အားလုံးဘဲ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်။ မကြာခင်မှာ နှစ်သစ်လေးလည်း ရောက်ရှိလာတော့မှာမို့ ဒီနေ့ကျမဘလော့လေးမှာ ညီမလေး ပစ်ပစ် Tag လုပ်ထားတဲ့ ၂၀၁၂ကိုနောက်ပြန်ကြည့်ခြင်းဆိုတဲ့ ပိုစ့်ကောင်းစဉ်လေးနဲ့ ကျမ ၂၀၁၂ကိုဖြတ်သန်းခဲ့ ပုံလေးတွေ စာဖတ်သူများကို မျှဝေလိုက်ပါတယ်။
ပထမဦးစွာ ဘလော့သက်တမ်း (၂) နှစ်ကျော်ရှိခဲ့ပေမဲ့ လူသိနည်းတဲ့ဘလော့လေးတစ်ခုမို့ ကျမဘလော့ သက်တမ်းမှာ Tag လုပ်ခံရတာ အခုအကြိမ်က ပထမဦးဆုံးဘဲဆိုတာကို ဘလော့ဂါမောင်နှမများအား အားပါးတရ ကြွားလိုက်ပါရစေ။ အဟီး! စာပြန်ရေးဖြစ်အောင် သတိတရနဲ့ Tag လုပ်လာတဲ့ ညီမလေးပစ်ပစ်ကို အထူးကျေးဇူးတင်ပါတယ်။
ခုတလော စာတွေရေးပျင်းသလို ဘလော့ထဲလည်း အာရုံသိပ်မဝင်ဖြစ်နေတယ်။ စိတ်ရှုပ်တာလည်း မဟုတ် အလုပ်ရှုပ်တာလည်းမဟုတ် ဘာဖြစ်လို့ဖြစ်မှန်းမသိ။ တရားလေးနာလိုက် တစ်ယောက်ထဲ ငြိမ်ငြိမ်နေလိုက် ဒီလိုနဲ့ဘဲနေ့စဉ် အချိန်တွေကုန်စေခဲ့တယ်။ အမှန်ဝန်ခံရရင် စာရေးဖို့ ပျင်းခဲ့တာပေါ့။ ခုတော့ ပစ်ပစ်ရဲ့ Tag လေးကြောင့် ဒီပိုစ့်လေးကို (၂၀၁၂) မကုန်ခင် (၂၀၁၃) မဝင်ခင်လေးမှာ ကြိုးစားရေးလိုက်တာပါ။
၂၀၁၂ကို ပြန်လှည့်ကြည့်မိတော့ အဟောင်းတွေ အသစ်ပြန်မဖြစ်လာပေမဲ့ ကျမ ဒီနှစ်ထဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရပါတယ်။ (၂၀၀၉) ခုနှစ်ကစတဲ့ စိတ်ဆင်းရဲမှု့တစ်ခုက (၂၀၁၂ ) ရဲ့ဖေဖော်ဝါရီလလေးမှာ အကောင်ထည်ပေါ်လာပြီး ကျမစိတ်ချမ်းသာခွင့်ရခဲ့တယ်။
မေလကုန်လို့ဇွန်(၁)ရက်နေ့ ရောက်ခဲ့ပေမဲ့ ကျမတို့အိမ်ထောင်သက် (၄)နှစ်ပြည့်မှာလည်း ကျမတို့ ဇနီးမောင်နှံက ပျော်ပျော်ရွှင်ရွှင်ဘဲ။ ဘာလိုလိုနဲ့ အိမ်ထောင်သက် (၄)နှစ်ပြည်ခဲ့တဲ့ နှစ်လေးပေါ့။
ဇူလိုင်လလောက်မှာတော့ ကျမ ဒီနိုင်ငံရောက်စဉ် ပထမဦးဆုံး အလုပ်စဆင်းခဲ့ရတဲ့ လဖြစ်တာမို့ ကျမ အတွက်အမှတ်တရ ဖြစ်စေခဲ့ပါတယ်။နောက်ပြီးတော့ အလုပ်မှာ မိတ်ဆွေကောင်းတွေနဲ့ ကျမတွေ့ဆုံ ခင်မင်ခွင့်ရခဲ့တယ်။ ကျမ ကျန်းမာရေးကြောင့် အလုပ်ကိုနားလိုက်ရပေမဲ့ ဒီနိုင်ငံရဲ့ အလုပ်လုပ်စဉ်ကာလအတွင်း ဒီပလိုမာ လက်မှတ်လေးကို လက်ခံရရှိခဲ့ပါတယ်။ ဘာဘဲပြောပြောပေါ့ ကျမလို ဘာမှမသိ မတတ်တဲ့ လူတစ်ယောက်ကို ခုလိုအလုပ်ရှင် ကျမရဲ့ခေါင်းဆောင်က ချစ်တယ် သဘောကောင်းတယ်ဆိုတာ သိရတော့ ကျမအတော်ဝမ်းသာခဲ့ရတယ်။ ကျမကိုပေးတဲ့ လက်မှတ်လေးက ဘာမှမသုံးမဝင်ဘူးလို့ ကျမထင်ခဲ့ပေမဲ့ နောက်နောင် အလုပ်တွေလျှောက်မယ်ဆို အထောက် အကူပြုစေပါတယ်လို့ သူများတွေပြောဖူးပါတယ်။
မှတ်ချက် - ကျမ ဘာမှ မသိပါ...
အောက်တိုဘာလမှာ ကျမမွေးလလေးမို့ အလှူအတန်းလေးပြုပြီး ပျော်နေခဲ့ပေမဲ့ ကျမစိတ်ထဲ ဒွိဟဖြစ်ပြီး ဆုံးဖြတ်ဝေခဲ့ စိတ်ဓါတ်လေးပင်တဲ့လ ဖြစ်ခဲ့ရတယ်။ဒီလထဲမှာ ကျမစိတ်တွေနေ့စဉ် လေးလံနေမိတယ်။ အပြိုင်ယှဉ်နေတဲ့ ၂ခု ဘယ်တစ်ခုရွေးရမလဲဆိုတဲ့ စိတ်မျိုးနဲ့ အမှန်တရားကို ရှာဖွေရင်း စိတ်တွေလေးလံ ထိုင်းမှိုင်း ဒွိဟများခဲ့တဲ့ လလေးပါ။
နိုဝင်ဘာလလေးမှာတော့ ကျမအရမ်းချစ်တဲ့ အဖေနဲ့ထူးထူးခြားခြား နေ့တိုင်းလိုဖုန်းပြောခွင့်ရတဲ့ အမှတ်တရ လလေးပါဘဲ။ကျမ အဖေနဲ့ ခုလိုဖုန်းမပြောရတာ (၁၀)နှစ်ကျော်ပြီ။ ဒီလထဲမှာတော့ သားအဖ နှစ်ယောက်ပျော်ပျော်ကြီး စကားပြောတဲ့လ ဖုန်းဘေလ် အကုန်များဆုံလ ဖြစ်ခဲ့ပါတယ်။
ဒီနှစ်တစ်နှစ်တာလေးမှာ ကျမ မကောင်းမှု့တွေမလုပ်မိအောင် စိတ်ဆုံးဖြတ် ရှောင်ကျဉ်နိုင်ခဲ့တဲ့ နှစ်လေး လည်းဖြစ်ခဲ့တယ်။ အပြင် မိတ်ဆွေအပေါင်းသင်းနည်းတဲ့ နှစ်ဖြစ်သလို ပြသနာဖြေရှင်းရ နည်းတဲ့နှစ် လည်းဖြစ်ခဲ့တယ်။အွန်လိုင်း မိတ်ဆွေ မောင်နှမတော့ တိုးခဲ့ပါတယ်။
ဒီဇင်ဘာလအစမှာတော့ ကျမစိတ်ကူး ကျမဖြစ်ချင်တဲ့အရာလေးကို လက်ဝယ်ပိုင်ဆိုင်နိုင်အောင် ကြိုးစားသမျှ အကောင်ထည်ပေါ်ခဲ့ရတဲ့ လ ဖြစ်တယ်။ကျမပျော်တယ်။ကျမစိတ်ကူးတွေ အရောင်သန်း လာပြီမို့ ကျမ အဝေးက စိတ်၏ကြိုးစားမှု့ကြောင့် ရရှိခဲ့တဲ့ပီတိကို ကျမနဲ့အတူ ကျမ အဖေလည်း ပျော်ရွှင်ကြည်နူးမှု့ကို သောက်သုံးခွင့် ရခဲ့တဲ့နှစ်လည်းဖြစ်ခဲ့တယ်။
ဒီနှစ်ကုန်ပိုင်းမှာ (ဒီဇင်ဘာ ၂၁ရက်မှ ၂၇)ရက်ထိ ကျမရဲ့အိမ်ဦးသခင် ကျမရဲ့ချစ်ရတဲ့ အမျိုးသားတော်တော် နေမကောင်းဖြစ်ခဲ့တယ်။ (၁)နှစ်လုံး အဖျားအနာ မရှိပေမဲ့ နှစ်ကုန်ကိုနှုတ်ဆက် ဖို့လားမသိ သူတော်တော်လေး နေမကောင်းဖြစ် ခဲ့တယ်။ သူနေမကောင်းတာမြင်တော့ ကျမ စိတ်တော်တော်မကောင်းဖြစ်သလို သူ့ကိုလည်း သနားတယ်။ ငိုလည်းငိုချင်တယ်။ မိဝေးဖဝေး ဆွေမျိုးဝေး ဆိုတော့။
ကျမကတော့ ဒီနှစ်ထဲမှာ ကျန်းမာရေးကောင်းနေပါတယ်။ကျမရဲ့ ကုလို့မရတဲ့ လေအန်တဲ့ရောဂါကတော့ ဘယ်လိုမှကုလို့မရပါ။ နေ့စဉ်နေ့တိုင်းလို လေအန်တတ်ပေမဲ့ အဆိုးဆုံးမဖြစ်ခဲ့ပါ။ ရာသီဥတုအေးတာမျိုး လေထိုးစာစားမိရင် ကျမ တစ်ညလုံးအိပ်မရအောင် လေထိုးတတ်သည်ကလွဲပြီး ဖျားနာတာမျိုးမရှိခဲ့ပါ။
ဒီနှစ်ထဲမှာဘဲ ကျမနဲ့ (၁၅)နှစ်လောက် ကွဲကွာခဲ့တဲ့ သူငယ်ချင်းနဲ့ပြန် အဆက်သွယ်ရခဲ့တဲ့ ထူးခြားတဲ့ နှစ်လေးလည်းဖြစ်ပါတယ်။ ကျမ အပေါ်အလွန်သီးခံ အနစ်နာခံ အနွံတာခံတဲ့ သူငယ်ချင်းမို့ ကျမအတွက် ထူးခြားတဲ့နှစ်လေး ဖြစ်ခဲ့ရတယ်။
ဒီနှစ်ထဲမှာဘဲ ကျမ ဖေ့ဘွတ်သုံးတတ်ခဲ့တယ်။ သုံးဖြစ်ခဲ့တယ်။ သုံးလာခဲ့တယ်။ အရင်ကဆို (ကိုဇော်၃၅၇) ကျမကို ခဏခဏသင်ပြ ပြောပြခဲ့ပေမဲ့ ဖေ့ဘွတ်ကို ကျမ မနှစ်သက်ခဲ့သလို မသုံးခဲ့ဘူး။ဒီနှစ်မှာတော့ မှတ်မှတ်ရရ ဖေ့ဘွတ်သုံးတဲ့နှစ် ကော်မန့်ဝင်ရေးတဲ့ နှစ်လေးပေါ့။
၂၀၁၂ရဲ့လစဉ် ကုန်ဆုံးမှု့ကို ပြန်ကြည့်မယ်ဆို လတွေကုန်လို့ နှစ်တွေကူးပြောင်းတော့မယ်ဆိုပေမဲ့ ဒီနှစ်ထဲ ကျမမှာ မထူးခြားတဲ့ အမှတ်တရလေးကတော့ ကျမတို့ အိမ်ထောင်သက် (၄)နှစ်သာကျော်လာခဲ့ပေမဲ့ တစ်ခါမှ ခွန်းကြီးခွန်းငယ် စကားများ ရန်ဖြစ်မရှိခဲ့သေးပါ။
ကျမတို့ဇနီးမောင်နှံနှစ်ဦး ခွန်းကြီးခွန်းငယ် စကားများရန်ဖြစ် မရှိခဲ့တာမို့ ကျမအတွက် အကောင်းဆုံးနှစ်ဖြစ်ခဲ့ပေမဲ့ သားသမီးရတနာလည်း မရရှိသေးတာလည်း ကျမတို့ ဇနီးမောင်နှံကို စိတ်အားငယ်စေမှု့ တစ်ခုဖြစ်စေခဲ့ပါကြောင်း ဘလော့ဂါ မောင်နှမများကို အသိပေးလိုက်ပါတယ်။
ဒီနှစ်တစ်နှစ်လုံးမှာ ကျမ အလှူအတန်းနဲ့ ပျော်ခဲ့တဲ့နှစ်ဖြစ်တယ်။ သူဌေးတွေလို သိန်းရာချီ သိန်းထောင်ချီ မလှူနိုင်ခဲ့ပေမဲ့ ရတဲ့လစာလေးထဲကနေ အလှူအတွက် ဦးစားပေးလှူခဲ့ရတာမို့ ကျမအတွက် အလှူနှစ်လေးလို ဆိုရပါမယ်။ (၂၀၁၂)မှာ ကျမ မလုပ်ဆောင်နိုင်သေးတာတွေအတွက် (၂၀၁၃)မှာ ပြန်လည်လုပ်ဆောင်နိုင်ရန် စိတ်ကူးများဖြင့် မျှော်လင့်ရင်း (၂၀၁၂)ကို လက်ပြနှုတ်ဆက်မိသလို (၂၀၁၃) ကိုလည်း လက်ဆွဲနှုတ်ဆက် ကြိုဆိုနေပါကြောင်း။
(၂၀၁၂)မှာတော့ ထူးထူးခြားခြား ဘာလက်ဆောင်မှ မရရှိခဲ့ဖူးပါ။ကျမ ကိုယ်တိုင်က ပေးဆပ်ရတာကို ပျော်နေသူမို့လားမသိ လက်ဆောင်မရဖူးပါ။ ထို့ကြောင့် (၂၀၁၃) မကုန်ခင်လေးမှာ ကျန်ရှိတဲ့ ရက်တိုလေးအတွင်း အလွမ်းမြို့လေးကို သနားသောအားဖြင့် စေတနာမပါသော်လည်း လက်ဆောင်ရဖူးစေချင်သော စာနာမှု့ဖြင့် လက်ဆောင်ပေးချင်သူများ ( Samsung Galaxy SIII 4G) အားလက်ဆောင်ပေးမည့် သူရှိလျှင် စိတ်မဆိုးဘဲ လက်ခံပေးမည်ဖြစ်ကြောင်း စာဖတ်သူမောင်နှမများအား သတင်းကောင်း ပါးအပ်ပါတီ။
အားလုံးသော မောင်နှမများလည်း ကျမနဲ့အတူ (၂၀၁၃)ကို ပျော်ရွှင်ကြည်လင်စွာ ကြိုဆိုနိုင်ကြပါစေလို ဆုတောင်းပေးရင်း .......
ပစ်ပစ်ရေ မကြီးလွမ်းဘဝမှာတော့ ပစ်ပစ်တို့လိုထူးခြားမှု့လေးတွေ မရှိတော့ ပုံမှန်ဖြတ်သန်းခဲ့တာလေးတွေ ရေးလိုက်ပြီနော်။ ပျော်ရွှင်ပါစေ ညီမလေး! စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
13 comments:
ရိုးရိုးနဲ့ ရှင်းရှင်းဖြတ်သန်းခဲ့ပုံလေးကို
စိတ်ဝင်တစားဖတ်နေမိတယ်
၂၀၁၃ ဟာ လူသားတိုင်းအတွက်ဘုရားသခင်ရဲ့
ကံကောင်းခြင်းလက်ဆောင်ရပါစေလို့
ချစ်တဲ့ မဂျီးဂျက်
ကျေးဇူးပါ မကြီးလွမ်းရေ
တက်ဂ်တာလေး ရေးပေးလို့
မကြီးလွမ်းရဲ့ တည်ငြိမ်တဲ့ 2012
ဖြတ်သန်းစီးဆင်းမှု့လေး
လာရောက် ခံစားသွားတယ်မကြီးရေ..
အလှူတွေလည်း ဆထက်တပိုးတိုးလှူနိုင်ပါစေ။
လာမယ့် နှစ်သစ်မှာလည်း မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
ဆုံးရှုံးမှု မရှိဘဲ အောင်မြင်စွာ ဖြတ်သန်းနိုင်တာ စွမ်းရည်ပါပဲ ။ နောင်ဆိုရင် တိုးတက်လာမှာ အမှန်ပါ ...
ဒီနေ့31.12.12ည12နာရီ12မိနစ်12စက္ကန့်မှာလူသားအားလုံးအမှတ်တရများစွာနဲ့အန္တရယ်ကင်းရှင်းစွာနျဲ့နှစ်သစ်ကိုပျော်ပျော်ပါးပါးကျော်ဖြတ်နိုင်ကြပါစေလို့ဧဒင်အချစ်ပုံပြင်မှဆုတောင်းပေးလိုက်ပါတယ်
မကြီးလွမ်းရေ .. မင်္ဂလာရှိသော နှစ်သစ်လေးပါလို့နော် .. ကျန်းမာရေးလည်း ဂရုစိုက်( နှစ်ယောက်လုံး :P) ဖြတ်သန်းခဲ့တဲ့ 2012 လေးကိုလည်း မျှဝေခံစားသွားခဲ့ပါတယ်ရှင့် :)
မကြီးလွမ်းရေ...
ရေးထားတာရိုးရိုးရှင်းရှင်းလေးနဲ့မို့...
သဘောကျမိတယ်...အထွေအထူးမရှိဘူးသာပြောတယ်
မိုးနတ်တော့ အများကြီးဖတ်လိုက်ရပါတယ်..
နှစ်သစ်မှာ ပျော်ရွှင်ပါစေမ....
မသိလား..မလက်ဆောင်လိုချင်တယ်ဆိုတဲ့
( Samsung Galaxy SIII 4G)လေ..
အဲဒါ ညလေးလဲ လိုချင်နေတာ..
တွက်ကြည့်တာ လေးသိန်းကျော်လောက်ရှိတယ်
မေ့ကို ပူဆာထားတယ်..၀ယ်ပေးမလားတော့သိဘူး
မကြီးလွမ်း
လရိပ်လဲ အိုင်ဖုန်း၅ကိုမျှော်နေမိတယ်။
ဘယ်သူလာပေးမလဲလို့ :P
ဦးဇင်းလာလည်သွားပါတယ်။ နေကောင်းကြလား။ ဦးဇင်းနေကောင်းပါတယ်။ ပိုစ့်အသစ်လေး လာဖတ်သွားပါတယ်။ နှစ်သစ်မှသည် အသက်ထက်ဆုံး သက်ရှည် ကျန်းမာစိတ်ချမ်းသာစွာဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး သာသနာ့အကျိုး မိဘကျေးဇူးတရားများကို အထူးပေးဆပ်နိုင်တဲ့ သား သမီးများဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
Kaungmyat နာမည်နဲ့လာမန့်သွားတဲ့ မိတ်ဆွေကို သိချင်ပါတယ်။ဦးဇင်းမဟုတ်ဘဲ ဦးဇင်းလို့များရေးသွားတယ်လို့စီတ်ထဲက ထင်နေမိတယ်။ ကောင်းမြတ်ဆိုတာ ကောင်းမြတ်ထက် ဟုတ်မဟုတ်ဆိုတာ ကော်မန့်ရေးသူသာ အသိဆုံးဖြစ်မည်။
မေတ္တာဖြင့်
အလွမ်းမြို့
မကြီးလွမ်းရဲ့ ရိုးရိုးရှင်းရှင်းဖြတ်သန်းတာကို ဖတ်ရင်း ပျော်စရာလေးတွေ ပိုများတာကို သတိထားမိလို့ ၀မ်းသာရပါတယ်..။ နောက်နှစ်တွေမှာလည်း ပျော်စရာကြည်နူးစရာတွေပဲ များများကြုံတွေ့၊ အလှူအတန်းများများပြုနိုင်ပြီး သားသားမီးမီးလေးတွေ ရလာနိုင်ပါစေနော် ..။
နှစ်သစ်မှာပျော်ရွှင်ခြင်းကျန်းမာခြင်းနဲ့ ပြည့်စုံပါစေမမရေ
နှစ်သက်ပျော်ရွှင်စရာ ငြိမ်းချမ်းတဲ့ ဘ၀လေးလို့ ခံစားလိုက်ရတယ် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့တယ် ချစ်မ
~ Kk ~
Post a Comment