Tuesday 8 March 2011

ကျွန်မတွေးမိတဲ့ အရှက်တရား ၂ မျိုး

      ဒီနေ့ကျွန်မ  အရှက်တရား  အကြောင်းစိတ်ကူးမိတာတွေကို  စိတ်ကူးမိသလောက် ရေးချသွားပါမယ်။ ကျွန်မဒီပိုစ်ကို ဘာလို့ရေးမယ်လို့  စိတ်ကူးမိလဲဆိုတော့ အရှက်တရားနှင့် မိန်းခလေးတွေ အကြောင်းတွေးမိပြီး  ဒီပိုစ်လေးရေးဘို့ စဉ်းစားမိတာပါ။ မိန်းခလေးတွေ ထဲမှာတောင် ကျွန်မကြားဖူးတာ အထူးသဖြင့် မြန်မာမိန်းခလေးတွေ  အရှက်အကြောက်ပိုကြီးတယ် ဆိုတာသိရပါတယ်။ အင်းလေ ခုလက်ရှိ မြင်တွေ့  နေရတဲ့ခေတ်ထဲမှာကော  အဲလိုအရှက်အကြောက်ကြီးတဲ့ မိန်းခလေးတွေ ရှိပါ့ဦးမလားလို့  ကျွန်မကိုယ်တိုင် တွေးမိပါတယ်။ တကယ်တော့ ကျွန်မဟာလည်း  မိန်းခလေးထဲက မိန်းခလေးတစ်ယောက် ပါဘဲ။ လှချင်ပချင်ပေမဲ့ ခုလိုပေါ်ပေါ်  တိုတိုတွေတော့ မဝတ်တတ်ပါဘူး။ အင်းလေ ကျွန်မလို ရုပ်က္ခစိုးမ ကဘဲ အဲဒီလိုအဝတ်တွေနဲ့ မလိုက်လို့လားမသိ။ ဒါပေမဲ့ မဝတ်တတ်တာတော့ အမှန်ပါ။  ဘာလို့လဲဆိုတာကို မသိ။ ခေတ်ကာလာကြောင့်ဘဲလား  ဘာကြောင့်လို့ ပြောလို့ပြော ရမှန်းတောင် မသိတော့ပါ။ ယ္ခုခေတ် မိန်းခလေးများဟာ ဟိုအရင်ကလူကြီးတွေ တင်စားပြောဆိုသလို  အရှက်အကြောက်ကြီးပြီး  ခြေမျက်စိထဘီ ဖုံးမဝတ်တော့ပါ။ မြင်တွေ့နေရတာတွေကတော့ ခေတ်နဲ့အညီ ပေါင်တို ဂျိုင်းပြတ် လေးတွေပါ။  တစ်ခါတစ်ရံ သူတို့ကိုယ်မှာ အဝတ်မှပါရဲ့လားလို့ သေချာကြည့်ရသေး။ မိဘအုပ်ထိန်းသူတွေကိုဘဲ  အပြစ်တင်ရမလား  ခေတ်ကာလကိုဘဲ အပြစ်ပြောရမလား ဘာကိုအပြစ်  ရှာရမှန်းကိုမသိ။   မိဘတွေကိုယ်တိုင်က ကျေနပ်နေကြ  တာလားလို့ဘဲ တစ်ယောက်ထဲ မေးမိတယ်။


အရှက်တရားနဲ့ ပတ်သက်ပြီး  ကျွန်မလူနှစ်မျိုးကို ကြုံတွေ့ရဖူးပါတယ်။ ပထမလူတစ်မျိုး ကတော့အရှက် တရားကို မကြောက်သူများပါ။ နောက်လူတစ်မျိုးကတော့ အရှက်တရားကို ကြောက်သူများပါ။ အရှက်တရား ကိုမကြောက်သူ တွေကတော့ သူတို့ဘာလုပ်လုပ် ပတ်ဝန်ကျင်ကိုသိပ် ဂရုမစိုက်တတ် ကြပါဘူး။ (၁)  အပြောအဆို...(၂) အပြုအမူ...(၃) ဝတ်စားဆင်ယင်မှု့ကို  ကျွန်မမြင်ပါတယ်။ မကြောက်တတ် သူတွေဟာ  ပတ်ဝန်ကျင်မှာ ရှက်သင့်သောစကားတွေကို  မရှက်တတ် မည်သူတစ်ဦး တစ်ယောက်မှသူတို့ ဂရုမစိုက်ဘဲ  ပြုမူပြောဆိုတတ်တယ်။ မဟုတ်မမှန်တာ ကျိုးကြောင်းဆီလျှော်မှု ရှိမရှိသူတို့မတွေး သူတို့ရဲ့ အပြုအမှုအကျင့်စရိုက်အတိုင်း  သူတို့ကျင့်သုံးကြတယ်။ နောက်ပြီး ဝတ်စားဆင်ယင်မှု့ မှာဆို ကျွန်မ ကိုယ်တိုင်က ခေတ်ဆန်တာကို နှစ်သက်မိသူတစ်ယောက်ပါ။ သို့သော် နေရာဒေသ အချိန်အခါ ကိုကြည့်ပြီး ဝတ်စားဆင်ယင် ခေတ်ဆန်သင့်ပါတယ်။ ကိုယ်ကဘယ်လောက် ခေတ်ဆန်တာကို နှစ်သက်ပါစေ ကျွန်မတို့ဟာ မြန်မာလူမျိုးပီပီ မြန်မာ့ယဉ်ကျေးမှု့ကိုတော့  ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်တစ်ယောက်ထဲ  ရှိစဉ်အခါမှာတော့  ကိုယ်နှစ်သက်သလို ဝတ်စားတာ ပိုပြီးသင့်တော်ပါမယ်။  ဥပမာ...  သံဃာများအိမ်ကို ဆွမ်းစားကြွသည့် အချိန် ...ဘုန်းကြီးကျောင်း ဘုရားကျောင်းသို့ သွားသည့်အချိန် လူကြီးမိဘများနဲ့ သွားလာ နေချိန်တွေမှာ ဒီလိုခေတ်ဆန်စွာ ဝတ်စားမှု့ဟာ မြန်မာ့ယဉ်ကျေးမှုအရ အလွန်ရိုင်းတယ်လို့ ကျွန်မထင်မိ တယ်။ အဲလိုနေရာအချိန် ဒေသမှာဆို ကျွန်မတို့ရဲ့ ဒီလိုဝတ်ရတာ အကျင့်ပါနေပြီဆိုတဲ့ (အကျင့်)ကို  အရှက်တရားဆိုတာနဲ့  ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ သူနေရာနှင့်သူ  (ဝတ်ဆင် ..သွားလာ.. ပြောဆို) တတ်ဘို့လိုမယ်လို့ ကျွန်မထင်ပါတယ်။ ဒီအတွေးအခေါ်ကလည်း ကျွန်မတစ်ဦးတည်းရဲ့  အတွေးဖြစ်တာမို့  လူတိုင်းရဲ့စိတ်နဲ့  တိုက်ဆိုင်ချင်မှ  တိုက်ဆိုင်မယ်။ လူတိုင်းလည်း နှစ်သက်ချင်မှ နှစ်သက်မယ်။ သို့သော်  ဒီပိုစ်ဟာ  ကျွန်မတစ်ဦးတည်းရဲ့  အတွေးပါလို့စာဖတ်သူများ  အားလုံးကိုကြိုတင်  ပြောထားပါရစေ။
                               
ကျွန်မတို့ဟာ  မြန်မာပြည်ဖွားတွေပါ။ မွေးကတည်းက ဘာသာတရား ယဉ်ကျေးမှုတွေနဲ့  ကြီးပြင်းလာခဲ့ရတာ တဲ့သူတွေပါ။ မွေးကတည်းက (ဆန်) ထမင်းစားပြီး ကြီးပြင်းခဲ့ရသူတွေပါ။ ဂျုံစားပြီးကြီးပြင်းလာကြတာ မဟုတ်ပါဘူး။ ပြီးတော့ မွေးကတည်းက သာဘဝဒဏ်တွေကို  ခံနိုင်ပြီးသားပါ။ အဲယားကွန်းတို့  အပူပေးစက် တို့နဲ့မှ  နေ့စဉ်ကြီးပြင်း လာသူတွေမဟုတ်။ပြီးတော့ ကြီးပြင်းလာတဲ့ တစ်လျှောက်မှာလဲ လုံလုံခြုံခြုံ လေးတွေနဲ့  ချစ်စရာအမူအယာလေးတွေ  ပိုင်ဆိုင်ထားသူများပါ။ သို့သော် ယ္ခုချိန်မှာတော့ အပေါ် ..အလှန် ..အတို တွေနဲ့ ကာလာစုံတွေမြင်တွေနေရတော့ တစ်ခါတစ်ရံ ကိုယ်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်မိသေး။ ပါးပြင်က သနပ်ခါးအစား ကာလာလေးတွေ အစားထိုးပြီး ခေတ်နဲ့အညီ လှနေအောင် ပြင်ထားလိုက်ကြတာ။ တကယ်တော့ အပုဒ်ကောင်ကို သရုပ်ဆောင်ထားတဲ့ ဒီခန္ဒာကြီးမှာ တော်တန်ယုံ ပြင်ဆင်ထားရင် လုံလောက်ပါပြီ။ ဆယ်ကျော်သက်လေးတွေ ပြင်ဆင်ထားတာ နားလည်ပေးလို့ရပေမဲ့  အသက်အရွယ်လွန်တွေ  အဲလိုပြင်ထားတာတွေမြင်တော့  ကျွန်မရီချင်မိတယ်။ အဓိကလူတွေမေ့နေတာ ပြင်ဆင်ရမှာက လူတွေရဲ့ စိတ်ကိုသာနေ့စဉ် လှသထက်လှအောင် ပြင်ရမှာပါ။ နောက်တစ်ခုက အပြောအဆိုပါ။ ဟုတ်ကဲ့ဆိုတာ ဒီနောက်ပိုင်း သိပ်မကြား ရတော့ဘူး။ ကျွန်မ ကျွန်တော် သုံးရမဲ့နေရတွေမှာလည်း ( I )လာဘာလားဘဲ ..ရှင် နဲ့ ခင်ဗျား  နေရာမှာလည်း  (You ) လား ဘာလားပြောသံတွေ ကြားနေရတယ်။ အင်းလေ အဲတာကလည်း အကျင့်ဘဲနေ မှာပါနော်။ ဒါပေမဲ့ ကျွန်မတို့ငယ်ငယ်က အဲလိုမသုံးနှုန်းဖူးပါဘူး။ ခုခေတ်ခလေးတွေဆီက အဲလိုတွေကြားကြား နေရတော့ ကိုယ်ဘဲနောက်ကျကျန်တာလား  သူတို့ဘဲ ခေတ်ရှေပြေးတာလား မသိတော့။ ဒါပေမဲ့ကြာရင် ပျောက်သွားမဲ့ မိခင်ဘာသာစကားအတွက်  ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပြီးသူတို့ရဲ့ အပြုအမူတွေကို  ကျွန်မမနှစ်သက်ဘူး။ ငယ်ငယ်ကဆို ကျွန်မတို့သင်ခဲ့ရဖူးတယ်။ လူကြီးမိဘဆရာသမား များရှေဖြတ် လျှောက်ရင်  ခေါင်းငုံသွားရမယ် ဆိုတာတွေကိုကျွန်မ ယနေ့တိုင်သတိရသလို ပြုမူဆဲပါ။ ဒါပေမဲ့ဒီလို အပြုအမူတွေကို ခုခေတ်ခလေးတွေမှာ တွေ့ရတာအတော်ကို ရှားသွားပါပြီ။  လူကြီးမိဘရှေလည်း ရိုသေရမှန်းမသိ  ဒီလို ယဉ်ကျေးမှုတွေပျောက်ပြီး  ဘိုလ်ဆန်ဆန်နေထိုင် ဘိုလ်ဆန်ဆန်ပြောဆို တတ်တာတွေ အစားထိုးတတ်လာတာ တစ်ဖက်ကကောင်းသလို မြန်မာယဉ်ကျေးမှု့ ပျောက်သွားမှာ အတွက်ဝမ်းနည်း မိပါတယ်။ အဲတာက အရှက်တရားကို မကြောက်သူများလို့ ကျွန်မတစ်ဦးတည်း အမြင်နဲ့ ပြောဆိုခြင်းပါ။

နောက်လူတစ်မျိုးက အရှက်အကြောက်ကြီးသူ။ အဲလိုလူမျိုးတွေကျပြန်တော့လည်း  နားလည်ရန်ခက်သွား  ပြန်တယ်။ အတွေးအခေါ်ပိုင်း ညံ့ဖျင်းတာလား ဗဟုသုတ အားနည်းတာလားမသိ။ ဒါမှမဟုတ်မျက်လုံး တစ်ဖက်ဘဲမြင် နားတစ်ဖက်ဘဲကြား တဲ့လူတွေလားမသိ။ လက်ရှိကျွန်မအသိ တစ်ယောက်အကြောင်းနဲ့  ပတ်သက်ပြီး တိုက်ဆိုင်လို့ တစ်ခုပြောပြချင်ပါတယ်။ သူဟာအပျိုကြီး  တစ်ယောက်ပါ။ သူမှာဘယ်သူ့ကိုမှ သူမပေးသိခဲ့တဲ့  ရောဂါတစ်ခုရှိခဲ့တယ်။ သူကလွှဲရင် ဘယ်သူမှမသိဘူး။ တစ်နေ့တော့ သူ့ရောဂါအခြေနေက ဆိုးသထက်ပိုဆိုး လာပါတယ်။ အဲတော့မှ သူတစ်ယောက်ထဲ ကြိတ်ခံစားတာ မခံနိုင်တော့လို့ ရင်ဖွင့်ချင်လို့ ကျွန်မကိုပြောပြ ပါတယ်။ သူ့ရောဂါဆိုလို့ ယနေ့ခေတ်စားနေတဲ့ HIV..AIDS ရောဂါမဟုတ်ပါဘူး။ သူခန္ဒာကိုယ်ထဲမှ အစိတ်အပိုင်းတစ်ခု ချို့ယွင်းတာပါ။ ကျွန်မသိပြီးနောက် သူကိုအကြံပေးပါတယ်။ ဆရာဝန် အထူးကုတွေနဲ့ ပြသင့်တယ်။ အဲတာမှ သူမှာဘာရောဂါလဲဆိုတာ သူ သေသေချာချာ သိနိုင်မယ်။ ပြီးတော့ ချက်ချင်းပျောက်အောင် မကုနိုင်ရင်တောင် သူအတွက် လတ်တစ်လော နာကျင်မှုမှကာကွယ်နိုင်ရန်  ဆေးထိုးဆေးသောက် လုပ်သင့်တယ်။ ဆရာဝန်တွေရဲ့ ဆေးညွှန်းအတိုင်းပေါ့။ ကျွန်မကိုယ်တိုင်လည်း  လက်ခံထားပါတယ်။  လူဆိုတာ သေမျိုးချည်းဘဲ။ တစ်နေ့မဟုတ် တစ်နေ့သေကြရမှာဘဲ။ ဒါပေမဲ့ မသေခင်မှာတော့ အသက်ကိုကာကွယ်ဘို့ ဘုရားကညဏ်ပေးထားတယ်။ သူဒီလိုဝေဒနာ ခံစားရတာ သူသိနေတာဘဲ ဘာလို့သူ ဆေးခန်းမပြတာလဲ ဆိုတာ ကျွန်မယနေ့တိုင် တွေးမရဘူး။ သူမှာဒီရောဂါဖြစ်တာ ကြာနေပြီလို့ သူကျွန်မကို ပြောပြတော့ ကျွန်မပိုစိတ်ပူမိပြီး ဆေးခန်းမဖြစ်မနေပြဘို့ အတင်း တိုက်တွန်း ခဲ့တယ်။ သူဆေးခန်းမပြချင်တာ ငွေကြေးအခက်ခဲကြောင့် များလားဆိုပြီး ကျွန်မတွေးမိ တယ်။ အဲတော့ အဲဒီငွေအတွက် ကျွန်မသူငယ်ချင်းတွေနဲ့ ကျွန်မအတူ တတ်နိုင်သလောက် တာဝန်ယူပေးဘို့ ဆုံးဖြတ်လိုက် တယ်။ ကျွန်မတို့အားလုံး တိုင်ပင်လို့အပြီး သူကိုမေးလိုက်တယ်။ နင်ဆေးခန်း ပြမလားဆိုတော့ သူက မပြဘူးတဲ့။ ဘာလို့တုန်းလို့ ကျွန်မလည်း ဂရုဏာဒေါသနဲ့ မေးမိတော့ သူဆေးခန်း ပြရမှာ ( ရှက်) လို့တဲ့။ သူလည်း ဒီရောဂါဖြစ်နေတာ နှစ်အတော်ကြာ နေပြီ ရောဂါလည်း ရင့်လာလောက်ပြီ အဲတော့ ဆေးခန်းမပြဘူး။ သေရင်သေပါစေတဲ့။ ကဲ ..စာဖတ်ပရိတ်သတ်ကြီး သူ့ရဲ့အဖြေကို ဘယ်လိုမြင်လဲ။ ဒါပေမဲ့ ယခုလက်ရှိသူဟာ ကျန်းမာတယ်နေတုန်း ပါဘဲ။ သို့သော်  အဲဒီရောဂါဆိုးကြောင့် သူနာကျင်မှု့ကိုနေ့စဉ် ခံစားပြီး  ငိုကြွေးနေရတယ်။ ကျွန်မသူ့ကို  သနားလည်း သနားတယ်။ သူ့အတွက်လည်း  စိတ်မကောင်း ဖြစ်မိပါတယ်။ အရှက်တရားဆိုတာ  လူတိုင်းမှာ ရှိသင့်တယ်ဆိုတာ မှန်ပေမဲ့ ဒီအရှက်တရားကိုဘဲ ကျွန်မ အသက်နဲ့ငှဲ့ပြီး အမေ ကျွန်မကို မွေးလာခဲ့တယ်။ ဒါကို မိန်းခလေးတိုင်း တစ်နေ့မဟုတ်တစ်နေ့  ကြုံတွေ့ရမဲ့ အရာပါ။ ခုသူ့ရောဂါက ခလေးမွေးတာလောက်မှ မဆိုးတာဘဲ။ သူ အဲလိုရှက်ကြောက်နေမယ်ဆို လက်ရှိ သူအသက်ရှင်နေချိန် တစ်ဝက်ကို သူဆုံးရှုံးရမယ် ဆိုတာ ဧကန်မုချမလွှဲပါ။

သူငယ်ချင်း တစ်ယောက်အနေနဲ့ ကျွန်မတတ်နိုင်သလောက် သူ့ကိုအကြံပေး လမ်းညွှန်ပြပေးခဲ့ပြီလေ။ သူ ကိုယ်တိုင် လိုက်လျှောက်ဘို့သာ အရေးကြီးတာမို့ ယခုချိန်မှာကျွန်မ သူအတွက်ဘာမှ မကူညီပေးနိုင်ခဲ့ပါ။ သို့သော်သူ့အတွက် ဆုတောင်းပေးခြင်းဖြင့်သာ ကျွန်မသတိရ  ပေးနေမိမှာပါ။

ကျွန်မသူငယ်ချင်းနဲ့ ပါတ်သက်ပြီး ကျွန်မပြောချင်တာက အရှက်တရားဆိုတာ လူတိုင်းမှာ ရှိကြပေမဲ့ သူ့နေရာနှင့်သူ အသုံးပြုတတ်ဘို့လိုမယ်လို့  စာဖတ်သူများကို  ကျွန်မအကြံပေးပါရစေ။ အရှက်တရားကို  မကြောက်တတ် သူတွေကလည်း  အထိန်းအကွပ်မဲ့တဲ့အထိ သတိလွှတ်ကြတယ်။ အရှက်တရားကြောက်ပြီး အရှက်ကြီးသူတွေ  ကျပြန်တော့လည်း ကိုယ့်အသက်ကို အရှက်တစ်ခုကြောင့် သတိမဲ့ကြတယ်။    အဲဒီ နှစ်ခုလုံး ကမကောင်းဘူးလို့ ကျွန်မထင်မြင်ယူဆပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့  အရှက်တရားကို နေရာမှန်အသုံးချတတ်ဘို့  လိုအပ်ပါတယ်။ စာဖတ်သူများရော  ဘယ်လိုအကြံမျိုးပေးချင် ပါသလဲ။ စာဖတ်သူများအားလုံး  ပျော်ရွှင်ချမ်းမြေ့ပြီး အစစအရာရာ ဆင်ခြင်တုံတရား ပွားများကြပါစေလို့  ဆုတောင်းမေတ္တာပို့ လိုက်ပါတယ်။




မေတ္တာဖြင့်



No comments: