Monday 8 July 2013

ဝါတွင်းအလှူရှင်များအားဖိတ်ခေါ်ခြင်း



အားလုံးဘဲ မင်္ဂလာပါ။ ဘလော့လေးပစ်ထားမိတာကြာပေါ့။လွန်သွားတဲ့ ရက်အနည်းငယ်က ကျမ ဘလော့လေးထဲ ပိုစ့်လေးတင်ချင်လို့  ပြန်ဝင်အသက်သွင်းမိပါတယ်။ ဘယ်လိုမှ ပိုစ့်တင်လို့မရ။ နောက်ဆုံး ဘာဖြစ်မှန်းမသိ တန်းပလိတ်တွေလိုက်ပြောင်း အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ မရ။နောက်ဆုံးတော့ စိတ်ပျက်ပြီး ဒီတိုင်းပစ်ထားလိုက်ပါတယ်။ ဘာမှမလုပ်မိဘဲ ပိုစ့်တင်မရဖြစ်တဲ့အတွက် ဘာမှမလုပ်ဘဲပြန်ကောင်းလာမယ် လို့......အဲလိုလေးစိတ်ထဲထားပြီး ပစ်ထားလိုက်တယ်။ ဆရာဟန်ကြည်ကလည်း ပစ်ထားတာကြာလို့ပါ သူ့ဘာသာ ပြန်ကောင်းလာမယ် အားပေးတော့ အတော်လေးအားရှိသွားခဲ့တယ်။ >>>ကျေးဇူးပါ ဆရာဟန်<<<<

တကယ်ပါဘဲ ကျမ ဘာမှပြန်မလုပ်ရဘဲ ယနေ့ ကျမဘလော့လေး ပိုစ့်တွေပြန်တင်လို့ရပါပြီ။ကျမ ပိုစ့်တင်ချင်တယ်ဆိုတာကလည်း  အလှူပိုစ့်လေးပါဘဲ။ မကြာခင်ဆို ဝါတွင်းကာလလေး ရောက်လာတော့ မှာမို့ ဝါတွင်းလေးမှာ ကုသိုလ်ယူချင်သူများကို ဖိတ်ခေါ်ချင်လို့ပါ။ နံနက်ခင်းတစ်ရက်မနက် စောစော ကျမ အိပ်ယာကနိုးပြီး အတွေးထဲ ဝါတွင်းရောက်တော့မယ်ဆိုတာ သတိရပြီး စိတ်ထဲကဖြစ်ချင်တာလေး တွေးမိ ခဲ့တာပါ။ ဝါတွင်းတိုင်း ကျမ မွေးရက်လေးနဲ့ အိမ်ဦးနတ် မွေးရက်လေး ၂ရက် ကျမတို့ သက်သားလွတ်စား ဆီမီးမပြတ်ပူဇော်ခဲ့တာ ခုဆို ၃ နှစ်ပြည့်ခဲ့ပါပြီ။

ဒီနှစ်တော့ ဝါတွင်းကာလမှာ  ဥပုဉ်ရက်တစ်ရက်လောက်  ဘုန်းကြီးကျောင်းမှာ သံဃာဆွမ်းနှင့်အတူ ဥပုဉ်သည်တွေကိုပါ အဟာရဒါနလေး ပြုချင်စိတ်လေးဖြစ်လာမိတယ်။ အလှူတွေအများကြီး လုပ်ဖူး လှူဖူးပေမဲ့ ခုလိုဥပုဉ်သည်တွေကို  မလှူဖူးသေးတော့ လှူချင်စိတ်လေးကလည်း တွန်းအားပေးနေမိတယ်။ ဒီလိုနဲ့မဆိုင်းမတွ ကျမ လှူချင်တဲ့ဆန္ဒဖြစ်ပေါ်ချိန်လေး  အညာဒေသက  ဘုန်းကြီးကျောင်းတစ်ကျောင်းကို ကျမဖုန်းဆက်လျှောက်လိုက်ပါတယ်။ မြို့ဆိုတာ အလှူရှင်တွေက ပေါသကိုး။ တောဘက် နယ်ဘက်ဆိုတော့ အလှူရှင်က ရှိပေမဲ့ရှားတယ်။ ဒါကြောင့် ကျမ တစ်ချိန်က ခဏတာနေခဲ့ဖူးတဲ့ ကျမ သံယောဇဉ်ရှိခဲ့ဖူးတဲ့  မြို့ငယ်လေးတစ်မြို့က  ဘုန်းကြီးကျောင်းကိုလှူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းကို ဖုန်းဆက်လျှောက်စဉ်  ဖုန်းလိုင်းအခက်ခဲကြောင့်  စကားပြောရ အဆင်သိပ်မပြေလှပါ။ ထို့ကြားထဲတွင်  ကျမသည် တိုင်းရင်းသူတစ်ဦးဖြစ်သောကြောင့်  စကားဝဲ တဲတဲလေးဖြစ်သည်ကို ဘုန်းဘုန်းမှလည်း သေချာနားမလည်ပါ။ ကျမကိုယ်တိုင်က ခရစ်ယာန်မိသားစုဝင် တစ်ဦးဖြစ်လို့ ဘုန်းကြီးတွေနဲ့  စကားပြောသိပ် မကျွမ်းတင်တာလည်းပါမည် ထင်ပါသည်။ ထို့ကြောင့် ကျမ မိတ်ဆွေတစ်ဦးထံ ဖုန်းဆက်ပြီး အကျိုးအကြောင်းကို ပြောပြကာ ဘုန်းကြီးကျောင်းသို့သွားစေပြီး ဘုန်းဘုန်း အားလျှောက်စေခဲ့ပါသည်။ဘုန်းကြီးမှ ကျမ မိတ်ဆွေအား ဖုန်းဆက်လာတာတော့ ဟုတ်ပါတယ်။ ဘယ်ကမှန်းမသိ တစ်ယောက်ယောက် စနောက်နေသည်ဟု ဘုန်းဘုန်းက ထင်လို့ပါတဲ့။ တစ်ခါမှ မည်သည့်အလှူရှင်မှ ယခုလိုဖုန်ဆက်မလှူဖူးကြောင်း ဘုန်းဘုန်းက မိန့်ခဲ့သည်။ 

ကျမကလည်း ဘယ်အလုပ်ဘဲဖြစ်ဖြစ် ကျမလုပ်ချင်သောအရာကို တိကျသေချာစွာဖြစ်စေချင်တာမို့ ကျမကိုယ်တိုင် ဖုန်းဆက်လျှောက်မိတာပါ။ကျမမိတ်ဆွေ ဘုန်းကြီးကျောင်းရောက်ရှိမှာတော့ ဘုန်းဘုန်းမှ အလှူရှင် မရှိသေးပါကြောင်း  လှူမယ်ဆိုရင် အလွန်ပင်ဝမ်းသာပါကြောင်း အကြောင်းပြန်လာပါတယ်။ သို့သော် မည်သို့မည်ပုံလှူမည်ကို ဘုန်းဘုန်းမှ မသိသောကြောင့် ဘုန်းဘုန်း ဆန္ဒအရ  ဝါဆိုလပြည့်နေ့လေးမှာ ဥပုဉ်သည်များကို အဟာရဒါန လှူစေချင်ကြောင်း  မိန့်ခဲ့ပါတယ်။ အစပထမမှာတော့ ကျမက အောက်တိုဘာ (၄)  တော်သလင်းလကွယ် (၁၅)ရက်ကို လှူဖို့အစတုန်းက စီစဉ်ထားပေမဲ့ ဘုန်းဘုန်းမှ  ဇူလိုင် (၂၂)ရက် ဝါဆိုလပြည့်နေ့ (၁၅)ရက်  ဓမ္မစကြာနေ့ကို လှူစေချင်တာ မိန့်ကြားခဲ့ပါတယ်။

ထို့ကြောင့်  ကျမအလှူအတွက် ကုန်ကျစရိတ်ကို စာရေးလျှောက်ထားခဲ့ပါသည်။ မြို့တစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်တွေ မတူညီတတ်တာကျမ သိတာမို့  ဘုန်းကြီးကျောင်းမှ ဝေယျာဝိစ္စ ကူညီပေးသူများ အဆင်ပြေစေရန် ကုန်ကျမှု့ကို  ကျမစာရေးလျှောက်ခဲ့ပါတယ်။ ကျမနှင့်အတူ  အလှူတွင် အမြဲပါဝင် ကုသိုလ်ယူကြတဲ့  အွန်လိုင်းမောင်နှမများကိုလည်း ထပ်ဆင့်ဖိတ်ခဲ့ပါတယ်။ အစားကောင်းစားတိုင်း သတိရဆိုသလိုပေါ့။ အလှူပြုတိုင်း ကျမက အမြဲသတိရမိတယ်။ ကျမ ခင်မင်ရတဲ့ အပြင်က မိတ်ဆွေတွေရော ဘလော့က မိတ်ဆွေတွေရောပေါ့။

အလှူတွင်ပါဝင်ချင်သူများ  ဝါတွင်းကုသိုလ်ယူချင်သူများကို  ဒီပိုစ့်လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်။ အာရုံဆွမ်း  သီသန့်လှူချင်သူများအတွက်ရော  နေ့ဆွမ်းဘဲ သံဃံများအား လှူချင်သူများအတွက်ရော  အာရုံဆွမ်း+နေ့ဆွမ်း သံဃံများသီးသန့် နှင့် အာရုံဆွမ်း+နေ့ဆွမ်း သံဃံများနှင့်အတူ ဥပုဉ်သည်များအားလုံး အတွက်ပါ  ကုန်ကျမှု့လေးသိရအောင် ကျမ စာရေးလျှောက်ထား ပါတယ်။ အကြောင်းပြန်စာ ရပြီဆိုရင်  ကျမ နောက်ပိုစ့်တစ်ခုထပ်တင်ပေးပါမယ်။

ဥပုဉ်သည်က  (၇၅) ဦးအထက်မှာရှိပါတယ်။ ဥပုဉ်သည်အပါအဝင် နေ့ဆွမ်းတစ်ရက်တာကို (၂သိန်းခွဲလောက်) ကုန်မယ်လို့ ကျမ မှန်းထားပါတယ်။ သံဃာများ အတွက်နေ့ဆွမ်းရယ် ဥပုဉ်သည်များအတွက် နဲ့ဝေယျာဝိစ္စ စုစုပေါင်းအားလုံး  ဦးရေ (၁၀၀)မှန်းထားပါတယ်။ တိကျသော အဖြေရရှင် ကျမထပ်မံတင်ပြပေးသွားပါမယ်။

ဝါဆိုလပြည့်နေ့ (၁၅)ရက် ဓမ္မစကြာနေ့ကို  ကျမတို့ ဇနီးမောင်နှံမှာ တာဝန်ယူ လှူဒါန်းမည်ဟုဆုံးဖြတ်ထား ပါသည်။

အောက်တိုဘာ (၁၉) သီတင်းကျွန်လပြည့် (၁၅)ရက်နေ့ကိုတော့  ကျမနဲ့အတူ အလှူမှာ အမြဲပါဝင်တဲ့ အချစ်ဆုံးသူငယ်ချင်း အကောင်းဆုံးမိတ်ဆွေ   ** နန်းထွေး** က တာဝန်ယူ လှူဒါန်းမည် ဖြစ်ပါတယ်။

အောက်တိုဘာ (၁၂) သီတင်းကျွန်လဆန်း (၈) ရက်နေ့ကိုလည်း  ဂျပန်မှ  မထား  မှမေးမြန်းထားပါတယ်။
သို့သော်  မသေချာသေးပါ။

ထို့နည်းတူ  မောင်ငယ် ရာဇာထွေးကလည်း  ဥပုဉ်ရက် ၁ ရက်အတွက် ပါဝင်လှူမည်ဟုလည်း ပြောထား ပါတယ်။ သို့သော်  မသေချာသေးပါ။

မိမိစိတ်အားထက်သန် လှူဒါန်းလိုသူများလည်း  ကျမကို ဆက်သွယ်လှူဒါန်းပြီး ကုသိုလ်ယူနိုင်ပါတယ်။ ယ္ခုပြုမည့်ကျောင်းက  စစ်ကိုင်းတိုင်း  မုံရွာမြို့နယ်  ချောင်းဦးမြို့က  ဘုန်းကြီးကျောင်းလေး တစ်ကျောင်းပါဘဲ။ ယ္ခုအလှူပိုစ့်သည်  ကျောင်းထိုင်ဘုန်းကြီးနှင့်  ဘုန်းကြီးကျောင်းမှ  မည်သူ တစ်ဦးတစ်ယောက်မှ  အကူညီတောင်း အလှူခံခိုင်းခြင်း မဟုတ်ပါ။ ကျမ ဝါသနာအရ ကျမ လှူချင်လို့ နည်းများမဆို  ကုသိုလ်ပါဝင်ချင်သော  အလှူရှင်များကို  ကျမ ဘာသာဖိတ်ခေါ်ခြင်းဖြစ်ပါသည်။


စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
8-7-2013

3 comments:

ကြည်ဖြူခင်ခင် said...

မကြီးလွမ်းရဲ့ စိတ်ဓါတ်ကို ညလေး တကယ်လေးစားပါတယ်..
ညလေးလည်း တတ်နိုင်သလောက် လှူပါ့မယ်.. သံသရာမဆုံးသမျှ
အလှူဒါနနဲ့မကွာစေဖို့.. ဘ၀ဆက်တိုင်း စေတနာရှေ့ထားတဲ့ သူတွေနဲ့ ရေစက်ပြန်ဆုံဖို့ပေါ့..။

အလွမ်းမြို့ said...

ညီမလေးကြည်ဖြူရေ
မကြီးလွမ်းကတော့ အမြဲကြိုဆိုနေပါတယ်။မွန်မြတ်သော ဒါနနဲ့ အလှူပါ။တစ်ဦးတစ်ယောက်တည်း
(၁)ရက်တာ တာဝန်ယူမနိုင်ပေမဲ့ စုပေါင်းအားလေးနဲ့ ၁ ရက်တာလေးတော့ အလှူဖြစ်မြှောက်
နိုင်ပါတယ် ညီမလေးရေ။

ရာဇာထွေး said...

မကြီးရေ...ဒီနေ့မှဘလော့ပြန်လည်လို့ ၀ါတွင်းအလှူရှင်ဖိတ်ခေါ်တဲ့ပို့စ်လေးကို
သေချာဖတ်မိပါတယ်... အစစအရာရာစီစဉ်ပေးလို့လည်းကျေးဇူးပါမကြီးရေ...


ခင်မင်စွာဖြင့်
ရာဇာထွေး