Sunday 27 January 2013

@@@ ငို @@@

ဓါတ်ပုံကို ဂိုဂယ်မှ ကူးယူပါသည်။

မနေ့က  စနေနေ့  ဇန်နဝါရီ ၂၆ရက်  အမေများနေ့တဲ့။ အမေများနေ့လေးမှာ ဘလော့မောင်နှမတွေရဲ့ ဘလော့တွေမှာ မိဘကျေးဇူး မိဘဂုဏ်ရည် ကဗျာတွေပိုစ့်တွေတင်ကြ ကျေးဇူးစကားဆိုကြ လွမ်းမောတာတွေ တမ်းတတာတွေ ရင်ဖွင့်ကြတယ်။ ထိုအထဲမှာ ကျမ အလွမ်းမြို့လည်း  စာတိုတိုလေး တစ်ကြောင်းရေးမိတယ်။
  
 ^^^^^^^ အမေ ...လွမ်းတာထက်ပိုတာများရှိရင် ပြောချင်တယ်လို့ ^^^^^^

 မဆီမဆိုင် ၂၇ရက်မနက်စောစော  အိမ်မက်မက်တယ်။အဟီး...လူတိုင်းကတော့ အမျိုးမျိုးသော အိမ်မက်ကိုမက်ကြမယ်။ အိမ်မက်ဆိုတာ တစ်ချို့ကစွဲလန်းမှု့....တစ်ချို့က  နိမိတ်ပြ.....တစ်ချို့က မသိစိတ်ကြောင့်  အမျိုးမျိုး  အဓိပ္ပါယ်ဖွဲ့  ခံယူတတ်ကြပါတယ်။

ဒါပေမဲ့ ကျမအတွက်တော့ ဆိုးလိုက်တဲ့ အိမ်မက်။ အမေများနေ့ကျမှ  မနက်စောစောပိုင်းမှ မက်လိုက်တာ ဘယ်အငြိုးရယ်ကြောင့်မသိ။ အိမ်မက်ထဲမှာ အမေက ကျမကို မောင်နှမတွေထဲ မချစ်သလိုအမြင်နဲ့  ကျမ ဘာလုပ်လုပ်  အပြစ်မြင်ပြောဆိုခဲ့ပြီး  ကျမ ထမင်းစားနေချိန်တောင် အမေက  အပြစ်တင်ခဲ့လို့ ထမင်းပန်းကန်လေးကိုင်ပြီး  တစ်ယောက်ထဲ သီးခြားစားပွဲမှာ  မျက်ရည်တွေနဲ့ ထမင်းစားနေရတယ်။အမေနဲ့ ကျမမောင်နှမတို့ ရောက်လာစားချိန်မှာ ကျမ စားလက်စ စားပွဲကနေ ဖယ်ပေးလိုက်ရတယ်။ကျမမှာ ငိုယိုပြီးအမေ့ကို တောင်းပန်လည်း  အမေက  ကျမကိုအပြစ်ပြောတာ မရပ်ဘဲ ကျန်တဲ့မောင်နှမတွေနဲ့ မိသားစုထမင်းဝိုင်းမှာ  စားသောက်ရင် ပျော်နေတယ်။ ကျမ စားပွဲဘက်လည်း လှည့်ကြည့်ပြီး အပြစ်တွေဆက်တိုက်ပြော  ဆူပူနေတယ်။ ကျမလေ  မိသားစုထမင်းဝိုင်းလေးမှာ  အတူမစားရလို့  ဝမ်းနည်းပြီးငိုနေလိုက်တာ ကျမ မျက်ရည်တွေကို ကျမအိမ်မက်ထဲ ကျမပြန်မြင်နေရပါလား.......

အမေဆိုတာ သားသမီးတိုင်းကို  တန်းတူချစ်တယ်ဆိုတာ  မှန်ပေမဲ့.....တကယ့်လက်တွေ့ဘဝမှာ  ကျမဟာ မိသားစု  ...မောင်နှမ  မေတ္တာငတ်နေသူပါ။ သူတို့ရဲ့  မမုန်းသော်လည်း  မချိုမြိန်သော  ဆက်ဆံမှု့တွေကြောင့်  ကျမ  ရင်ဘတ်ထဲနာကျင်စွာ  ခံစားရသလို  အိမ်မက်ထဲကလိုလည်း  အပြင်မှာ ခဏခဏ  ငိုရခဲ့ဖူးတယ်။ ကျမရဲ့  လက်တွေ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ဘဝမှာဘဲ  ငိုနေရတာ  အားမရလို့ အိမ်မက်ထဲထိပါ  ငိုခဲ့ရသူပါ.....

ဒါလေးကတော့  အမေများနေ့က  ကျမရဲ့  ခံစားမှု့  ပိုစ့်   အမှတ်တရပါဘဲ။

အန်တီဒေါ်မာမာအေးရဲ့  သီချင်းလေးကို  သတိတရ  ဆိုလိုက်တယ်။ .ဖြစ်လေရာ  ဘဝတိုင်းမှာ ဘယ်သောခါမှ  ကိုယ်ကချစ်ရတဲ့သူ  မဖြစ်လိုပါ...........
အန်တီမာမာအေး သီချင်းက  ချစ်သူတွေအတွက်ဆိုပေမဲ့  ကျမအတွက်ကတော့  မိဘ မောင်နှမ  ဆွေမျိုး ခင်မင်ရင်းနှီးသူ စဆုံး  ချစ်သူကြား   ခံယူထားပါသည်။

ကျမ  ဒီပိုစ့်လေးက  ဘာမှမဟုတ်ပါဘူး။ အမေများနေ့မှာ ကျမမက်ခဲ့တဲ့  ဆိုးလိုက်တဲ့  အိမ်မက်ကြောင့် စိတ်ထဲရေးချင်တာလေး ရေးဖြစ်လိုက်ယုံပါဘဲ။ စာဖတ်သူများအတွက်  အကျိုးမရှိသော်လည်း ကျမ၏ စိတ်ခံစားမှု့အပေါ်  နားလည်ပေးနိုင်ကြမယ်လို့  ယုံကြည်ပါတယ်။


စာဖတ်သူများအားအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

14 comments:

Yoemyaykya said...

ဖတ်ပြီးတော့ စိတ်မကောင်းဘူးမကြီး။ အမြဲပျော်ရွှင်နိုင်ပါစေ။

စံပယ်ချို said...

အလွမ်းရေ
ဖတ်ပြီးစိတ်ထဲမကောင်းဖြစ်မိတယ်
အိပ်မက်ကိုပြောင်းပြန်ယူလိုက်ပါလားနော်
တချို့ အဖြစ်အပျက်တွေက ပြောင်းပြန်ယူရတယ်လေ

Anonymous said...

မကြီးလွမ်းရေ .. Aja Aja FIGHTING !!! :) :)

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်မရေ...မကြီးဂျက်ပြောသလို
ပြောင်းပြန်ပဲယူလိုက်ပါနော် မရဲ့အိပ်မက်ကိုလေ....
မက အဲလိုရေးထားတော့ ညလေးတကယ်ပဲ
စိတ်မကောင်းဖြစ်မိတယ်မ....ညလေးဘာလုပ်ပေးရမလဲ
ဘာမှလဲလုပ်ပေးလို့မရတော့ ပျော်အောင်နေပါမရယ်..
အိပ်မက်ဆိုတာ ဘာမှမဟုတ်ပါဘူးးးး
အဲလိုပဲတွေးလိုက်နော် မ :)))
ချစ်တဲ့.....မိုးနတ်

Candy said...

မကြီးလွမ်းခံစားချက်ကို အပြည့်အ၀နားလည်ပါတယ်။ ငိုနဲ့ တိတ်တိတ် :D

Han Kyi said...

မိသားစုဆိုတာ သည်လိုပါပဲလေ...နီးတကျက်ကျက် ဝေးတသက်သက်ဆိုတာလည်း ရှိသားပဲကိုး...

ဦးဟန်ကြည်ခပ်ငယ်ငယ်ကဆို ဖေဖေ့ကို နည်းနည်းမှ မချစ်တာ...ဖေဖေကလည်း ဦးဟန်ကြည်ကို တစ်ခါမှကို အကောင်းမမြင်ခဲ့ဘူးထင်ပါရဲ့...နောက်မှ စာတွေဖတ်ရင်း သြော်...သားဦးယောက်ျားလေးနဲ့ အဖေဆိုတာ အမေ့မေတ္တာ၊ ဇနီးမေတ္တာကို လုကြရတာကိုးလို့ သဘောပေါက်လာတာ...မေမေက တသားတည်းသားနေတော့ ဖေဖေ့ခမျာမှာလည်း စိုးရိမ်မှာကိုး...

