အားလုံးမင်္ဂလာပါရှင်။ စာဖတ်သူများကိုရော ကျမ ချစ်သောမောင်နှမများ အားလုံးကို အထူးတောင်းပန် ပါတယ်။ ခုတစ်လော ကျမ သူငယ်ချင်းအိမ်တွေ အလည်သွားဖို့ ပျက်ကွက်ခဲ့တယ်။ ခြေရာလေးတွေ ထားခဲ့ဖို့ ပျက်ကွက်ခဲ့တယ်။ အဓိက ခုတစိလော ကျန်းမာရေးကလည်း မကောင်းသလို အိမ်က အင်တာနက် ကလည်း ပြတ်သွားတာကြောင့် အတောင်ကျိုးတဲ့ ငှက်ကလေးဘဝနှယ် အမိမြန်မာပြည်မှ အနှေးယာဉ် စီးနေကြတဲ့ အင်တာနက် ခရီးသည်များကိုလည်း ကိုယ်ချင်းရယ် ပိုစာလို့တတ်ခဲ့လာတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျမ အိမ်လည်ပျက်ကွက်ပြီး ကျမအိမ်ကို အလည်လာကြတဲ့ မောင်နှမတွေကို အပြုံးလေးပြ နှုတ်မဆက်နိုင်ခဲ့တာ နားလည်ပေးကြပါလို့ ဦးစွာ ပထမ ပြောကြားလိုပါတယ်။
ဒီနေ့တော့ အင်တာနက်လေးလည်း လိုင်းသစ်လေးဖြစ်သွားပြီမို့ မိတ်ဆွေတွေအိမ်ကို အလည်သွား ခြေရာထား လက်ကလော့ဆော့လို့ ရပြီမို့ အတော်ပျော်မိသည်။ စာရေးဖို့ကလည်း ကျန်းမာရေးကြောင့် စာရေးဖို့ စိတ်မပါသေးပါဘူး။ သို့သော် လည်လည်ကြတဲ့ မောင်နှမများကို အားနာလို့ ရေးစရာလေးတွေ မပေါ်လာခဲ့သေးပေမဲ့ ဇူလိုင်လက ပြုလုပ်ခဲ့သော အလှူသေးသေးလေး တစ်ခု စာဖတ်သူများလည်း ဝမ်းသာပီတိဖြစ်ရအောင် ပိုစ်တင်ပေးလိုက်ပါတယ်။
ဦးဇင်းအရှင်ဝိမလဝံသ ဦးဆောင်ပြီး ကျမတို့မောင်နှမတွေ ဝိုင်းဝန်းပံ့ပိုးမှု့ကြောင့် မီးအလင်းရောင် ရခဲ့တဲ့ မီးစက်လှူခဲ့သော (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကညင်ကုန်းရွာလေးက အခြေခံပညာ မူလတန်းကျောင်းက) ကျောင်းဝတ်မရှိတဲ့ ခလေးတွေ အတွက် အဖြူအစိမ်းလေးတွေ လှူဒါန်းခဲ့တယ်။ရွာလူကြီး မှ ဦးဆောင်ပြီး ကျောင်းဆရာများ ဝိုင်းဝန်းပံ့ပိုး ကူညီမှုဖြင့် ကျောင်းဝတ်စုံများကို အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ လှူဒါန်းခဲ့သော ကျောင်းဝတ်စုံလေးတွေနဲ့
အပြစ်မဲ့ ချစ်စရာကောင်းတဲ့ ခလေးငယ်များပုံ ----
ကျောင်းသား/သူ စုစုပေါင်း ၁၁၃ ယောက်မလို့ ကျမ တစ်ယောက်တည်းနဲ့ ကျောင်းဝတ်စုံများကို တစ်ခါတည်းအယောက်စေ့ မလှူနိုင်ခဲ့ပါဘူး။ ဒါကြောင့် လစဉ် ကျမတတ်နိုင်သလောက်လေး တစ်ဦးတည်းဘဲ လှူသွားမယ်လို့ စိတ်ကူးဆုံးဖြတ်ခဲ့ပါတယ်။ အလှူရှင်တွေကို ဖိတ်ခေါ်ရမှာလည်း အားနာတာက တစ်ပိုင်း အလှူတွေကလည်း ဆက်နေသလို လိုအပ်တဲ့နေရာတွေကလည်း များတယ် ဆိုတော့ ကျမ အားနာစိတ်ထဲဘဲ တစ်ယောက်တည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျောင်းဝတ်စုံလှူမဲ့အချိန်မှာတော့ မီးစက်တုန်းက ဦးဆောင်ဆရာတော် အရှင်ဝိမလံဝံသ ကလည်း ကျောင်းဝတ်စုံအတွက် အလှူငွေ ၁သောင်းကျပ် နှင့် ရန်ကုန်မှ မိတ်ဆွေ ၂ဦးမှလည်း တစ်ယောက် ၁သောင်းကျပ် ပါဝင်လာခဲ့ပါတယ်။ အလွမ်းမြို့မှ ၅သောင်းကျပ် ပါဝင်ပြီး စုစုပေါင်း ၈သောင်းကျပ်ဖြင့် ကျောင်းဝတ်စုံ - ၄၆ ထည်ကို ဝယ်လှူဖြစ်ခဲ့ပါတယ်။
ရွာလူကြီးမှ ကျောင်းအုပ်ဆရာမထံ
အထည်များပေးအပ်လှူဒါန်း ပေးခဲ့ပါတယ်။ ကျောင်းမှာ စုစုပေါင်း ကျောင်းသား ၁၁၃ယောက်မှာ ကျမတို့ ၄၆ ဦးသာ ဝယ်လှူနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ခလေးငယ်များ စိတ်ကိုလည်း ဝမ်းနည်းစိတ် ငြိုးငယ်စိတ်တွေ မဖြစ်စေလို သောကြောင့် များမကြာမှီ အချိန်အတွင်းမှာဘဲ ကျမတို့ ကျန်ခလေးငယ် ၆၇ ဦးအတွက် ကျောင်းဝတ်စုံများကိုလည်း ထပ်မံလှူသွားဖို့ ရှိပါတယ်။ တစ်လက်တည်း ဖိတ်ခဲ့ပါရစေ။ စေတနာထက်သန်ပြီး ခလေးငယ် များ ကျောင်းဝတ်စုံအတွက် ပါဝင်လှူဒါန်းလိုသော မိတ်ဆွေများရှိရင် ကျမကို အကြောင်းကြားပေးစေ လိုပါတယ်။
လာမဲ့ ဒုတိယအခေါက် လှူမဲ့ ၆၇ ဦးစာအတွက်ကို ကျမ မိတ်ဆွေအကိုကြီး တစ်ယောက်ဆီမှာဘဲ အထည်တွေ အကုန်အပ်ဖြစ်ပါမယ်။ သူလည်း အထည်အော်ဒါချုပ်လက်ခံတာ ကျမ သိလိုက်ရတာ မကြာသေးပါဘူး။ သူဆီအော်တာမှာမယ်ဆို ပိုအဆင်ပြေမယ်လို့လည်း ကျမ ယုံကြည်ထား မိပါတယ်။ တကယ်လို့ ကျမ လိုဘဲ ခလေးတွေ အတွက် အထည်တွေဝယ်လှူချင်တယ်ဆို အဲဒီ အကိုဆီ ဆက်သွယ်လို့လည်း ရပါတယ်။ ဆက်သွယ်လို့ရအောင် ကျမ ဒီကနေ သူ့လိပ်စာကဒ်လေးပါ ပူးတွဲတင်ပြ မိတ်ဆက်ပေးလိုက်ပါတယ်။
ကညင်ကုန်းရွာမှာ မိုးရွာသွန်းမှု့များပြီး ရာသီဥတုကြောင့် ရွာလေးမှာ ရေကြီးနေတာလည်း တွေ့ရပါတယ်။ဓါတ်ပုံများကို အောက်တွင်ကြည့်ရှု့နိုင်ပါတယ်။
*****အထူးပြင်ဆင်ချက်***** စာဖတ်သူများ အားလုံးဝမ်းသာနိုင်ရန်။ ကျမ ပိုစ့်လေးတင်ပြီး ညနေဖက်မှာ ရန်ကုန်မှ ဦးဇင်းအရှင်ဝိမလဝံသမှ မေလ်းဝင်လာပါတယ်။ ကျန်ရှိနေသော ခလေးငယ်များ အတွက် ကျောင်းဝတ်စုံနှင့် စာရေးစားပွဲများကို အင်္ဂလန်နိုင်ငံမှ ဦးဇင်းအရှင်ဝိမလဝံသ၏ မယ်တော် ဒကာမကြီးမှ လုံလောက်ပိုလျံစွာ လှူဒါန်းပြီးစီးသွားပါကြောင်း ဝမ်းမြှောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကျမ ထပ်မံဖြည့်စွက် အသိပေးလိုက်ပါတယ်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းဝတ်စုံများ လိုအပ်မှု့မရှိတော့ပါကြောင်း ဒုတိယ လှူမည့် အစီစဉ်များကိုလည်း ကျမ ပြန်လည်ဖျက်သိမ်းလိုက်ပါကြောင်း စာဖတ်သူများကို အကြောင်းကြား အပ်ပါသည်။ ဒုတိယ အလှူတွင် စေတနာထက်သန်စွာဖြင့် ပါဝင်ရန် အကြောင်းကြားထားသော ( သူငယ်ချင်း -လေပြေချို http://laypyaycho.blogspot.com/ ကိုလည်း ဒီနေရာကနေ အကျိုးအကြောင်းရှင်းပြ အထူးကျေးဇူးတင်ပါကြောင်း ဒုတိယအလှူအတွက်လည်း ကျောင်းဝတ်စုံများ မလိုအပ်သောကြောင့် ပြန်လည် ဖျက်သိမ်းလိုက်ပါတယ်ဆိုတာ အသိပေးလိုပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
12 comments:
ပရဟိတလုပ်ငန်းလေးတွေ အတွက် သာဓု သာဓု သာဓု။ အရေးကြီးတဲ့ ကျန်းမာရေးတော့ ဂရုစိုက်ပါ အလွမ်းရေ။ မုဝင်တဲ့နေ့ ပို့စ်လေးတွေဆက်တင်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မကြီးရေ...
အလှူလေးအကြောင်းလာပြီးဖတ်ရင်းအလှူရှင်များနဲ့ထပ်
တူဝမ်းသာကြည်နူးပီတိဖြစ်မိပါတယ်ခင်ဗျာ...အခုလိုပရ
ဟိတ္တလုပ်ငန်းလေးတွေအမြဲတမ်းလုပ်နိုင်ပါစေခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
အလှူလေးအတွက် သာဓု သာဓု သာဓု ပါနော်
့မြန်မာလူမျိုးတွေပဲအလွမ်းရယ်
ဒါမျိုးလေးတွေက မကြာမကြာ
ကြားနေရတယ်အင်မတန်ကျက်သရေရှိတဲ့
သတင်းလေးနော်..မင်္ဂလာသတင်းလေး
လာဖတ်သွားတယ် ....
ကြည်နူးဖွယ်ရာအလှူပိုစ့်လေးကို ဖတ်ရင်း လှူဒါန်းမှုတွေအတွက် သာဓုခေါ်ဆိုသွားပါတယ် မမရေ ... :)
ဝမ်းသာကြည်နူးမှု အပြည့်နဲ့ဖတ်လိုက်ရတယ်
မမလွမ်းကျန်းမာပျော်ရွှင်ပြီးဒီထက်မကလှူနိုင်ပါစေ..
သာဓု ခေါ်ရင်ပီတိဖြစ်ခဲ့ပါတယ်..
သာဓု..သာဓု...သာဓု ပါ အမရေ...
ဓါတ်ပုံလေးတွေ ကြည့်ပြီး မုဒိတာပွားရတာ အေးချမ်းလိုက်တာဗျာ...
ဒါပေမယ့် ရေကြီးနေတာ တွေ့ရတော့ စိတ်မကောင်းပါဘူးဗျာ...
ရေမြန်မြန်ကျသွားပါစေလို့ပဲ ဆုတောင်းမိပါတယ်...
မကြီးလွမ်းရဲ့အလှူကို ညလေး သာဓုခေါ်ခဲ့ပါတယ်.. ဒီထက်မက နောင်များလည်း လှူဒါန်းနိုင်ပါစေ... မကြီးရေ
အခုလို ကျောင်းဝတ်စုံလေးတွေနဲ့ ကလေးတွေကို တွေ့ရတော့ ဝမ်းသာပီတိဖြစ်ပြီး သာဓု ခေါ်သွားပါတယ် ။ အလှူရှင်တို့ အားလုံးနဲ့ ဒီအလှူလေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသော အစ်မတို့အားလုံးလည်း နောင် ဒီထက် မက ဆက်ပြီး လှူဒါန်း နိုင်ကြပါစေလို့ ဆုတောင်းပေးသွားပါတယ် အစ်မရေ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
အလှူအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ်အစ်မရေ.. ကျန်းမာချမ်းသာပါစေ
ကိုယ်မလှူနိုင်သေးပေမဲ့ အမရဲ့လှူဒါန်းမှုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။
ကျန်းမာရေးလဲ ဂရုစိုက်ပါ။
ချစ်ခင်စွာဖြင့်
လရိပ်အိမ်
Post a Comment