Friday 27 August 2010

အမှတ်တရ ၁

                   ကျွန်တော်ဘလော့လေး "စ"တင်မရေးခင်တုန်းကပေါ့ ကျွန်တော့်အတွက်အကျိုးရှိမဲ့ ပညာရမဲ့ဆိုက်တွေ တော်တော်များများ လိုက်လံ ဖတ်ရှူခဲ့တယ်။  အဲဒီတုန်းကတော့ ဘာဆိုဘာမှ မသိခဲ့သလို စာရေး သူတွေရဲ့  စေတနာတွေကိုလည်း အဲလောက်ထိလေးနက်စွာ နားမလည်ခဲ့ပါဘူး။ သို့သော် ကျွန်တော်အခု ကျွန်တော့်ရဲ့ ကိုယ်ပိုင် မှတ်တမ်းလေး သဘောနဲ့ ဒီအလွမ်းမြို့လေးဆိုတဲ့ ဘလော့လေးကို ကျွန်တော့်ရဲ့ အပန်းဖြေရာ နှင့် အလွမ်းဖြေရာ ဥယျာဉ်လေးတစ်ခု သဖွယ် ကျွန်တော် စတင်ပျိုးထောင် မိလိုက်တယ်။ တကယ်တော့  ကျွန်တော်ဟာ ဘလော့အကြောင်းကို နားလည်လို့ စာရေးတတ်လို့ နာမည်ကြီးချင်လို့ တိုက်ခိုက်ချင်လို့ (ချင်လို့) ဆိုတဲ့ထဲကတစ်ခုနဲ့မှ မကိုက်ညီပါဘူး။ အဝေးရောက်နေတာ ကြောင့်မိသားစုနဲ့ အတူ အိမ်လွမ်းစိတ်တွေဖြေဘို့ ကျွန်တော် ဒီဘလော့လေးကို ဘာဆိုဘာမှ မတတ်ဘဲ အမှောင်ထဲစမ်းပြီး လမ်းလျှောက်သူ တယောက်ပမာ စတင်ခဲ့တယ်။ 

              အရင်တုန်းကတော့ ဘလော့တွေဝင်လိုက်တိုင်း သူများ ရေးထားတဲ့ စာတွေကိုကြိုက်ရင် ကျွန်တော် ဖတ်လိုက်တယ်။ စာအရှည်ကြီးတွေ မြင်ပြန်တော့လည်း ကျွန်တော်ဖတ်ဖို့ ပျင်းသွား ခဲ့တယ်။ အဲဒီတုန်းကတော့ စာရေးတာဘယ်လောက် အချိန်ပေးရ ဦးနှောက်ရှုပ်   ရလဲဆိုတာကိုကျွန်တော် မသိခဲ့ပါဘူး။ ခုတော့  ကျွန်တော်ကောင်း ကောင်းကြီး သိနေပါပြီ။ မထင်မှတ်ဘဲ ကျွန်တော့် ဘလော့လေးမှာ မလိုအပ်တာတွေကို ကျွန်တော် နားမလည်ဘဲ တင်ထားမိလို့ ဘလော့လေးဖွင့်တိုင်း အခက်အခဲ ဖြစ်လာပါတယ်။ ကျွန်တော်ကြိုးစားပြီး ဟုတ်မယ်ထင်တဲ့ နည်းတွေနဲ့ဖျက်ပြီး ပြင်ပါတယ်။ သို့ပေမဲ့ ပြင်မရခဲ့ပါဘူး။ အင်းလေ ကျွန်တော် ကိုယ်တိုင်က ဘာဆို ဘာမှမတတ်တာကိုး။ ကျွန်တော် ဝန်ခံပါတယ်။ ဘာဆိုဘာမှ မတတ်တဲ့ အညတရ   တယောက်ဆိုတာ။ 
 
  
                     ဒီလိုနဲ့ဘယ်သူ့ကို  အကူညီတောင်းရမလဲ စဉ်းစားရင်း (ကိုဇော် ၃၅၇) ကိုသွားသတိရမိတယ်။ ကျွန်တော်သူ့ကိုအကူညီ တောင်းချင်တယ်။ဒါပေမဲ့ ကျွန်တော် စဉ်းစားလိုက်တယ်။ သူလည်း အလုပ်တွေ ရှုပ်နေမှာဘဲဆိုပြီး ကျွန်တော်ဘာဆက်လုပ်ရမှန်း မသိဖြစ်ခဲ့တယ်။ နောက်ဆုံး ကျွန်တော်လည်း လက်မြှောက် စိတ်ဓါတ်ကျတော့ကိုဇော် ကျွန်တော်ဘလော့လေးကို ကူညီပြီး ပြင်ဆင်ပေးလိုက် ပါတယ်။ တစ်ဆက်တည်း ကျွန်တော်ဘလော့လေးမှ မညီမညာမလှပသော ပိုစ်များကိုပြန်ပြုပြင်ရန် နောင်တွင် မည်သို့မည်ပုံ စာရေးရန် သူမအားတဲ့ကြားမှ ရှင်းပြသင်ပေးသွားပါတယ်။ 

အဲဒီအတွက် (ကိုဇော်၃၅၇) ကို ကျေးဇူးတင်ပါတယ်။ သူကျွန်တော့် ကိုတော့ တော်တော်လေး သီးခံ စိတ်ရှည်ပြီး ရှင်းပြလိုက်ရပါတယ်။ အဲဒီနောက် ကျွန်တော်လည်း ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တစ်ညလုံး ကျွန်တော့် ပိုစ်ဟောင်းလေးတွေကို ထိုင်ပြီးပြန်လည် ပြုပြင်နေပါတယ်။ စာဖတ်သူတွေ စာကြောင်း စာလုံးလေးတွေ ညီညီညာညာ လှလှပပဖတ်ဖို့ရဘို့  ကျွန်တော် အချိန်တော်တော် ပေးပြီးပြင်ခဲ့ရပါတယ်။ (မှတ်ချက်) ကျွန်တော် ဘာမှမတတ်တာ ကြောင့်လည်းပိုပြီး ပင်ပန်းတာ ဖြစ်မှာပါ။ 