အသက်အရွယ်ရလာတော့လည်း ဖေဖေက သူ့သားတော်မောင်ကို ချစ်လိုက်သမှ တုန်လို့...ဖုန်းခဏခဏဆက် နေကောင်းလားမေးလိုက်နဲ့...

အနှီတော့ မချစ်ဘူးလို့တော့ မထင်လိုက်ပါနဲ့ ကျောင်းအမရယ်...အချစ်ကို မပြတတ်တာပဲ ဖြစ်ပါလိမ့်မယ်...ဟုတ်ပြီလား...

အိပ်မက်ကောင်းကင် said...

မကြီးလွမ်းရေ စာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်
အခုလိုရေးထားတော့ လည်းအမေများနေ့အတွက် ပိုပြီး
အမှတ်ရစေသွားတာပေါ့
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

လေပြေချို said...

စိတ်မကောင်းဖြစ်မိပါတယ်လွမ်းရယ် ဒါပေမယ့် အိမ်မက်ဆိုတာ ပြောင်းပြန်ယူရတယ်လို့ ကြားဖူးတော့ အဲ့နေ့မှာ လွမ်းမေမေက လွမ်းကို သတိတရရှိနေလို့ အဲ့လိုအိမ်မက်မျိုးမက်တာနေမှာပါ သားအမိဆိုတာ စိတ်ချင်းလည်းနီးစပ်တယ်လေ... လွမ်းလေး ပျော်ရွှင်ပါစေနော် :)
ချစ်တဲ့
လေပြေ

လရိပ်အိမ် said...

မကောင်းတဲ့အိပ်မက်ဟာ မစံပယ်ပြောသလို ပြောင်းပြန်ယူ။
ဒါမှမဟုတ် မကောင်းတဲ့အိပ်မက်ကို အစာစားတဲ့အချိန်မှာပြောရတယ်တဲ့။ ပြောမဲ့လူကော ၊ နားထောင်မဲ့လူကော အစာစားရမယ်တဲ့။ အမေပြောတာ။

Anonymous said...

ငိုချင်စရာတွေပျောက်ပီး ပျော်စရာတွေပဲတွေ့ကြုံရပါစေ ချစ်မ

~ Kk ~

Anonymous said...

ငိုချင်စရာတွေ ပျောက်ပီး ပျော်စရာတွေပဲ တွေ့ကြုံရပါစေနော ချစ်မ

~ Kk ~

လေပြေချို said...

လွမ်းရေ... အိမ်မက်ကြောင့်စိတ်မကောင်းမဖြစ်နဲ့နော်... အိမ်မက်ဆိုတာ ပြောင်းပြန်ယူရတယ်လို့ ကြားဖူးတယ်... သားအမိဆိုတာ ဘယ်လောက်ဝေးဝေး စိတ်ချင်းကနီးစပ်နေတယ်တဲ့လေ... လွမ်းမေမေလဲ လွမ်းကိုသတိရနေလို့ ခုလိုမျိုးမက်တာနေမှာပေါ့... လွမ်းလေး ပျော်ရွှင်ပါစေနော်:)

မိုးညချမ်း said...

မမရယ် ... ဖတ်ပြီး ရင်ထဲအတော်မကောင်းဖြစ်သွားတယ် ... ခေါင်းစဉ်မြင်ကတည်းက "ငို" ဆိုလို့ စိတ်ပူသွားတာ ပိုစ့်လည်းဖတ်ပြီးရော ညလေးတစ်ကယ် ငိုချင်သွားတယ် ... စိတ်မကောင်းမဖြစ်ပါနဲ့ မမရယ် ... အိပ်မက်ဟာ အိပ်မက်လို့ပဲ သဘောထားနော် ... မမမိုးနတ်နဲ့ မမဂျက်တို့ပြောသလို ပြောင်းပြန်သာယူပစ်လိုက် ...

ဖြိုးဇာနည် said...

မကြီးလွမ်းရေ စာလေးဖတ်ပြီးစိတ်ထဲမှာတမျိုးလေးခံစားလိုက်ရတယ်