Thursday 16 June 2011

ကျွန်မ၏ အတွေး

အဓိက.က ကိုယ်ပါပဲ

စေတနာဆိုးနှင့်
ရင်ဆိုင်တိုးသော်လည်း
မိမိဘက်က
နှလုံးသွင်းကောင်းလျှင်
ကုသိုလ်စိတ် ဖြစ်၏ ။

...စေတနာကောင်းနှင့်
အကြောင်းဆုံသည့်တိုင်
မိမိဘက်က
နှလုံးသွင်းညံ့လျှင်
အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည်
သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်ပါ၏ ။

 တောရပျော် မလေးငြိမ်၏ အဆိုအမိန့်။။။
စာမရေးတာလည်းကြာပြီ။ဒီနေ့တော့ ဘာအကြောင်းရေးမယ်လို့ မရည်ရွယ်ထားမိသော်လည်း စိတ်ထဲက ထွက်ပေါ်လာတဲ့ အတွေးခံစားမှုလေးကို ရေးချလိုက်တယ်။ တကယ်တော့ ကုသိုလ်/အကုသိုလ် ဆိုတာ သူတစ်ပါးပေးတာမဟုတ် ကိုယ်ကယူသူဆိုတဲ့ ဒီစာသားလေးနဲ့ ပါတ်သက်ပြီး ကျွန်မရင်ထဲ အတွေးတစ်စတိုး ဝင်ခဲ့တယ်။ဟုတ်ပါတယ်လေ။ တကယ်တော့ ကိုယ်သာလျှင် အဓိကပါ။

ကျွန်မစဉ်းစားမိတယ်။ ကုသိုလ်စမလုပ်မိခဲ့ရင် အကုသိုလ်ဆိုတာချည်းရော နောက်လိုက်ပါနိုင်ပါ့မလား။ ဟိုးအရင် ကျွန်မမမှီလိုက်တဲ့ ခေတ်က ကုသိုလ်နဲ့ အခုခေတ်ကုသိုလ်ရော တူသေးရဲ့လား ဆိုတာကျွန်မမသိပါ။ သေချာတာတစ်ခုက ယ္ခုခေတ်မှာ ကုသိုလ်ပြုခဲ့မယ်ဆိုရင်တောင် အကုသိုလ်က အနောက်ကနေ အလိုလိုလိုက်ပါလာပါတယ်။အဓိက ကပ်ငြိပါလာတဲ့ အကုသိုလ်ကိုသာ ကိုယ်ကမခံယူမိဘို့ ပါဘဲ။

ကျွန်မရဲ့ ခပ်ညံ့ညံ့အတွေးမှာတော့ ကုသိုလ်နောက်မှာ အကုသိုလ်ပါလာတယ်ဆိုတာက ဒီလိုဆိုလိုပါတယ်။ ကိုယ်ကစေတနာ သန့်သန့်နဲ့ ကုသိုလ်ပြုလိုက်ရင်တောင် ဘေးနားကမနာလိုသူတွေ ပြောလာမဲ့ အတင်းအဖျင်းစကားသံတွေ မကြားသလိုတစ်မျိုး ကြားအောင်တစ်ဖုံနဲ့ တွတ်ထိုးသံတွေကို ကိုယ်နားမယောင် မကြားအောင်နေဘို့ ပါဘဲ။ အဓိက စေတနာရှင် နှလုံးသန့်ခဲ့မယ်ဆို ရှေတိုးမဲ့ခရီးမှာ ရဲရင့်မှန်ကန်ဘို့ပါဘဲ။ အကုသိုလ် ဖြစ်အောင်ပြောခဲ့တဲ့ သူတွေနဲ့စကားတွေ ကိုယ်နားယောင်မြင်ကြားခဲ့မယ်ဆိုရင် ကိုယ်စေတနာထား ပြုခဲ့တဲ့ ကုသိုလ်ဟာလည်း အကျိုးယုတ်စေပါတယ်။

ဒါကြောင့် ဒီအပေါ်က ကဗျာလေးနဲ့ပါတ်သက်ပြီး ကျွန်မရင်ထဲက ခံစားချက်ကိုရေးခြစ်လိုက်မိတယ်။ကိုယ့်နောက်ကို ကပ်ငြိလိုက်ပါလာတဲ့ မဟုတ်မမှန်ပြောဆိုတဲ့ အကုသိုလ် အသံတွေကြောင့် သင်လက်ရှိပြုနေသော ကုသိုလ်အား အကုသိုလ် မဖြစ်စေရန် လူတိုင်း -ဘာသာတရားချစ်မြတ်နိုးသူတိုင်း- မေတ္တာတရား လက်ကိုင်ထားသူတိုင်း သတိရှိစွာ စောင့်ထိန်းကြပါလို့ မေတ္တာအရင်းခံ စေတနာထား ဒီစာလေးချရေးလိုက်တယ်။

မေတ္တာဖြင့်
အလွမ်းမြို့

No comments: