သူငယ်ချင်းရေ နေ့စဉ်နဲ့အမျှ ဖတ်ရ မြင်ရ ကြားရတာတွေက စိတ်မကောင်းစရာတွေပါဘဲ။
စီးပွားရေးတွေကြောင့် မိသားစု
တော်တော်များများ စားဝတ်နေရေး အတွက် အခက်ခဲတွေနဲ့ ပူပန်သောက ဖြစ်နေရတယ်။ တစ်ချို့ဆို မိသားစု စားဝတ်နေရေး ပြေလည်ဖို့အရေး အသက်ပေးပြီး ဘဝကိုရင်ဆိုင်ရတယ်။ တစ်ချို့ သမီးပျိုတွေကလည်း မိသားစုပြေလည်ဖို့အတွက် တိုင်းတစ်ပါး မှာရောင်းစား ခံရတယ်တဲ့။ တစ်ချို့သမီးပျိုတွေဆို စီးပွားရေးမပြေလည်လို့ ညနက်နက်မှာ ညငှက်ကလေးတွေ ဖြစ်သွားကြရှာတယ်။တစ်ချို့ သမီးပျိုတွေ ကျပြန်တော့လည်း ထောက်ပံ့တဲ ငွေလေးနဲ့ပေးတာယူ ကျွေးတာစား ထားရာနေ ခိုင်းတာလုပ် နေရာ(၂)ဘဝတွေနဲ့ ကျေနပ်နေရသူတွေလည်း ဒုနဲ့ဒေးပါဘဲတဲ့။အဲဒီထဲမှာမှ သူငယ်ချင်းရေ ....
နင့် ဘဝက အေးချမ်းပြီး ပူပန်မှု့ ကင်းမဲ့တယ်။လိုတာရပြီး ဘဝမှာ ကျေနပ်ပျော်ရွှင်နေခွင့်ရတယ်။ သူများတွေ ထမင်းတစ်နပ်စာအတွက် ကြိုးစားရုန်းကန် ပူပန်မှု့ကြီးချိန်မှာ နင်ကတော့ အေးချမ်းစွာ အလှပြင်ဆိုင်သွားပြီး ခေါင်းလျှော်ခွင့်ရတဲ့ နင့်ရဲ့ ပြည့်စုံတဲ့ဘဝလေးကို ငါ မြင်မိတယ်။
တစ်ချို့တွေရဲ့ - တစ်နေ့တာအတွက် ရုန်းကန်ကြရင်း ကားကြပ်ကြပ်ပေါ်မှာ ချွေးသံတွေကြား တိုးဝှေ့သွားလာနေရတဲ့ ဘဝတွေကြားထဲမှာ နင်ကိုယ်တိုင် အကောင်းစား ကားကြီးမောင်းပြီး ရှော့ပင်ထွက်ရတဲ့ဘဝမှာ ဘာလိုအပ်သေးလဲ။
တစ်ချို့တွေဆို - ရွာဦးဘုန်းကြီးကျောင်းရဲ့ အလှူအတွက် မပါဝင်နိုင်လို့ စိတ်ထိခိုက် ကြေကွဲနေသူတွေ အများကြီးထဲမှာမှ နင်ကတော့ ပါတီတွေ တစ်ခုပြီးတစ်ခုပေးပြီး ကခုန်ပျော်ပါးနိုင်တဲ့ နင့်ရဲ့ ဘဝလေးကလည်း ပုထုစဉ်လူသားတိုင်း လိုချင်တဲ့ ဘဝပါဘဲ။
နင်ပြောတဲ့ (ရုပ်ရှင်)- တစ်ချို့တွေမှာ ရုပ်ရှင်ဆိုတာမသိ ၁၉လက်မ TVလေးနဲ့ ဖန်သားမှုန်မှုန်လေးမှာ ရုပ်လေးမြင်ရဖို့အရေး ဝိုင်းဝန်းဆုတောင်း စောင့်စားနေချိန်မှာ နင်ပြောတဲ့ (ရုပ်ရှင်ရုံထဲ ဈေးကြီးကြီး လက်မှတ်ဝယ်ပြီး စားစရာ အစုံအလင်နဲ့ နင်က ကျေနပ်နေနိုင်ခဲ့သူပါ)။
လမ်းပေါ်က ခလေးတွေအများကလည်း ငတ်ပြတ်လို့ လမ်းမှာတောင်းစားချိန်မှာ နင်ကတော့ အပေါင်းအဖော်တွေများနဲ့ ပျော်ပျော်ပါးပါး ဈေးကြီးတဲ့ဆိုင်မှာ စားချင်တာစားနိုင်တယ်။ သုံးချင်သလောက် သုံးနိုင်တဲ့ နင်ရဲ့ကုသိုလ်ထူးကို သတိရမိတယ်။
ကျောင်းဝတ်စုံမတတ်နိုင်လို့ အဝတ်နွမ်းနွမ်းတွေနဲ့ ကျောင်းတက်နေရတဲ့ ခလေးတွေမြင်မိတော့လည်း နင့်အတွက်ဆိုပြီး ဈေးအကြီးဆုံး အလှဆုံးတွေဝယ်ဆင် တစ်ပတ်တာသာဝတ်ပြီး ဘေးပုံချထားတဲ့ နင့်ရဲ့ ကုသိုလ်ကံကိုလည်း ပြေးမြင်မိတယ်။
အင်တာနက်ဆို ဝေလာဝေး ဖုန်းဆိုတာ မြင်ဖူးယုံသာရှိပြီး မကိုင်ဖူးတဲ့ သူများတွေရဲ့ အလယ်မှာ နင်ကတော့ ဖုန်းမျိုးစုံထည်လှဲသုံးပြီး အင်တာနက်မှာ အချိန်ပြည့်နေနိုင်တာကလည်း နင်ရဲ့ လိုတရ ကုသိုလ်ကံ တစ်ခုဘဲပေါ့။
သူများတွေ အငယ်တွေထားတဲ့အချိန်မှာ နင် အားကိုးတဲ့သူက နင်အနား အမြဲလိုရှိ နင်စေရာ သူနေပြီး နင်လိုတာဖြည့်ဆည်း အိမ်ရဲ့စီးပွားကို ကြိုးစားရှာပေးတာလည်း နင်ရဲ့မဟာကံပါဘဲ။
အငယ်အနှောင်းသူမရှာ အိမ်ရဲ့စီးပွားသာ သူကြိုးစားကာ နင်ဘဝလှပစေဖို့ သူအမြဲတွေးကာပေးပြီး နင် ပျော်ရွှင်အောင်ထား နင် အရိပ်အေးအေးရစေဘို့ သူ မောပန်းနေတာတောင် နင့်အပြုံးတွေနဲ့ သူ ကျေနပ်နေခဲ့သူ အိမ်ဦးနတ်မျိုး နင် ပိုင်ဆိုင်ထားတာ နင့်အတွက် တန်ဖိုးမဖြတ်နိုင်စရာပေါ့။
အားလုံးထက် နင် ကံကောင်းတယ် သူငယ်ချင်း။ နင့်ရဲ့ ပြည့်စုံနေတဲ့ ဘဝလေးအတွက် ငါ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းရယ် နင် မေ့နေတာလေးတွေ ငါပြောပြမယ်။ဒီဘဝမှာဘဲ ကုသိုလ်ကံ ကောင်းနေလို့ ကျေနပ်နေလို့ မပြီးသေးဘူး။ ခုဘဝကောင်းမှ နောင်ဘဝကောင်းမှာမို့ သံသရာအတွက် နင်ဘာ လုပ်ခဲ့ပြီးပြီလဲ။ ကုသိုလ်တရား ရှားပါးပြီး အကုသိုလ်တွေ ပေါများနေတဲ့ ဒီခေတ်ကြီးမှာ ပြည့်စုံနေတဲ့နင် ပြည့်စုံခြင်းတွေ ပိတ်မှောင်ပြီး မျက်စိကွယ် သွားမှာငါစိုးမိတယ်။
ပြည့်စုံသူတွေလက်ထဲက လွှတ်ကျသွားတဲ့ အသားတုံးလေးဟာ အဖိုးမတန် နှမြှောစရာ မဟုတ်ပေမဲ့ ဆင်းရဲ့ချို့တဲ့သူတွေ အတွက်တော့ စားခွင့်ရတာက အား ဖြစ်စေပါတယ် သူငယ်ချင်း။
မှတ်ချက်- စာမရေးတာကြာပြီမို့ ဘာရေးရမှန်းမသိ ခုတလော အာရုံတွေကလည်း စုစည်းလို့မရ စာရေးမရ ဖြစ်နေတယ်။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်အကြောင်း အခြေခံထားပြီး စိတ်ထဲရှိတာလေး ချရေးလိုက်တယ်။ လာလည်သူတွေအတွက် အဟာရ မဖြစ်ခဲ့ရင်တောင် (ပိုစ့်သစ်)တင်ထားတယ် ဆိုတာလေး မြင်ခွင့် ပေးချင်လို့ပါ။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
12 comments:
အားပေးသွားပါတယ်မမ
မကြီးလွမ်း ..
မှန်တယ် အမ၊ ထရီဆာလည်း အရင်တုန်းကဆို ညီမတွေ၊ သူငယ်ချင်းတွေနဲ့ လှည်းတန်း၊ ကန်ဘောင်မှာ သွားသွားစားတယ်၊ အ၀တ်အစားဆိုလဲ အဲ့လိုပဲ ..
နောက်ပိုင်းကျတော့ ထရီဆာ သိလာတယ် ..မြင်လာတယ် .. အဲ့တော့ မသုံးချင်တော့ဘူး .. မကြီးလွမ်းအပေါ်မှာ ရေးသားခဲ့သလိုပဲ မျက်စိထဲမှာ မြင်မိနေတော့ မလုပ်ရက်တော့ဘူး ..
ရင်ထဲကို ထိသွားတယ် မကြီးလွမ်း ...
အလွမ်းရဲ့ သူငယ်ချင်းအကြောင်းကို
အလွမ်းသူငယ်ချင်းက ခံစားသွားပါတယ်
ရေးထားတာလေးကောင်းပါတယ်။ ခံစားသွားတယ် မကြီးလွမ်း။
သတိပြုမိစရာလေးတွေ ရေးထားတာ အရမ်းကောင်းတယ် မမ
အကုသိုလ်ကံနဲ့ ကုသိုလ်ကံကြောင့် မကောင်းကံနဲ့ ကောင်းတဲ့ကံကို သံသရာမှာ ကျင်လည်နေသမျှတော့ ခံစားစံစားနေကြရမှာပါပဲ.. ဒီဘ၀မှာ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခကို ခံစားနေရရင်လည်း ၀ဋ်ကျွေးလို့သဘောထားပြီး ဘ၀ကိုအရိုးသားဆုံးနည်းနဲ့ ကြိုးစားနေထိုင်မယ်ဆိုရင် သံသရာမှာ အနည်းဆုံးတော့ စိတ်ချမ်းသာရမှာပါ...
ခင်တဲ့
လေပြေ
ပို့စ် အသစ်လေးအားပေးသွားတယ် အလွမ်းရေ
အလွမ်းကရေးတတ်လိုက်တာ
ပတ်ဝန်းကျင်ရဲ့ မြင်ကွင်းတချို့လဲဒီလိုရှိတယ်
မဂျက်ကမရေးတတ်လို့
အာရုံတွေ စုစည်းပြီး စာများများရေးနော်
စာထဲစိတ်ရောက်သွားရင် လက်ရှိခံစားနေရတဲ့ကိစ္စ
တွေသက်သာစေတယ်
မိုးသူ ရဲ့ သူငယ်ချင်းတွေထဲမှာလဲ
အဲလိုသူငယ်ချင်းရှိတယ်မကြီးလွမ်း
ပြောရရင်ရေပေါ်ဆီပေါ့နော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
တကယ်ကောင်းတဲ့ ပိုစ့်လေးပါ...
သူငယ်ချင်းကောင်းတယောက်ရဲ့ စိုးရိမ်စိတ်လေးပေါ့...
အနှစ်သာရနဲ့ ပြည့်စုံတယ် မကြီးလွမ်း
အရေးအသားတွေက ကောင်းလှချည်လား
နူးညံ့တဲ့ ပိုစ့်လေးတစ်ခုပါပဲ
အားပေးခံစား သွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
အဟောင်းစားနေတာပါလို့...၀ိသာခါကျောင်းအမကြီးက သူ့ယောက္ခထီး သူဋ္ဌေးကိုပြောသလိုပေါ့ဗျာ။
အရင်ဘ၀ကပြုခဲ့ဖူးတဲ့ ကုသိုလ်များကြောင့်ယခုဘ၀မှာ ကောင်းတာတွေဝတ်၊ ကောင်းတာတွေစား ဘ၀နဲ့ပဲ ကျေနပ်နေကြသူတွေအများကြီးပါပဲဗျာ။
မုဒိတာပွားကြတာပေါ့ဗျာ.ဟုတ်ဖူးလား...:)
Post a Comment