Monday 5 September 2011

..........အလွမ်းလက်ကျန်.....




ကျမရဲ့ မျက်လုံးအိမ်မှ ပုလဲမျက်ရည်လေးတွေ  ပါးပြင်ပေါ် အလိုလိုစီးကျလာတယ်။ လက်ပြနှုတ်ဆက်ပြီး ကျမတစ်ယောက်ထဲ အိမ်ပြန်ရမှာကိုလည်း မလိုချင်ဘူး။ သူ့အနားလေးမှာ အနွံတာခံပြီး နေရလည်းကျမ ပျော်နေသူပါ။ တခဏတာ လမ်းခွဲပြီး ကိုယ်စီအလုပ်ရှိရာကို ထွက်သွားကြတိုင်း ရင်ထဲမှာ အလိုလိုဘဝင်မကျဘဲ မျက်လုံးအိမ်မှ မျက်ရည်မိုး ရွာသွန်းခဲ့သူက ကျမပါဘဲ။ သူလက်ပြနှုတ်ဆက်ပြီး ထွက်သွားတိုင်း သူ့ကျောပြင်ကိုငေးကြည့်ပြီး သက်မဲ့ရုပ်တစ်ရုပ်လို ကျန်နေခဲ့သူက ကျမ ဆိုတာသူ မသိခဲ့ပါ။ တကယ်မသိခဲ့တာလား တမင်မသိအောင်နေခဲ့တာလား ဆိုတာကိုတော့ ကျမ စဉ်းစားမရခဲ့ပါ။

ကျမတို့နှစ်ယောက် ဆုံလိုက်တိုင်း လက်ပြနှုတ်ဆက်ပြီး ထွက်သွားသူက  ကို...ဆိုတဲ့လူတစ်ယောက်ဘဲ။ မျက်ရည်များနဲ့ ကျန်ရစ်လွမ်းခဲ့ဖူးသူကလည်း ကျမဆိုတဲ့ အချစ်ရူးမလေးပေါ့။ အချစ်....ဆိုတာကြီးက ကျမရဲ့ စိတ်တွေရော အသိတွေရော အကုန်ဝါးမျိုးပစ်သလို  စိတ်ရဲ့စေရာကို ဦးစားပေးပြီး အချစ်ဆိုတာတဲ့ အရာတစ်ခုတည်းနဲ့  ကျမ သူ့ကိုချစ်ခဲ့တယ်။ သူ့ရဲ့အကျင့်စရိုက်တွေကို သိနေခဲ့ပေမဲ့လည်း အချစ် ကိုမြင်နေမှ တော့အပြစ်တွေကို ဘယ်မြင်တော့မှာလဲလေ။ သူ...ဘာဘဲလုပ်လုပ် ပြုံးပြုံးကြီးနဲ့ ခွင့်လွှတ်ခဲ့ တယ်။ ကျမတို့ရဲ့ ချစ်သူဘဝဆိုတဲ့ သက်တမ်းတိုတိုလေးမှာတော့ ကျမ အလွန်ပျော်ခဲ့တယ်။ သူ့ စကားသံလေးတွေ သူ့ ပုံရိပ်လေးတွေက ကျမ အတွက်တော့ ပျော်ရွင်မှုတစ်ခု  ကျေနပ်မှုတစ်ခုဖြစ်စေ ခဲ့တယ်။

ဒီလိုနဲ့ချစ်သူဆိုတဲ့ သက်တမ်းလေးက ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေဝေခဲ့သလို တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာခဲ့တယ်။ အဲလိုနှစ်တွေ ကူးပြောင်းလာခဲ့ပေမဲ့လည်း အမြဲတမ်း လက်ပြနှုတ်ဆက်ချိန်  ရောက်တိုင်း မျက်ရည်များနဲ့ ကျန်ခဲ့သူက ကျမ ပါဘဲ။ ကျမနဲ့သူ ဝေးနေရတဲ့ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ အချိန်တွေမှာလည်း သူ့ရဲ့နှစ်သိမ့်အားပေးတတ်တဲ့ စကားသံလေးတွေနဲ့ ကျမကိုကျေနပ်အောင် လေလှိုင်းထဲ ကဖုန်းလေးကနေမှ အမြဲအားပေးစကားဆိုသူကလည်း သူပါဘဲ။ကျမတို့နှစ်ဦးရဲ့ (အချစ် အလွမ်း အဆွေး) တွေကြားထဲ ကျမတို့ဘယ်သူ့ကိုမှ အဝင်မခံခဲ့ပါဘူး။သူကလည်း ကျမကိုအားလုံးထက်ပိုချစ်ပြခဲ့သလို ကျမ ကလည်းသူ့ကို အရာအားလုံးထက် တန်ဖိုးထားခဲ့ပါတယ်။ဒီလိုနဲ့တစ်နေ့.....................

သူငယ်ချင်း မိုး ..ရယ်.. နင့်ရည်းစား (ဘဲဘဲ)ကြီးက နင့်ကိုတကယ်ချစ်တာ ဟုတ်ရဲ့လားကွာလို့ ...ကျောင်းနေဖက်ကျမရဲ့ သူငယ်ချင်း (တွယ်တာ)မှ ဖုန်းဆက်မေးတော့ ကျမစိတ်ထဲ အမှားအမှန် မဝေခွဲတတ်ဘဲ အချစ်စိတ်တစ်ခုထဲနဲ့ ချစ်သူအပေါ်ယုံကြည်မှု့ အမှတ်ပြည့်ပေးခဲ့ပြီး ကျောင်းနေဖက် သူငယ်ချင်း(တွယ်တာ)ကို ဘာ...ဆိုပြီအော်လိုက်ပြီး အပြစ်တင်စကား ဆိုလိုက်မိတယ်။ တွယ်တာကလည်း ကျမကို ငယ်သူငယ်ချင်း သံယောဇဉ်နဲ့ သံယောဇဉ်တွယ်ပြီး ဂရုစိုက်တာကို ကျမဘက်က ချစ်သူအပေါ် အချစ်တွေနဲ့ဖုံးကွယ်နေမိတော့ သူငယ်ချင်းကို အပြစ်တွေဘဲအကြိမ်ကြိမ် အပြစ်မြင်ခဲ့ မိပြန်တယ်။ နောက်ဆုံး သူငယ်ချင်းကလည်း စိုးရိမ်စိတ်နဲ့ သူ့ရဲ့စေတနာကို ရှေတိုးလာတော့ ကျမနဲ့ကျမရဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း(တွယ်တာ)ဟာ အချစ်ဆုံးသူငယ်ချင်း ဘဝကနေမှ ရန်သူတွေလိုစိတ်ထားမိပြီး ကျမအမြင်မကြည်  တွယ်တာ့ကို အမုန်းတွေဝင်လာမိတယ်။

ဒီအချိန်ထိ ကျမ..ကိုကို့... အပေါ်အပြစ်တွေမမြင် ဘဲကြည်ဖြူစွာချစ်နေဆဲပါ။ ကျောင်နေဖက် သူငယ်ချင်းရဲ့ အမေးကိုလည်း ကျမယုံကြည်ထားပြီး ချစ်ခဲ့တဲ့ချစ်သူ ..ကိုကို့...ကိုပြောပြလိုက်တော့ သူက ..သူငယ်ချင်းတွေ မနာလိုလို့ ဖျက်တာနေမှာပါလို့ဘဲ ပြန်ပြောခဲ့တယ်။ ဟုတ်မှာပါလေ..ကိုကိုက ..ကျမနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး တကယ်ချောပြီး ရုပ်ရည်သန့်တဲ့ ယောကျာင်္တစ်ယောက်ပါ။ ကျမက ကံကောင်းလို့ ကိုကိုနဲ့ချစ်သူဖြစ်ခွင့်ရတာလို့ဘဲ စိတ်ထဲကတွေတွေးမိတိုင်း ပျော်နေမိတယ်။ ကိုကို့လို ချောမော ခန့်ညားတဲ့ ယောကျာင်္းတစ်ယောက်ကို မချစ်ဘူးဆိုတဲ့ မိန်းခလေးဆိုတာ ရှိပါ့မလားလို့ ကျမ တစ်ယောက်ထဲတွေးပြီး ကိုကို့ ကိုအမှတ်တွေပေးနေမိတယ်။အင်းလေ အဲဒီအချိန်တုန်းက ကျမ ကိုယ်တိုင်က အချစ်ရဲ့ကျွန်..ဖြစ်နေတာကိုး....

တစ်နေ့ ကျမမထင်မှတ်ဘဲ မြို့ထဲပျင်းပျင်းနဲ့ ဈေဝယ်ထွက်မယ်ဆိုပြီးအရောက် အမှတ်မထင် ကိုကို နဲ့ရုပ်ချင်းဆင်တဲ့ လူတစ်ယောက်ကို အဝေးကနေ မပီမပြင်လှမ်းမြင်လိုက်ရတယ်။ ကျမ စိတ်ထဲမှာတော့ ကိုကို့ ကိုဖြတ်ခနဲ့ ပိုလိုသွားသလိုရမိတယ်။ အလွမ်းဓာတ်ခံရှိနေသူမို့ အမှတ်တမဲ့လေးတွေ မြင်မိတာတောင် စိတ်ထဲကသူ့ကို လွမ်းမိလို့မျက်ရည်ဝဲခဲ့ရတယ်။ ကျမမြင်လိုက်ရသူကတော့ ကျမနဲ့ အတော်အလှမ်းဝေးပြီး မီးပွိုင့်တစ်ခုကို ဖြတ်ကူးသွားပြီမို့ ဘယ်သူဆိုတာ ကျမသေချာမသိခဲ့။ဒါပေမဲ့ ဝတ်စားထားတဲ့ အဝတ်အစားကတော့ ကိုကို ကြိုက်တတ်တဲ့ အကျီရှပ်လက်ရှည်လေးပါဘဲ။ ချက်ချင်းဆိုသလို ကျမ ဖုန်းလေးကောက်နှိပ်ပြီး နေကောင်းလား.. အခုဘယ်ရောက်နေလဲလို့ မေးလိုက်တော့ တစ်ဖက်မှ နေကောင်းပါတယ်။ အလုပ်ထဲမှာမို့ စက်သံတွေနဲ့နာငြီးနေတယ်။ ကိုကို နောက်မှပြန်ခေါ်လိုက် မယ်နော် မိုး.....လို့ပြန်ဖြေလာတော့ ကျမခုနမြင်ခဲ့ရတဲ့ သူကကိုကို မဟုတ်တာသေချာပြီဆိုပြီး သက်ပြင်းချနိုင်ခဲ့တယ်။

ညနေရောက်တော့ သူဖုန်းပြန်ဆက်လာပြီး နေ့ခင်းကသူအလုပ်ထဲရောက်နေလို့ အလုပ်ရှုပ်နေကြောင်း အထက်အရာရှိမှ အဆင်မပြေတာတွေတွေ့လို့ ပွစိပွစိပြောနေလို့ သူ့မှာစိတ်ညစ်ကြောင်း ပြောပြလာတော့ ကျမက သူ့ကို သနားနေမိသေးတယ်။ အဲလိုအလုပ်ရှုပ်ချိန်မှာ ဖုန်းဆက်မိတာ နှောင့်ယှက်သ လိုဖြစ်သွားခဲ့ရင်  ကျမ မှတောင်းပန်ပါတယ်လို့ သူ့ကိုပြောလိုက်မိသေးတယ်။ ဒီလိုနဲ့ချစ်သူနှစ်ဦး ဖုန်းထဲမှ လွမ်းနေကြောင်း သတိရကြောင်း တကယ်ချစ်တယ်ဆိုတဲ့ ဂတိတွေအထပ်ထပ်ပေးပြီး ဖုန်းချဖြစ်ခဲ့တယ်။ ဖုန်းချပြီးမကြာပါဘူး သူငယ်ချင်း တွယ်တာမှ... နင်ဖုန်းကိုခေါ်နေတာကြာပြီ...မအားဘူးဖြစ်နေလို့.. ဘယ်သူနဲ့ပြောနေတာလဲလို့  မးလာတော့ ကျမကလည်း ကိုကိုနဲ့ပါတ်သက်လာရင် အကဲပိုပိုဆိုသူမို့ ထုံးစံအတိုင်း တွယ်တာ့ကိုကြွားလိုက်မိတယ်။ တွယ်တာကလည်း နင်တို့နှစ်ယောက်ရဲ့ အချစ်အကြောင်းကြားရတော့ ငါဝမ်းသာပါတယ်လို့ဘဲပြောပြီး  တွယ်တာက ကျမကိုမဆီမဆိုင် ဒီနေ့နင်ဘယ်တွေ သွားသေးလဲ လို့မေးလာတော့ ကျမလည်းဒီနေ့ မြို့ထဲမထင်မှတ်ဘဲ တစ်ယောက်တည်း ရောက်ခဲ့ကြောင်းနဲ့ ကျမ အမှတ်တမဲ့ ဆုံတွေ့မှု့တစ်ခုကြောင့် ကိုကို့ကို အမှတ်ရသတိရနေကြောင်း ပြောပြလိုက်မိတယ်။

တွယ်တာမှမဟုတ် ကျမရဲ့သူငယ်ချင်းအားလုံးက ကျမ ကိုကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့သိနေတော့ ကျမ အတွက်ကြေကွဲမှုတွေ ဝမ်းနည်းမှုတွေမဖြစ်စေချင်လို့ သူငယ်ချင်းတွေက မြင်ခဲ့ရ ကြုံခဲ့ရတာကိုတောင် ကျမကိုမျက်ရည်မကျစေချင်တဲ့ စေတနာရယ် သူတို့ပြောလည်း ကျမ လက်ခံယုံကြည်မယ်ဆိုတာ မဖြစ်လာနိုင်ဘူးဆိုတာသိနေလို့ ရေငုံနှုတ်ပိတ်ပြီး နေလာကြတော့တယ်။ ဒါပေမဲ့ ကျမရဲကနောက်ကွယ်မှာတော့ သူငယ်ချင်းတွေက ကိုကို့အပေါ် သစ္စာမရှိတဲ့ ယောကျာင်္းလို့ သတ်မှတ်ကြပြီး ကျမအပေါ်လည်း မိုက်မဲတဲ့သူငယ်ချင်းဆိုပြီး ဂရုဏာသက်ဝင်နေကြတယ်။ ဒါတွေကို ကျမ ကမသိခဲ့။ဘယ်သိခဲ့မှာတုန်း ချစ်သူကိုလေးစားပြီး အချစ်တွေနဲ့ဘဲ ချစ်သူအပေါ်ဖုံးထားမိတော့ သူငယ်ချင်းတွေ ဘေးကပြောလာတဲ့ စေတနာစကားလည်း ဆန်ကွဲနဲ့ဖွဲဖြစ်ခဲ့ရတာပေါ့။ အဲဒီတုန်းကတော့ ကျမကိုယ်ကျမ တစ်လောကလုံးမှာ တန်ဖိုးအရှိဆုံး အရာကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ ထင်နေပြီး အချစ်မာန်တိုင် တက်ပြနေခဲ့သူပါ... ။

ဒီလိုနဲ့အချိန်ရဲ့  ရေစီးအတိုင်းမျှောခဲ့ရင်း ကျမစိတ်တွေကအရင်လို မဟုတ်တော့ဘဲ တစ်ရက်ပြီး တစ်ရက် ပျော်ရွှင်မှု့ထက် စိုးရိမ်မှု့ ကြေကွဲမှု ငိုကြွေးမှုတွေကိုသာ ပိုင်ဆိုင်လာတယ်။ ကိုကို ဘက်ကကျမ အပေါ်ဆက်ဆံမှုတွေကတော့ မပြောင်းလဲ။ဒါပေမဲ့ ကျမ မပီမပြင်မြင်ခဲ့ရတာတွေကြောင့် စိုးရိမ်မှု့တွေ ဖြစ်လာခဲ့ရတော့တယ်။ ငါပိုင်ဆိုင် မြတ်နိုး တန်ဖိုးထားတဲ့ အရာလေးကို သူများကိုပေးလိုက်ရ ဆုံးရှုံးလိုက်ရမှာကို အလိုလိုစိုးရိမ်စိတ်တွေ ဝင်လာမိတယ်။ ကျမ ရဲ့စိုးရိမ်မှုတွေက ခုတော့ တကယ်ဘဲဖြစ်လာ ပါရော့လား....



မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: