Friday 15 March 2013

သက်ဆိုင်သူသို့ -သူကြားပါစေ

မောင်
အလိမ်အညာတွေသုံး
ပလီပလာစကားတွေနဲ့
မ ကိုချစ်တယ်ပြောခဲ့တာ
တကယ်လားမောင်!

အထာတွေမပို
မူယာတွေ မချိုတတ်သူမို့
ရင်မှာလေ ကွယ်မထား
မ ရဲ့ အကြင်နာစကား။

အချစ်တေးနဲ့ ချော့သိမ့်
မ နှလုံးသားကို အိပ်ဆေးခပ်ပြီး
တိတ်တဆိတ်စွာထွက်သွား
မ  ကိုတစ်ယောက်တည်းထားခဲ့တာလား။

နယ်မြေတွေခြား စာမလာသတင်းမကြား
မောင် တယောက်နေကောင်းရဲ့လား
စိတ်ပူမိတာ မ အပြစ်လား။

လွမ်းလွန်းမျှော် မျှော်လွန်းလို့ဆွေး
ရင်မှာ တကယ်မအေးတာမို့
မောင့်  အတွက်ရယ်စကား
မ....လက်ဆောင်ထား
မောင်ကြားပါစေသား။

နှစ်ကိုယ်တူစိုက်ခဲ့တဲ့ အချစ်ပန်းခင်း
နှလုံးသားပန်းမနွမ်းခင်
အချစ်ပန်းလန်းစေချင်တာမို့
မ...ရင်ထဲ အလွမ်းတွေသိုဝှက်
မောင် အတွက် ကဗျာစပ်ခဲ့။



ညီမလေးတစ်ယောက်ရဲ့  ခံစားချက်ကို  ညီမလေးချစ်တဲ့ မောင်သိစေဖို့  အလွမ်းမြို့မှ  ခံစားရေးဖွဲ့ပေးသည်။

စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

9 comments:

လရိပ်အိမ် said...

အဲဒီမောင်က အဝေးရောက်နေတာ ကြားပါ့မလား။
တယ်လီပသီနည်းနဲ့လုပ်ရင်တော့ ကြားနိုင်တယ်။

မကြီးလွမ်းက အလုပ်တွေ အတော်လက္ခံတယ်နော်။ ( နောက်တာ )

မိုးနတ်ကြယ်စင် said...

အော် အော်...
ရင်ဘတ်အငှားပေါ့ ဟုတ်လား မ
ဒါလဲ ကောင်းတာပဲ..
သက်ဆိုင်သူ ကြားပါစေရှင် :)))

အလွမ်းမြို့ said...

မိုးနတ်ရေ...

ဟုတ်ပါတယ် ညီမလေးတစ်ယောက်က သူ့ခံစားချက်တွေကို ရင်ဖွင့်လာလို့ စိတ်ထဲရှိတာ ရေးချပေးလိုက်
တာပါ။တကယ်လည်း သူဒီလိုခံစားနေရတာဆိုတော့...အဟဲ

ချစ်တဲ့
မကြီးလွမ်း

အလွမ်းမြို့ said...

အလုပ်သစ်လက်ခံပါသည်။အသဲကွဲသူတိုင်း ရင်ဘတ်ချင်းတူ
အငှားခံစားပေးသည်။ အဟီးးးး

ချစ်တဲ့
မကြီးလွမ်း

မိုးညချမ်း said...

“နှစ်ကိုယ်တူစိုက်ခဲ့တဲ့ အချစ်ပန်းခင်း
နှလုံးသားပန်းမနွမ်းခင်
အချစ်ပန်းလန်းစေချင်တာမို့
မ...ရင်ထဲ အလွမ်းတွေသိုဝှက်
မောင် အတွက် ကဗျာစပ်ခဲ့။” ... ညီမလေးတစ်ယောက်အတွက် မမက ရင်ဘတ်နဲ့ခံစားရေးဖွဲ့ထားတာကို ညလေးလာရောက်ဖတ်ရှုခဲ့ပါတယ် မမရေ ... :)

အလွမ်းမြို့ said...

ညလေးမိုးညရေ..

ခုလိုလာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်။ မကြီးကတော့ ညီမလေးလို စာရေးမကောင်းဘူးကွဲ့.


ချစ်တဲ့
မကြီးလွမ်း

ကိုဇော်လေး said...

(နှစ်ကိုယ်တူစိုက်ခဲ့တဲ့ အချစ်ပန်းခင်း
နှလုံးသားပန်းမနွမ်းခင်
အချစ်ပန်းလန်းစေချင်တာမို့
မ...ရင်ထဲ အလွမ်းတွေသိုဝှက်
မောင် အတွက် ကဗျာစပ်ခဲ့။) မကြီးအလွမ်းရေ.. ကဗျာလေး လာဖတ်သွားတယ်နော်.. ထွက်သွားတဲ့ မောင် လည်း ပြန်လာအောင် ဆုတောင်းပေးခဲ့တယ်နော်.. :)

blackroze said...

တော်တော်ရက်စက်ပါလား မောင်...
မကြီးလွမ်း၏ကိုယ်စား ပစ်ပစ်မှ ပြောသည်...

ရာဇာထွေး said...

ကျွန်တော်ဘာမှ မကြားရဘူးအမ(သက်ဆိုင်သူမှဟုတ်ပဲ ကြားပါ့မလားလို့ ငတုံးရဲ့) :P

ကဗျာလေးဖတ်သွားပါတယ် အမရေ...တို့အမများတော်လိုက်ပုံ ရင်ဘတ်အဌားနဲ့

ခံစားချက်ကဗျာတောင်သီနိုင်တယ်...(အပျော်နောက်တာနော်အမ)...

ကဗျာလေးဖတ်ပြီးခံစားသွားပါတယ် မကြီးရေ...


ခင်မင်လေးစားစွာဖြင့်

ရာဇာထွေး