ဒီနေ့ ဘလော့ဂ်လေးတွေထဲ လိုက်လည်ရင်း ဒီအင်တာဗျူးတိုလေးကို ကြည့်ရတော့ ကျမ တော်တော် ဝမ်းသာမိလို့ ကိုယ့်တိုင်ပြည်က ကိုယ်လူမျိုးတွေကိုလည်း ပြန်လည်မျှဝေ သိစေ ချင်ပါတယ်။ ခေတ်ကာလက တိုးတက်လာတာလား စနစ်တွေဘဲမတူတော့တာလား ဘာတွေကြောင့်လဲ မသိ။ ခုနောက်ပိုင်း မြန်မာတော်တော်များများဟာ မြန်မာလို့ ကိုယ့်ကိုယ် ပြောရမှာကို ရှက်ကြသလို မြန်မာလို့ ဂုဏ်ယူပြောဆိုရမှာကိုလည်း ရှက်လာကြ ပါတယ်။ နောက်ဆုံး မြန်မာစကားတောင် မပြောချင်တော့တဲ့ အထိ ဖြစ်လာကြပါတယ်။ မြန်မာအချင်းချင်း ဆုံကြရင်တောင် မြန်မာစကားနဲ့ နှုတ်မဆက်ကြတော့ဘူး။
တိုင်းပြည် အခြေနေတွေကြောင့် နိုင်ငံအသီးသီးကို ရောက်နေတဲ့ အမျိုးမျိုးသော မြန်မာတွေဟာ ကိုယ့်မြန်မာစကားကို တန်ဖိုးမထားချင်တော့တာလား ပြောရမှာရှက်နေတာလား မသိ။ မြန်မာ စကားပြောဆိုမှု့တွေ အရမ်းနည်းလာပါတယ်။ နောက်ဖြစ်လာတဲ့ မျိုးဆက်သစ် ခလေးငယ်တွေဆို ပိုလို့တောင် ဆိုးလာပါသေးတယ်။ မိဘတွေကိုယ်တိုင်ကလည်း အိမ်မှာမသင်ပေးကြဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း မြန်မာလို မပြောကြဘဲ ရောက်နေတဲ့ နိုင်ငံရဲ့ဘာသာစကားကိုဘဲ မိခင်ဘာသာလို အသုံးပြုပြောဆိုနေကြတာကို ကျမ မြင်ခဲ့ရတော့ စိတ်မကောင်း ဖြစ်မိပါသေးတယ်။
အခြေနေ အကြောင်းကြောင်းကြောင့် ကိုယ်ရောက်နေတဲ့ နိုင်ငံမှာသူ့ဥပဒေအရ သူ့ဘာသာစကား ကို ကျောင်းမှာပြောရ သင်ကြားရပေမဲ့ အိမ်မှာတော့ မိသားစုလေးကို မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု့တွေကို သွန်သင်ပေးသင့်ပါတယ်။ မိဘကိုယ်တိုင်က မြန်မာလိုမပြောချင်ဘဲ အနောက်နိုင်ငံ စကားတွေဘဲ ဦးစားပေး အထင်ကြီးနေမှတော့ ခလေးငယ်တွေ မြန်မာလို မပြောတတ် မရေးတတ်ဖြစ်ရတာ မဆန်းပါဘူးလို့ဘဲ စိတ်ကိုဖြေသာသလို တွေးပြီနေလိုက်မိတယ်။ သူတို့လေးတွေအတွက် အဆန်းမဟုတ်ပေမဲ့ ကျမ အဲလိုခလေးတွေနဲ့ ကြုံတွေ့ရတိုင်း ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတာ အမှန်ပါ။ ခုလို တိုင်းတစ်ပါးသားက မြန်မာလို ပြောလိုက်တာကို နားထောင်မိတော့ ကိုယ်မြန်မာတောင် တွေးပြီး ရှက်မိသား။
^^^^^ နောက်တစ်ခုက တိုင်တစ်ပါးနိုင်ငံခြားသား ပြောသွားတဲ့စကားတွေက ဘာသာရေး အကြောင်းတွေ ဦးတည်ပြောခဲ့တာမို့ တွေးမိပြီးရှက်မိပါရဲ့ ^^^^^ ပြည်ပရောက်နေသာ မြန်မာအားလုံးကို မဆိုလိုပါ။ တစ်ချို့တစ်ဝက်ကို ခုချိန်မှာ မေးကြည့်ရင် ဝိပသနာဆိုတာကို တွေးမိမှာမဟုတ်။ ပြီးတော့ တရားစခန်း ဝင်ဘို့လည်း သတိရမှာမဟုတ်။ ကို(သာနိုး)ပြောတာတွေကို နားထောင်မိပြီး ကျမကိုယ်တောင် ကျမပြန်မေးမိတယ်။ ဒီအသက်ရွယ်ထိ တရားစခန်း ဝင်ခဲ့ဖူးရဲ့လားလို့ မေးမိတယ်။
တကယ်တော့ မြန်မာပြည်ဟာ ယဉ်ကျေးမှု့ ဘာသာတရား ထွန်းကားတဲ့နိုင်ငံဆိုတာ မမေ့ဘို့လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် မလုပ်ဆောင်ဖြစ်ခဲ့ရင်တောင် ကိုယ့်ရဲ့အနာဂါတ် မျိုးဆက်လေးတွေကိုတော့ ဒီအသိတွေ မပျောက်အောင် မိဘတို့ဝတ္တရားရှိတဲ့အတိုင်း သွန်သင်ဆုံးမသင့်ပါတယ်။ မြန်မာလူမျိုးဆိုတာ ဘယ်လိုလူမျိုး ဘာသာတရားဆိုတာ ဘာကိုခေါ်တယ် ဆိုတာကိုပါတွဲပြီး သွန်သင်စေချင်ပါတယ်။ ကိုယ်ယုံကြည် ကိုးကွယ်တဲ့ ဘာသာတရားပေါ် မူတည်ပြီးတော့ပေါ့။
ခုခေတ်ခလေးတွေ အရမ်းတော်တယ် ထက်မြက်တယ်လို့ မိဘတိုင်းချီးကျူးပြောဆိုတာ ကျမလက်ခံနိုင်ပေမဲ့ အဆိုးနဲ့အကောင်း ဒွန်တွဲရှိနေတတ်ပါတယ်။ ခေတ်ပညာတွေ လူနေမှု့စနစ်တွေ တိုးတက်မြင့်တက်လာပေမဲ့ ခလေးတွေရဲ့ စိတ်ဓါတ် ယဉ်ကျေးမှုတွေ ဘာသာတရား ကိုင်းရှိုင်းမှု့ အရမ်းကိုအားနည်းလာပါတယ်။ တိုးတက်တဲ့ နိုင်ငံရောက်ပြီး လူနေမှု့အဆင့်အတန်း မြင့်မားလာယုံနဲ့ ကျမတို့ဟာ အရာအားလုံး မြင့်တက်သွားတာမဟုတ်ပါ။ ဘဝတွေ လူနေမှု့ အဆင့်တန်းတွေ မြင့်တက်နေပြီး စိတ်ဓါတ်က အောက်ရောက်နေမယ်ဆို ကျမတို့ဘဝဟာ မပြည့်စုံသေးဘူးလို့ ကျမထင်ပါတယ်။ ကျမ တစ်ဦးတည်းရဲ့ အမြင်ပါ။
ခလေးငယ်တွေ လိမ်မာယဉ်ကျေး ဖြစ်စေဘို့ မိဘတိုင်းမှာတာဝန်ရှိပါတယ်။ မိဘတိုင်းလည်း သားကောင်း ရတနာ သမီးကောင်း ရတနာများ ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်သော မိသားစုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျမ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။ သားသမီးကြောင့် မိဘမျက်နှာရတာတွေ ရှိသလို သားသမီးကြောင့် မိဘမျက်နှာ ပျက်ရတာတွေလည်း ဒုနဲ့ဒေး မလို့ အလွမ်းမြို့ရဲ့ ရင်ဘတ်ထဲက စေတနာစကားတွေ အိတ်သွန်ချလိုက်တာပါ။
ယခု ရုပ်သံဖိုင်အား တင်ဆက်ပေးသော (VOA- ဗီအိုအေ မြန်မာ) ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
6 comments:
ဘဝတွေ လူနေမှု့ အဆင့်တန်းတွေ မြင့်တက်နေပြီး စိတ်ဓါတ်က အောက်ရောက်နေမယ်ဆို ကျမတို့ဘဝဟာ မပြည့်စုံသေးဘူး ဆိုတဲ့ အမြင်ကို ကြယ်ပြာအပြည့်အ၀ သဘောတူတယ်။ ဒီပို့စ်လေးကို ကြိုက်တယ် .... ရုပ်သံဖိုင်တော့ မကြည့်ရသေးဘူး။ အလုပ်မှာ ဘန်းထားလို့ ... တရားစခန်းတော့ ၅ တန်းအရွယ်လောက်ကတည်းက လိုက်ဝင်ဖူးတယ် .... အဝေးသင်တက် အလုပ်လုပ်နေတုန်း တောက်လျှောက်မှာလဲ သင်္ကြန်မှာ ပိတ်ရက်ရှိလို့ ၇ ရက်စခန်းတွေ ခဏခဏ၀င်ဖူးတယ် ... တရားရဖို့ဆိုတာထက် လူ့ဘ၀မှာ တရားသဖြင့်နေနိုင်အောင်၊ ကိုယ့်ကြောင့် သူတပါးမထိခိုက်အောင်တော့ ကျိုးစားနေပါတယ် အလွမ်းမြို့လေးရေ ....
ပို့ကောင်းလေးကို ဖတ်ရင်း ရုပ်သံဖိုင်အားကြည့်သွားပါတယ်
သဘောကျမိတယ် သူတို့တွေပါးစပ်က မြန်မာစကားသံ
ကိုကြားရတာ ကျေနပ်ပီတိဖြစ်မိတယ့်
လေးစားပါတယ် ကိုသာနိုးရယ်
ပိုစ်ကောင်းလေးပါ အမရေ...
ပို့စ်လေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်မိ
တော့ရှက်တောင်ရှက်မိပါတယ်... ဘာလို့လည်း
ဆိုတော့ ကို သာနိုး လောက်တောင်ဘာသာရေး
နဲ့ပတ်သက်ပြီး မလုပ်နိုင်သေးလို့ပါ လို့ပါ... ပေး
ထားတဲ့ ပို့စ်ခေါင်းစဉ်လေးနဲ့ ပို့စ်လေးကတော်တော်
လိုက်ဖက်ပါတယ် အမရေ... ပို့စ်လေးဖတ်ပြီး
ကျွန်တော့်အတွက် အသိတရားလေးတခုရလိုက်လို့
ကျေးဇူးတင်ပါတယ် ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ဖတ်သွား မှတ်သွားပါတယ်
တကယ်ကောင်းတဲ့ ပို့စ်လေးပါ
Video File ပါ ကြည့်သွားချင်ပေမယ့်
ကွန်မကောင်းလို့
သူများစကားတွေနဲ့ ကျေနပ်သွားရပါတယ်ဗျာ
Post a Comment