Saturday 28 August 2010

ကျွန်တော့်၏ ကိုယ်ပိုင် အတွေး

                    ကျွန်တော်အမြဲတမ်း  စဉ်းစားမိတဲ့ကျွန်တော့်အတွေး  အပိုင်းအစအချို့လေးပါ။  စာဖတ်သူများ၏ စိတ်နှင့်အဆင်မပြေမှု့များ ဖြစ်သွားခဲ့သော် ကျွန်တော်အားလုံးကို တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်လေ မြန်မာပြည်ကို ချစ်တယ်။ လွမ်းတယ်။ တမ်းတတယ်။ ကျွန်တော်ဘယ်နိုင်ငံကို ဘယ်လိုအခြေနေမျိုးနဲ့  ရောက်ခဲ့ရောက်ခဲ့ ကျွန်တော် မြန်မာပြည်ကို  ဘယ်တော့မှ မေ့မသွားသလို ချစ်နေသူ တယောက်ပါ။ တကယ်တော့  ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ တကယ်ရိုးသားယဉ်ကျေးပြီး  ရိုင်းပင်းကူညီစိတ်တွေရှိတဲ့ သူတွေပါ။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး မိဘဆရာ တွေကိုလည်း ရိုသေလေးစားသူတွေပါ။  ဒီအပြုအမူတွေက ကျွန်တော့်အတွက် တမူထူးတဲ့ ချစ်စရာ မမေ့နိုင်စရာလေးပါဗျာ။


             ကျွန်တော်ကတော့ ခုလောလောဆယ် မြန်မာပြည်ရဲ့ ပြင်ပတစ်နေရာမှာ ရောက်နေပါတယ်။ ဒါပေမဲ့ကျွန်တော်  စိတ်တွေက မြန်မာပြည်တွင်းမှာ ရှိနေသလိုပါဘဲ။ ကျွန်တော်ကိုယ်ခန္ဓာသာ ပြည်ပမှာ ရှိနေပေမဲ့ကျွန်တော် စိတ်တွေကတော့ မြန်မာပြည်မှာကျန်ခဲ့ပါပြီ။ ကျွန်တော်လေ တိုးတက်တဲ့ တိုင်းပြည်ကြီးတွေကို  ရောက်လေလေ ကျွန်တော့် မြန်မာပြည်ကို   ပိုလို့လွမ်းလာမိပါတယ်။ ဘာလို့လဲဆိုတော့  တိုးတက်တဲ့ နိုင်ငံကြီးတွေမှာ  တိုးတက်တဲ့ ခေတ်ပညာတွေကို  အားကျမိပေမဲ့ အဆိုးနဲ့အကောင်းဟာ ဒွန်တွဲရှိနေတယ် ဆိုတာ ကျွန်တော်တို့ မေ့ထားလို့ မရဘူးလေ။ ဘယ်နိုင်ငံတွေ ဘယ်လောက် တိုးတက်ပါစေ ကျွန်တော်တို့  မြန်မာပြည် မြန်မာလူမျိုးတွေကို မမှီသေးတာတစ်ခု ကျွန်တော် သတိထားမိတယ်။ အဲတာက... ဘာသာတရား    နှင့်   ယဉ်ကျေးမှု့ ပါဘဲ။  

                        ဘာသာတရားကနေ စပြောရမယ်ဆို လူတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်တဲ့ ဘာသာဆိုတာ ရှိရတယ်ဗျ။ မိရိုးဖလာကြောင့်ဘဲဖြစ်ဖြစ် ကိုယ်တကယ်ယုံကြည်လို့ဘဲ ဖြစ်ဖြစ် လူတယောက်ရယ်  ဖြစ်လာပြီဆိုရင်  သူမှာဘာသာဆိုတာရှိရဗျ။  ဘာသာဆိုလို့  ကျောင်းက သင်ပေးလိုက်တဲ့ ဝိဇ္ဇာ တို့ သိပ္ပံ တို့ကို ပြောတာ မဟုတ်ဘူးနော်။ ကိုးကွယ်တဲ့ ဘာသာ ကိုပြောတာပါ။ ကျွန်တော်ရောက်နေတဲ့ နိုင်ငံကခရစ်ယာန်တွေ များပါတယ်။ ကျွန်တော် အသိမိတ်ဆွေတွေ ကလည်း ခရစ်ယာန်တွေပါဘဲ။ သို့သော်သူတို့ကို ကျွန်တော်ကြည့်ရတာ မိရိုးဖလာခရစ်ယာန်တွေ ဖြစ်ဘို့များတယ်။ တကယ် ဆက်ကပ်တာလည်းမရှိ အလှူအတန်းလည်း မသိ။ ဘုရားကျောင်း သွားတာလည်းမတွေ့။ ခရစ်ယာန်တယောက်ရဲ့ ရှိသင့်တဲ့ အသိတွေလည်းမရှိ။  ကြာလာတော့ သူတို့ကိုကြည့်ရင်း ဘာသာမဲ့ (ဘာသာပျောက်) တွေလို  သူတို့ကိုယ်စား  ကျွန်တော်ခံစား လာရတယ်။  ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သူတို့အတွက် အရာရာတိုင်းလို ပြည့်စုံနေမှတော့ ပိုနေတဲ့အချိန်တွေကို ဖြုန်ဘို့သာ ကျန်တော့တာပေါ့။ ဖြုန်းတယ်ဆိုတာကလည်း ကောင်းကျိုးအတွက် ဖြုန်းရင်တော့ တော်သေးတာပေါ့နော်။ အသက်ရှင်လျှက်နဲ့ ဘဝအတွက် အကျိုးမရှိတာတွေကို လုပ်နေရင်လည်း အလကား အချိန်တွေ နှမြှောစရာ ကောင်းလှပါတယ်လေ။ ကျွန်တော်တို့ အလှူအတန်း ပေးတာမြင်ရင် သူတို့က အံ့သြကြတယ်။ သူတို့မှာတော့ ပိုနေတာ တောင်ဘယ် လိုဖြုန်းမယ် ဘယ်လိုသုံးမယ်ဘဲ စဉ်းစားတာလေ။ သူတို့အတွက် ကျွန်တော်တို့မရှိဘဲ လှူတန်းနေတာကလည်း အံ့သြစရာဆိုသလို  ကျွန်တော့် အတွက်ကလည်း သူတို့မှာ ပြည့်စုံနေပြီး အလှူအတန်း မေ့နေတာကလည်း အံ့သြစရာပါဘဲ။ ဒီတော့ကမ္ဘာ အရပ်ရပ်မှာ ရောက်နေကြတဲ့  ညီအစ်ကို မောင်နှမများခင်ဗျား။ ဘယ်နိုင်ငံဘဲရောက်ရောက် ဘယ်လိုအခြေနေမျိုးနဲ့ဘဲ နေရနေရ  ကိုယ့်မှာ ကိုးကွယ်တဲ့ ဘာသာတရား ရှိတယ်ဆိုတာ မမေ့သလို ကိုယ့်ဘာသာ သာသနာကိုလည်း တန်ဖိုးကြ စေလိုပါတယ်။ ကျွန်တော်တို့မှာ ပြည့်စုံနေပြီဆိုရင်လည်း မြန်မာပြည်မှာရှိနေတဲ့တကယ် လိုအပ်တဲ့    မိသားစုများကို    တစ်ချက်လေးပြေးမြင်ယောင်ပါ။




                 ရောက်တဲ့နေရာကနေ ရတဲ့ ကုသိုလ်လေးကို အမိအရယူပါ။ ဘဝဆိုတာ တိုတိုလေးပါ။ ကိုယ်အပြုအမူ အားဖြင့် လူမျိုးခြားများကို သက်သေပြပါ။ မြန်မာ့ သာသနာ/ မြန်မာ့ယဉ်ကျေးမှု့ကို ကိုယ်ကိုယ်တိုင် တန်ဖိုးထားခြင်းဖြင့် သူတိုလေးတွေကို မီးတိုင်သဖွယ် လမ်းပြပါ။တိုးတက်တဲ့ နိုင်ငံရောက်ပြီး (ငါ)တိုးတက်လာပြီဆိုတဲ့ အတွေးတွေနဲ့ ဘာသာပျောက်တွေဖြစ်ကုန်/ယဉ်ကျေး မှုတွေ မေ့ကုန်မှာ ကျွန်တော် စိုးရိမ်လို့ပါဗျာ။

                       နောက်တစ်ခုကမိဘနဲ့ သားသမီးတွေကြား ဆက်ဆံမှု့

              ဘာလို့ ကျွန်တော်ဒီလို ပြောလဲဆိုတော့ကျွန်တော်  ရောက်ခဲ့ဖူးတဲ့  နေရာနဲ့ပတ်ဝန်းကျင်တွေကို သတိထားမိခဲ့တာပါ။ ကျွန်တော်အတော် စိတ်မကောင်း  ဖြစ်ခဲ့မိသလို ကိုယ့်မြန်မာလူမျိုးတွေ အတွက် ကျွန်တော်ရင်ထဲကနေ ဂုဏ်ယူ   နေခဲ့မိတယ်။ အခုလက်ရှိ ကျွန်တော်  ရောက်နေတဲ့နိုင်ငံမှာဆို  မိဘနဲ့သားသမီးရဲ့ ဆက်ဆံမှုတွေ ကအံ့သြစရာ ဖြစ်ရလောက်အောင် ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ ဆန်ကျင်ဘက် ဖြစ်လွန်းပါတယ်။ ဒီကခလေးတွေက အသက် ၁၃/၁၄ ဆို မိဘတွေက စတင်ပြီးသူတို့လုပ်ချင်တဲ့ အခွင့်ရေးတွေ ပေးနေရပြီ။ မိဘတွေစကား နားထောင်တယ်ဆိုတာ ရှားသွားပြီ။  သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို   မိဘများ ဝင်ရောက်ပြောဆိုတာ  သူတို့လက်မခံကြ တော့ပါဘူး။ ပြီးတော့ ဒီနိုင်ငံမှာ အသက်လေး ၁၈ နှစ်ပြည့်ပြီ ဆိုတာနဲ့ မိဘဆီက ရသင့်ရထိုက်တာယူပြီး  အိမ်ခွဲနေတော့တာပါဘဲ။ သူတို့ အသိစိတ်ထဲမှာ မိဘဆိုတာရိုသေရမယ်ဆိုတာ  လုံးဝမသိတာလားဘဲ ကျွန်တော်တွေးမိပါတယ်။ မိသားစု နွေးထွေးမှု့ နဲ့ ယဉ်ကျေးမှု သူတို့ဆီမှာ မတွေ့ရဘူး။ 


 
                တစ်နေ့ကျွန်တော့် အသိအိမ်တစ်အိမ်က ကော်ဖီသောက်ဘို့ ကျွန်တော့်ကို ဖိတ်တယ်။ ကျွန်တော်လည်း သူတို့ လင်မယားနဲ့ ခင်တာကြာပြီ ဆိုပေမဲ့ သူတို့အိမ်တစ်ခါမှ မရောက်ဖူးတော့ အလည် သွားရင်း ကော်ဖီသောက်  စကားတွေပြောဖြစ်ကြတယ်။ အဲဒီချိန်မှာ အဲဒီအသိ (ဦးလေးကြီး)က ကျွန်တော် ကိုဝင်လာကတည်းက သူ သတိထားပုံရတယ်။ ကျွန်တော်က သူ့ကိုမင်္ဂလာ ညနေခင်းပါလို့ သူ့ ဘာသာစကားနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ အဲဒီချိန်မှာ ကျွန်တော့် ကိုယ်လေးက အနည်ငယ် ညွှန့်နေပြီး သူကိုလူကြီးတယောက်ဆိုတဲ့   အသိနဲ့ အရိုအသေ  ပေးမိလိုက်တယ်။ဒါကိုသူက သတိထားမိတယ် ထင်တယ်။ ကျွန်တော်တို့ ကော်ဖီသောက်ရင်း စကားလက်ဆုံကျပြီး  ဟိုပြောဒီပြော ပြောမိရာမှ သူကျွန်တော့်ကို  စကားတစ်ခွန်းမေးလိုက် တယ်။ ခုနကနင်ငါ့ကို လက်ဆွဲနှုတ်ဆက်တာ ဘာလို့ကိုယ်ညွှန့်ပြီး ခေါင်းငုံ့ရတာလဲတဲ့။သူတို့လူမျိုးမှာ ခေါင်းငုံ့ပေးစရာမလိုဘူးတဲ့  သူက ပြောလာတယ်။ ကျွန်တော်လည်း    စကားမတတ်တော့ တတ်သ လောက်သူကို ပြန်ရှင်းပြ လိုက်တော့တယ်။ ကျွန်တော် ခုနက ကိုယ်ညွှန်ပြီး  ခေါင်းအနည်းငယ် ငုံ့သွားတာဟာသူ့ကို  လူကြီး တယောက်အနေနဲ့ အရိုသေ ပေးတာပါလို့။ အဲတာကကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာအပြုမူလေး တစ်ခုပါဘဲလို့သူကို ရှင်းပြလိုက်တယ်။ တစ်ဆက်တည်း ကျွန်တော် တို့ မြန်မာလူမျိုးတွေမှာ မိဘနဲ့ သားသမီး ဆက်ဆံပုံ / ဆရာ နဲ့ တပည့် ဆက်ဆံပုံကို သူ နားလည်အောင် ရှင်းပြလိုက်တယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက် ကလည်း ကျွန်တော်ရှင်းပြတာကို  စိတ်ဝင်စားစွာ နားထောင်နေတယ်။  ဘာလို့ကျွန်တော် ရှင်းပြလိုက်လဲဆိုတော့ သူနဲ့ သူ့ဇနီးနှစ်ယောက်ထဲ အဲဒီအိမ်မှာ။ အသက်တွေ ကြည့်လိုက်တော့ ( ၈၀) ကျော်နေကြပြီ။ ဒါပေမဲ့သူတို့ ဇနီးမောင်နှံ  နှစ်ယောက်လုံးအရမ်း  အရွယ်တင်ပါတယ်။ ဘယ်လိုဘဲ အရွယ်တင်တင်ပေါ့။ အသက်ဆိုတာ လိမ်ထားလို့မရသလို  ရပ်ထားလို့လည်းမရဘူးလေ။ ဒီလိုအသက် (၈၀)ကျော် မိအိုဖအို နှစ်ယောက်တည်း အဲဒီအိမ်ကြီးမှာ နေနေကြတာ။ ဘယ်သားသမီးကမှ လာမကြည့်ကြဘူး။  ဘယ်မြေးကမှ လာမကြည့်ကြဘူး။ သူတို့ဘဝလေး တွေအရမ်း  အထီးကျန်ဆန်ပြီး  သနားဘို့ကောင်းပါတယ်။ ဒါပေမဲ့သူတို့ စိတ်ဓါတ်လေးတွေက မာနေတုန်းဘဲ။ သူတို့ဆီမှာ အဲဒီ စိတ်ဓါတ်လေး ကိုတော့ ကျွန်တော်ကြိုက်တယ်။ လေးစားတယ်။ သူတို့လည်း ကျွန်တော်အလည်လာပြီး  စကားပြောတာသူတို့  တော်တော် ပျော်နေကြတယ်။ ကျွန်တော် နားလည်ပါတယ်။ အဲလိုအသက်ကြီးတဲ့ သူနှစ်ယောက်ထဲ အဲဒီအိမ်ကြီးမှာ ဘယ်လောက်များ အထီးကျန်မယ် ဆိုတာ။ အဲလို မိအို/ဖအို တွေကိုမြင်ရတော့ ကျွန်တော်လေ ရွာက အဖေနဲ့အမေကိုတောင်  ပြေးသတိရမိတယ်။ သူကိုလည်း  ကျွန်တော် ရှင်းပြခဲ့ပါတယ်။ မြန်မာပြည်မှာဆို အဲလို မိအိုဖအိုတွေကို သားသမီးတွေက  ဘယ်လို  ဂရုစိုက်တယ်ဆိုတဲ့   မိသားစုနွေးထွေးမှု့  အကြောင်းလေးတွေ ကိုပြောရင်း   အချိန်လည်း နောက်ကျနေပြီမို့ ကျွန်တော်ပြန်လာခဲ့တယ်။ သူတို့ဇနီးမောင်နှံလည်း မကြာမကြာ အလည်လာဘို့  ကျွန်တော့်ကို  ထပ်မံဖိတ်လိုက်  ပါတယ်။