                     ညတောင် တော်တော်နက်သွားပြီ။ နာရီကို ကြည့်လိုက်တော့လည်း အချိန်က အိပ်ချိန်ကျော်နေပြီလေ။ ကျွန်တော် စားချိန်ကိုပါ မေ့ခဲ့တယ်။ ဒီပို့စ်လေး ပြန်ပြင်ရင်း အချိန်တွေ ကုန်သွား လိုက်တာကျွန်တော် သတိမေ့ နေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် ဘလော့ လေးပြန်ပြင်လို့ ပြီးစီးချိန်မှာ ကျွန်တော် အိပ်ဖို့အိပ်ယာထဲ လှဲလိုက်တယ်။ ချက်ချင်းဆိုသလို ကျွန်တော် အိပ်မပျော်ပြန်ဘူး။ ညောင်းညာနေတာ ကြောင့်လည်း ဖြစ်နိုင်တယ်လေ။ ဒီလိုနဲ့ ကျွန်တော် တစ်ခုတွေးမိတယ်။ အရင် ကျွန်တော် ဘလော့ရေးတာ ပိုစ့် တင်တာတွေ ဘာဆိုဘာမှ မသိချိန်မှာတုန်းကပေါ့  ဆိုက်တွေထဲ တယောက်ကို တယောက် နစ်နစ်နာနာတွေ ပြောကြ စာရေးသူကို ဆဲကြနဲ့ အမြင်ကိုမကောင်းပါဘူး။ ကျွန်တော်လည်း အမြင်မတော်လို့ တစ်ခါသူများ စီဘောက်ထဲကနေ သွားပြောမိပါတယ်။ 


ကျွန်တော်ကိုပါ စကားလုံးရိုင်း တွေနဲ့စီဘောက်မှာ ပြန်ပြောခံထိခဲ့ပါတယ်။ အဲဒီတုန်းကတောင် ကျွန်တော် တော်တော် စိတ်ထိခိုက် ခဲ့ရတယ်။ အမြင်မတော်လို့ မြန်မာဆိုတဲ့ ဂုဏ် ကိုထိန်းသိမ်း စေချင်တာရယ် လူကိုလူကိုမြင်တတ် လေးစားတတ် စေချင်တာရယ် ကြောင့်ဝင်ပြောခဲ့ မိတာပါ။  ခုတော့ သေချာနားလည် နေပါပြီ။ အဲဒီတုန်း ကဆို စာရေးသူ ဘယ်လိုများ ခံစားရမလဲဆိုတာ ကျွန်တော် တွေးမိရင်း ဒီစာလေးကို ရေးဘို့ စဉ်းစားလိုက်တယ်။ ကျွန်တော့် စာကိုဖတ်ရချိန်မှာ နှစ်သက်သူ တစ်ချို့ရှိသလို မနှစ်မြို့သူတစ်ချို့ လည်းရှိမှာပါ။ သို့သော် ကျွန်တော် မည်သူတစ်ဦး တယောက်ကိုမျှ ရည်ရွယ်ပြီး  ရေးထားခြင်း မဟုတ်ဘူးဆိုတာ ကြိုတင်ပြောထား ပါရစေ။ 


သို့သော် စာဖတ်သူ အားလုံးကို ကျွန်တော် ပြောခဲ့ချင်တယ်ဗျာ။ ဘယ်ဘလော့ဂါ ဘယ် ဆိုက်ထဲကဘဲ  ဖြစ်ဖြစ်စာတွေ ဖတ်မိတယ်ဆိုရင် သူများတင်ထားတဲ့ ပို့စ် တွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရိုင်စိုင်းဆဲဆိုတဲ့ စကားလုံးများ စာရေးသူ စိတ်ထိခိုက်မဲ့ အသုံးအနှုန်းများကို ကျေးဇူးပြုပြီး မသုံးကြဘဲ ကိုယ်ချင်းစာစိတ် နဲ့ မိမိ၏ဂုဏ်ကို ထိန်းသိမ်းပေးကြပါ။ စာရေးသူ တယောက်ရေးတဲ့ စာကိုသင်ဖတ် နေချိန်ဟာ မိနစ်ပိုင်းသာ ကြာလိုက်ပေမဲ့ စာရေးသူ တယောက်မှာ တော့  အဲဒီပို့စ်လေး တစ်ပုဒ် အတွက် သူရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အစားထိုးပေး လိုက်ရတယ်ဆိုတာ စာဖတ်သူများ ကိုယ်တိုင် ခံစားချက်ဖြင့် နားလည်ပေးပါဗျာ။ တစ်ဦးပေါ်တစ်ဦး စာနာနားလည် မှုများဖြင့် ရိုင်ပင်းကူညီ ကြပါ။

                ကျွန်တော့် စာသားတွေဟာ သင့်ရင်ထဲမှာ ဓားတစ်ချောင်း (သို့) မြှားတစ်စင်း ထိသလိုဖြစ်သွားခဲ့ရင် ကျွန်တော့် ရင်ဘတ်ထဲက ထွက်ကျလာတဲ့  စေတနာမေတ္တာနဲ့ ကျွန်တော်  ပြန်လည်မေတ္တာပို့ရင်း ကုသပေးပါမယ်။  

အားလုံးကိုလေးစားလျှက်
 အလွမ်းမြို့လေး

No comments: