Tuesday 19 July 2011

ညီမလေးဖတ်ဖို့

ညီမလေးရေ----- စိတ်ညစ်နေလား။ စိတ်မညစ်နဲ့ လောကမှာ လူရယ်ဖြစ်လာရင် ခံစားမှု့ဆိုတာ လူတိုင်းမှာရှိကြတာဘဲ။ ညီမလေးတစ်ယောက်ထဲ စိတ်ညစ်စရာကြုံနေရတာ မဟုတ်ပါဘူး။ လောကလူသားတိုင်း ကြုံတွေ့နေရပါတယ်။စိတ်ညစ်တာချင်းသာ မတူရင်မတူမှာပါ။

ညီမလေးရေ----- စိတ်ဓါတ်ကျနေလား။ စိတ်ဓါတ်မကျပါနဲ့ ဘဝမှာဒီလိုကြုံတွေ့မှု့က အစဘဲရှိပါသေးတယ်။ အစမှာစိတ်ဓါတ်ကျသွားရင် ညီမလေး ရည်ရွယ်ထားတဲ့ ပန်းတိုင်ဆိုတာ ဘယ်မြင်ရတော့မှာလဲ။ကျနေတဲ့ စိတ်ဓါတ်တွေကို မာနနဲ့ ပြန်ကောက်တင်လိုက်ပါ။

ညီမလေးရေ----- စိတ်ပျက်နေလား။ စိတ်မပျက်လိုက်ပါနဲ့ဦး။ ဒါတွေက အစပထမပါဘဲ။အတူနေရဘို့ ဒို့တွေ ဘယ်လောက်များဝေးရမလဲ သီချင်းလေးတောင် ရှိသေးတာဘဲ ညီမလေး။ ခဏတာဝေးနေရတာက တစ်ဘဝစာ နီးဘို့အတွက်ပါဘဲ။

ညီမလေးရေ----- မျက်ရည်ကျနေလား။ ကျနေတဲ့ မျက်ရည်တွေ သူ့အတွက်ဆိုပြီး မသုတ်ဘဲမနေပါဘဲ။ အမြန်သုတ်ပြီး ပြုံးပြလိုက်ပါ။ညီမလေးမျက်ရည်တွေ မြင်ပြီးသူအမြဲ မျက်ရည်ကျအောင် လုပ်နေမှာစိုးလို့ပါ။

ညီမလေးရေ----- ဝမ်းနည်းနေလား။ ဝမ်းမနည်းပါနဲ့ လောကမှာ ဝမ်းနည်းစရာတွေက တွေးမိတိုင်း နေရာတိုင်မှာ ရှိနေမှာပါ။ဝမ်းနည်းပူဆွေးနေလို့ မနေ့ကအဖြစ်ပျက်တွေက ဒီနေ့ပြန်မဖြစ်လာနိုင်ဘူး။

ညီမလေးရေ----- အထီးကျန်နေလား။ တစ်ယောက်ထဲ ကျန်ခဲ့ရင်တောင် အထီးကျန်တယ်လို့ မခံစားပါနဲ့။ အထီးကျန်နေတာမဟုတ်ပါဘူး တကယ်တော့ တစ်ယောက်ထဲ နေတတ်သွားအောင် ကျင့်နေတာလို့ ခံယူလိုက်ပါ။တကယ်လို့ ကိုယ်ကထားခဲ့ရင်လည်း တစ်နေ့ တစ်ယောက်ထဲ ကျန်ခဲ့မဲ့လမ်းမှာ ကျင့်သားရအောင် သင်ပေးခဲ့တာလို့ ပြောပြခဲ့ပေါ့။

ညီမလေးရေ----- ဆုံးရှုံးမှုတွေများနေလား။ရှာလို့ရမဲ့ သက်မဲ့ပစ္စည်းနဲ့ ကိုယ်တန်ဖိုးထားတဲ့ သက်ရှိပစ္စည်း  ယှဉ်လာခဲ့ရင် ညီမလေးဆုံးရှုံးမှု့တွေက တန်ပါတယ်။ဆုံးရှုံးမှု့အတွက် ခံစားမနေနဲ့နော်။အဓိက ကိုယ်တန်ဖိုးထားတဲ့ သက်ရှိပစ္စည်းလေးကို မဆုံးရှုံးရတာ ညီမလေး ကျေနပ်ပါ။


ညီမလေးရေ လောကမှာ အရှေနဲ့အနောက်- အသွားနဲ့အပြန်- အဖြူနဲ့အမဲ- မနက်နဲ့ည - အဆိုးနဲ့အကောင်း  ဒီလိုဒွန်တွဲ လေးတွေ ရှိနေသလိုဘဲ လတ်တစ်လော ညီမလေးရင်ဆိုင်ကြုံတွေ့  ခံစားနေရတာတွေက ခဏအတွင်းလေးပါဘဲ။ မနက်ပြီးရင် ညလာမယ်ဆိုသလို အဆိုးပြီးရင်လည်း အကောင်းလာတော့မှာပါ။ အဲဒီလတ်တလောကိုတော့ ညီမလေး ခံနိုင်ရည်ရှိအောင် သူ့လက်ကိုတင်းတင်းဆွဲပြီး အားယူထားပေါ့။ ဒီအချိန်မှာ သူ့လက်ကလေးတွေက ညီမလေးအတွက် စိတ်ဓါတ်ခွန်အား အပြည့်ပေးမဲ့ အပြင်းဆုံးစွမ်းအား တစ်ခုပါဘဲ။အပြင်းဆုံးစွမ်းအားနဲ့ ရင်ဆိုင်လိုက်ရင် ညီမလေးလိုချင်တဲ့ ပျော်ရွှင်မှုတွေ မကြာခင်မှာ ရလာမှာပါ။

မောင်လေးရေ..
ညီမလေးလက်ကို   ခိုင်ခိုင်တွဲထားနော်
မောင်လေးရဲ့ လက်မောင်းကိုမှီပြီး
သူ့ကိုခွန်အားနှစ်သိမ့်
မှုတွေပေးလိုက်
ပါနော်
ဘဝ
ဆိုတာဒီလိုပါဘဲ
တူနှစ်ကိုယှဉ်တွဲဆောက်တဲ့အိမ်
ဘယ်သူတွေ ဝင်လာဖြိုဖျက်လဲ အပျက်မခံ
မောင်လေးထိန်းသိမ်းပေးပါ။ညီမလေးက မောင်လေး
အတွက် အကောင်းဆုံးလက်ဆောင်
အလှဆုံး နတ်သမီးလေး
တစ်ပါးပါဘဲ
ဒီသီချင်းလေးကတော့ ညီမလေးနားဆင်ဘို့ပါ။



ခံစားချက်နဲ့ ဘဝတူ ညီမလေးတစ်ယောက်အတွက် ရည်ရွယ်လျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: