ဒီနေ့တော့ကျွန်မရင်ထဲ အမြဲတွေးမိတဲ့ မေးခွန်းအမေးဖြေ လေးတွေကို ကျွန်မရေးမယ်လို့ စိတ်ကူးထားပါတယ်။ တစ်ယောက်ထဲ ဘလောဂ်တွေ လိုက်လည်ရင်း ဖတ်စရာရှိတာဖတ် မှတ်စရာရှိ တာမှတ်ပြီး ကျွန်မအာရုံတွေ ဘာမဆီမဆိုင် ပြည်ပနိုင်ငံရေးဆီ ရောက်သွားတယ်။ အမှန်ဝန်ခံတာပါရှင်။ ကျွန်မဟာ နိုင်ငံရေးလို့ ကျယ်ပြန့်တဲ့ စကားလုံးတွေနဲ့ မထိုက်တန်ပါဘူး။ ကျောင်းက အတန်းပညာတွေတောင် ကောင်းကောင်းမသင် ကြားနိုင်ခဲ့တာ ဘယ်လိုလုပ် ဒီလိုကျယ်ပြန့်တဲ့ နိုင်ငံရေးအကြောင်း သူများတွေနဲ့ ဆွေးနွေးနိုင်မှာလဲ။ ပြီးတော့ ဘယ်အရေးခင်းတုန်းက ကျွန်မ မပါခဲ့ ဘူးလေ။ (၈၈) အရေးခင်းတုန်းကလည်း ကျွန်မတို့နယ်ဘက်မှာ သိပ်မထူးခြားတာရယ် ကျွန်မခလေးအရွယ်ဘဲ အပြစ်ကင်းစင်တဲ့ (၁၀) နှစ်အောက် ခလေးဘဲရှိသေးတာလေ။ ကိုယ်တိုင်လည်းမမြင်ရ ကိုယ်တိုင်လည်း မကြုံရတော့ ဘာဆိုဘာမှ မသိခဲ့တာပါ။ ကဲဒီနောက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျပြန်တော့လည်း ကျွန်မက ပြည်ပရောက် နေပြန်ရော။ အဲဒီအချိန်မှာကျွန်မဟာ အရင်ကလို (၁၀)အောက် ခလေးမဟုတ်တော့ဘူးလေ။ သိတတ်နေပြီ ခံစားတတ် နေပြီစာနာတတ် ကြေကွဲတတ် ငိုကြွေးတတ်နေပြီ။
မှတ်မှတ်ရရ အဲဒီအချိန်က ကျွန်မ အရမ်းငိုကြွေးခဲ့ဖူးတယ်။ အရမ်းခံစားရတယ်။ သံဃာတွေသွေးမြေကျရတာ အများကြီးဘဲ။ ကျွန်မဘာမှမတတ်နိုင်ပါ။ အမှန်လည်းဝန်ခံတာ အဲလိုလည်း အရိုက်အနက်ခံတဲ့အထိ သတ္တိတွေမရှိပါ။ အဲဒီအတွက်ရွှေဝါရောင် တော်လှန်ရေးမှာရော (၈၈) တုန်းကပါဝင်ခဲ့တဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူတွေကို ကျွန်မလေးစားမိပါတယ်။ ကျွန်မ ဘာမှ မတတ်နိုင်ပေမဲ့ အဲဒီတုန်းကကျွန်မတို့ တတ်နိုင်တဲ့ဘက်က ဝိုင်းကူကြမယ်ဆိုပြီး သံဃာများ အတွက်ဆိုပြီး အလှူငွေတော့ ထည့်လိုက်သေး။ မှတ်တော့မမှတ်မိတော့ပါ။ ဘယ်သူတွေနဲ့ ဆက်သွယ်ပြီး ထည့်မိသလဲဆိုတာ။ ဒါတွေထားလိုက်ပါ။ အခုကျွန်မ တွေ့မြင်နေရတာ နိုင်ငံရေးလို့ခေါင်းစဉ်တပ်ထားတဲ့ အောက်မှာလူပေါင်း များစွာရောက်နေကြတယ်။ ဝမ်းသာပါတယ် ကိုယ့်နိုင်ငံအတွက် လူတွေကြိုးစားနေကြ လိုက်တာပေါ့။ တကယ်တော့ဒါတွေက ကျွန်မအထင်ပါ။တကယ်မြင်နေရတာက အထင်နဲ့တလွှဲစီပါလား။
တစ်ချို့လူတွေကတော့ တကယ်နိုင်ငံကိုချစ်လို့ တကယ်ကြိုးပမ်းတယ်။ အဲဒီထဲမှာမှ မိတဲ့နေရာကနေ ကိုင်ပြီး ခဏတာပါဝင်ခဲ့ သူတွေလည်း ရှိတယ်။ကျွန်မမြင်တွေ ခဲ့တာတွေပါ။ ကျွန်မကိုယ်တိုင် ဘာမှမလုပ်လို့ ဘာဆိုဘာမှမဝေဖန် ခဲ့ဖူးပါဘူး။ ဒါပေမဲ့လေ ခက်တာက ကျွန်မတို့ မြန်မာတွေကလည်း ပြောမှသိထိမှနာ ဆိုတဲ့အထဲပါလာပြီ ဆိုတော့ သိအောင်ပြောလို့ မရတော့ဘူး။ ထိအောင်ပြောမှ ရတော့မဲ့အခြေမို့ အမြင်အတိုင်း ပြောခွင့်ပြုပါ။ ကျွန်မ နိုင်ငံရေးအမြင်ကို ပြောကြည့်မယ် နော်။ တတ်တော့မတတ်ဘူး နားလည်းမလည်ဘူး။ စိတ်ကူးမိတာလေး ပေါ့။ နိုင်ငံရေးလုပ်တယ် ဆိုတာဘာလဲ။ နိုင်ငံရေးဆိုတာရော ဘာလဲ။ ဒီမိုကရေစီ ဆိုတာရော ဘာလဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်ဘဝလှုံခြုံစိတ်ချမှု အာမခံချက်တစ်ခုခု ရရှိဘို့လား ဒါမှမဟုတ် တတိယနိုင်ငံ ထွက်ရဘို့လား။ ခုကျွန်မ မြင်နေရတဲ့ အခြေအနေအရ ကျွန်မဖြေမယ်နော်။ နိုင်ငံရေးဆိုတာ ပြည်ပရောက်အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းလို့ နာမည်ခံလို့ကောင်းတဲ့ ဖြတ်လမ်း သမားတွေအတွက် အကောင်းဆုံးလက်နက် တစ်ခုပါဘဲ။ မျောက်ပြ ဆန်တောင်းလုပ်လို့ ကောင်းဆိုတဲ့ လူတွေအတွက်ပါ။ ပွဲစပြီဆိုကင်မရာ ကောင်းကောင်း တစ်လုံးရယ် နက်ကောင်းကောင်းတစ်ခုရယ် ဖုန်းတစ်လုံးရှိပြီဆို အဆင်ပြေလောက်ပါပြီ။ အဲတာလေးတွေ ရှိရင် သင်ရည်ရွယ်ထားတဲ့ ပြည်ပရောက် မျောက်ပြဆန်တောင်း နိုင်ငံရေးသမား လုပ်လို့ရပါပြီ။
တကယ်တော့ အဲလိုလူတွေမှာ တကယ်အစိုးရကိုဆန့်ကျင်ရဲတဲ့ သတ္တိမရှိပါဘူး။ မီဒီယာခေတ်မှာ အော်နိုင်မှ နေရာရမှာမို အဝေးကနေ စမ်းတဝါးဝါးနဲ့ မှန်းအော်နေကြတာပါ။ ဖြစ်တဲ့ပွဲတိုင်းမှာ ရှေဆုံးကပါဝင် လှုပ်ဆောင် သွားတဲ့သူတွေကတော့ အသက်နဲ့ရင်းပြီး လုပ်ဆောင် ခဲ့ရတာပါ။ တွေးကြည့်ရင်တကယ် ကြောက်စရာပါ။ ကိုယ့်အသက် တစ်ဝက်ကိုသိရဲ့ သားနဲ့သေချာအပ်နှင်း ရှေဆက်လုပ်ဆောင် ခဲ့ကြရတာပါ။ ပြီးတော့ မြန်မာစစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တဲ့ ထုံးစံမရှိဘူးလေ။ အဲလိုချိန်မှာ တကယ်မျိုးချစ်ပြီး သတ္တိရှိတဲ့ သူတွေကသာ တိုင်းပြည်အတွက် ရှေဆုံးကနေဦးဆောင် ရဲတဲ့သူတွေပါ။ ကျွန်မလို သတ္တိမရှိတဲ့ သူတွေကတော့ ပွဲပြီးမှကျွန်မလို နက်ပေါ်တက်မီဒီယာကနေ ကမ္ဘာကကြားကောင်းအောင် အော်နေတဲ့ သူတွေပါ။ အဖော်တွေအများကြီး ရှိမယ်လို့ ကျွန်မထင်ပါတယ်။ ခေတ်ကာလနဲ့ယှဉ်ပြီး ပြောကြည့်တာပါ။ ခေတ်ကာလအရ အဆိုးတစ်ဝက် အကောင်းတစ်ဝက် လိုဖြစ်နေပြီဆိုတာကြည့်ပြီး မှန်းပြောကြည့်တာနော်။ အကောင်းတစ်ဝက်လို့သာ ပြောရတာ အားတော့နာသား။ တကယ်တော့ အဆိုးကတစ်ဝက်မှ မကဘဲ။ တစ်ဝက်ထက်ကို ကျော်နေလို့တစ်ဝက်လို့ ပြောရတာအားတော့ နာမိသေး။
ကဲဒီလိုလူနှစ်စုကို ယှဉ်ကြည့်ကြမယ်ဆို လက်ရှိတွေမြင်နေကြရမှာက မီဒီယာသမားတွေကဘဲ နိုင်ငံရေးသမား အစစ်လိုလိုဘာလိုလိုပေါ့။ အဟဲ...ဘလော့ဂ်လေးတစ်ခုဖွင့် ကြားသမျှရေးချ တွေ့သမျှတင် ထားတော့လည်း အဟဲ အနူတောထဲကလူချောပေါ့။ ဒါကလည်း ကျွန်မအတွေးနော်။ တကယ်တော့ လက်တွေ့ဦးဆောင် ပါဝင်ခဲ့တဲ့သူတွေရော ခုချိန်မှာသူတို့တွေဘာတွေ ဆက်လုပ်နေလဲဆိုတာ သတိပြုမိကြမယ်ဆိုရင် ရှေကဦးဆောင်အစိုးရကိုဆန့်ကျင်ပြီး ပြည်ပထွက်သွားတဲ့ နိုင်ငံအတွက် ရှေဆုံးက ဦးဆောင်ခဲ့တဲ့ အစ်ကိုတွေ အစ်မတွေကလည်း နောက်မှာကျန်ခဲ့တဲ့ ရဲဘော်ငယ်လေးများ ကိုပြန်ငဲ့ကြည့် ကြပါဦး။ မှတ်တိုင်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ နာမည်ကျန်ခဲ့ပြီဆိုတာနဲ့ မပြီးဆုံးသေးပါဘူး။ သွားရမဲ့လမ်းက အဝေးကြီးကျန်သေး တယ်လေ။ ခဏတာခိုနားခွင့်ရတဲ့ နေရာဟာကျေနပ်စရာမှ မဟုတ်သေးတာ။ သင်ခိုနားတာ အမောပြေဘို့ ခဏနားတာလား တစ်ဘဝစာလား။ ဒါမှမဟုတ် ခြေကုန်လက်ပန်းကျလို့ ရှေဆက်မသွားချင် တော့တာလား။ အခက်ခဲရှိစဉ်က ရဲဘော်တွေလက်အတူတွဲခဲ့တာဘဲ ခဏတာပြုတ် သွားတဲ့လက်ဟာ တစ်ဘဝတာထိ ဖြုတ်ပစ်လိုက်တာလား ဆိုတာ ကျွန်မတွေးမိလိုက်တယ်။
တိုင်းပြည်အခြေနေ အမျိုးမျိုးကြောင့် လူတွေအခြေနေပေးသလို ဝေးခဲ့ကြရတယ်။ တစ်ချို့ဆိုမိသားစုကို ဝေးရဲ့နဲ့တမ်း ...ပြေးရင်းနဲ့ လွမ်း ..နေရတဲ့ဘဝတွေ အများကြီးပါ။အဲဒီထဲမှာက ကံကြီးသူတို့က ပြည်ပရောက် သွားကြတယ်။ တစ်ချို့ကျန်ခဲ့တဲ့သူတွေမှာတော့ ရှေဆုံးမှာတက်ကြွစွာပါဝင်ခဲ့တော့ အစိုးရကိုဆန့်ကျင်မှု့ ဦးဆောင်သူ ဆိုပြီးအမှု့တွဲ ဖော်မပြနိုင်အောင် ပုဒ်မအမျိုးမျိုးတွေတပ် တရားစွဲ ခံကြတယ်။ ကြီးနိုင်ငယ်ညှင်း စနစ်က မြန်မာပြည်မှာ လက်ကျန်က ရှိတုန်းကိုး။ ဒီတော့ငွေမရှိတော့ ဘာတတ်နိုင်မှာလဲ။ အထဲဝင်ပေါ့။ မဝင်ချင်ပြေး ဒီနှစ်လမ်းကိုရွေး ဆိုသလိုပေါ့။ ပြေးဆိုပြန်တော့လည်း ပြေးစရာငွေမရှိရင် ဘယ်လိုပြေးမှာလဲ။ အိမ်ရှေနဲ့ အိမ်နောက်ပေါ့။ အဟဲ.....အဟဲ.....အဲဒီချိန်မှာ ကံအကြောင်းလှလို့ ပြည်ပရောက်တဲ့ ရဲဘော်တွေကရော ဘယ်တွေပြေးရပြီးလဲ။ အဟဲ..သူတို့က ပြေးရတော့ပါဝူး ..အခြေခိုင်သွားပြီလို့မှတ်... ဗေဒင်ဟောပေးတာ နော်။ ကြုံပျော်မြို့လေး တည်ဆောက်ကြပြီလေ။ မြန်မာပြည်က နေပြည်တော်နဲ့ အပြိုင်ပေါ့။ ကြုံပျော်ဆိုလို့ ...ကျုံပျော်မြို့ကိုပြောတာ ဟုတ်ဘူးနော်။ ကြုံတဲ့နေရာမှာ ပျော်နေတတ်ပြီကို ပြောတာပါ။ တစ်ချို့ပြည်ပရောက် တိုက်ပွဲဝင် ရဲဘော်ဟောင်းတွေ ကျပြန်တော့ လည်းနောက်ပြန်လှည့်ကြည့် ချင်တာတောင် လှည့်ကြည့်စရာ သူတို့မှာ မျက်စိမရှိတော့ဘူး။ မိသားစုစီးပွားရေးတွေနဲ့ တမင်ကိုမျက်စိ အမှောင်ချ ကန်းခံခဲ့ရတာပါ။ သို့သော်သူတို့ မျက်စိမမြင်ရတော့ပေမဲ့ သူတို့စိတ်လေးတွေက အနောက်က ရဲဘော်လေးတွေကို အမြဲသတိရ နေပါတယ်။ သူတို့တွေကတော့လက်ရှိ ကြုံပျော်မြို့ထဲ မဝင်ရသေးဘဲ ပြည်ပရောက် ရွာငယ်လေးတွေမှာဘဲ နေရသေးတယ်။
အဲတာလေးတွေနဲ့ ယှဉ်ပြီးကျွန်မလက်ရှိဖြစ်နေ တာလေးတွေ ရေးကြည့်ချင်တယ်။ မှန်လား မမှန်လားတော့ မသိ။ ဘလော့ဂ် တော်တော်များများမှာ နအဖ စစ်တပ်ထဲမှာ အထက်အရာရှိဗိုလ်နဲ့ အောက်တပ်သား ရဲဘော်လေးတွေ ဘဝက မတူပါဘူးဆိုပြီး ခဏခဏအော်နေတာတွေ တွေ့ရပါတယ်။အဲတာက စစ်တပ်ထဲမှာဘဲ ရှိတာမဟုတ်ပါဘူး။ ကျွန်မတွေးမိတာ ခုလိုနိုင်ငံရေးလုပ်နေသူတွေ ကြားမှာလဲ ဒါလေးတွေ ရှိနေသလိုပါဘဲ။ စစ်တပ်ထဲကဗိုလ်တွေ ဝတ်ကောင်းစားလှနဲ့ ဟင်းခွက်စုံစွာစားနိုင်ပေမဲ့ အောက်ဆင့် တပ်သား ရဲဘော်တွေမှာတော့ သဲဆန်ထမင်းကို စားနေရပါတယ်။ ဒါတွေကကြားရတာ မဆန်းပါဘူး။ ဆန်းတာက နိုင်ငံရေးဆိုပြီး ခေါင်းစဉ်အောက်မှာ အတူလက်တွဲခဲ့တုန်းက ဗိုလ်နဲ့တပ်သားမရှိခဲ့ဘူး။ ညီအစ်ကိုတွေဘဲ ရှိခဲ့တာလေ။ခုတော့ ပြည်ပရောက်နိုင်ငံရေး သမားတွေက ဝတ်ကောင်းစားလှဝတ်ပြီး ဟင်းခွက်စုံစွာစားနိုင်ချိန်မှာ ပြည်တွင်းမှာသာမက အခြေနေအရရကြောင့် လွှတ်ရာပြေးထွက် နေရတဲ့ နိုင်ငံရေးသမားတွေမှာ အခက်အခဲများစွာ ရင်ဆိုင်နေရတယ် ဆိုတာကြားရပါတယ်။ ဒီအကြောင်းရာနဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ကူးမိတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ် ပြောပြချင်ပါတယ်။

ကျွန်မစိတ်ကူးယဉ် ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြမယ်။ ဇာတ်လမ်းဆိုပေမဲ့ တစ်ချိန်ချိန်မှာ တကယ်လို့မပြောနိုင် ဘူးလေ။ တိုက်ပွဲဝင် ရဲဘော်လေးတစ်ယောက် အကြောင်းပါ။ အဲဒီရဲဘော်လေး ဟာတိုက်ပွဲပြီးလို့ စစ်ပြေးဘဝနဲ့ တိုင်းပြည်ကနေဖြစ်သလို ထွက်ပြေး လာခဲ့ရတယ်။ အဲဒီချိန်မှာ မပြေလည်လိုက်တဲ့ ကံတရားကလည်း သူနောက်က လိုက်ပါလာတယ်။ ဒီတော့သူဘဝဟာ လမ်းပျောက် တော့မဲ့ အခြေနေထိ ဖြစ်လာခဲ့တယ်။ ဒီအချိန်မှာ သူသွား သတိရ မိတာက တစ်ချိန်တိုက်ပွဲတုန်းက အတူတွဲလက်တွေနဲ့ ဆင်နွှဲခဲ့တဲ့ သူ့သူငယ်ချင်း ကိုပြေမြင်ယောင် လာမိတယ်။ နောက်ဆုံး ကမ်းမမြင်တဲ့ လမ်းမှာ ခဏတာမှီတွယ်ရာလေး ရခဲ့မယ်ဆိုသူ့ဘဝ အတွက် ရှေဆက်ဘို့ ခွန်အားတွေ အများကြီးရနိုင်လာမယ်ပေါ့။ ဒီတော့ သူစိတ်ကူးအတိုင်း တိုက်ပွဲဝင်ရဲဘော် တစ်ယောက်ရဲ့ လက်ကို သူဖမ်းကိုင်လိုက်တယ်။ အဲဒီအချိန်မှာ သူအရမ်းမှာသွားမှန်း နောင်တ ရသွားတယ်။ ဘာလို့သူနောင်တ ရသွားလဲဆိုတော့ သူလက်ဖမ်း ကိုင်စဉ်သူကို လှမ်းမေးလိုက်တဲ့ မေးခွန်းကမင်းဘယ်သူ လဲတဲ့။ သူကကျွန်တော် တိုက်ပွဲဝင်ရဲဘော် ဘယ်သူပါပေါ့။ ဒီတော့သူကို ဘာပြန်ပြောလိုက်လဲ ဆိုတော့ မင်းကိုငါမသိတဲ့။ ဘယ်လောက် ရင်နာဘို့ကောင်းလဲ။ တိုက်ပွဲတစ်ပွဲထဲ အတူနွှဲခဲ့တာလေ။ ခုတော့ မင်းကိုငါ မသိဆိုတဲ့ အဖြေလောက် စိတ်နာသင့် တာမရှိ။ ဒီလိုနဲ့ လမ်းပျောက်နေတဲ့ရဲဘော်လည်း ဘဝကိုအရှုံးမပေး ဘဲတက်ကျိုးရင် လက်နဲ့လှော်မယ်ဆိုပြီး ဖြစ်တဲ့ဘဝမှာ ဖြစ်သလို ကြိုးစားလာလိုက်တာ ခုဆိုလမ်းမပေါ် ရောက်ဘို့ လမ်းစကို မြင်နေရပါပြီ။
ဒီစိတ်ကူးယဉ် ပုံပြင်လေးနဲ့ပတ်သက်ပြီး အပြင်မှာရော လက်တွေ့ မရှိနိုင်ဘူးလို့ ဘယ်သူအတိကျပြော နိုင်မှာလဲ။ ( ၈၈ ) အရေးခင်းနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေရော ပါဝင်သူတွေရော ပြည်ပမှာတစ်ပုံကြီးမှာ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တုန်းကလည်း အခြေနေပေးလို့ ပြည်ပရောက်လာသူတွေ မနည်းပါ။ ရွှေဝါရောင်တော်လှန်ရေးမှာ မပါဝင်ဘဲ ပြည်ပကိုအကြောင်း မျိုးမျိုးကြောင့် ရောက်လာသူတွေ ရိုက်သတ်မကုန်ပါ။ တကယ်လို့များ နောက်မှာပြေးရင်းနဲ့ကျန်ခဲ့ရတဲ့ စစ်ပြေးရဲဘော်တွေက သင့်လက်ကို လာဖမ်းမယ်ဆို သင်ခုနလိုဘဲ..မင်းဘယ်သူလဲ...မင်းကိုငါမသိလို့ ပြန်ဖြေမှာလား။ ဖြေသင့်သလား။ ဆွဲသူဘက်ကို မျှဝေခံစားပေးပါ။ ကြီးနိုင်ငယ်ညှင်းစနစ်တွေ ပပျောက်အောင်ကျင့်သုံးပါ။ ၂၀၀၇တုန်းက ကျောင်းသားငယ်လေးတွေက (၈၈) ကျောင်းသားကြီးတွေလက်ကို ဆွဲမိရင်လည်း ငါတို့ဟာခရီးတစ်ခုတည်း အတူသွားကြမဲ့ ညီအစ်ကိုတွေဘဲလို့ သဘောထား ဆက်ဆံပေးကြပါ။ ငါတို့က (၈၈)ကလူတွေ ဘဲဆိုပြီး ပါဝါပြအသုံမချပါနဲ့။ နောင်တစ်ချိန်မှာ လူငယ်တွေသာ အားကိုးရာ ဖြစ်လာမှာပါ။ အသက်ဆိုတာ အချိန် အခါနဲ့အမျှ ကြီးလာတာလေ။ အသက်ကြီးလာလေလေ အသိညဏ် တိုးလာလေလေ ဆိုပေမဲ့ ခွန်းအားလျှော့နည်း သွားပြီဆိုတာ တစ်ချက် လေးသတိပြုလိုက်ပါ။ တစ်မြေထဲမှာ တစ်လှေထဲစီးပြီး တစ်ခရီးထဲ အတူသွားမဲ့ ညီအစ်ကိုတွေလို သဘောထားပြီးရှေဆက် သွားရမဲ့ပန်းတိုင်ကို တွဲလက်ညီညီ ဟန်ချက်ပီပီနဲ့ လျှောက်သွား ကြပါ။
တကယ်တော့ ကျွန်မအမြင် နိုင်ငံရေးအကြောင်းပြပြီး ပြည်ပရောက်နေသူတွေသာ နိုင်ငံရေးခေါင်းစဉ်အောက်က မခွဲထွက်ချင်သူတွေပါ။ နိုင်ငံရေးအကြောင်းပြရင် စီးပွားရေးလည်း ခိုင်လာတယ်လေ။ ဒီတော့ နိုင်ငံရေးဆိုတဲ့ ခေါင်စဉ်ကြီး ပျောက်သွားမှာ ကိုတောင်သူတို့ ကြောက်နေပုံရတယ်။ ဒီမိုကရေစီသာရခဲ့မယ်ဆို သူတို့ဒီလို မျောက်ပြဆန်းတောင်းလုပ်ဘို့ အခွင့်ရေး သိပ်မရတော့ ဘူးလေ။ ခုတော့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ဟာ ပြည်ပရောက် စီးပွားရေးသမားတွေ အတွက်ပေါင်းကူး တံတားလေးပါ။ အဲဒီ တံတားလေး ပြိုပျက်သွားမှာကို ဒီလိုလူတွေကနေ့စဉ် စိုးရိမ်မှုတွေ ဖြစ်နေမယ်ဆိုတာ ကျွန်မထင်တယ်။ တကယ်လို့များ ဒီမိုကရေစီဆိုတဲ့ လက်နက်ကြီးကြောင့် ဒီတံလေးပြိုပျက် ပျက်စီးခဲ့မယ်ဆို စစ်မှန်တဲ့လွတ်လပ်မှုကို တောင်းဆိုနေတဲ့ ပြည်တွင်းပြည်ပ မျိုးချစ်ပြည်သူတွေ အားလုံး ဝမ်းသာနိုင်ကြပေမဲ့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်က စီးပွားရေးသမားတွေကတော့ အကြေကွဲဆုံး လူတွေဖြစ်လာမှာပါ။ ဒါတွေဟာ လက်ရှိပြည်ပရောက် နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်က တစ်စိတ်တစ်ပိုင်းလေးကို တွေးမိတွေးရာ ရေးမိရေးရာလေးပါ။ ဆက်ရန်ရှိသေးသည်။ တွေးချင်ရာတွေးပြီး ရေးချင်ရာရေးချမိဦးမည်။
မှတ်ချက်။
ကျွန်မရေးသောပိုစ်သည် သတင်းမီဒီယာ သမားတိုင်းကိုမရည်ရွယ်ပါ။ တိုက်ပွဲဝင်ရဲ့ဘော်စစ်စစ် များကိုလည်း မရည်ရွယ်ပါ။ ဆွမ်းဆန်ထဲက ကြွက်ချေးတစ်ချို့ကို ဆိုလိုရည်ရွယ်ထားပါသည်။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ရည်ညွှန်းပြီးရေးသားထားခြင်း မဟုတ်ပါ။ကျွန်မမှာ ချစ်သူများများမရှိသလို ကျွန်မမုန်းသူလည်း မရှိပါ။ကျွန်မဘလော့မှ ပိုစ်များပြန်လည် မျှဝေဖော်ပြလိုလျှင် စာရေးသူ (အလွမ်းမြို့လေးနှင့် http://alwanmyolay.blogspot.com/ ကျွန်မ၏ လင့်ကိုထည့်ပြီး အသုံးပြုပေးပါ။)
လေးစားစွာဖြင့်
No comments:
Post a Comment