ဟေမာန်ညို ဆိုတာကတော့ ကျမနာမည် အရှည်ပေါ့။ အားလုံးကတော့ ချစ်စနိုးနဲ့ ညို တစ်လုံးတည်း စွတ်ခေါ်ရင်းခဲ့မှ ညို လို့ဘဲလူတွေ သိလာကြတယ်။ ညို့မှာ ငယ်ငယ်လေးကတည်းက အရမ်းခင်တဲ့ သူငယ်ချင်း သွယ်သွယ်မိုး ဆိုတဲ့သူငယ်ချင်း တစ်ယောက်ရှိလည်း ရှိခဲ့တယ်။ သူငယ်ချင်းဆိုတာထက် ညီအစ်မတွေလို ခင်နေကြသူတွေပါ။
ညို တိုင်းတစ်ပါးမှာအလုပ်ထွက်လုပ်ရင်း အဆင်ပြေလာချိန်မှာ ညို့သူငယ်ချင်း သွယ်သွယ့်ကို သတိရမိသလို သူတို့မိသားစုလေးကိုလည်း ပြေလည်စေချင်တယ်။ သွယ်သွယ်တို့က မောင်နှမ (၇) ယောက်။ သွယ်သွယ်က သမီးကြီးဆိုတော့ အိမ်ရဲ့မပြေလည်မှု့တွေအတွက် ပိုပြီးကြိုးစားရုန်းကန် ပင်ပန်းခဲ့ရသူပေါ့။ သွယ်သွယ် အမေကတော့ သာမာန် သူနာပြုတစ်ဦးဖြစ်ပြီး အဖေကတော့ လယ်ယာနဲ့သာ နပန်းလုံးရတဲ့ သာမာန်လူတစ်ယောက်ပါဘဲ။ သွယ်သွယ် ပင်ပန်းတာတွေကို ညို ဟိုးခလေးဘဝကတည်းက မြင်တွေ့ခဲ့ရ သူမို့ ခုလိုအဆင်ပြေချိန် သူငယ်ချင်းကိုလည်း အဆင်ပြေစေချင်လို့ ညို သူငယ်ချင်းကို ညို အလုပ်လုပ်တဲ့ နိုင်ငံကိုခေါ်ဖို့ ကြိုးစားခဲ့တယ်။
အဲလိုချိန်မှာ မေမေက ညို့ကို တားမြစ်ခဲ့တယ်။ မေမေတို့ လူကြီးတွေကလည်း အစွဲရှိတာကိုး။ (ခြေနှစ်ချောင်း မကယ်ကောင်းတဲ့) သမီးရယ်လို့ မေမေကပြောခဲ့တယ်။ဒါပေမဲ့ ညိုကတော့ ဆုံးဖြတ်ချက်တွေမပြင် ရှေဆက်တိုးခဲ့တယ်။ ဒီလိုနဲ့ ညို နဲ့ သွယ်သွယ် ပြန်ဆုံခွင့်ရခဲ့တယ်။ ညို တတ်နိုင်သမျှ အစစ အရာရာ ကူညီခဲ့ပြီး အချိန်တွေကြာလာတော့ သွယ်သွယ်လည်း လုပ်ငန်းနားလည် အဆင်ပြေလာပြီမို့ ညိုတို့အရင်ကလို အမြဲမတွေ့ဖြစ်တော့။ ညိုလည်း ညို့အားလပ်ရက်ဆို တစ်ခြားသူငယ်ချင်းတွေနဲ့ ဆုံရပြန်တယ်။ ဒီလိုနဲ့ ညိုနဲ့သွယ်သွယ် အဆက်သွယ်ပြတ်နေတဲ့ ကာလလေးမှာ (သွယ်သွယ်) တစ်ယောက် ချစ်သူရသွားရှာတယ်။
အနေအေး စကားနည်းပြီး မိသားစုတာဝန်ကို ကျေပွန်အောင် သယ်ပိုးနေတဲ့ သွယ်သွယ် ချစ်သူရှိသွားတယ်ဆိုတော့ ညို ဝမ်းသာမိတယ်။ သူ့ အားငယ်ချိန် အားပေးဖော်ရသွားတာပေါ့။ ဒါပေမဲ့ သူ့ချစ်သူ ဘယ်သူဘယ်ဝါဆိုတာ ညို မသိသလို ညိုမေးလည်းမမေးခဲ့ဘူး။
ဒီလိုနဲ့တစ်နေ့ ညို မြို့ထဲကအပြန် ရထားပေါ်မှာ သွယ်သွယ်ကိုမြင်ခဲ့ရတယ်။ဒါပေမဲ့ သွယ်သွယ် တစ်ယောက်တည်းမဟုတ်။ သူ့ဘေးမှာ သူ့ချစ်သူလည်းပါနေတာကို ညို မြင်လိုက်ရတယ်။ ညို အံ့သြသလို နှုတ်ဆက်ဖို့လည်း တွေဝေသွားတယ်။ ညို သဲကွဲသေချာအောင် သေချာထပ်ကြည့်လိုက် ပါတယ်။ သေချာပါတယ် သွယ်သွယ့်ဘေးနာက လူကတစ်ခြားလူမဟုတ် ညို အရမ်းချစ်တဲ့ ညို့ရဲ့ အစ်ကို -- ကိုလတ်ပါဘဲ။
ညိုဆိုတဲ့ အစ်ကိုလတ်ရဲ့ညီမကိုတောင် အစ်ကိုလတ်က မဆက်သွယ်တော့ဘဲ ညို့သူငယ်ချင်းနဲ့တော့ အဆက်သွယ်တွေရပြီး ပျော်ရွှင်နေကြတာမြင်ရတော့ ညို ဝမ်းနည်းမိတယ်။ အင်းလေ သူတို့တွေချစ်သူတွေ ဖြစ်ကြတော့လည်း ကောင်းတာပါဘဲ။ သွယ်သွယ်ဆိုတာ တစ်စိမ်းမှမဟုတ်။ ညို့ သူငယ်ချင်းပါဘဲ။ အတွင်းသိ အဆင်းသိဆိုတော့ ပြောစရာမရှိပါဘူး။
ဒါပေမဲ့ ညို မသိလိုက်တာတစ်ခုက ညို့ သူငယ်ချင်း သွယ်သွယ်က ညို စခင်တုန်းကလို ရိုးရိုးအေးအေး သဘောကောင်း စိတ်ထားဖြူစင်သူ တစ်ယောက်မဟုတ်တော့တာပါဘဲ။ ဒါတွေကို ညို မသိခဲ့လို့ ညို ခုလို ကိုလတ်နဲ့ပါတ်သက်လာတာမို့ သူ့ကိုပိုလို့ ဂရုစိုက်မှု့ပြုလာခဲ့တယ်။ ညို လွယ်အိတ်ဝယ်ရင် သွယ်သွယ် အတွက်ပါတစ်လုံး အကျီဝယ်ရင်လည်း သူ့အတွက်ပါတစ်ထည် ဘယ်ခရီးဘဲသွားသွား ညို သူ့အတွက် အမြဲအမှတ်ရဝယ်ပေးခဲ့တယ်။
ဒါပေမဲ့ ညို့သူငယ်ချင်း သွယ်သွယ် အတိတ်ဘဝကိုမေ့ပြီး ညို့အပေါ်တောင် သူငယ်ချင်း တစ်ယောက်ဆိုတာ မေ့နေခဲ့တယ်။ သူ့စိတ်တွေ ရုတ်တရက်ဘယ်လိုတွေ ပြောင်းလဲသွားလဲဆိုတာ ညို မသိ။ ညိုနဲ့အစ်ကိုလတ် စကားမပြော အဆင်မပြေတာကို သွယ်သွယ်တစ်ယောက်သိတော့ သူ့ အတွက် ပိုလို့တောင် အခွင့်ကောင်းရသွားသည်။ အစ်ကိုလတ်ကို ညို့ မဟုတ်အတင်းတွေတိုင် ညိုနဲ့အပြိုင်တွေ သူလုပ်လာတော့ ညို သတိထားလာမိတယ်။ဒါပေမဲ့ ညို သွယ်သွယ့် အပေါ် မေတ္တာ မပျက်ခဲ့ပါဘူး။
ညိုလက်ဆောင်ဝယ်ပေးသမျှကို သွယ်သွယ်မှ အစ်ကိုလတ်ကို ညိုသူ့ကိုလျှော့ဈေးနဲ့ပြန်ရောင်းတာပါလို့ ညာပြောသလို ညို တို့မိသားစု စီးပွားရေးကိစ္စထဲလည်း သွယ်သွယ်ပါဝင် ဖက်စွက်လာတယ်။ မေမေတို့ ပိုင်ဆိုင်တဲ့ အိမ် ခြံတွေကို သွယ်သွယ်က အပိုင်လိုချင်စိတ်တွေ တစ်နေ့တစ်ခြား ပွားများလာတယ်။ ညို့ အပေါ် မနာလိုစိတ်တွေကလည်း နေ့စဉ်လိုတိုးပွားလာတယ်။ ညိုကတော့ သွယ်သွယ်အပေါ် စိတ်မပြောင်းသူမို့ ညိုဘာမှမဖြစ်သလို မခံစားရ။ သွယ်သွယ့် မှာတော့ တစ်နေ့တစ်ခြား အစ်ကိုလတ်ကို ချွဲပြီး ပူဆာရ လောဘတွေနဲ့ ဗျာများခဲ့တယ်။
အချိန်တွေကြာမြင့်လာလေလေ အခြေနေက ပိုလို့ဆိုးလာတာမို့ မေမေဆီဖုန်းဆက်တိုင်း အရိပ်လေးမြင်အောင် ညို ပြောပြဖူးတယ်။ တစ်နေ့ ညို ရန်ကုန်အလည်ပြန်ရောက်တုန်း မေမေ့ဆီကို အလည်ရောက်ဖြစ်တယ်။ မေမေကတော့ သားဖြစ်သူမျက်နှာလေးကြောင့် သွယ်သွယ့်ကို ဘာမှအပြစ် မမြင်ခဲ့ပါ။ အဲဒါကို သွယ်သွယ် အခွင့်ကောင်းယူပြီး မေမေ့ကိုပါ စော်ကားတဲ့စကားများ လိုက်လံပြောဆို တယ်။မိသားစုကြား မဟုတ်မမှန်တဲ့ စကားတွေ ငွေကြေးကိစ္စ စီးပွားရေးကအစ သူမဟုတ်တာတွေ လုပ်ကြံပြောနေတော့ ညို သီးခံစိတ်တွေကုန်ပြီး သူနဲ့အဆက်သွယ်ဖြတ်ခဲ့တယ်။ သူငယ်ချင်းအဖြစ်မှ စွန့်လွတ်ခဲ့တယ်။
မိသားစုကြား တစ်စိမ်းဆန်နေတဲ့ အေးစက်နေတဲ့ ဆက်ဆံမှု့တွေဟာ မိသွယ်ရောက်လာမှ ပိုလို့တောင် အခြေနေတွေဆိုးလာပြီး မိသားစုထဲ တစ်ယောက်ကိုတစ်ယောက် အမြင်မကြည် အမုန်းတွေ ဝင်လာခဲ့ကြရတယ်။
ညို ... ဘယ်သူ့ကိုမှ အပြစ်မတင်။အတိတ်ဘဝက ကံတွေကြောင့်လို့ဘဲ သဘောထားလိုက်တယ်။ အဲဒီနောက်ပိုင်း ညို မိသားစုတွေ အထင်လွှဲ စွတ်စွဲချက်တွေကို မခံစားနိုင်လို့ ညို့ အိမ်ဦးနတ် ရှိရာနောက်ကို ဘာကိုမှမခင်တွယ်တော့ဘဲ လိုက်လာခဲ့တော့တယ်။ ညို့ အကြောင်းနဲ့ ညို့စိတ်ရင်းကို သိနေတဲ့ အိမ်ဦးနတ်က ဒီလိုအဖြစ်ဆိုးမျိုးတွေ ကြုံရတဲ့ညို့အတွက် ဝမ်းနည်းစိတ်မကောင်းယုံကလွှဲပြီး ဘာမှ အပြစ်တွေမပြောဘဲ ညို့ကိုပိုလို့တောင် ချစ်လာသေးတယ်။ ညို့ဘဝကို ပိုလို့အေးချမ်းလုံခြုံအောင် သူ့မေတ္တာတွေ ထပ်လောင်ပေးပြီး ညို့ကို အထီးကျန်စေတဲ့ စိတ်တွေမှကင်းဝေးအောင် အိမ်ဦးနတ်က ပျော်ရွှင်အောင် ထားပေးခဲ့တယ်။ ညို ကျေနပ်ပါတယ်။
ရာသီအလီလီပြောင်းလို့ နှစ်တွေကူးပြီးကူးရင်းပေါ့။ တစ်နေ့ သူငယ်ချင်းတစ်ယောက်ဆီမှ ဖုန်းဝင်လာတယ်။ မတွေ့တာကြာပြီမို့ ဟိုပြောဒီပြောရင်း ညို့အစ်ကိုလတ်တို့ မင်္ဂလာပွဲ ပျက်သွားတဲ့ အကြောင်းလေး ပြောလာတော့ ညို အတော်စိတ်မကောင်း ဖြစ်မိသွားတယ်။ ဘာကြောင့် များလဲလို့ မေးယုံကလွှဲပြီး ညိုဘာမှ မပြောတတ်။
အော် ... လောကကြီးက ပြောင်းလဲမြန်လိုက်တာနော်လို့ တွေးမိပြီး စိတ်မကောင်းဖြစ်ယုံမှတစ်ပါး .... ညို ဘာမှမပြောတတ်တော့။ ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတာ ဒါမျိုးဘဲလားမသိ။
ညိုကတော့ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲပြီး ဘဝတစ်ခုကို တည်ဆောက် ပျော်ရွှင်နိုင်ခဲ့ပေမဲ့ အစ်ကိုလတ် တစ်ယောက်မှာတော့ လူပျိုကြီးဘဝနဲ့ဘဲ အချစ်နဲ့ဝေးရာမှာ နေခဲ့ရတယ်။ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ဖေဖေ+မေမေတို့နဲ့ ရှိစဉ်ကတည်းက မရရှိခဲ့သလို ကိုယ်တိုင်လည်း မတည်ဆောက်နိုင်ခဲ့ပါဘူး။ ညို့ကတော့ ခုချိန်မှာ မိသားတစ်စုရဲ့ အိမ်ရှင်မနေရာမှာ ကျရာနေရာကနေ တာဝန်တွေထမ်းဆောင်ရင်း မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို ပျော်ရွှင်စွာ ပုံဖော်နေသူဖြစ် နေပါပြီ။
ဒါပေမဲ့ အစ်ကိုလတ်ရဲ့ စိတ်ထဲမှာတော့ ငယ်ငယ်တုန်းက ကစားရင်းဒဏ်ရာရခဲ့တာတွေ ငယ်ငယ်က ညို့ကြောင့် အဖေရိုက်ခဲ့တာတွေကို အမှတ်ကြီးစွဲပြီး ညို့အပေါ် အမုန်းကြီးမုန်းနေဆဲပါ....... အသက်တွေသာ ကြီးလာခဲ့ပေမဲ့ အစ်ကိုလတ်ရဲ့စိတ်ကတော့ ခလေးဘဝဆိုတဲ့ မသိတတ်သေးတဲ့ အချိန်က အမှားတွေကို အတွေးနယ်ချဲ့ကာ ညိုဆိုတဲ့ ညီမလေးအပေါ် အမုန်းရန်ငြိုးတွေနဲ့ နေ့စဉ် ချည်နှောင်ထားနေဆဲပါ ........@@@@@@@
^^^^^^^^^ချစ်ခြင်းမေတ္တာ ခေါင်းပါးတဲ့ မိသားစုကြား မွေးဖွားလာရတဲ့ ညိုတစ်ယောက်အဖို့ကတော့ ကံကောင်းခြင်းတွေလား ကံဆိုးခြင်းတွေလား ဝေခွဲမတတ်တော့ပါ ^^^^^^^^^^^
ထိုအချိန်မှာပင် အိမ်ဦးနတ်မှ ညို့အနားလာပြီး ပခုံးလေးဖက်ကာ ထမင်းစားဖို့ပြောလာမှ ညို တစ်ယောက် ဒေါ်တူး အမြဲပြောဖြစ်တဲ့ ညိုတို့မောင်နှမ (၂)ယောက်အကြောင်း အတိတ်ကောက်ကြောင်းက ဘဝအက်ကြောင်း အတွေးလေးကို လက်စသတ် အတွေးဖြတ်နိုင်ခဲ့ ပါတော့တယ်။
တစ်ခါမှ ဝတ္တုတို မရေးဖူးတော့ အဆင်မပြေမှု့တွေ အများကြီးရှိနေတာမို့ စာဖတ်သူများ နားလည်ပေးကြပါလို့ အထူးတောင်းပန်ပါတယ်။

မိသွယ်တစ်ယောက် အရင်က မိသွယ်မဟုတ်တော့ဘဲ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။

@@@@@

စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
7 comments:
လောဘတွေပေါ့နော်
အကိုတစ်ယောက်ကလဲညီမလေးကိုနားလည်သင့်
ပါတယ်နော် ကိုယ်ကစိတ်ရင်းအမှန်ထားတော့
ကံကောင်းခြင်းတွေကိုခံစားရပါတယ်
ဘ၀လေးလဲအေးချမ်းတယ်လေ
အလွမ်းရေ မတွေ့တာကြာပြီ
နေမကောင်းဘူးထင်နေတာ
ပြန်ရေးလို့ဝမ်းသာမိတယ်
ချစ်တဲ့ jasmine
ဇာတ်သိမ်းပိုင်းလေးဆက်ဖတ်ဖို့ စောင့်နေတာ...
အစ်ကိုလတ်ကလဲ သဘောထားနုပြီးတော့ ကလေးဆန်လိုက်တာနော်...တကယ်ဆိုမောင်နှမလေး
နှစ်ယောက်ထဲရှိတာကိုလေ...ကျန်တာတော့ဆက်ပြီး မဝေဖန်တော့ပါဘူးလေ....လူတွေဆိုတာကလဲ..အင်း
လူတွေပဲကိုး...ရှိစေတော့..မမလဲ အဲလိုပဲသဘောထားလိုက်တာဖြစ်မယ်နော်..
ခင်မင်နေတဲ့..မိုးနတ်
အတိတ်ကောက်ကြောင်း ဘ၀အက်ကြောင်းလေး လာဖတ်သွားပါတယ်ခင်ဗျာ
၅၂၈၊ ၁၅၀၀ မေတ္တာမှန်မှ အေးချမ်းနိုင်ကြတာပဲနော်...
ဝထ္ထုလေးဖတ်ပြီးဘာပြောရမလည်းသိတော့ဘူး..
မမရေးထားတာဖတ်လို့ ကောင်းပါတယ်မမဆက်ရေးနော်..
လောကမှ အဲလိုမျိုးတွေလဲရှိတတ်ပါလားနော်
ဇာတ်သိမ်းလေးကို ဖတ်သွားပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဇာတ်လမ်းလေးကောင်းတယ်မကြီးလွမ်း ခုမှရောက်တာတော့ခွင့်လွှတ်ပေး
ပထမပိုင်းေ၇ာဒုတိယပိုင်းေ၇ာ တစ်ထိုင်ထဲဖတ်သွားတယ် .ဆက်လက်ရေးနိုင်ပါစေ
ချစ်တဲ့
ဂျာရစ်
ပြတ်သွားတာ မကြီးလွမ်းကြောင့်မှမဟုတ်ဘဲ။ အကိုလတ်ဘာသာ ဒီကောင်မလေးအကြောင်းသိသွားလို့ဖြစ်မှာပေါ့။
အကိုလတ်နဲ့ပြန်လည်တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း စကားပြန်ပြောစေချင်တယ်။ ဆရာလုပ်တာဟုတ်ပါဘူး။
ဒီမောင်နှမ ၂ယောက်ထဲရှိတာဆိုတော့။ ကိုယ်ချင်းစာမိတယ် မကြီးလွမ်း။
Post a Comment