Sunday 8 September 2013

မဂျက် Tag သော ဘလော့ဒေးပိုစ့်

အားလုံးဘဲမင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဘလော့ပေါ် မရောက်ဖြစ်တာကြာခဲ့ပါပြီ။ဘလော့လေးတွေကို မရောက်ဖြစ်ပေမဲ့ ဘလော့ဂါ မောင်နှမအားလုံးကို ရင်ထဲက အမြဲသတိရနေမိတာ အမှန်ပါ။ (၁)ကျန်းမာရေးက မမှန်တာရယ် (၂) ကွန်ပျူတာက ပျက်တာရယ် (၃)လူမှု့ရေးစိတ်ရှုပ်စရာများရယ် အားလုံးအသုပ်စုံလိုဖြစ်နေတော့ ဘလော့ထဲမဝင်ဖြစ်ခဲ့တာပါ။ ဘလော့ဒေးလေးကတော့ ပြီးသွားတာကြာခဲ့ပြီလို့ ထင်ပါတယ်။ဒါပေမဲ့ မဂျက်(စံပယ်ချို)မှ ခင်မင်စွာ Tag လာသောကြောင့် မဂျက်အား ခင်မင်မှု့နှင့် လေးစားမှု့ ပေါင်းစုကာ  ဘလော့ဒေးလေးအကြောင်း ရေးဖို့ ဖြစ် လာခဲ့တာပါ။

လူတိုင်းက မွေးတဲ့ရက်လေးကို သိကြရပေမဲ့ သေမဲ့ရက်လေးကို ဘယ်သူမှ မသိကြပါ။  ဒီတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့လေးရောက်ပြီဆို မွေးနေ့နေ့သစ်လေးကို ကြိုဆိုရင်း ပျော်ရွှင်ကြတယ်။ မိတ်ဆွေတွေနဲ့ ဆုံကြ မွေးနေ့သီချင်းဆိုကြ မုန့်တွေစားကြ ပျော်ကြရွှင်ကြသလို ကျမတို့ရဲ့ ဘလော့မွေးနေ့ လေးမှာလဲ  ဘလော့ဂါမောင်နှမတွေက တက်ညီလက်ညီ အမှတ်တရ စာတွေရေးကြ တစ်ယောက်မှတစ်ယောက်ကို အသိပေး Tag ကြ။သူရေးတဲ့ ဘလော့ဒေး စာလေးတွေကိုယ်ကဖတ် ကိုယ်ရေးတဲ့ ဘလော့ဒေးစာလေးတွေသူကဖတ် အတွေးလေးတွေ  မျှဝေ ဖလှယ်ရင်း ပျော်စရာ ပီတိလေးတွေ ရင်မှာပွေ့ပိုက်ရင်းပေါ့။

ဘလော့ဂါတိုင်းက ဘလော့လုပ်ရခြင်းအကြောင်း ကိုယ်စီရှိကြပါတယ်။ဘာကြောင့် ဘလော့စရေးဖြစ်တယ် ဆိုတာပေါ့။ကျမရဲ့ အလွမ်းမြို့လေး ဘလော့ကတော့ ကလေးဘလော့လေးပါ။လူစင်မမှီတဲ့ ဘလော့လေးပါ။ တကယ့်တော့ ကျမ ဘလော့စလုပ်ဖြစ်တာက စာရေးဝါသနာပါလို့လည်းမဟုတ် စာရေးတတ်လို့လည်း မဟုတ် တကယ်တော့ ဘလော့ဆိုတာထက် ကျမအလွမ်းမြို့လေးဆိုတဲ့ စာရေးတဲ့နေရာလေးက ကျမရဲ့ စိတ်ထွက်ပေါက်ပေးရာ နေရာတစ်ခု ကျမရဲ့....အလွမ်းတွေ - ပျော်ရွှင်မှု့တွေ - မကျေနပ်မှု့တွေ- ဗဟုသုတတွေ ကိုအန်ချပြီး ပြန်ဖတ်ဖို့ ကျမတစ်ဦးတည်းအတွက် စီစဉ်ခဲ့တာပါဘဲ။ ဒါပေမဲ့ ဘလော့လေးရယ်လို့ ခေါင်းစဉ်အောက်ထဲ ရောက်ရှိချိန်မှာတော့ ဘလော့ဂါ အကို..အမနဲ့ မောင် ..ညီမ..တွေက နွေးထွေးစွာကြိုဆို ဆက်ကမ်း အားပေးလာလို့ ကျမဘလော့လေးက အလွမ်းမြို့လေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆက်လက်ရှင်သန်ရပ်တည်နေ နိုင်ခဲ့တာပါ။

