Friday 4 October 2013

ကင်ဆာအကြောင်းသိသလောက်...Tagပိုစ့်

 ဓါတ်ပုံကို ဂိုဂယ်မှကူးယူသည်။

အားလုံးဘဲ မင်္ဂလာပါ။စာမရေးတာလည်းကြာပြီ Tag ပိုစ့်လေးလည်း သများလာအက်ထားတာ ကြာပြီ။ ကျမ ဘာမှမလုပ်နိုင်သေးတာ။ဒီနေ့တော့ ကျမချစ်ရသော ဘလော့ဂါ **ဂျာရစ်** မဒမ်ကိုး Tag ထားသောပိုစ့်လေးကို ရေးဖို့ဆုံးဖြတ်လိုက်တယ်။အပြင်မှာလည်း မိုးတွေကရွာ စိတ်တွေ ထဲမှာလည်း ဒေါသတွေထန် မကျေနပ်မှု့တွေနဲ့ ပြည့်ဝနေလို့ ကျမရဲ့ စိတ်တွေကို အရိုင်းမဝင် ရလေအောင် ဘလော့လေးထဲဝင် စာလေးရေးဖို့ ရောက်ရှိလာပါပြီ။

Tag လုပ်ထားတာကြာပြီဖြစ်ပေမဲ့ ခုမှရေးဖြစ်တဲ့ ပိုစ့်လေးအတွက် http://madankoo.blogspot.com/ ကို ဦးစွာ ဒီကနေ တောင်းပန် လိုက်တယ်။နောက်ကျခြင်း များစွာဖြင့်......တကယ်တော့ နောက်ကျတာမဟုတ်ပါဘူးကွယ် အချိန်ယူနေတာပါ။ မဒမ်ကိုးက Tag လိုက်ပေမဲ့ သူပိုစ့်မှာ သွားဖတ်တော့ အရေးအသား အသိပညာက အတော်လေးပြည့်စုံနေပြီ။ဒါကြောင့် ဘာရေးရမလဲမသိ ဖြစ်နေလို့ စဉ်းစားနေတာ။

ကျမက စာဖတ်အားလည်းနည်း ကျန်းမာရေး ဗဟုသုတလည်းနည်း အကုန်အားနည်းနေသူမို့ ခုလိုကျန်းမာရေးအတွက် ပိုစ့်ရေးရမယ်ဆိုတော့ အတော်စဉ်းစားရတယ်။အင်းလေ မဒမ်းကိုး ဘလော့ကလည်း ကျန်းမာရေးအသိပညာရေးနဲ့ ပါတ်သက်တာတွေ ပုံနဲ့တစ်ကွရေးသားထားပြီမို့ ကျမ ထပ်မံမရေးလိုတော့ပါဘူး။ဘလော့ဂါ  မောင်နှမတွေကလည်း ထို့နည်းတူ အစား အသောက်နဲ့ ပါတ်သက်ပြီး ရေးကြမယ် ပညာပေးကြမယ်လို့ ကျမယုံကြည် ပါတယ်။ထို့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပါတ်သက်လာရင် အစားအသောက်တွေကအစ ဆင်ခြင်ဖို့ ပညာပေးပိုစ့်လေးနဲ့အတူ ကင်ဆာဆို တဲ့ရောဂါဆိုးလေး အတွက် ဘယ်လိုသတိနဲ့ ကာကွယ်ကြမလဲဆိုတာ ကျမ ထပ်မံဖြည့်စွက် ရေးချင် ပါတယ်။

မြန်မာလူမျိုးတွေကလည်း သူတို့ရိုးရာစာလေး ကိုယ့်လူမျိုးအစားလေးကို စွဲမြဲစွာစားတတ်တာ သဘာဝ ကျပါတယ်။ငပိမှာကင်ဆာကိုဖြစ်စေတဲ့ ယူးရီးယားဓါတ်မြေသြဇာတွေ သုံးတယ်ဆိုလည်း ကျမတို့ လူမျိုးတွေက မွေးကတည်းက ငပိစားပြီးကြီးပြင်းလာသူတွေက အများကြီးပါ။နောက်ပြီး တိုင်းရင်းသူ/သား တော်တော်များများက ထမင်းပွဲတိုင်းမှာ ငပိရည်က အဓိက ဟင်းလိုဖြစ်နေ တာပါ။နောက်ပြီး မြန်မာပြည်ရဲ့ စီးပွားရေးအခြေနေကြောင့် နယ်တွေဘက်မှာဆို သာမာန် အောက်ခြေ တစ်နေ့လုပ်တစ်နေ့စား သမားတွေအတွက်က ငပိရည်ဟင်းက တကယ့်ဟင်းကောင်းပါဘဲ။ဒီလို အကြောင်းအမျိုးမျိုးနဲ့ စားသုံးလာကြတာ အဖိုးအဖွားတွေကအစ မိဘတွေလက်ထက်ထိ။ မိဘတွေလက်ထက်ပြီးနောက်မှာတော့ ကျမတို့သားသမီးတွေကလည်း ဒီလိုဘဲစားသုံးလာကြပြန်တယ်။ အဲဒီချိန်ထိ ငပိမှာပါတဲ့ ဆိုးကျိုးကို မသိခဲ့တာလား ဒါမှမဟုတ် အရင်စားသုံးခဲ့တဲ့ ငပိတွေက တကယ်ဘဲ ကျန်းမာရေးကို ထိခိုက်စေတဲ့ ယူးရီးယားဓါတ်မြေသြဇာတွေ မပါခဲ့တာလား။

နောက်တစ်ခုက လ္ဘက်....ရွာအလှူတွေမှာဆို အလှူတိုင်း ပွဲတိုင်း မပါမဖြစ် ဧည့်ခံကြတဲ့ ရိုးရာစာ လ္ဘက်။ရှေးလူကြီးတွေကအစ ထမင်းစားပြီးတိုင်း .... ညနေစကားဝိုင်းတွေမှာလည်း လ္ဘက်မပါ မဖြစ်ပေါ့။ ခုချိန်မှာတော့ လ္ဘက်တွေကအစ  မလိုအပ်တာတွေပိုသုံးထားတဲ့ ဆိုးဆေးတွေကြောင့် ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ကျမတို့လူမျိုးတွေကလည်း ကိုယ့်ရိုးရာ အစာလေးတွေကို တပ်မက်စွဲလန်း နှစ်ခြိုက်စွာ စားသုံးကြတော့ ခုချိန်မှာစားမယ်ဆိုရင်တောင် သတိထား ဆင်ခြင်သင့်ပါတယ်။ဒီအစာတွေမှာ ဒါတွေပါတယ် ဒါတွေက ဒီလိုရောဂါကိုဖြစ်စေတယ်လို့ ကျန်းမာရေး ပညာပေးဟောပြော ကြရင်တောင် ကျမတို့ မြန်မာလူမျိုးကလည်း ငယ်စဉ်ကတည်းက ဘိုးဘွားတွေကအစ စားသုံးလာခဲ့ကြတဲ့ အစားအစာကိုမှ စွန့်လွတ်ဖို့ အတော်ခဲယဉ်ပေမည်။

ယခုကျမရောက်သော နိုင်ငံတွင်လည်း နွေရာသီ ပွင့်လင်းချိန်တိုင်း သူတို့နိုင်ငံသားများဟာ အသားများစုပြီး ကင်းစားကြတယ်။အဲလိုအသားကင်စားကြတာ အများစုက အသားကို တူးနေအောင် အမဲရောင်ထွက်အောင်ကင်ပြီးမှ အဲဒီမဲနေတာလေးတွေကို အရသာပိုရှိတယ် ဆိုပြီး စားကြတယ်။အဲဒီ မဲပြီးမီးကျွမ်းနေတာတွေကလည်း ကင်ဆာကိုဖြစ်စေတယ်လို့ သိရပါတယ်။ဒါကြောင့် အသားကင်စားတာ ကြိုက်တဲ့သူများ အထူးသတိထားဆင်ခြင်စေချင် ပါတယ်။အဲလို အစာများကို တတ်နိုင်သမျှရှောင်ရှား  စေချင်ပါတယ်။

ထို့အပြင် အသီးအရွက်တွေမှာလည်း အပင်ရှင်သန်မြန်အောင် ဆေးတွေဖြန်းပြီး လိုအပ်တာထက်ပိုပြီး အသုံးပြုထားတာမို့ အသီးအရွက်တွေကို စားမယ်ဆိုရင် အသီး အရွက်တွေကို မစားမှီရေနှင့်ဆားကို ဇလုံထဲထည့်ပြီး (၁၅) မိနစ်လောက် စိမ်ထားစေ ချင်ပါတယ်။အဲလိုလေးလုပ်ပြီးမှ ချက်စားစေချင်ပါတယ်။

ကျမကတော့ ကင်ဆာမဖြစ်ခင် ဘယ်လိုကာကွယ်သင့်တယ်ဆိုတာလေး အသိပေးချင်ပါတယ်။ တစ်ချို့က ကင်ဆာဆိုတာ မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုပင်ဖြစ်စေ ကြိုတင်ကာကွယ်မှု့ကတော့ ပိုကောင်းတာပေါ့။မြန်မာပြည်မှာ နေခဲ့ပေမဲ့ ခုလိုလုပ်ပေးလားတော့ သေချာမသိ။အခု ကျမရောက်နေတဲ့ နိုင်ငံမှာဆို အမျိုးသမီးတိုင်း ကင်ဆာရောဂါရှိမရှိစစ်ဆေးရတယ်။ဆေးရုံကစာပို့ပေးတယ်။ကိုယ့်ဆီကခွင့်ပြုချက်တောင်းတယ်။ ကိုယ့်ဆန္ဒရှိရင် သူတို့အခမဲ့ စစ်ပေးတယ်။အဲတာ( ၃) နှစ်တစ်ကြိမ်အကုန် စစ်ရပါတယ်။ စစ်ဆေးဖို့ဆေးရုံက စာပို့ပေးပါတယ်။အလကားစစ်ပေးတာပါ။

အစားအသောက်တွေလည်း ဆင်ခြင်သတိထားဖို့သင့်သလို ကိုယ်တိုင်လည်း ကျန်းမာရေးကို ကြိုတင်ကာကွယ်သင့်ပါတယ်။ကိုယ့်ဆီမှာ မျိုးရိုးမရှိဘူးဆိုပြီး သတိလက်လွတ် မနေသင့်ပါဘူး။ စစ်ဆေးဖို့အခွင့်ရှိတယ်ဆို ကြိုတင်စစ်ဆေးပါ။နေရာဒေသ အခြေနေပေါ်မူတည်းပြီး အကောင်းဆုံး လုပ်ဆောင်သင့်တာ လုပ်ဆောင်ပါ။

ကျမ ကိုယ်တိုင်ကလည်း ကင်ဆာမျိုးရိုးပါဘဲ။ အဒေါ်တစ်ယောက်က ရင်သား ကင်ဆာနောက် တစ်ယောက်က သားအိမ် ကင်ဆာ နောက်ညီမဝမ်းကွဲ (၉)တန်းကျောင်းသူလေးက သွေး ကင်ဆာ။ခုတော့ညီမလေးတော့ ဆုံးသွားတာ ကြာပါပြီ။သားအိမ်ကင်ဆာ အဒေါ်လည်း ဆုံးသွားတာကြာပါပြီ။ ရင်သားကင်ဆာအဒေါ်ကတော့ သူခွဲတုန်းက ကျမကိုယ်တိုင် ဘဲဆေးရုံမှာစောင့်ပြီးပြုစုပေး ခဲ့တာပါ။ခုဆို(၁၅)နှစ်လောက် ကြာခဲ့ပါပြီ။ အဒေါ်ကတော့ ယနေ့ထိကျန်းမာနေဆဲပါဘဲ။ ဒါပေမဲ့တစ်နေ့တော့ သေခြင်းတရား ဆိုတာ လူတိုင်းကြုံရမှာမို့ ကြိုတွေးပြီးစိတ်မပူပါဘူး။ အခွင့်ရေးပေးလာတာမို့  ကင်ဆာ စစ်ဆေး ဖို့ဆေးရုံကစာလာရင် သွားစစ်လိုက်တယ်။ကိုယ်ကမိန်းမကလေးမို့ မိန်းကလေးအတွက် အနီးစပ်ဆုံးနဲ့ ကိုယ်တိုင် စမ်းသပ် သတိထားလို့ရတာတွေကို ကိုယ်တိုင်အမြဲသတိထား ဆင်ခြင်တယ်။ကျမလိုဘဲ စာဖတ်သူ ညီအစ်မများလည်း မိမိကိုယ်ကို အမြဲသတိထား ဆင်ခြင်ကြစေလိုပါဘဲ။

ခုကျမနဲ့အရင်းနှီးဆုံး....အမတစ်ယောက် ရင်သားကင်ဆာဖြစ်နေတယ်။ 4-9-2013 ရက်နေ့မှာ ပထမအကြိမ် အကြိတ်ကိုခွဲပြီထုတ်တယ် စစ်ဆေးတယ်။နောက်ပြီး 30-9-2013ရက်နေ့ညမှာ နောက်တစ်ကြိမ်ထပ်ခွဲတယ်။ခုတစ်ကြိမ်မှာတော့ ဆရာဝန်က လိုအပ်လို့ ရင်သားကိုဖြတ်ထုတ်ပစ်လိုက်ပါတယ်။ သူရင်သားမှာ အကြိတ်စရှိစဉ်ကတည်းက သူကျမကိုပြောပြခဲ့တယ်။ ကျမဘက်ကလည်း သတိပေးခဲ့တယ်။ဆေးခန်းသွားပြပါ။အကြိတ်က နာကျင်ရင် မစိုးရိမ်ရပေမဲ့ မနာကျင်ဘူးဆို စိုးရိမ်ရတယ်လို့ ကျမ ခဏခဏသတိပေးခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအမကလည်း သူ့စီးပွားရေး တစ်ဖက်နဲ့ ရင်သားအကြိတ်ကို ဂရုမစိုက်ခဲ့ပါဘူး။ဒီလိုနဲ့ နေလာလိုက်တာ အချိန်တွေကုန်ရင်း (၂)နှစ်ကျော်ကြာခဲ့ပါတယ်။ လွန်သွားတဲ့ လအနည်းငယ်က အကြောင်းတိုက်ဆိုင်စွာ ဆရာဝန်ထံရောက်သွားတုန်း ဒီရင်သားအကြိတ်လေးအကြောင်း ပြလိုက်မိရာကစ...... 

ဆေးရုံးက ဒီအကြိတ်ကိုစစ်ဆေးဖို့  ခွဲထုတ်ဖို့ထိကို အမြန်ဆုံးစီစဉ်ပေးလာပါတယ်။အဲဒီအမကို ကြည့်ရင်တော့ ကျမတို့လိုဘဲ ကျန်းကျန်းမာမာပါဘဲ။ ဒါပေမဲ့ သူ့ရင်သားထဲက အကြိတ်တွေက ပြေးနေပြီး ဂျိုင်းနားထိကို ကူးလာ ပွားလာခဲ့တယ်။ စစ်ဆေးတဲ့ဆရာဝန်တွေကလည်း မြန်မာပြည်က ငွေ.... ဆရာဝန်တွေလိုမဟုတ်တော့ လူနာရှင်ကို စိတ်ဓါတ် မကျအောင် သေချာရှင်းပြတယ်။ဘယ်လိုလုပ်မယ် ဆိုတာကအစ အဆင့်ဆင့် အသေးစိတ် ရှင်းပြပေးတယ်။ သူတို့ပထမအဆင့်အနေနဲ့ လေဆာနဲ့ အကြိတ်ကိုအရင် ထုတ်တယ်။ ပြီးတော့ သေချာအောင်အကြိတ်ကို စစ်ဆေးတယ်။ သေချာပြီဆိုတော့ နောက်တစ် ကြိမ်ခွဲထုတ်တယ်။အကြိတ်တွေကို ထပ်ထုတ်ပစ်တယ်။ခုတော့ ရင်သားကိုပါ ဖြတ်ထားလိုက် ရပါတယ်။
 
ခုတော့ အပ်နဲ့ထွင်းရမဲ့ဟာ ပုဆိန်နဲ့ထွင်းရတယ်ဆိုသလို ဖြစ်သွားတယ်။ဒါပေမဲ့ အဲဒီအမကတော့ ကျန်းမာပါတယ်။ဒီနိုင်ငံမှာလည်း သေချာဂရုစိုက်ပေးတယ်။သူနာပြုတွေကလည်း သေချာရှင်းပြသလို  သေချာ ဂရုစိုက်ပေးပါတယ်။အရင်က မြန်မာပြည်က သူနာပြုတွေကဘဲ နွေးထွေးတယ် ထင်တာ။ဒီမှာလည်း သူနာပြုလေးတွေက တာဝန်အရအလုပ်လုပ်ရပေမဲ့ မေတ္တာစေတနာ ပါသလိုနွေးထွေးပါတယ်။ ပြီးတော့ လူနာရှင် သိသင့်သိထိုက်တာ အကုန်မချန်ထားဘဲ ရှင်းပြတော့ လူနာရှင်က ပိုစိတ်ချမ်းသာရတာပေါ့။ 

ပြီးတော့ ဒီလိုနိုင်ငံမှာဒီလိုရောဂါကို အခမဲ့ ကုပေးပါတယ်။အလုပ်လုပ်နေသူ ဆိုရင်လည်း ခုလိုရောဂါဖြစ်နေချိန်မှာ အလုပ်နားခွင့်ရပြီး လစာအပြည့်ရတာမို့ အဆိုးထဲကအကောင်းလို့ဘဲ လက်ခံရပါမယ်။တကယ်လို့ မြန်မာပြည်မှာဆို ဒီလိုရောဂါဆိုးဖြစ်ပြီဆို ငွေရှိမှ အသက်ဆက်ရှင်လို့ ရသလို ဆေးကုသဖို့ကလည်း ငွေရှိမှဖြစ်မှာပါ။ဆေးရုံတက်ရင်တောင် ဆရာဝန်တွေ သူနာပြုတွေက ငွေ ရှိမှပြေလည်အောင် ဆက်ဆံကြတယ်လို့ ဘလော့တွေမှာလည်း ဖတ်ရသလို မြန်မာပြည်က မိတ်ဆွေတစ်ချို့ဆီကလည်း သိရပါတယ်။ မြန်မာပြည် မှာတော့ ကျမသေချာမသိပါဘူး။

ကျမ ကင်ဆာနဲ့ပါတ်သက်ပြီး ဘာမှမသိပေမဲ့ ခုလိုလေးတော့ သတိပေးချင်ပါတယ်။အခွင့်အရေး ရှိရင်တော့ မိမိကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးပါ။အစားအသောက် ဆင်ခြင်စားသောက် ယုံနဲ့ မလုံလောက်တာမို့ ကျန်းမာရေး ပညာပေးစာပေများ စာအုပ်များကိုပါ ဖတ်စေချင်သလို လေ့လာစေချင်ပါတယ်။ထို့အပြင် တတ်သိသူများပြောပြတာကိုလည်း နားထောင် ဆင်ခြင်စေချင်ပါတယ်။ကျန်းမာရေးအတွက် လိုအပ်မယ်ဆိုရင်  တတ်နိုင်တယ်ဆို ကြိုတင် စစ်ဆေးမှု့များ ပြုလုပ်ပေးစေချင်ပါတယ်။

လူတိုင်းကတော့ အကောင်းဆုံးတွေကိုဘဲ လိုချင်ကြသလို ပိုင်ဆိုင်ချင်ကြပါတယ်။ ဘယ်သူမှရောဂါဆိုးဆိုတဲ့ ကင်ဆာရောဂါတို့ ဆင်းရဲခြင်းရောဂါတို့ကို မလိုချင်ကြပါဘူး။ ဒါပေမဲ့ လောကမှာဖြစ်လာတဲ့ အရာရာတိုင်းအပေါ် ကျေနပ်စွာလက်ခံရကြမှာမို့ စာဖတ်ပရိတ်သတ် များအားလုံး ဘေးရန်ကင်းဝေးပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

ကျန်းမာရေး အသိပညာနဲ့ ပါတ်သက်ပြီးကျမ ပိုစ့်တစ်ခါမှ မရေးဖူးတာမို့ ဒီပိုစ့်လေးရေလိုက်တာ (၃)ပတ်လောက်ကြာသွားပါတယ်ရှင်။အမှားများနဲ့လိုအပ်ချက်များစွာအတွက်နားလည် ပေးကြပါလို့ နိဂုံးချုပ် အပိတ်လေးမှာ ထပ်မံတောင်းပန်လိုက်ပါတယ်။
 
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
4-10-2013




1 comment:

စံပယ်ချို said...

အသားကင်လဲ ကြိုက်တယ် လက်ဖက်လဲကြိုက်တယ် ဘယ့်နဲ့လုပ်ရပါ့ကွယ်