိပ်မကောင်းတော့ ဂျီမေလ်းထဲကနေ ပုန်းနေပြီး အသိတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ စကားပြောတာကလည်း ဟိုရောက်ဒီရောက်နဲ့ပေါ့။ စိတ်တွေလည်း ဘာတွေဖြစ်ပြီး ဘာတွေညစ်နေလဲ မသိ။ ကျမက စကားပြောရင် ကပ်သီးကပ်သတ် ပြီးတော့ အစအနောက်ကသန် ဒေါသကလည်းရှေ ပြောစရာရှိလည်း အားမနာတမ်းပြော စိတ်ကလည်းတိုတတ်သေး … အားလုံးကိုခြုံကြည့်မယ်ဆို ကျမဟာ ဘာမှမတတ်တဲ့ သုည လူတစ်ယောက်ပါ။ တကယ် ဘာဆိုဘာမှ မသိတဲ့သူတစ်ယောက်။
နိုင်ငံရေးအကြောင်း ပြောရအောင်လည်း နိုင်ငံရေးဆိုတဲ့ ကျယ်ပြန်တဲ့ စကားလုံးတွေကြားမှာ ဘာဆိုဘာမှ မသိ။ ရှေမမှီသလို နောက်လည်းလွတ်တဲ့သူ။ ပညာရေးဆိုလည်း ရေးတတ်ဖတ်တတ်ယုံ အတန်းပညာလေးသာ ရှိခဲ့သူ။ ဘာသာရေးကျပြန်တော့လည်း သေချာဘာမှ မလုပ်ခဲ့သလို ဘာမှမသိသေးခဲ့သူ။ လူမှု့ရေးကျပြန်တော့လည်း ကျမလို အပြောမတတ်ဘဲ စိတ်တိုတတ်တဲ့သူဆိုတော့ ခက်ပြန်ရော။ စီးပွားရေးပြောရအောင်လည်း အတန်းပညာတွေ နည်းခဲ့လို့ညဏ်က မမှီသလို အရင်းနှီလုပ်ဘို့ ငွေကလည်းမရှိ။ ဒီလိုလူတစ်ယောက်ကို အပေါင်းအသင်း မိတ်ဆွေလုပ်ရမဲ့သူတွေကတော့ ခေါင်းကိုက် စိတ်ညစ်စရာပါ။
ကြိုတင်သတိတော့ ပေးထားတယ်နော်။ ဘလော့မောင်နှမတွေ (ကိုဇော်၃၅၇- ဒိုးကန်နဲ့ကိုရင်- (ချစ်စံအိမ်* လမင်း) - သမီးစံ- မောင်ငယ်လေး ရင်ဆူး - အမှတ်တရလေးများ ဘလော့ပိုင်ရှင် မဝါ နဲ့ ကျမဘလော့ကို လာလည်တဲ့ ညီအစ်ကိုမောင်နှမများ အားလုံးအားလုံး အထူးသတိရှိကြပါ။ အလွမ်းမြို့လေးနဲ့ မိတ်ဆွေလုပ်မယ် ဆိုရင်ပေါ့။
စာလေးဆက်ရအောင် … အဲဒီနေ့က အဖေ့ကို အိမ်မက်တွေမက်ပြီး အဖေ့ကိုလွမ်းနေ သတိရချိန်ပေါ့။ ဖုန်းခေါ်ပေမဲ့လည်း အဆင်မပြေတော့ လက်လျော့ခဲ့ရပြန်ရော။ ဒီလိုချိန်မှာ အဖေ့ အကြောင်းလေး တွေးနေတုန်း ကံဆိုးသူ ကျမရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦး လိုင်းတက်လာတယ်။
အဟဲ … ကျမ အဆင်ပြေသွားပြီ။ ရန်စစရာ လူတစ်ယောက်ရပြီဆိုပြီး သူ့ကိုလှမ်းနှုတ်ဆက်လိုက်တယ်။ အဟမ်း အဟမ်း …. …နေကောင်းလားပေါ့။ ကံဆိုးသူ မောင်မင်းကတော့ ကောင်းပါတယ် ဘာညာပေါ့။ နိဒါန်းတွေပျိုးပြီး စကားတွေအဆက်အစမိ အရှိန်ရနေပြီ။ ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖေ့အကြောင်းတွေ ပြောရင်းနဲ့မှ အဖေကျမကို အားပေးခဲ့တဲ့ စကားလေးတစ်ခွန်း သူ့ကိုပြောပြလိုက်တယ်။ ကျမ အကောင်းဆုံးတွေလုပ်ပြီး အဆိုးဆုံးတွေနဲ့ ကြုံလာရတိုင်း … ကျမ ဝမ်းနည်းပူဆွေး မျက်ရည်ကျတိုင်း … မဟုတ်မမှန်စွပ်စွဲခံရပြီး ဒေါသတွေထွက်တိုင်း အဖေက … သမီး သစ်ပင်ဟာ မြင့်လေလေ လေတိုက်ခံရလေလေဘဲ။ အဲတာကြောင့် ဘာမှတွေးပြီး ဝမ်းနည်းမနေနဲ့။ ကိုယ်လုပ်ရမဲ့ အလုပ်တွေသာ မှန်ကန်စွာလုပ်ပါလို့ အမြဲဆုံးမ အားပေးခဲ့တယ်။
ဒီအကြောင်းနဲ့ ပါတ်သက်ပြီးပြောမိတော့ သူငယ်ချင်းက ဟုတ်တယ်။ ကျုပ်လည်း ခုလေတိုက်ခံနေရတယ်။ လေတိုက်တာ မပြုတ်ကျအောင် မြဲမြဲကိုင်ထားရတယ်တဲ့။ ကျမကိုလည်း သူက (အလွမ်း)လည်း မပြုတ်ကျအောင် သစ်ကိုင်းကို မြဲမြဲကိုင်ထားပေါ့တဲ့။ ကျမကလည်း သူပြောတဲ့စေတနာနဲ့ စကားအသွားအလာကို သိနေပေမဲ့ ဒီအရင်းနှီးဆုံးမိတ်ဆွေကိုဆို အမြဲ ဒီလိုလေး ပြောနေကျမို့ ဒီလိုလေး ကန့်လန့်လေးပြောလိုက်တယ်။
အောက်ကနေ အမြင့်ရောက်အောင် တက်ခဲ့တာဘဲ။ ပြုတ်ကျတော့လည်း တရားသဘောမှတ်ပေါ့။ အနိမ့်အမြင့်ဆိုတာ အမြဲတွဲတတ်တာဘဲ။ တရားသဘော နှလုံးသွင်းတတ်မယ်ဆို ဒါတွေ တွေးမကြောက်တော့ဘူးပေါ့။ အမြင့်ရောက်ရင်လည်း လေတိုက်မှပြုတ်ကျမှာမှ မဟုတ်တာ။ တကယ်လို့ ကိုယ်ကိုင်ထားတဲ့ သစ်ကိုင်းက သစ်ကိုင်းဆွေးဆိုရင်လည်း ကျိုးပြီး ပြုတ်ကျတတ်တာဘဲ။ လေတိုက်မှမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျတတ်ပါတယ်။ အဓိက ပြုတ်ကျရင် အထိမနာဖို့ပါဘဲ။
ဒါကလည်း ကျမ ရဲ့ခပ်ညံ့ညံ့အတွေးပါ။ ကျမ ရဲ့အရင်းနှီးဆုံးမိတ်ဆွေက ကျမလို အတွေးညဏ်တိမ်သူ မဟုတ်။ သူက စာတော်သလို လူချစ်လူခင်ပေါပြီး ညဏ်ကြီးရှင် တစ်ယောက်ပါ။ ကျမကတော့ မှီသလောက်တွေးပြီး စိတ်ထဲရှိတာပြောလိုက်တာဘဲ။ ကျမ တွေးတာတွေကလည်း ကျမတစ်ယောက်တည်း အတွက်မှန်ချင်မှန်ပါမယ်။ လူတိုင်းစိတ်နဲ့တော့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာလေ။
အမြင့်ဆိုတာရောက်ဖို့ ကျမတို့ ပထမဆုံး အောက်ခြေကနေဘဲ စတက်ခဲ့ရတာ မဟုတ်ပေဘူးလား။ ကိုယ်ပိုင်ကြိုးစားမှု့ ကိုယ်ပိုင်အရည်အချင်း နည်းမျိုးစုံနဲ့ တက်ခဲ့ကြတာဘဲလေ။ တစ်ချို့က လှေခါးထစ်အတိုင်း တစ်ထစ်ချင်းတက်သလို တစ်ချို့က ဖြတ်လမ်းကတက်ကြတယ်။ ဘယ်လိုဘဲ တက်ကြပါစေ ရည်မှန်းထားတဲ့ အမြင့်ကိုရောက်ဖို့ဘဲ တက်ကြတာလေ။
ဒီလိုဘဲ အမြင့်ရောက်ပြန်တော့လည်း တက်ခဲ့ကြတဲ့လမ်းကြောင်းတွေ မတူကြတော့ အမြင့်ရောက်ချိန်မှာ အတွေးတွေလည်း မတူကြပြန်တော့ဘူး။ တစ်ချို့က အမြင့်ရောက်ပြီးမှ အောက်ပြုတ်ကျမှ စိုးရိမ်ကြတယ်။ အဲတော့ ရောက်တဲ့နေရာမှာ ရတဲ့အကိုင်းအခက်တွေကို မြဲမြဲကိုင်ထားတယ်။ မပြုတ်ကျအောင်လို့ပေါ့။ ကျမလည်း နားလည်ပါတယ်။ ခက်ခဲစွာ တက်ခဲ့တဲ့လမ်းမှာ ဘယ်သူက ပြုတ်ကျချင်မှာလဲ။ ဒါပေမဲ့ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျသွားခဲ့တယ်ဆို ခံနိုင်ရည်ရှိဘို့ အထိမနာဘို့ ကျမတို့တွေ ကြိုတင်တွေးပြီး ပြင်ဆင်ထားရမယ်လို့ ကျမ ထင်မိပါတယ်။ တကယ်လို့ အပေါ်ကနေ အောက်ကျသွားမယ် ဆိုလည်း စိတ်ဓါတ်ခံနိုင်ရည် ကိုယ်ခန္ဒာခံနိုင်ရည်ရှိဘို့ သတိတွေနဲ့ အသိတွေရှိနေရမယ်။ ဒီလိုစိတ်မျိုး ကြိုတင်မွေးထား သွန်သင်ထားတဲ့အတွက် ပြုတ်ကျခဲ့တဲ့အခါ ထင်ထားသလောက် မနာကျင်ဘူးပေါ့။ အောက်ခြေက တက်ခဲ့ကြတာဘဲ အောက်ခြေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်သွားခဲ့တယ်ဆို ဘာဝမ်းနည်းစရာလိုလဲ။
ကိုယ်ကျွမ်းဝင်ခဲ့တဲ့ နေရာတစ်ခုကို ကိုယ်ပြန်ရောက်တာဘဲ ဘာ ပူဆွေးစရာလိုလဲ။ ကိုယ်မကျွမ်းဝင် ကိုယ်မရောက်ဖူးတဲ့ အမြင့်မှာသာ ဘယ်လို ကျင်လည်ရပ်တည်ရမယ်ဆိုတာ တွေးပူရမှာ။ အောက်ခြေဆိုတာ အရာရာတိုင်းရဲ့ အနစ်နာခံရတဲ့ နယ်မြေ လူတန်းစားပေါင်းစုံ ရပ်တည်ကျင်လည်ကြတဲ့ နေရာပါ။ အထက်ဆိုတာ အမြင့်ရောက်သွားလို့ အကုန်မြင်ရမယ် လေကောင်းလေသန့်ရှုရမယ်။ မမြင်ဖူးတာ မစားဖူးတာတွေ မကြားဖူးတာတွေ မြင်တွေ့ စားသောက် ကြားနေရမယ်ဆိုရင် ကိုယ်နဲ့သဟဇာတဖြစ်ဘို့ ကိုယ်ဘယ်လို နေထိုင်ရမယ် ဆိုတာကိုသာ ကြိုတင်တွေးပြီးပူရမယ်လို့ ကျမ ထင်မိတယ်။
တစ်ခါတစ်ရံမှာ အောက်ခြေကခက်ခဲစွာ တက်လာခဲ့ရတော့ အထက်ရောက်ချိန်မှာ အောက်ခြေတုန်းကလို လူတန်းစားပေါင်းစုံ မရှိတော့ဘူးဆိုတော့ အထက်ကလူတွေနဲ့ဘဲ ကြုံတွေ့ဆက်ဆံရမှာလေ။ ဒီလိုချိန်မှာ အရမ်းကွာဟနေတဲ့ကြားက လေဟာနယ်လေး နဲ့မထိတွေ့မိတော့ဘဲ အထက်ကလူတွေနဲ့ အညီလိုက်ညှိနေရတာ အောက်ခြေက တက်လာကြတဲ့ လူတွေအတွက် ပိုပင်ပန်းစေပါတယ်။
တကယ်လို့ ကျမတို့ရောက်နေတဲ့ အမြင့်ကနေ မပြုတ်ကျချင်ဘူး ပြန်မဆင်းချင်တဲ့ စိတ်တစ်ခုထဲနဲ့ အကိုင်းအခက်တွေ မြဲမြဲဆုပ်ကိုင်ပြီး သဘာဝဘေး အန္တာရယ်ကို ကြိုတင်မတွေးထားမိဘူးဆို တစ်နေ့ မထင်မှတ်ဘဲ လေမတိုက်ဘဲ ကိုယ့်လက်မခိုင်လို့ လက်လွတ်ပြုတ်ချခဲ့မယ်ဆို ……
ပြီးတော့ သူငယ်ချင်းကို ပြောလိုက်တာက
ကျမက တရားသဘောကို နှလုံးသွင်းတတ်မယ်ဆို အရာရာတိုင်းပေါ် ကျေနပ်လက်ခံနိုင်စွမ်းရှိမယ်ဆိုပြီး သူငယ်ချင်းကို စကားနာထိုး ကန့်လန့်ပြောလိုက်တယ်။ အောက်ကတက်လာခဲ့တာဘဲ အောက်ပြန်ကျတာ ကြောက်စရာမှ မဟုတ်တာလို့ စလိုက်သေး။ သူငယ်ချင်းကတော့ ကျမကို စိတ်ဆိုးနေမယ်ဆိုတာ ကျမ သိတယ်။ ဒါပေမဲ့ ကျမ ဆိုတဲ့ အလွမ်းမြို့လေးက အဲလိုမျိုး လူ့ကန့်လန့်ကိုး။ သူများကို ဆရာလုပ်ချင် ငါသိငါတတ်ဆိုတဲ့ စိတ်မျိုးလည်း မဟုတ်ပါ။ ပြောရဆိုရခက်တဲ့ လူ့ဂွစာ လူ့ကန့်လန့်ဖြစ်နေတာပါ။ တကယ်လို့ ကျမပြောလိုက်တဲ့ စကားလုံးတွေဟာ အရင်းနှီးဆုံးသူငယ်ချင်းရဲ့ အတွေး စိတ်ကူးကို အနှောင့်အယှက်ဖြစ်စေခဲ့ရင် တိုက်ဆိုင်မှုကြောင့် ဖြစ်သွားတာပါလို့ ဒီပိုစ်လေးကနေဘဲ ထပ်ဆင့်တောင်းပန်လိုက်ပါတယ် အရင်းနှီးဆုံး မိတ်ဆွေ(သူငယ်ချင်း) ကိုဟန်လေးရေ။
ကျမတို့ပြောကြတဲ့ (အမြင့်ရောက်လေ လေတိုက်ခံရလေဆိုတဲ့ စကားအဓိပ္မါယ်ကတစ်မျိုး )ပါ။ ကျမလျှာရှည်ပြီး ပြန်ရေးလိုက်တဲ့ အမြင့်က တစ်မျိုးပါ။
မဆီမဆိုင် ကျမလိုရာတွေ ဆွဲတွေးပြီး ( အမြင့်ရောက်လေ လေတိုက်ခံရလေ )ဆိုတဲ့စကားကို အစချီပြီး အမြင့်ရောက်လေ အောက်ပြုတ်ကျမှာ ကြောက်တဲ့လူတစ်ချို့ အကြောင်းတွေးမိပြီး ရေးချင်ရာရေးမိတာပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာ အပြစ်ပြောချင်သော စိတ်ကြောင့်ရေးခြင်းမဟုတ်ပါ။ ကျမ ညဏ်မှီသလောက် တွေးမိပြီးရေးချခြင်းသာဖြစ်တယ်။
ဒုတိယနေ့ရောက်ပြန်တော့
အဲဒီနေ့လေးပြီးတော့ နောက်တစ်နေ့မှာလည်း ဒီသူငယ်ချင်းကိုဘဲ ကျမထပ်မံပြီး နောက်ပြောင် ကန့်လန့်တွေ ပြောလာပြန်တယ်။ တကယ်တော့ ကျမ သိပ်နေမကောင်းတော့ စိတ်ကိုပျော်အောင် ပြီးတော့သူ့ကိုဘဲ ခုလိုစနောက်လို့ ပျော်တာလည်းပါလို့ပါ။
ဒုတိယနေ့မှာ ဟိုပြောဒီပြောရင်းနဲ့ ပြောမိကြတဲ့ စကားတွေက …. ခရီးသွားခြင်း အကြောင်းပါ။ အရင်တုန်းကလိုင်းမှာ ဆုံဖြစ်တိုင်း ကျမ ဒီနှစ်နွေရာသီမှာ အိမ်ကအိမ်ဦးနတ်နဲ့ ခရီးထွက်မယ်လို့ ပြောထားမိတယ်။ ဒီနေ့တော့သူက ဘယ်တော့ ခရီးသွားဖြစ်မှာလဲလို့ မေးလာခဲ့တယ်။ ကျမက သူ့ကိုဆို အမြဲစနောက် ကန့်လန့်ပြောနေကျမို့ မသေချာသေးပါဘူး။ အစီစဉ် ပြောင်းထားတယ်လို့ ပြောလိုက်တယ်။ သူကလည်း တကယ့်စေတနာနဲ့ ကျမကို ငယ်ရွယ်တုန်း ခရီးသွားလို့ရတုန်း သွားထားကြလို့ ပြောလာပါတယ်။ ကျမလည်း သူ့ကိုနောက်ချင်တော့ ခရီးသွားရင် ကုန်ကျမဲ့စရိတ်တွေ တွက်ပြပြီး ပြောပြခဲ့တယ်။ မရောက်ဖူးတဲ့နေရာ သွားရမှာတော့ သွားချင်ပါတယ်။ ခက်တာက ခရီးသွားတာ စိတ်ကူးရယ်ပါးစပ်နဲ့ဘဲ သွားလို့မှမရတာ။ အိမ်ကထွက်ပြီဆိုတာနဲ့ ငွေကလိုက်လာပြီလေ။ မကျွမ်းဝင်တဲ့မြို့မှာ အသိမရှိရင် တည်းခိုခန်းတွေ ငှားရမယ် ဘာညာကွိကွတွေ ကုန်ဦးမယ်။
လောလောဆယ် မြန်မာပြည်က မိဘတွေကလည်း ဟိုလိုဒီလိုဆိုတော့ သူတို့ဆန္ဒလေးတွေ အရင်ဖြည့်ဆည်းပေးဦးမယ်။ မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ လိုအပ်တဲ့နေရာတွေက အများကြီးရှိသေးတယ်လေ။ ခရီးသွားတာက ကိုယ်တစ်ယောက်တည်း ရောက်ဖူးမှာ။ ဗဟုသုတရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့သူတွေကို ဒီငွေတွေ ပံ့ပိုးကူညီရမှာကို ကျမ ပိုသဘောကျမိပါတယ်။ ကျမ တို့၂ယောက်တည်း ရောက်ဖူးပြီး ပျော်ရွှင်နေရမဲ့ ခဏတာနေရာလေးမှာ ကျမက မိသားစုရော လိုအပ်သူတွေကိုရော မျှဝေပြီးအတူပျော်ချင်တာ။ ခုခေတ်ကလည်း ငွေကရှာရတာသာ အရမ်းခက်တယ် သုံးရတာကအရမ်းလွယ်တယ်။
အဲဒီတော့ ခရီးသွားရင်ကုန်မဲ့စရိတ်လေး တွက်ချက်ပြီး မိဘတွေကိုပံ့ပိုး အကျိုးရှိတာလေးဘဲ လုပ်ချင်မိတာ ကျမရဲ့စိတ်ဆန္ဒပါ။ ပြီးတော့ ကျမကခရီးသွား ဝါသနာမပါသူဆိုတော့ ပိုဆိုးတာပေါ့။ ငွေတွေ သုံးမကုန်အောင်ပိုလျှံနေမယ်ဆိုရင်တော့ ကျမ သူငယ်ချင်းပြောသလို ကျမ ခရီးသွားပြီး ဗဟုသုတရှာမိမှာ အမှန်ပါ။ ဒါပေမဲ့ ဆန္ဒနဲ့ဘဝဆိုတာ တစ်ထပ်တည်းမှ မကျတာလေ။
ဒီလိုလေးတွေ သူငယ်ချင်းကို တွက်ပြတော့သူက အင်းလေရှိတဲ့သူတွေက ပို့ထားပေါ့လို့ ကျမကို နောက်တဲ့စကားလေး တစ်ခွန်းပြောလာပါတယ်။ ကျမကလည်း သူ့ကိုဆိုအမြဲ ကန့်လန့်တိုက်ပြောနေကျမို့ (လောမှာငွေရှိပြီး အသိမရှိရင် ဘာလုပ်မှာလဲ) ငွေရှိပြီး ကိုယ့်တစ်ယောက်တည်း အတွက်ဘဲကြည့်မယ်ဆို ကိုယ်ဟာ အတ္တသမားဘဲလို့ ပြန်ပြောလိုက်တယ်။ ဒီစကားဟာ ကျမ သူ့ကိုရည်ရွယ်ပြီး ပြောခြင်းမဟုတ်ပါ။ ဥပမာပေးတဲ့ စကားမျိုးလောက် သုံးလိုက်တာပါ။ ကျမကုပ်ကပ်စုထားတဲ့ ငွေလေးနဲ့ကျမ ခရီးလည်ပတ်လို့ ရတာမှန်ပေမဲ့ ခရီးသွားလည်ပတ်တာထက် အရေးကြီးတဲ့ မိသားစုအရေးတွေက ရှိသေးတယ်လေ။
ငွေရှိပြီး အသိမရှိတဲ့သူတွေ အများကြီးကျမ မြင်ခဲ့ဖူးတယ်။ ကျမ ကိုယ်တိုင်လည်း ပါနေပါတယ်။ ကိုယ်ပိုင်ကားလေးဝယ်ရဘို့ ကိုယ်ပိုင်အိမ်လေးဝယ်ရဘို့ ဒေါ်လာတွေပိုက်ပြီး ကမ္ဘာပတ်ဘို့ ဒါတွေကိုအရေးပေးပြီး အမိမြေမှာကျန်ခဲ့တဲ့ မိအိုဖအို စားမှန်ရဲ့လား ကျန်းမာရဲ့လားဆိုတာကို မေးဘို့မေ့နေကြတယ်။ တကယ်တန်းတော့ ဒါတွေဟာ လူနေမှုအဆင့်အတန်းမှီအောင် ညှိယူတာမှန်ပါတယ်။ လုပ်လည်းလုပ်ဆောင် သင့်ပါတယ်။ ဒါပေမဲ့ အမြင့်ရောက်သွားပြီးတိုင်း အောက်ကို ပြန်ဆင်းရမှာကိုကြောက်ပြီး ပြန်တောင်မလှည့်ကြည့်ချင်တဲ့ ဘဝမျိုးတော့ မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့လစာလေးကို အိမ်မှာအခက်ခဲဖြစ်ပြီး စိတ်ဆင်းရဲနေတဲ့ မိအိုဖအိုကို ပေးကမ်းရမှာကိုတော့ နှမြှောကြသလို ပံ့ပိုးပေးဘို့လည်း မေ့နေခဲ့ကြတယ်။
မိဘတွေကတော့ သားသမီးတွေ အဆင်ပြေရဲ့လား မပြေလားဆိုတာ သေချာမသိရတော့ သူတို့အခက်အခဲနဲ့ ခံစားချက်တွေကို သားသမီးတွေကို ပေးမသိခဲ့ဘူး။ စိတ်ဆင်းရဲကြီးစွာ ကြိတ်ခံစားကြတယ်။
တစ်ဖက်မှာတော့ သားသမီးတွေက အကျိုးမရှိတဲ့အရာတွေအတွက် သုံးလို့ဖြုန်းလို့ ကောင်းနေတယ်။
ဒါမျိုးတွေ မြင်ရကြားရတော့ ကျမ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မိဘတွေက မတောင်းဆိုလည်း ကိုယ်ပိုင်အသိနဲ့ ဖြည့်ဆည်းပေးရမှာ ကျမ တို့သားသမီးတွေ တာဝန်ပါ။ နေဝင်ချိန်မှာ သားသမီးတွေကို ပြန်လည်အားကိုးနေရှာတဲ့ မိဘတွေရဲ့ ခံစားချက်ကိုနားလည် ပေးစေချင်ပါတယ်။ သန်တုန်းမြန်တုန်းကတော့ သားသမီးတွေ မျက်နှာမငယ်ရအောင် အရာရာတိုင်း အနစ်နာခံခဲ့ပြီး … ခုလိုအိုမင်းမစွမ်းပြီး ကျန်းမာရေးချို့ယွင်းလာတဲ့ အချိန်မှာ အားကိုးစရာ သားသမီး တစ်ယောက်လောက်တော့ ရှိချင်ကြမှာ မိဘတွေရဲ့ခံစားချက်လို့ ကျမ ထင်ပါတယ်။
ဒါကြောင့် တိုးတက်တဲ့နိုင်ငံကြီးတွေရောက်ပြီး တိုးတက်တဲ့လူတွေကြား တိုးတက်တဲ့စိတ်ကူး အတွေးတွေကြားကနေ ဒီလို တန်ဖိုးရှိတဲ့ အတွေးတွေကို မှေးမှိန်ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ်။မနက်ဖြန် ဘယ်ရှော့ပင်ထွက်မယ် မနက်ဖြန် ဘာဝယ်မယ် မနက်ဖြန်ဘာချက်စားမယ် မနက်ဖြန် …… ဆိုတဲ့ မနက်ဖြန်တွေကြားထဲမှာ (ငွေရှိပြီး အသိရှိတဲ့ မနက်ဖြန်များစွာ ) အကြောင်းကိုပါ တစ်ခါတစ်ရံ ထည့်တွေးစေချင်ပါတယ်။ ကျမကိုယ်တိုင်ကလည်း ငွေမရှိရင်တောင် အသိညဏ်ရှိတဲ့ သူတစ်ယောက် ဖြစ်ချင်ပါတယ်။
ကျမရဲ့ပိုစ့်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါ။ ကျမ တစ်ဦးတည်း စိတ်ထဲရှိသော ခံစားချက်များကိုသာ ရေးသားထားခြင်းဖြစ်သည်။ ကျမ ကိုယ်တိုင်သည်လည်း အရာရာတိုင်းတွင် ပြည့်စုံသူတစ်ဦးမဟုတ်ပေမဲ့ အသိညဏ်ပြည့်စုံ ရင့်ကျက်အောင် ကြိုးစားနေသူတစ်ဦးပါ။ အမှားများစွာထဲမှ အမှားတွေကို ပြုလုပ်မိပြီး ရှုပ်ထွေးလှတဲ့ လူ့ဘဝ သံသရာတွင် ကျင်လည်ရုန်းကန်နေသော သာမာန်လူတန်းစား တစ်ယောက်ပါဘဲ။
ကျမပိုစ်တစ်ပုဒ်လုံးသည် အဆက်အစပ် မဆီလျော်သောလည်း ပိုစ့်သာဖြစ်သည်။ စာဖတ်သူတွေအတွက် ဆား မပါသောဟင်းကို စားရသလို ပေါ့ချွတ်နေလိမ့်မယ်လို့ ကျမ ကိုယ်တိုင်ယုံကြည်မိပါတယ်။ ဒါပေမဲ့ ကျမ စိတ်ထဲဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို စပ်လျဉ်းပြီး အကြောင်းအရာများကို ဆွဲပြီးတွဲရေးထားတဲ့ ကျမ စိတ်ကူးနဲ့ လူ့ကန့်လန့် စကားများကို စာဖတ်သူမောင်နှမများကို မျှဝေလိုက်ခြင်းကြောင့် ဒီပိုစ်ကိုတင်လိုက်ဖြစ်တယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း
စာဖတ်သူများကိုအစဉ်လေးစားလျှက်
အလွမ်းမြို့လေး
13 comments:
အတွေးတွေကို ဘယ်သူမှ တရားစွဲလို့ မရပါဘူး ညီမရယ်။ အတွေးကိုတောင်မှ လိုက်လံ ချုပ်ချယ်နေရင်တော့ မဟုတ်တော့ဘူးပေါ့။ တွေးတာပဲ လွတ်လပ်စွာ တွေးပါ။ အခု အတွေးလေးလည်း ကောင်းနေတာပဲလေ။
ကိုဇော်ရေ ကျေးဇူးပါ။ အတွေးကို တရားစွဲလို့မရပေမဲ့ တစ်ခါတစ်ရံ တိုက်ဆိုင်မှုတွေဖြစ်တတ်တယ်လေ။ လူအမျိုးမျိုး စိတ်အထွေထွေကိုး။ ကိုယ့်ဘက်က လက်ဖမိုးဆိုပေမဲ့ သူ့ဘက်ကလက်ဖဝါးလေ။ ကိုယ့် အတွေးကကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ရေးသလို
ဖြစ်မှာစိုးလို့ပါကွယ်။
အစ်ကိုလည်း ပျော်ရွှင်ပါစေ။
အလွမ်းမြို့
အစ်မအလွမ်းမြို့ရဲ့ ဂုဏ်ပုဒ်တွေကိုဖတ်ပြီး မိတ်ဆွေလုပ်ပါရစေ။ ဆိုပြီး link လေးယူသွားပါပြီခင်ဗျာ။ အစ်မရဲ့ အတွေး၊ အမြင်ကိုဖတ်ခွင့်ရလို့ ကျေးဇူးပါခင်ဗျာ။
အလဲ့သူကချိန်းတောင်ခြောက်လိုက်သေးးဟဟး))
ဟုတ်တယ်မမရေ လောကမှကိုယ်လုပ်ချင်တာတွေထက်ဖြစ်သင့်တာတွေပဲဦးစားပေးလိုက်ပါတယ်
ချစ်တဲ့
ဒိုးကန်
မောင်လေး8Yar ရေ ဂုဏ်ပုဒ်တွေက အဆိုးတွေမို့ ခင်ချင်တယ်ဆိုတော့ ကြိုဆိုပါတယ်။ လာလည်တဲ့အတွက် ကျေးဇူးပါကွယ်။
ခင်မင်တဲ့
မကြီးလွမ်း
ညီမလေးဒိုးကန်။
ချိန်းခြောက်တာဟုတ်ဘူး။ တရာဝင်ကြေငြာတာ
လေ။ ခေတ်က မကောင်းတာလား လူတွေက မကောင်းတာလားမသိ ခပ်ချောင်ချောင်လူတွေ ထဲကလူတစ်ယောက်မို့ ကြိုတင်အကြောင်းကြားတာပါကွယ်။ သတိတော့ ထားပေါ့နော်။ အဟဲ
ချစ်တဲ့
မကြီးလွမ်း
မကြီးလွမ်းရေ.....စာတွေဖတ်ရတာထက် တွေးရတာများတယ်ဗျာ...ဟုတ်တယ်နော်....လူတွေက အမြင့်ရောက်ပြီးရင် ပြုတ်ကျမှာကြောက်တယ်...အမြင့်ရောက်အောင် လုပ်ပေးခဲ့တဲ့လူတွေကိုတော့ ပြန်ကြည့်သင့်တယ်ဗျ.....ဒီလိုအတွေးလေးတွေ ရေးစမ်းပါ....ကောင်းတယ်....သူ့ဂုဏ်ပုဒ်တွေကိုလည်း ကြေငြာက ၀င်လိုက်သေးတယ်... ကြောက်ကြောက်စရာ.....ဟီး...
ထပ်တူထပ်မျှခံစားးသွားပါတယ်နော်...
ထပ်တူထပ်မျှခံစားသွားပါတယ်နော်...
ဘဝမှာ ပျော်သလိုနေလိုက်ကြရတဲ့နေ့ရက်တွေ
အများကြီးပါပဲဗျာ့နေသလိုပျော်ရွှင်တဲ့ဘဝပေး
အခြေအနေများပိုင်ဆိုင်ရရင်ဆိုပြီး ဆုတောင်းဖူး
ပါရဲ့ နောင်ဘဝကျမှပြည့်မလားမသိပေမဲ့ ဒီနေ့တော့
ဘုကျကျလို့ကိုယ်တိုင် သီကျူးထားတဲ့ သယ်ရင်း
အစ်မတစ်ယောက်နဲ့ခင်ခွင့်ရလိုက်တယ်ထင်တာပဲ။
ခင်မင်ခွင့်သာပြုမယ်ဆိုရင်ပေါ့ ????
ငါ့မောင်ဖြိုးဇာနည်ရေ.. အမတော် အလွမ်းမြို့က တော့ မခင်နိုင်စရာ အကြောင်း မရှိပါဘူး။ လူအချင်းချင်းဆက်နွယ်မှုမှာ ချစ်ခြင်း မေတ္တာလည်းပါတယ်လေ။ အဆိုတော် အာဇာနည်ကြိုက်ပြီးသား.. မောင်လေး ဖြိုးဇာနည်ကိုလည်း ခင်ပြီးသား....အဟဲ... ဘလော့ဂ် မောင်နှမတွေပါဘဲ။ ရှေးရေစက်တွေ မလုံခဲ့တော့ ခုလို ကျယ်ပြန့်တဲ့ ဘလောဂ် မြစ်ငယ်ထဲ လာဆုံကြတာပေါ့
ခင်မင်တဲ့
မကြီးလွမ်း
အလွမ်းမြို့လေးရေ …. ဖြိုးဇာနည်က တဆင့်ရောက်လာခဲ့ပါတယ်။ အတွေးတွေကို သဘောကျမိတယ်။
ကြယ်ပြာတော့ ဖတ်ရတာ သဘောကျတယ်။ မိဘအတွက် သိတတ်တဲ့ သားသမီးတိုင်းကို တကယ်လေးစားပါတယ်။
မကြီးလွမ်းပိုစ့်လေးဖတ်ရတော့
မမရဲ့ ပွင့်လင်းရိုးသားတဲ့စိတ်လေးကို
မြင်မိတယ်ရှင်
အရင်ကထက်ခင်သွားပြီ
စကားမစပ် လမင်းအရင်ရက်တွေကလာလို့ရဘူးနော်
ခဏပိတ်ထားတာလားမမရေ
သတိရနေတာ ပိုစ့်လေးတွေတော့အပြေးလာတာ
နောက်ကျသွားတယ်..:)
Post a Comment