အနုပညာသမားတွေ ပြောသလိုပြောရမယ်ဆိုရင်. .... ခုကျမ အလွမ်းမြို့လေး ဘလော့ ရှင်သန် ရပ်တည်နေတာကလည်း ကျမကိုခင်မင်တဲ့ ဘလော့ဂါ မောင်နှမတွေရယ် လာရောက် အားပေးသော စာဖတ်သူတွေကြောင့်ပါဘဲ။ကျမရဲ့ ဘလော့လေးကို ကျမရဲ့ပြုခဲ့သော အဆိုးအကောင်းတွေကို ရေးမှတ် ထားဖို့ဘဲ ရည်းရွယ်ခဲ့တာပါ။အဲလိုရေးမှတ်ထားတော့ ကိုယ်အားလပ် ချိန်တိုင်း ကိုယ်အဆိုး အကောင်းတွေကို ပြန်ဖတ်မိတော့  အကောင်းတွေပြန်ဖတ်မိရင် ဝမ်းသာပြီတိဖြစ် ရသလို အဆိုးတွေပြန်ဖတ်မိတော့ ဆင်ခြင်အသိဥာဏ် တိုးခဲ့ရပါတယ်။ ဒါကြောင့် ကျမရဲ့ လူစင်မမှီ အဖက်ဖက်က မပြည့်စုံတဲ့ ဘလော့လေးကို ယနေ့တိုင် လာရောက်အားပေးသော စာဖတ်သူ ညီအစ်ကို မောင်နှမများနှင့် ဘလော့ဂါမိတ်ဆွေများအားလုံးကို  ဒီနေရာလေးကနေ ကျမ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

သေချာပြောရမယ်ဆို ကျမ ဘလော့လေး စလုပ်တုန်းက ရက်စွဲလေးကို ကျမ သေချာ မမှတ်ထားလိုက်မိဘူး။ အစပထမ ကျမရဲ့ဘလော့ ခေါင်းစဉ်လေးကို  (အိမ်လွမ်းသူ)လို့ပေးထားတာပါ။ကျမ ဘလော့စလုပ်တုန်းက ဘာမှမသိ စမ်းတစ်ဝါးဝါးနဲ့ လုပ်နေရတာမို့  ကျမစိတ်ကြိုက် (အိမ်လွမ်းသူ)ဆိုတဲ့ နာမည်လေး ရွေးပြီးပေးခဲ့ ပါတယ်။ဒီလိုနဲ့ နားမလည်သူပီပီ သူများတွေက စာစရေးမယ်ဆို  (မာတီ)က ပိုကောင်းတယ် ဘာညာပြောလာတော့ (မာတီထဲ)ရောက်သွားပြန်တယ်။ဒါပေမဲ့ ကျမ (မာတီ)ကို မသုံးတတ်ခဲ့ဘူး။ မာတီရောက်တော့ (အိမ်လွမ်းသူ)ဆိုတဲ့ နာမည်နဲ့ ဘလော့ကို ကျမမြင်တော့ ကျမက ခုမှစပြီး ဘလော့ရေးသူ တကယ်လို့ အရင်ဒီနာမည်နဲ့ဖွင့်ထားသူက သူ့နာမည်တူလို့ ပြောင်းပေးပါ ဘာညာပြောလာရင် ကျမ အခက်တွေ့ပေးဦးမယ်။ ဘလော့ စည်းကမ်းတွေကိုလည်း ကျမ မသိခဲ့တာမို့ ကျမဘာသာ ဘယ်သူမှ မပြောခင်မှာဘဲ  ...အလွမ်းမြို့လေး....ဆိုတဲ့ ခေါင်းစဉ်လေးပြန်ပြောင်း ပေးခဲ့ ပါတယ်။ ရက်စွဲ မသေချာပေမဲ့ ကျမထင်တာ နိုဝင်ဘာလ ၂၀၁၀ လောက်ကတည်းက ဒီဘလော့လေး အသက်ရှင်ဝင် နေခဲ့ပါပြီ။

(အိမ်လွမ်းသူ)နဲ့ (အလွမ်းမြို့လေး)ရဲ့ အဓိပ္ပါယ်က အတူတူပါဘဲ။အဓိက အမိမြေကိုလွမ်းတာရယ် မိသားစုကို လွမ်းတာလေးကို ရေးချင်တာမို့ ခေါင်းစဉ်ကွဲလွဲသွားပေမဲ့ ကျမရေးချင်တဲ့ စာတွေကတော့ အတူတူဘဲ ဖြစ်ခဲ့ရပါတယ်။ဘလော့စရေးတုန်းက ကျမ တကယ့်မျောက် အုန်းသီးရသလိုပါဘဲ။ မသိတာကို စသင်တာမို့လားမသိ ညမအိပ်နိုင်  အချိန်မှန်မစားနိုင်ဘဲ ဘလော့နဲ့သာ နပန်းလုံး အချိန်ကုန်ခဲ့ရတာလေးက အမှတ်တရပါဘဲ။ နောက်ဆုံးဘယ်လောက်ထိ ဆိုးလဲတော့ သူငယ်ချင်းတွေကတောင် ကွန်ပျူတာကို ဒီလောက်ကလိတာ သုံးတာ ပျက်မှာပေါ့ဆိုပြီး.....ကျမကို နာမည်ပြောင် ...... မစ်ကွန်ပျူငို ....လို့ပေးခဲ့ ပါသေးတယ်။

ကျမစာသိပ်ရေးချင်တယ် ဒါပေမဲ့ စာမရေးတတ်ခဲ့ဘူး။ ကျမရေးချင်တာလောက်ဘဲ ရေးလိုက်တာဘဲ။ စာတစ်ပုဒ်ရဲ့ အရည်အချင်းနဲ့ မပြည့်မှီတာသိပေမဲ့ ကျမကိုယ်ပိုင် ခံစားမှု့ လက်ရှိမြင်တွေ့နေရတဲ့ ဘဝတွေ အခက်ခဲတွေ သင်ခန်းစာတွေမို့ ကျမစာဟာ စာကောင်းတစ်ပုဒ် မဟုတ်ခဲ့သလို အရည်ချင်းမပြည့်ဝပေမဲ့ ကျမ ကျေနပ်ခဲ့ရပါတယ်။ထို့နည်းတူ ကဗျာရေးကောင်းတဲ့ ဘလော့ဂါ  မောင်ငယ်တွေ ညီမငယ်တွေ အကိုတွေ အမတွေကိုလည်း လေးစားအားကျမိသလို  ရသစာပေများရေးကောင်းသော မောင်ငယ် ..ညီမငယ်တွေနဲ့ အကို အမ များကိုလည်း လေးစားအားကျမိပါတယ်။ နည်းပညာ ဘလော့ဂါများကိုလည်း လေးစားအားကျမိသလို ကျေးဇူးတင်မိပါတယ်။ ဘလော့နဲ့ပါတ်သက်သော ဘလော့ဂါစာရေးသူ စာရေးဆရာ ဆရာမများ နှင့် မောင်ငယ် ညီမငယ်များ  အကို အမများကို  အဖက်ဖက်မှ မပြည့်စုံသော ကလေးဘလော့ဂါ (အလွမ်းမြို့လေးမှ) လေးစားတန်ဖိုးထားပါကြောင်း  ဘလော့ဒေးနေ့လေးမှာ အမှတ်တရ စကားပြောကြားရင်း  ဘလော့ဒေးနေ့လေးမှာ ဘလော့ဂါများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။

ဒီအောက်က ကဗျာလေးကတော့ ဘလော့ဒေးနဲ့ မပါတ်သက်ပါဘူး။ဒါပေမဲ့ ကျမ ဖတ်ဖူးတဲ့ ကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာအုပ်ထဲမှ ကဗျာလေးကို လာရောက်အားပေးသူ မောင်နှမများအားလုံးကို လက်ဆောင်ထပ်ဆင့်ပေးလိုက်ပါတယ်။

Extremes are dangerous.
အစွန်းရောက်ခြင်းသည်  အန္တရယ်

ဘာမဆို အစွန်းရောက်တာ မကောင်းဘူး။
အစွန်းရောက်ရင် ပြုတ်ကျတတ်တယ်တဲ့။

ဘာသာရေးအစွန်းရောက်တာလည်း မကောင်းဘူး။စီးပွားရှာတဲ့နေရာမှာ အစွန်းရောက်တာလည်း မကောင်းဘူး။စကားပြောတဲ့နေရာမှာ အစွန်းရောက်တာလည်း မကောင်းဘူး။ဘာမဆို အစွန်းမရောက်အောင် ထိန်းသိမ်းရမယ်တဲ့။

ကိုယ်လုပ်ကိုင်ပြောဆိုနေတာ အစွန်းရောက်မှန်း ဘယ်လိုသိနိုင်မလဲဆိုရင်တော့........
ကိုယ်နဲ့ဆက်ဆံ ပါတ်သက်သူတွေက ကိုယ့်ကိုယ်အထင်သေး
ငြိုငြင် ...အပြစ်တင်....အပြစ်မြင်လာတဲ့အခါ..
ကိုယ့်ကိုယ်မြင်ရင်    မတွေ့ချင်တော့ဘဲ ရှောင်ပြေးတဲ့အခါ
ကိုယ်ဟာ တစ်နေရာရာမှာ မှားနေပြီ....
အစွန်းရောက်နေပြီဆိုတာ သိနိုင်ပါတယ်တဲ့...

ကဲ....ကျမတို့အားလုံးလည်း  မိတ်ဆွေကောင်းတွေ လိုချင်တယ် တန်ဖိုးထားတယ်ဆိုရင် 
အဲဒီအခြေနေမျိုးမရောက်ရလေအောင် ဘယ်အရာကိုမဆို အစွန်းမရောက်ဖို့
သတိထား ဆင်ခြင်ကြပါစို့....


စာဖတ်သူများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး
8-9-2013

ပိုစ့်ရေးရန်  Tag...........ပေးသော  မဂျက် (စံပယ်ချို)ကို အထူးကျေးဇူးတင်ပါတယ်။

4 comments:

စံပယ်ချို said...

ဦးဦးဖျားဖျား စောစောစီးစီးလာရောက်ဖတ်နေတယ်အလွမ်းရေ......ဒီလောက်ရေးတတ်နေတာရှင်....စာတွေအများကြီးရးပါ အားတဲ့အချိန်တိုင်းလာဖတ်မှာပါ
ကြိုက်တဲ့စာသားလေးလဲတွေ့ခဲ့ရတယ်
Extremes are dangerous.
အစွန်းရောက်ခြင်းသည် အန္တရယ်
ဘာမဆို အစွန်းရောက်တာ မကောင်းဘူး။
အစွန်းရောက်ရင် ပြုတ်ကျတတ်တယ်တဲ့။------

မှတ်သားထားရမယ် အဲဒီစာသားလေးကိုလေ...
ရေးပေးလို့အမဂျက်ကလဲ တကယ်ပီတိဖြစ်ခဲ့ရတယ်အလွမ်းရေ..

ထရီဆာ (Teresa) said...

အိုး..ဒီလောက် ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တဲ့ ဘလော့ကို ကလေးဘလော့လို့ သတ်မှတ်လို့ ဘယ်ဖြစ်မလဲ မကြီးလွမ်းရဲ့ .. ရည်ရွယ်ချက်ကောင်းလေးရှိခဲ့လို့ ရပ်တည်မှုကောင်းနေ တာပဲ ဟုတ်ဘူးလား?????

ဖိုက်တင်းးးးးးးးး...

ရာဇာထွေး said...

မကြီးရေ..ဘလော့ဒေးပို့စ်လေးလာဖတ်သွားပါတယ်ခင်ဗျာ..
အမဖြူလာပြီတဂ်ထားတာ ကျွန်တော်လည်းမသိဘူးအမရေ..
တော်တော်တော့နောက်ကျနေပြီမကြီးရေ..မကြီးလည်းမရေးရသေး
ဘူးဆိုပြီးအမဖြူပို့စ်မှာတွေ့လို့ သူခိုးသေဖော်ညှိလို့ရမလားဆိုပြီး မကြီး
ဘလော့ကိုလာချောင်းကြည့်သေးတယ်..မကြီးကလည်းရေးပြီးသွားပြီ
ဆိုတော့ ကျွန်တော်လည်းတက်သုတ်ရိုက်ရေးလိုက်ရတယ် မကြီးရေ..
တဂ်ပို့စ်တစ်ခါမှမရေးဘူးသလို၊ ရေးရမယ့်ဘလော့ဒေး ဆိုတာလည်းဘာ
မှန်းမသိလို့ မကြီးတို့ အမဖြူတို့ရဲ့ တဂ်ပို့စ်လေးတွေဖတ်ပြီးအဆင်ပြေ
အောင်တော့ရေးလိုက်ပြီမကြီးရေ.. အခုမှမကြီးပို့စ်ကိုလာပြန်ဖတ်ပြီး
ကွန်မန့်လာပြန်ပေးတာပါမကြီး ရေ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

ရင်လှိုင်း said...

အစွန်းရောက်ရင် တစ်ကယ်ပဲ ပြုတ်ကျတတ်တယ်ပေါ့နော်။ အစွန်းမရောက်ဖို့ ကြိုးစားရမယ်။