                                       နောက်တစ်ခုက စာသင်ကျောင်း။ 

                ကျွန်တော်ဒီက  ကျောင်းသူကျောင်းသားတွေကို မြင်တိုင်း မြန်မာပြည်က အဖြူအစိမ်း တူညီစွာနဲ့ ရိုးသားတဲ့ ခလေးငယ်လေး တွေကိုသွား  မြင်ယောင်မိတယ်။ဒီမှာကတော့ ကျောင်းဝတ်စုံတွေ မရှိတော့ လမ်းမှာတွေ့ ရင်တောင်မှ ကျောင်းသူ /ကျောင်းသား  ဆိုတာသိမှာ မဟုတ်ဘူးဗျ။ ဆရာ/ဆရာမဆိုတာ ကိုလည်း  လမ်းမှာတွေ့ရင် ကျောင်းဆရာ/ဆရာမ ဆိုတာသိမှာမဟုတ်ဘူး..  ဒီမှာက ကျောင်းဝတ်စုံ လည်းမရှိ  ဆရာ/ဆရာမ ကိုလည်း ရိုသေရမယ်မှန်းမသိ တကယ်ကိုကွားခြားလှပါတယ်။ မြန်မာပြည်မှာဆို  ကျောင်းခန်းထဲ ဆရာ/ဆရာမ   တွေဝင်လာရင် (မင်္ဂလာပါ ဆရာမ)လို့    ညီညီညာညာ  လက်ကလေး ပိုက်ပြီးနှုတ်ဆက် ကြတယ်။ ဒီမှာတော့  ဒီလိုမျိုးတစ်ခါမှ   မမြင်ဖူးသေးပါဘူး။ ဆရာ/ဆရာမတွေ   ကိုယ်တိုင်က    အခန်းထဲဝင်ဘို့  လိုက်ခေါ်ရတယ်။ ဒီလို ရိုသေမှုပြု  နှုတ်ဆက်ဘို့ မပြောနဲ့။ နောက်ပြီး   ကျွန်တော်တို့ဆီမှာ  ဆရာတွေ ကအစကျောင်းထဲ  ဆေးလိပ်မသောက်ကြဘူး။  တပည့်တွေ ရိုသေအောင်  နေကြတော့ တပည့်တွေကလည်း    ဆရာကို ချစ်ကြောက်   ရိုသေကြပါတယ်။    ဒီမှာကတော့ ဆရာ/ဆရာမ တွေကအစ ကျောင်းထဲမှာ ဆေးလိပ်သောက် တပည့်တွေရှေ့မှာ  သောက်ပြနေမှတော့ ကျောင်းသူ/ ကျောင်းသားတွေကလည်း ဆေးလိပ်ကလေးတွေနဲ့ပေါ့။ ဘယ်လိုမှကြည့်ရတာ အဆင်မပြေပါဘူး။ စာဖတ်သူများ မျက်စိထဲမြင်ယောင်ကြည့်ပါဦး။ ကျောင်းဝတ်စုံလည်းမရှိ လက်ထဲလည်း စီးကရက်လေးနဲ့ ဘယ်လိုလုပ် ကျောင်းသားနဲ့ တူမလဲနော်။ ဒါတောင်ဒီက ခလေးတွေအရွယ်က ကျွန်တော်တို့ မြန်မာပြည်က  အလယ်တန်း  ကျောင်းသူ/ ကျောင်းသား အဆင့်ဘဲ ရှိသေးတာနော်။ ကျွန်တော်တို့  မြန်မာပြည်မှာလို တက္ကသိုလ် ကျောင်းသူ/ ကျောင်းသား တွေမဟုတ်သေးဘူး။ အဲတာတွေကိုမြင်တိုင်း ကျွန်တော် မြန်မာပြည်ကြီးကို ပိုလွမ်းမိသလို ကျောင်းသားဘဝ ကိုတမ်းတ မိသွားတယ်။ အဲတာတွေလည်း အများကြီး ကွာခြားပါတယ်။ ဒါကြောင့် ကျွန်တော်လေ ဘယ်လိုအခြေနေကြောင့် ဘယ်လို နိုင်ငံကြီးတွေ ဘဲရောက်ရောက်  အမိမြန်မာပြည်ရဲ့ ချစ်စရာ ယဉ်ကျေးမှု့လေးကိုတော့   ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ် ပါဘူး။ ဘယ်လောက်ဘဲ တိုးတက်တဲ့ နိုင်ငံကြီးတွေရောက်နေပါစေ တိုးတက်တာတွေ အတုယူပြီး ကမ္ဘာကို ရင်ဘောင်တန်းနေကြပေမဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည် ယဉ်ကျေးမှုလေးကိုတော့ မမေ့စေချင်ဘူး ဗျာ။ အတုယူ သင့်တာတွေကိုလည်း ယူပြီးမမေ့သင့်တဲ့ အမိမြန်မာပြည် ရဲ့ ချစ်စရာ ယဉ်ကျေးမှုကိုလည်း ဆက်လက်  ထိန်းသိမ်းတန်းဖိုး ထားပေးကြပါလို့    ရင်ထဲကနေ စေတနာစကားလေး တစ်ခွန်းပါး လိုက်ပါရစေ။ 

            နောက်တစ်ခု မှာချင်သေးတယ်ဗျာ။ မိဘတိုင်း အတွက်ပေါ့။ ကိုယ်ဘယ်နိုင်ငံဘဲ  ရောက်ရောက် (ငါ) ဟာမြန်မာပါလားဆိုတဲ့  အသိလေးကိုမမေ့စေချင်သလို  ကိုယ့်ရင်သွေးဖြစ်တဲ့ သားသမီးတိုင်း ကိုလည်း မြန်မာယဉ်ကျေးမှု့လေးတွေ  လက်ဆင့်ကမ်းသင်ပေးကြပါ။ ကိုယ်က  မိဘဆိုတော့ကိုယ်ကိုယ်တိုင် လမ်းမှန် လျှောက်ပြရမှာလေ။ တိုင်းတစ်ပါးမှာတစ်သက်လုံး   ကိုယ်နေရမှာမဟုတ်ဘူး။ အခြေအနေ  အရပ်ရပ်ကြောင့် ခနတာ ခိုလှုံနေကြရပေမဲ့ တစ်နေ့လူတိုင်းက ကိုယ့်မွေးရပ်မြေလေးကိုဘဲ ပြန်လာကြမယ်ဆိုတာ ဧကန်မုချ မလွှဲပါ။ သို့ပေမဲ့ကျွန်တော့်စကားလေးနဲ့  ဆန့်ကျင်ဘက်လူများရှိခဲ့မယ်ဆိုရင်   ကျွန်တော်တောင်းပန်ပါတယ်။ တိုးတက်တဲ့နိုင်ငံမှာ နေရပြီး  အရာရာတိုင်း တိုးတက်ပြောင်းလဲ နေတော့ အမိမြန်မာပြည်ရဲ့ ယဉ်ကျေးမှု လေးတွေကို မေ့နေမှာ စိုးရိမ်မိလို့ပါ။နောင်လာမဲ့  မျိုးဆက် လေးတွေလည်း ကင်းကွာနေတော့ မြန်မာယဉ်ကျေးမှု့ကို မသိလိုက်မှာ စိုးလို့ပါဗျာ။ ဘယ်နိုင်ငံ ဘဲရောက်ရောက် ဘယ်ဘာသာ စကားဘဲ ပြောပြောကိုယ်ဟာ မြန်မာဆိုတာ မမေ့ကြပါနဲ့။ ကျောင်းတွေ/ အလုပ်တွေမှာ ဘယ်ဘာသာစကားမျိုးဘဲ ပြောပြော အိမ်ရောက်ရင် တော့ မိသားစုလေး မြန်မာစကား / မြန်မာ့ ယဉ်ကျေးမှု့လေးကို ဆက်လက် ထိန်းသိမ်း ပေးကြပါဗျာ။

      ခလေးငယ်များကိုလည်း ဘာသာတရား ရိုသေကိုင်းရှိုင်း တတ်အောင် မိဘ/ဆရာများကို  ရိုသေတတ်အောင် ကျေးဇူးရှင်တွေကို ကျေးဇူးသိတတ်အောင်  သင်ပေးဘို့လည်း  တိုက်တွန်းပါရစေဗျာ။ တစ်ဦးပေါ်တစ်ဦး လေးစားတတ်တဲ့စိတ် ရိုင်းပင်း ကူညီတတ်တဲ့စိတ် စာနာနားလည် ပေးတတ်တဲ့စိတ် များရှိဘို့  မိဘတိုင်း တာဝန်ရှိတယ်လို့  ကျွန်တော် ယုံကြည်ပါတယ်။

မိသားစုတိုင်း ပျော်ရွှင်ငြိမ်းချမ်းသော   ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
ကျွန်တော့် စာသားများဟာ ကဗျာမဆန်လို့ သင့်ရင်ထဲမှာ   မြှားတစ်စင်း (သို့) ဓားတစ်လက်ကဲ့သို့ ထိရှသွားခဲ့ရင် ကျွန်တော့် ရင်ထဲက မေတ္တာစေတနာတွေနဲ့  ပြန်လည်မေတ္တာပို့ရင်း ကုသပေးမှာပါ။

လေးစားစွာဖြင့်
အလွမ်းမြို့လေး

No comments: