Wednesday 31 August 2011

အကြွေး

 အကြွေး


အကြွေး....ဆိုတာ လူတိုင်းမှာရှိကြမှာပါ။ကျမမှာကလည်း အကြွေးတွေနဲ့ကင်းသူ တစ်ယောက်မဟုတ်ပါ။ ဒါပေမဲ့ ကျမစိတ်ရဲ့တွန်းအားပေးမှုကြောင့် အကြွေး ဆိုတာကို ကျမ ကိုယ်နဲ့အတူ စိတ်နဲ့အတူ မသယ်သွားဖြစ်အောင် ကြိုးစားနေပါတယ်။ပြည့်စုံသူတစ်ယောက် မဟုတ်သော်ငြားလည်း ကြိုးစားနေဆဲပါ။  
       အကြွေးဆိုလို့ လူတိုင်း အဓိပ္ပာယ်

အမျိုးမျိုး ဖွင့်ဆိုကြမှာပါ။ငွေသား..ချေးထားလို့ တင်သွားတဲ့ အကြွေး ဆိုတာကလည်း အကြွေး ပါဘဲ။ ဒါပေမဲ့ အဲဒီ အကြွေး ကိုတော့ကိုယ်ကျန်းမာ အသက်ရှင်နေသမျှ ကာလပတ်လုံး အလုပ်လုပ်ပြီး ပြန်လည်ဆပ်လို့ ရပါတယ်။ ဒါပေမဲ့အကြွေး ရှိစဉ်မှာအဲဒီလူကဒီ အကြွေး ပြန်လည်ဆပ်နိုင်ဘို့တွေးရင်း  နေ့စဉ် ပူပန်သောက ဖြစ်နေရမှာ အမှန်ပါ။တစ်နေ့ သို့မဟုတ် တစ်နေ့ ဒီအကြွေးတွေ ကျေအောင်ဆပ်နိုင်မယ်ဆိုတာ သိနေပေမဲ့ သောကနဲ့ အတူ ပူပန်မှု့လေးတော့ အချိန်အတိုင်းတာတစ်ခုထိ ခံစားနေရမှာပါ။ စားဝတ်နေရေး အခက်ခဲကြောင့် အကြွေးတွေ တင်ခဲ့ဖူးပေမဲ့ သံသာရာထိ မပါရအောင် ဒီဘဝမှာဘဲ အလုပ်လုပ်ရင်း အကျေဆပ်လို့ ရချင်ရပါလိမ့်မယ်။ဒါပေမဲ့ သံသရာထိ အကျေမဆပ်နိုင်တဲ့ အကြွေးမျိုးကိုတော့ စာဖတ်သူများကို မသယ်သွားစေချင်သလို မတွယ်ထားစေချင်ပါဘူး။ ဒါကတော့ ကျွန်မ တစ်ယောက်ထဲရဲ့ အတွေးဖြစ်နေမှာပါ။ ကျမ ဆိုလိုတဲ့  နေ့စဉ် အကြွေး  တွေကတော့ ဒေါသ..မောဟ.. အတ္တ.. မာန..အကုသိုလ်..တွေပါဘဲ။ ဒီအကြွေးတွေကလည်း သံသရာထိ သယ်သွားလို့ ရတယ်လေ။ ကိုယ်ကတွယ်တာ နေမယ်ဆိုရင်ပေါ့။ ဒီကြွေးတွေ တင်မိသွားရင် ဆပ်ဖို့အတော် ကြိုးစားရပါမယ်။

တစ်နေ့တာ သွားလာလှုပ်ရှားရင်း ကိုယ်မသိလိုက်ဘဲ အကြွေး  တွေအများကြီး တင်သွားတတ်ပါတယ်။ အဲဒီ အကြွေး  တွေကတော့ ကိုယ်ကိုယ်တိုင် ညိမ်းမှ ငြိမ်း မဲ့အကြွေးတွေပါ။ သတိလေးဆောင်ပြီး ကိုယ် ယူလိုက်မှန်း မသိဘဲ တင်သွားတဲ့ အကြွေး  တွေကို ကိုယ့် ခန္ဒာနဲ့အတူ..စိတ်နဲ့အတူ ပါမလာအောင် သိထား ရှောင်ကျဉ်ရမယ်။ကိုယ်ငွေသား ချေး လို့တင်တဲ့အကြွေးက ကိုယ့်လက်ထဲ ငွေသားရောက်နေတော့ အကြွေး  တင်တာကိုယ် ကိုယ်တိုင်သိနေသလို လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင်ချေးငှားခြင်း မပြုရဘဲ ကိုယ့်ဆီမှာ ပါလာတဲ့အကြွေးကိုတော့ ကိုယ် ကိုယ်တိုင်မသိသလို လက်ခံနိုင်မှာ မဟုတ်ကြပါဘူး။ အဲဒီကိုယ် ကိုယ်တိုင်ချေးငှားခြင်း မပြုဘဲတင်သွားတဲ့ အကြွေးဆိုတာက တစ်နေ့တာရဲ့  ( ဒေါသ... မောဟ... အတ္တ... မာန်မာန... နဲ့ အကုသိုလ် ) တွေပါဘဲ။

ပုထုစဉ်လူသားတွေဘဲ နေ့စဉ်ရုန်းကန်လှုပ်ရှားနေခိုက် သတိမမူမိတဲ့ အကြွေးလေးတွေကို ကျမ အပါအဝင် လူတိုင်း ယူမိမယ် လက်ခံမိကြမှာပါ။ တစ်နေ့တာမှာ ဖြစ်ပျက်သမျှ ကိစ္စအဝဝကြောင့် ဖြစ်လိုက်တဲ့ တခဏတာရဲ့ ဒေါသ...ကိုယ့် ကိုယ်ကိုယ် ချစ်တဲ့ အတ္တ... တစ်ဖက်သူနဲ့အပြိုင် ကြီးပွားချင်တော့ ထားလိုက်မိ တဲ့ တခဏတာ လောဘ... အကြောင်းတစ်စုံတစ်ခုကြောင့် အဆင်မပြေတဲ့အခိုက် စိတ်ထဲက တခဏတာ ဖြစ်ပေါ်လာတတ်တဲ့ မာန...ကိုယ် မသိလိုက်ဘဲပြုလိုက်မိတဲ့ အကုသိုလ်...တွေဟာ ခဏတာ အတွင်းမှာသာ ဖြစ်ပေါ်လာခဲ့ပေမဲ့ ကိုယ့်စိတ်ရဲ့ အတွင်းထိကို လိုက်စားသွားနိုင်ပါတယ်။

အဲတော့ စာဖတ်သူများလည်း တစ်နေ့တာအတွက် ကိုယ် အကြွေး  ဘယ်လောက်တင်ခဲ့ပြီလဲ.. ဘယ် နှစ်ယောက်အပေါ် အကြွေး  တင်ခဲ့ပြီလဲဆိုတော့ ပြန်လည်စဉ်စားကြည့်ပါ။ ဒီ အကြွေး ကကိုယ်က ယူသူဖြစ်သလို ကိုယ်ဘဲ ပြန်ဆပ်ရမှာပါ။အဲဒီ အကြွေးတွေ ရှိနေပြီဆို အရင်ဆုံးပူလောင်မှာလည်း မိမိကိုယ်ပါဘဲ။ ကျမဆိုလိုတဲ့ သူတစ်ပါးပေါ် တင်တယ်ဆိုတဲ့ အကြွေး ဆိုတာကလည်း တစ်ဖက်သားက ကိုယ်တင်လိုက်တဲ့ အကြွေး ကိုသိလိုက်မှာမဟုတ်ပါဘူး။ ကိုယ်ကသာ ပေးသူရော ယူသူရော ဖြစ်တဲ့အတွက် ကိုယ်ဘဲအပူလောင်ကျွမ်း နေမှာပါ။သံသရာထိ ပါမဲ့အကြွေး  မျိုးကိုတော့ ဒီဘဝမှာဘဲ ချန်ထားခဲ့နိုင်ဘို့ ကိုယ်တိုင် စွန့်လွှတ်ရဲရမယ် ကြိုးစားရမယ်။ ကျမလည်း နေ့စဉ် ဒီအကြွေး တွေနဲ့ဝေးအောင် ကင်းအောင်နေနိုင်သူတစ်ယောက် ပြည့်စုံသူတစ်ယောက် မဟုတ်ပေမဲ့ ကြိုးစားနေဆဲပါ။ အကြွေး....ဆိုတာတင်မိပြီဆို ပြန်ဆပ်ကြမှာမှာ ဧကန်မုချ မလွှဲပါ။


မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: