Thursday 18 October 2012

သူငယ်ချင်းထံ ရင်ဖွင့်စာ

သူငယ်ချင်းရေ - စွပ်စွဲချက်က ပြင်းလှချည်လား
မင်းရဲ့ ခပ်ရိရိ  စကားလုံးတွေအောက်
ငါပြုံးပြုံးလေး  နေပေးပါ့မယ်။

သူငယ်ချင်းရေ  
မင်းပြောနေတဲ့  ပိုကာ ကိုလည်းမခင်တွယ်
ဂျော်နီကိုလည်း ငါမဝယ်ခဲ့ပါဘူး။
 
သူငယ်ချင်းရေ
ကြား ဖဲလေးတစ်ချပ်ဆိုတာ 
စိုင်းထီးဆိုင်သီချင်းကြောင့်
ရင်းနှီးကျွမ်းဝင်ခဲ့ပေမဲ့
မင်းထင်သလို  ငါမကျွမ်းကျင်ခဲ့ပါဘူး။
သူငယ်ချင်းရေ
ဂျော်နီဆိုတာ ငါသိတာ အဆိုတော်
မင်းပြောတဲ့ အထှာတွေထဲ
ငါ အငိုက်မိသွားတဲ့ (ဂျော်နီ)ဆိုတာ ဘာလဲ။
သူငယ်ချင်းရေ
ညနက်နက်ရဲ့ ရောင်စုံအခန်းငယ်ထဲ
အပျော်ဆိုတာလည်း ငါမရှာခဲ့သလို
တိုင်းတစ်ပါးမှာလည်း  ငါ  နေမပျော်ခဲ့ပါဘူး။
သူငယ်ချင်းရေ
ပတ်ဝန်းကျင်ရဲ့  အငွေ့အသက်ဆိုတာ
လူတိုင်း ရှုရှိုက်ကြရတာဘဲမို့လား
မင်းလည်းတစ်ချိန်တစ်ခါ  မဟုတ်တောင်
ခဏခဏ ရှူရှိုက်မိမှာပါ
ဒါတွေကို မင်းသတိမထားမိလို့ပါ။

သူငယ်ချင်းရေ
ခပ်ရှင်းရှင်းဘဲ  ပြောလိုက်မယ်ကွာ
တိုင်းတစ်ပါးကိုရောက်နေပေမဲ့
အမေ -ဆုံးမတဲ့ စကားတွေနဲ့
ဘဝလှပအောင် ရိုးသားစွာကျင့်ကြံ
မြင့်မြတ်တဲ့စိတ်ထားတွေမွေးရင်း
အနာဂါတ်တိုင်းမှာ  မင်းစွပ်စွဲချက်တွေနဲ့
ငါဝေးအောင်နေခဲ့ပါတယ်။

အပြစ်ကင်းသူမဟုတ်ပေမဲ့ 
အပြစ်ကျူးလွန်သူလည်း မဟုတ်ပြန်ဘူး။
လေကိုရှုရှိုက်ကြသူတိုင်းတော့ 
ပတ်ဝန်းကျင်က တိုက်ခတ်လာတဲ့လေကို
အတူတကွရှုရှိုက်ကြရမယ်ဆို  ငါသိနေပြီးသားမို့
မင်း စွပ်စွဲချက်နဲ့  ခပ်ရိရိ  စကားလုံးတွေထဲ
ငါ  မနာကျင်အောင်ဘဲ  ပြုံး နေလိုက်တော့မယ်။ 


 ညနေခင်းတစ်ခုရဲ့  ချက်တင်လေးကနေ   စိတ်ကူးရတာလေး  ရေးချလိုက်ခြင်းဖြစ်သည်


စာဖတ်သူများကို  အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး



8 comments:

စံပယ်ချို said...

ဘယ်သူတွေ ကိုယ့်အပေါ်
ဘယ်လိုပဲသဘောထားပါစေအလွမ်းရေ
အမြဲတမ်းပြုံးနေတတ်ဖို့က အရေးကြီးတာပါ
စိတ်ကူးထဲရလာတဲ့စာသားလေးတွေကလဲ
ကောင်းတယ်အလွမ်းရေ
ချစ်တဲ့ sis jasmine

Candy said...

ဘယ်သူတွေ ဘာပြောပြော ကိုယ်စိတ်သန့်နေဖို့က အဓိကပါနော် မမ :D

မင်းအရိပ် said...

:( :( :( :) :D :P

လွင်ပြင်လှိုင်းငယ် said...

အပြစ်ကင်းသူမဟုတ်ပေမဲ့
အပြစ်ကျူးလွန်သူလည်း မဟုတ်ပြန်ဘူး။
လေကိုရှုရှိုက်ကြသူတိုင်းတော့
ပတ်ဝန်းကျင်က တိုက်ခတ်လာတဲ့လေကို
အတူတကွရှုရှိုက်ကြရမယ်ဆို ငါသိနေပြီးသားမို့
မင်း စွပ်စွဲချက်နဲ့ ခပ်ရိရိ စကားလုံးတွေထဲ
ငါ မနာကျင်အောင်ဘဲ ပြုံး နေလိုက်တော့မယ်။

ကဗျာလေးအရမ်းမိုက်တယ် အလွမ်း

မိုးညချမ်း said...

စကားလုံးလေးတွေကို ကြိုက်တယ် အောက်ဆုံးစာကြောင်းလေးကို အကြိုက်ဆုံးပဲ မမ :)

ရာဇာထွေး said...

အမတော် ကဗျာလေးတွေနဲ့အရမ်းလန်းနေပါလား..
မျှဝေခံသွားပါတယ်ခင်ဗျာ...

ခင်မင်စွာဖြင့်
ရာဇာထွေး

ချစ်စံအိမ် said...

မမရေကဗျာလေးဖတ်ပြီးလူတွေအကြောင်းတွေးမိတယ်..

Angelhlaing(May everybody be happy and healthy! said...

လူတိုင်းနဲ့ ထပ်တူမကျတော့တဲ့အခါ..ကိုယ် တစ်ယောက်ထည်းများ မှားနေသလားလို့ တွေးမိတယ်.. ဒီလိုပါပဲ... လူအမျိုးမျိုး ဆိုတော့လည်း... အားလုံးနဲ့ ကိုယ် ဘယ်တူနိုင်ပါ့မလဲလို့ တွေးမိပြီး စိတ်ဖြေရတယ်မမရေ..