Saturday 3 September 2011

သံဃာ(၃)ပါးနဲ့ ကျမရဲ့သြဂုတ်လအမှတ်တရ

(၁) ညနေခင်းတစ်ခု ပျင်းပျင်းနဲ့ဂျီမေလ်းလေးဖွင့် မေလ်းလေးစစ်နေတုန်း ကွန်ပျူမှာမှ ချက်တင်အသံ တစ်တုံးတုံး နဲ့ထွက်ပေါ်လာတယ်။ ကျွန်မလည်း ကွန်ပျူတာအနားလာပြီး ဘယ်သူများလဲလို့ ကြည့်လိုက်တော့ ကျမ ကြည်ညိုလေးစားရသော (စစ်ကိုင်းမှ ဦးဇင်းဦးကောလ်ဝိဒ ) ဖြစ်နေတာကို ကျမတွေလိုက်ရတယ်။ ဦးဇင်းကလည်း ကျမကို နေကောင်းကျန်းမာပါသလား  ကျမအမျိုးသား (ဒကာကြီး)ရော ကျန်းမာပါရဲ့လားလို့ မေးလာပါတယ်။ ကျမလည်း နေကောင်းကျန်းမာ ပါကြောင်း ပြန်ပြောလိုက်တယ်။ တစ်ဆက်တည်းမှာ ဦးဇင်းမှ ကျမကို အကူညီတစ်ခုလှမ်းတောင်းပါတယ်။ ဦးဇင်းတောင်းတဲ့ အကူညီ ကျမလည်း အွန်လိုင်းကနေ မလုပ်တတ်ဘူး။ကျမကိုယ်တိုင်က ငတုံးဆိုတော့ ဘယ်လုပ်တတ်မှာလဲ...

အဲတော့ ဦးဇင်းကို ကျမပြန်လျှောက်လိုက်မိတာက ဦးဇင်းအတွက် ဖုန်းအခက်ခဲဖြစ်နေမယ်ဆို ကျမ ဖုန်းအသစ်တစ်လုံးလှူပါမယ်လို့ဘဲ လျှောက်လိုက်ပါတယ်။ကျမမှာရှိတဲ့ဖုန်းတွေကလည်း နိုကီယာတွေဘဲ ဆိုတော့ ဦးဇင်းဘယ်ဖုန်းလိုချင်လဲလို ကျမလျှောက်လိုက်သော်လည်း ဦးဇင်းဦးကောလ်မှ ကျမကို ဘာမှပြန်မပြောဘဲ လိုင်းအောက်သွားပါတယ်။ ကျမလည်း ဦးဇင်းဘာစာမှ ပြန်မရိုက်လို့ မလိုအပ်ဘူးထင်ပြီး နေလိုက်တာ မနက်ရောက်တော့ မေလ်းစစ်ချိန်မှာ ဦးဇင်းမှကျမဆီမေလ်းပို့ ထားပါတယ်။ ဦးဇင်းမှာလည်း ကျမလှူမယ်လျှောက်လိုက်တော့ အားနာလို့ ဘာမှပြန်မပြောတာ ဖြစ်လိမ့်မယ်။ ဦးဇင်းမေလ်း ကို ဖတ်ရတော့ ကျမကိုအားနားမှန် ကျမသိပါတယ်။ ဦးဇင်း မေလ်းထဲမှာ ရေးထားတာက (ဒကာမကြီး တို့မသုံးတော့ဘူး..မလိုအပ်ဘူး ဆိုတဲ့ ဖုန်းအဟောင်းလေးလည်း ရပါတယ်တဲ့။ ဦးဇင်းနေတဲ့မြို့မှာ (ဆိုနီအယ်ရီဇင်) ကလိုင်းဆွဲအားမိကြောင်းလည်း ပြောထားပါတယ်။) ကျမလည်း အိပ်ယာနိုးကာစဆိုတော့ လုပ်စရာရှိတာတွေ လုပ်ပြီး ကွန်ပျူတာရှေထိုင်ပြီး ကျမ အွန်လိုင်းကနေမှာနေကျ ဖုန်းဋ္ဌာနကိုနက်ကနေ ရှာကြည့်တော့ အဆင်ပြေမဲ့ဖုန်းလေး တစ်လုံးကို တွေ့လိုက်ရတယ်။အဲဒီဖုန်းလေးကို ကျမ ကလစ်လုပ်ပြီ အွန်လိုင်းကနေ အော်ဒါမှာလိုက်ပါတယ်။ ကျမ မှာအပိုရှိနေတဲ့ဖုန်းတွေက နိုကီယာတွေဘဲမလို ကျမ အသစ်တစ်လုံး ထပ်မှာပေးလိုက်ရပေမဲ့ ကျမ ပျော်နေပါတယ်။ဦးဇင်းမှာလည်း တကယ်လိုအပ်သလို ကျမလည်း တတ်နိုင်တာလေး ကူညီခွင့်ရလိုက်လို့ပါဘဲ။

ဒီလိုနဲ့ ရက်ပိုင်းအနည်းငယ်မှာ ဖုန်းကျမ မှာတဲ့လိပ်စာအတိုင်း အိမ်ကိုရောက်လာခဲ့ပါတယ်။ကျမလည်း အဲဒီ ဖုန်းလေးပေါ်မှာ စာအနည်းငယ်ရေးပြီး ညနေပိုင်းမှာဘဲ စာတိုက်သွားပြီး (စလုံး )ကိုပို့ပေးခဲ့ပါတယ်။ ပါဆယ်မပို့ခင် ကျမအမျိုးသား ဦးဇင်းဆီဖုန်းဆက်တော့ ကျမ တစ်ခါတည်းမေးခိုင်းတာက ဦးဇင်းမှာ ကင်မရာရော လိုအပ်ပါသလား။ကျမက စုဆောင်းတတ်တဲ့ အကျင့်လေးရှိတော့ ကင်မရာအပိုတွေကလည်း ရှိနေတယ်လေ။ပါဆယ်ပို့ရင်  ပို့ခကုန်ကျတာ နှုန်းကအတူတူဘဲမို့  ဦးဇင်း ကင်မရာလေး လိုအပ်မယ်ဆို ကျမ လှူပေးဘို့လျှောက်ရခြင်းပါ။ ဦးဇင်းမှလည်း ကျမတို့ဇနီးမောင်နှံဆီက တောင်းခံခြင်းမဟုတ်ဘဲ မလိုအပ်လျှင် လှူနိုင်ကြောင်းပြောတော့ ကျမ ပါဆယ်ပုံးထဲ ဖုန်းအသစ်တစ်လုံး ကင်မရာလေးတစ်လုံး နဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်တစ်ချို့  ထည့်ပြီးပို့လိုက်ပါတယ်။

ဦးဇင်းဖုန်းကို စလုံးကနေရန်ကုန်ထိ သယ်ပေးမဲ့ စလုံးလူကြုံက စနေနေ့မှာ ရန်ကုန်ကိုပြန်သွားတယ်။ ကျမ ပို့လိုက်တဲ့ ပါဆယ်က စလုံးမရောက်သေးဘူး။ဖြစ်ချင်တော့ ပါဆယ်က လူကြုံပြန်ပြီး ၂ရက်မှာ ရောက်လာတယ်။ အဲဒီနေ့ကတော့ တနလာင်္နေ့ပေါ့။ ကဲလေ ဒီတော့ကျမလည်း လှူချင်တဲ့ ဆန္ဒတစ်ခုနဲ့ဘဲ တစ်ခုခု စီစဉ်ရပြန်တယ်။ ဒီတော့ (စလုံး)မှာရှိတဲ့ မြန်မာဆိုင်ကနေ ဘဲပို့လိုက်မယ်ဆိုပြီး ကျမ သူငယ်ချင်းကိုဖုန်းဆက်   အကူညီတောင်းလိုက်တယ်။ သူကလည်း နောက်နေ့မှာဘဲ  မြန်မာဆိုင်ကို သွားပို့ပေး ပါတယ်။ ပါဆယ်ပို့တုန်းကတော့ ကျမ စိတ်ခဏတာ ကသိကအောင့် ဖြစ်သွားသေးတယ်။ ပါဆယ်ပို့တဲ့ ဆိုင်ကပါဆယ်ကို တာဝန်အရစစ်ရတာပါ ဆိုပြီး ကျမ ကိုယ်တိုင်မဖောက်ဘဲ လှူချင်တဲ့ ဖုန်းနဲ့ ကင်မရာ ပါကင်ပိတ်အသစ်ကို ဖောက်ချပြီး တစ်ခုစီ ထုတ်စစ်ခဲ့တယ်တဲ့။ သွားပို့ပေးတဲ့ ကူညီတဲ့သူငယ်ချင်းကလည်း ကြားကပို့ပေးရတာမို့ (ဘုန်းကြီးလှူမဲ့ ပစ္စည်းလေးပါ) ဘာမှမပါပါဘူး...ပါကင်အသစ်တွေကိုတော့ မဖောက်ပါနဲ့လို့ တောင်းပန် ပြောတာမရဘဲ ဖောက်ချပြီး အတွင်းက တစ်ခုစီထုတ်စစ်ခဲ့တယ်လို့  ကျမ ကိုချက်ချင်းဖုန်းဆက် အကြောင်းကြားလာပါတယ်။

ကျမ စိတ်ထဲ ပထမတော့ စိတ်ဆိုးသွားတယ်။ ဘာလို့ ပါကင်အသစ်ကို ဖောက်ရတာလဲ။ တာဝန်အရ စစ်တာကို လက်ခံလို့ရပေမဲ့ ပါကင်အသစ်ကို ဖောက်တာတော့ သဘာဝမကျပါဘူး။ (ဖုန်းရဲ့ပုံး အခွံမှာလည်း ဘုန်းကြီးကိုလှူတယ်ဆိုတာ စာရေးထားတာ သူတို့မမြင်တာလား..မထီလေးစား လုပ်လိုက်တာလား ဆိုပြီး ခဏတာစိတ်ဆိုးမိသွားသေးတယ်။ ဒါပေမဲ့ ကျမက ဒေါသအကြွေး..တွေ မသယ်ချင်တာမို့ ခဏချင်းမှာဘဲ မေ့နိုင်အောင် တရားလေးနဲ့ဖြေပြီး မေ့ခဲ့ပါတယ်။ခုတော့ ဒီ အလှူလှူလိုက်တဲ့ ပစ္စည်းလေးတွေက ဦးဇင်းဦးကောလ်ဝိဒ လက်ထဲကို ၂.၉.၂၀၁၁ ရက်နေ့မှာ ကောင်းစွာ ရောက်ရှိသွားပါပြီ။ကျမ အလှူလေးလည်း အထမြောက်သွားပြီပေါ့။ဒါလေးကတော့ ပစ္စည်း အလှူလေးပါ။

ဒီအောက်က ဖုန်းနဲ့ ကင်မရာလေးကတော့ ကျမ တတ်နိုင်တဲ့ဘက်ကနေ ဦးဇင်းဦးကောလ်ကို အလှူပြုခဲ့တဲ့ ဖုန်းနဲ့ကင်မရာလေးပါဘဲ။ တန်ဖိုးမရှိပေမဲ့ ရှိတာလေးတွေ လှူလိုက်ရတော့ ဆုံးရှုံးသွားတယ်လို့ မထင်မိဘဲ ပြန်ရနေတယ် လို့ဘဲ စိတ်ထဲက ထင်နေမိတာကိုး....



 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

(၂) နောက်ထပ် ကျမနဲ့ရင်းနှီးတဲ့ သံဃာတစ်ပါးက ကျမ လေးစာကြည်ညိုရတဲ့ ဒေလီတက္ကသိုလ်မှာ စာသင်ကိုယ်တော် တစ်ပါးပါဘဲ။ ကျမ လည်း စိတ်ထဲမှာ လှူချင်တန်းချင်စိတ်ဘဲ အမြဲပေါ်နေတတ်သူဖြစ်တော့ အွန်လိုင်းကနေ (ဘုန်းဘုန်း)ကို ဘုန်းဘုန်း လိုအပ်တာများရှိရင် တပည့်တော်မ ကိုပြောပါ ဘုရား..တတ်နိုင်တဲ့ဘက်က တပည့်တော်မ လှူပါမယ်လို့ လျှောက်လိုက်မိတော့...(ဘုန်းဘုန်း)က ကျမကိုဒီလို ပြန်လည်ရှင်းပြပါတယ်။ ရဟန်းဆိုတာ လိုချင်တာတွေ မတောင်းရဘူး။ ဒကာ/ဒကာမ တွေအဆင်ပြေ မပြေဆိုတာ မသိနိုင်ဘူးလေ။ တကယ်လို့ ဒကာမကြီး ဆန္ဒရှိလို့ လှူချင်တယ်ဆို အခု ဘုန်းဘုန်းတက်မဲ့ ကျောင်းမှာ ကျောင်းစာအုပ်တွေ ဝယ်ဖို့ရှိတယ်။ ဒကာမကြီး တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါတယ် ဆိုလို့ ကျမ ဝမ်းသာခဲ့ရပြန်တယ်။ တကယ်တော့ ကျမ ဟာလှူနိုင်တန်းနိုင်လောက်အောင် ချမ်းသာနေသူတစ်ဦး မဟုတ်။ သို့သော် လှူဒါန်းနေရတာကို ကျေနပ်နေသူပါ။  ကျမကို တစ်ချို့ကပြောကြတာ စာသင်သား ကိုယ်တော်တွေက အဆင်ပြေကြတယ်။ စာသင်သား ကိုယ်တော်တွေမှာ ဒကာ/ဒကာမ တောင့်တယ်တဲ့ ..ဘာမှပူစရာမလိုဘူး.. အားလုံးအဆင်ပြေတယ်လို့ ပြောဖူးပါတယ်။ ဒါပေမဲ့ ကျမ ကလည်းလူတစ်မျိုး ကိုယ်လေးစားကြည်ညိုတဲ့ (ဘုန်းဘုန်း) ဆိုတော့လည်း ဘယ်လောက်အဆင်ပြေနေပါစေ ကိုယ်က လှူဒါန်းချင်တာကိုး ..ဘယ်လိုဘဲ ဖြစ်ဖြစ် (ဘုန်းဘုန်း) ကလည်း ကျမအလှူကို လက်ခံပေးတယ်ဆိုတော့ ကျမ ကတော့ မဖြစ်မနေ လှူမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ အလှူခံပစ္စည်း ရှိရင်တောင် အလှူခံ မရှိရင်လည်း လှူလို့မရသလို ..စေတနာရှိပြီး ပစ္စည်းမရှိရင် လှူလို့မရပြန်ဘူး - ပစ္စည်းရှိပြီး စေတနာ သဒ္ဒါမရှိလည်း အလှူဟာဖြစ်မလာပါဘူး။ ဒါကြောင့် ကျမ (စလုံး) က သူငယ်ချင်းကို ဖုန်းဆက်ပြောပြလိုက်ပြီး သူကို့ငွေလွှဲခိုင်း လိုက်ပါတယ်။ ကျမနဲ့အတူ အလှူဆိုအမြဲတွဲလက်ညီတဲ့  (စလုံး) မှသူငယ်ချင်းကလည်း (ဒေလီမှ ဘုန်းဘုန်း) အတွက် စလုံးငွေ (၃၀ ) လှူပြီး ကျမမှ စလုံး (၁၅၀) ကိုလှူဒါန်းပေးပို့ခဲ့ပါတယ်။ (ဘုန်းဘုန်း)မှလည်း စေတနာ ဝတ္တုငွေ ( ရူဘီး ၆၃၈၀ ) ကိုလက်ခံရရှိကြောင်းနဲ့ အလှူရှင်တွေရဲ့ အလှူ ကုသိုလ်ရအာင် အကျိုးရှိစွာ အသုံးချမယ်လို့ မေလ်းပြန်ပို့လာတော့ ကျမ ပိုပြီးပီတိဖြစ်ခဲ့ရပါတယ်။ ကျမက ပညာတတ်တစ်ယောက် မဖြစ်ခဲ့လို့ ခုလိုပညာရေး ပါရမီပါပြီး သာသနာအတွက် အကျိုးပြုမဲ့ သံဃာကို လှူဒါန်းခွင့် ရခဲ့လို့ပါဘဲ။

ဒီအောက်က စာလေးကတော့ ဘုန်းဘုန်း ပြန်ပို့လာတဲ့ မေလ်းလေးပါဘဲ။

ဗုဒ္ဓသာသနာတော် အတွက် တတ်စွမ်းတဲ့ ဘက်ကနေ
သာသနာ ပြုပေးတော့ ဘုန်းဘုန်းက သိပ်ကို ကျေးဇူးတင်ပါတယ်။
လှူတယ် ဆိုတာ မိမိမှာ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ အထဲကနေ ပေးရတာကိုး။
တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့တော့ မလွယ်ဘူးပေါ့ကွယ်။
ဒါကြောင့် ဒကာမကြီးတို့ အလှူ ပိုပြီး ကုသိုလ်ရအောင် ဘုန်းဘုန်းက အကျိုးရှိရှိ သုံးစွဲသွားပါမယ်။

ဒကာမကြီးတို့တွေ အစစ အရာရာ အဆင်ပြေပါစေ လို့ တရားထိုင်တိုင်း မေတ္တာပို့ ဆုတောင်းပေးနေပါ့မယ်.....




       
&&&&&&&&&&&&&&&&&&&&&

(၃) နောက်ဆုံး သံဃာတစ်ပါးကတော့ ကျမ ကူညီတာဝန်ယူထားတဲ့ ကျမ ရဲ့မောင်..ဦးဇင်းလေး ဆိုလည်း မမှားပါဘူး.. ခုဦးဇင်းလေးရဲ့ လစဉ်နေထိုင်မှု့ ကုန်ကျစရိတ်နဲ့ အသုံးစရိတ်ဝတ္တုငွေကို ကျမ တာဝန်ယူပေးနေပါတယ်။  အကြောင်းအမျိုး မျိုးကြောင့်ပြည်ပရောက်ကြတဲ့  ဦးဇင်းလေးတွေ ဆိုတော့လည်း ဆွမ်းခံကြွဘို့ဆိုတာ မဖြစ်နိုင်သလို ရပ်တည် နေထိုင်မှုအတွက် အာမခံမရှိရင်လည်း ရပ်တည်မှု့က ဖြစ်လာဘို့အတော် ခဲယဉ်းပါတယ်။ ဦးဇင်းလေးကို ကျမ မောင်အရင်လေးလို သဘောထားပြီး စောင့်ရှောက်ခဲ့ပေမဲ့ ယခုချိန်ထိ ဦးဇင်းလေးနဲ့ ကျမတို့ဇနီးမောင်နှံက အပြင်မှာ ဆုံဖူးကြသူ မဟုတ်ပါ။ အတိတ်ဘဝ ရဲ့ ရေစက်တွေ ကြောင့်ဘဲလား မသိ။ အတိတ်ဘဝရဲ့ ရေစက်ကြောင့်ဘဲ ဖြစ်ဖြစ် ယ္ခုဘဝကြောင့်ဘဲ ဖြစ်ဖြစ် ခုလို တစ်ခါမှအပြင်မှာ လက်စုံမိုးပြီး မဖူးမြင်ရသေးတဲ့ သံဃာတွေဟာ ကျမရဲ့ ရေစက်ပါရမီ တွေပါဘဲ။


၂၀၁၁ ရဲ့ သြဂုတ်လမှာ ကျမ အသိစိတ်ကြောင့် ပြုခဲ့တဲ့ သံဃာ(၃)ပါးနဲ့ ပါတ်သက်တဲ့ ကုသိုလ်လေးပါဘဲ။ တကယ်တော့ ကျမ မှာန့စဉ်ဝင်ငွေ တစ်ပြားတစ်ချပ်မှ မရှိပါ။ သို့သော် ကျမ ရဲ့မနက်ဖြန်အတွက် ကျမ ယခုချိန်ထိ  စိုးရိမ်မှု့မရှိသေးဘဲ လှူချင်သောစိတ်နဲ့ သဒ္ဒါကိုသာ ဦးစားပေးနေသူတစ်ယောက်ပါ။ ဒီထက်မက အကျိုးရှိမဲ့နေရာမှာ ကျမ အလှူအတန်း များများပေးချင်ပါသေးတယ်။ တစ်နေ့ဖြစ်လာ ခဲ့မယ်ဆိုရင်ပေါ့။ ဒီပိုစ်လေးကို စာဖတ်သူ အမြင်မှာ ကျမ လူသိအောင် တမင်ကိုယ့် ကိုယ်ကိုယ် ကြွားရေးတယ်လို့ ထင်ချင်လည်း ထင်မှာပါ။ ဒါပေမဲ့ ဒီလက ကျမ ဒီလို သံဃာ (၃)ပါး တွဲလှူဖူးလို့ ကျမအတွက်အမှတ်တရ အဖြစ်ဒီပိုစ်လေး ရေးရခြင်းပါ။



အားလုံးကိုလေးစားလျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး


1 comment:

ဝါ၀ါခိုင်မင်း said...

သာဓု သာဓု သာဓု ပါ ညီမငယ်..
စေတနာဖြူစင်စွာနဲ့ စိတ်ရှိတိုင်း လှူနိုင်တန်းနိုင်တဲ့သူ ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.

ဦးဇင်းဦးကောဝိဒ တယ်လီဖုန်းလေးနဲ့အတူ အစ်မအတွက် လက်ဆောင်နာရီလေးထည့်ပေးလိုက်တဲ့အတွက် ညီမလေးရဲ့ စေတနာကို တန်ဘိုးထားစွာနဲ့ ကျေးဇူးတင်ရှိနေပါတယ်။

ကျန်းမာ ပျော်ရွှင်နိုင်ပါစေ.

ချစ်ခင်စွာ

အသက် ၁၀ နှစ်ပိုကြီးတဲ့ မမ :)

ဝါ