Wednesday 13 February 2013

အလှူမှတ်တမ်းလေးနှင့် ကျမတွေးမိတာလေးများ

အားလုံးဘဲ  မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ပိုစ့်တွေလည်းမတင် စာတွေလည်းမရေးဖြစ်တာ ကြာခဲ့ပါပြီ။ဒါပေမဲ့ စိတ်ထဲကရေးချင်တဲ့ အကြောင်းရာလေးကတော့ ဖြစ်တည်နေတာ ကြာခဲ့ပါပြီ။ ဒီနေ့မှဘဲ ရေးဖြစ်တော့တယ်။စဉ်းစားမိတာလေး စိတ်ကူးမိတာလေး တွေးတောမိတာလေးတွေပေါ့။ ကျမ ရေးချင်တာက  အပြန်အလှန်လေးစားမှု့လေးနဲ့  ပါတ်သက်တယ်လို့  ကျမထင်တာဘဲ။

ကျမဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပါ။ခုလိုပြောလို့လည်း ဘာသာရေးတိုက်ခိုက်တဲ့ ပိုစ့်လို့ မသတ်မှတ်စေချင်ပါဘူး။ကျမ တွေးမိတာလေးတွေကို စိတ်ထဲဖြစ်တည်သလို ရေးလိုက်တာပါ။ခုလို ကျမ ခရစ်ယာန်ဘာသာဝင်လို့  ထည့်ရေးရတယ်ဆိုတာကလည်း ဒီပိုစ့်လေးနဲ့ ပါတ်သက်မယ် လိုအပ်မယ် ထင်လို့ ဖော်ပြရေးသားရခြင်းပါဘဲ။

ကျမတို့မြန်မာပြည်ကြီးမှာ တစ်မြေထဲနေ တစ်ရေထဲသောက်ပြီး ဒီလေငွေ့ကိုအတူရှူ အတူကြီးပြင်းလာကြတဲ့ လူတွေကြားမှာ ခုလိုအသွင်မတူကြတာတွေ အများကြီးကွဲပြားနေတယ်လို့  ကျမထင်ပါတယ်။ ထို့အထဲမှာမှ အရမ်းချမ်းသာသူတွေရှိသလို သာမာန် လူတန်းစားတွေလည်းရှိတယ်။ တစ်ချို့ဆိုလည်း အရမ်း ဆင်းရဲကြတယ်။

တစ်ချို့ကလည်း ရုပ်ရည်ပိုင်းဆိုင်ရာ ချစ်စရာကောင်းပြီး ချောမောသူတွေရှိသလို သာမာန်ရွက်ကြမ်းရေကျိုလေးလည်း ရှိကြပါတယ်။ထို့အထဲမှာမှ ကျမလို  ရုပ်ခပ်ဆိုးဆိုးတွေလည်း ရှိကြမှာပါ။တစ်ချို့ကလည်း  တက္ကသိုလ်ဘွဲ့ရ တက္ကသိုလ်စာတတ် ဒီဂရီ ဒီပလိုမာတွေ  အများကြီးရ သူတွေရှိသလို သာမာန် အတန်းပညာအရည်းချင်းလေးနဲ့ မိသားစုအတွက်... ဘဝအတွက်... ရပ်တည်ရတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ထို့အထဲမှာမှ ကျမလို့ အတိတ်ဘဝကံကြောင့် အတန်းပညာမပြည့်စုံသူတွေလည်း ရှိကြမယ်လို့ ထင်ပါတယ်။

တစ်ချို့ကလည်း  ရာထူး နာမည် ဂုဏ်ဒြပ်တွေ တံဆိပ်တွေ  အမျိုးမျိုးနဲ့ ပြည့်စုံကြသလို  သာမာန်နေ့စဉ်ကျင်လည်ရတဲ့ ဘဝအတွက် ရပ်တည်ကြသူတွေလည်း အများကြီးရှိကြပါတယ်။ ထို့အထဲမှာမှ တစ်နေ့စာ ဝမ်းရေးအတွက် အသက်နဲ့လဲ ဘဝနဲ့ ဂုဏ်သိက္ခာနဲ့ ရင်းကြရတဲ့သူတွေလည်း ရှိကြမှာပါ။တစ်မြေထဲနေကြပေမဲ့ တစ်ချို့က  ကရင် တစ်ချို့က  ကချင် တစ်ချို့က ရခိုင် တစ်ချို့ကရှမ်းဆိုတဲ့ လူမျိုးစုလေးတွေ ကွဲပြားကြတာကိုလည်း တွေ့ရပါတယ်။ထိုကဲ့သို့ အမျိုးမျိုးလူတွေကြားထဲမှာမှ  တစ်မြေထဲနေ တစ်ရေထဲသောက်ပြီး ကိုးကွယ်ယုံကြည်မှု့ မတူညီကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်။တစ်ချို့က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်သလို တစ်ချို့က ခရစ်ယာန် ဘာသာဝင်တွေဖြစ်ကြပါတယ်။ထို့အထဲမှာမှ ကျမ မသိသော ဘာသာဝင် များစွာလည်း ရှိဦးမယ်လို့ ကျမထင်ပါတယ်။ 

ထိုထိုလူအများနှင့် ကျမနှိုင်ယှဉ်ပြီး မပြောချင်ပါ။သို့သော် ကျမတစ်ဦးတည်းအနေဖြင့်သာ  ပြောပြရမည်ဆို လျှင် ကျမငယ်ငယ်လေးကတည်းက  ခရစ်ယာန်မိသားစုထဲကနေဘဲ ကြီးထွားရင်သန်လာခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းတွေရှိပေမဲ့ ...ခုလိုအရွယ်မျိုးထိ သူတစ်ပါးဘာသာကို လေးစားရမယ်ဆိုတာ မတွေးတတ်မိခဲ့သလို မသိခဲ့ပါဘူး။ ရဟန်း သံဃာဆိုတာ ကျမ လုံးဝမသိခဲ့သလို မရင်းနှီးခဲ့တာ အမှန်ပါ။ သူတစ်ပါး ယုံကြည်ကိုးကွယ်တဲ့ ဘုရားကျောင်းဆောင်ရှေမှာ ကျမဘယ်လို နေထိုင်ရမယ်ဆိုတာ မသိခဲ့ပါ။ ရဟန်းသံဃာများနဲ့ ဆုံခဲ့ရင်တောင် ဘယ်လိုနေရမယ် ဘယ်လို အရိုသေပေးရမယ်ဆိုတာ ကျမ မသိခဲ့ပါ။ မသိနားမလည်ချိန်တုန်းကဆို သူတစ်ပါး ဘုရားကျောင်းဆောင်ရှေရောက်ခဲ့ရင် စိတ်ထဲက မသိတဲ့ အမေးမျိုး မေးပြီး  ကိုယ်တစ်ယောက်တည်း  အဖြေအမျိုးမျိုးထုတ်ခဲ့ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျမ ခလေးတစ်ယောက်မလို့  နားမလည်တတ်လို့ အမှားပြုခဲ့တယ်ဆိုရင် ကျမကိုယ်ကျမ ခွင့်လွှတ်လို့ ရပါတယ်။

ဒါပေမဲ့ ကျမ အခု ခလေးမဟုတ်တော့ဘူး။အပေါင်းသင်းတွေများလာသလို မိတ်ဆွေအပေါင်းသင်း ထဲမှာလည်း ကျမနဲ့ဘာသာမတူတဲ့ သူတွေလည်းရှိလာပြီမို့ ကျမကိုယ်တိုင် လေ့လာတတ်လာခဲ့တယ်။ စိတ်ဝင်စားလာခဲ့တယ်။ပရဟိတတွေ စိတ်ဝင်စားသူမို့လည်း ဒါတွေကို သိအောင် နားလည်အောင် ကျမကိုယ်တိုင် သင်ယူခဲ့တယ်။ ကျမ မိတ်ဆွေအပေါင်းသင်းတွေထဲက  ပရဟိတနဲ့ပါတ်သက်ပြီး အလှူတွေပြုပြီးတိုင်း  အမျှဝေတဲ့အခါမှာ ကျမ သာဓုခေါ်တတ်အောင် ကြိုးစားတယ်။ ကျမ သာဓုခေါ်ဆိုတာ အပြစ်မဟုတ်ပါဘူး။ခရစ်ယာန်မောင်နှမတွေက ကျမကို အပြစ်မြင်ချင်မြင်ချင်လိမ့်မယ်။ ကျမ ခေါ်ဆိုတဲ့ သာဓုအတွက်ပေါ့။ တကယ်တော့ ကျမ ဗုဒ္ဓဘာသာကို ယုံကြည်တာ မယုံကြည်တာထက် ကျမနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းသင်းတွေကို ကျမ ခင်မင်ရိုသေမှု့ပြုတဲ့သဘော သက်ရောက်သလို သူတစ်ပါး ကိုးကွယ်ယုံကြည်တဲ့ ဘာသာကိုလည်း ကျမ တန်ဖိုးထားလေးစားကြောင်း ကျမပြခဲ့ပါတယ်။ 

ခုဆို တိုးတက်နေတဲ့ခေတ်ကြီးမှာ အွန်လိုင်းကခင်ကြ အွန်လိုင်းက ပရဟိတတွေအတူလုပ်နေကြချိန်မှာ ကျမ တစ်ယူသန်စွဲ ငါ့ဘာသာမှကောင်းတယ်ဆိုတဲ့အမြင်မျိုး ကျမစိတ်ထဲမထားခဲ့ဘူး။ကျမ ယုံကြည်နေတာ ဘာသာတိုင်းက ကောင်းတာကိုယ်ဘဲ သွန်သင်တယ်။ကောင်းတာကိုဘဲ သွန်သင်ခဲ့ပေမဲ့ ပုထုစဉ်လူတွေက ကိုယ့်အကြောင်းနဲ့ ကိုယ့်ယုံကြည်မှု့ ယူဆမှု့ ကွဲလွဲနေကြတယ်လို့ဘဲ ကျမထင်ပါတယ်။ ဘာသာရေးကြောင့် စစ်ပွဲတွေအများဆုံးဖြစ်ရသလို ဘာသာရေးစစ်က  အဆိုးဆုံးလို့ ကျမထင်ပါတယ်။ 
"ခရစ်ယာန်သမ္မာကျမ်းထဲမှာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရမယ်လို့  ဆိုထားသလို"
"ဗုဒ္ဓဘာသာမှာလည်း  သင်ပြုသောကံ ပဲ့တင်သံ သင့်ထဲပြန်လာမည်လို့ ပြောထားပါတယ်"

ကျမတို့ ကိုးကွယ်တဲ့ဘာသာ ဘယ်လောက်ကောင်းတယ်ဘဲပြောပြော ကျမကိုယ်တိုင် မကောင်းရင် ဘာမှလုပ်လို့မရပါဘူး။ဘာသာတရားဆိုတာ လိုက်လျှောက်ဖို့ပါ။ကိုယ့်ဘာသာက မှန်တယ် ကောင်းတယ် ဆိုတာပြောဖို့ သူတစ်ပါးဘာသာကို မထိခိုက်စေချင်ပါဘူး။ကိုယ့်ဘာသာ မှန်တယ် ကောင်းတယ် လို့ပြချင်ပြောချင်ရင် ကိုယ်ကိုယ်တိုင် ကောင်းအောင်နေပြ ကျင့်ပြ လိုက်လျှောက်ပြ သင့်ပါတယ်။ကိုယ့်အပြု အမူအပြောအဆို အမူအကျင့်တွေကို ကြည့်ခြင်းအားဖြင့် တစ်ပါးသူဟာ သင်ရော သင့်မိသားစု သင့်ဘာသာတရားကိုပါ လေးစားကြည်ညိုတတ်လာပါတယ်။သူတစ်ပါးကို သင်လေးစာတတ်ရင် သူတစ်ပါးကလည်း သင့်ကို ပြန်လေးစားလာပါလိမ့်မယ်။ သူတစ်ပါး ဘာသာတရားကို သင်မယုံကြည်ပေမဲ့ သင်လေးစားတတ်မယ်ဆိုရင် သင်ကိုးကွယ်ယုံကြည်တဲ့ ဘာသာကို သူတစ်ပါးကလည်း မယုံကြည်သော်လည်း အပြန်အလှန် လေးစားတတ်လာပါမယ်။ 

ဒီပိုစ့်လေးကို ဘာရည်ရွယ်ချက်နဲ့  ရေးရလည်းဆိုတော့  လွန်သွားတဲ့ရက်အနည်းငယ်က  ဘာသာရေးနဲ့  ပါတ်သက်ပြီး  မိတ်ဆွေအချင်းချင်း  ပြောဆိုထားတာလေးတွေကို  အကြောင်းပြုပြီး  စိတ်ထဲကထွက်ပေါ်လာတာ  ရေးလိုက်မိခြင်းပါဘဲ။

ကျမပေးချင်တဲ့  မက်ဆေ့လေးကတော့  လူအချင်းချင်း ဘာသာရေးအကြောင်းပြုပြီး  အမုန်းမပွားစေချင်သလို  အချင်းချင်း   အပြန်အလှန်လေးစား  တတ်စေချင်ပါတယ်။


 @@@@@@@@@

ဒီအောက်လေးက  ဗီဒီယိုဖိုင်လေးက  ဖေဖော်ဝါရီ ၁၂ရက်နေ့က   အညာမြေလေးမှာ  ကျမ ပြုလုပ်ခဲ့တဲ့ အလှူသေးသေးလေးရဲ့  အမှတ်တရ  ဓါတ်ပုံလေးတွေပါဘဲ။အလှူလေးမှာ  ကျမတို့ဇနီးမောင်နှံ  ကိုယ်တိုင် မရှိသော်လည်း  မြို့ခံကျမမိတ်ဆွေများကဘဲ  တတ်အားသလောက်နဲ့  သူတို့ အညာဓလေ့ အတိုင်းအလှူလေး အထမြှောက်အောင်မြင်အောင်  ဝိုင်းဝန်းကူညီ ကြိုးစားပေးကြပါတယ်။ ထို့အတွက်ကြောင့် မြို့ခံ မိတ်ဆွေများကိုလည်း အထူးကျေးဇူး တင်ပါတယ်။အလှူတွင်  အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးသော  ကျမရဲ့ မိတ်ဆွေများနှင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို  အထူးကျေးဇူး တင်ပါတယ်။ အလှူတွင်ကျမကိုယ်တိုင်  မရှိသောကြောင့်  ဓါတ်ပုံအမြင်အရ အစားအသောက်များ အဆင်းမလှ အဆင်ပြေမှု့ မရှိလှသော်လည်း  အလှူတွင်  အလှူရှင်ကျမနှင့်တကွ  လာရောက်သော ဧည့်ပရိတ်သတ်များလည်း  ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။

ကျမတို့  ဇနီးမောင်နှံပြုခဲ့သော  ကုသိုလ်အစုစုအတွက် အားလုံးကို  အမျှပေးဝေပါတယ်။ ကြားကြားသမျှ  အမျှ ... အမျှ .... အမျှ   ယူတော်မူကြပါကုန်သော်။ သာဓု ... သာဓု... သာဓု

၁၂-၂-၂၀၁၃ (အညာမြေ-ချောင်းဦးမြို့အလှူမှတ်တမ်းဓါတ်ပုံများ)



စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

7 comments:

ညောင်ညိုရိပ် said...

ညီမျှတဲ့ အတွေးအမြင်ရှုထောင့်က ရေးထားတဲ့ ပိုစ့်တစ်ခု ပါပဲ။ ဒီပို့စ်လေးက ပေးတဲ့ meessage ကို အားလုံး ရနိုင်ကြပါစေလို့ မျှော်လင့်လျက်....

စံပယ်ချို said...

အလွမ်းရေ
ချစ်သူများနေ့မှာချစ်ရသူနဲ့ပျော်ရွှင်ပါစေလို့
ဂျက်တို့မိသားစုအားလုံးကတော့ သိတတ်ချိန်ကတည်းက
ကိုယ့်ဘာသာကောင်းတဲ့အကြာင်းပြောပြီးသူများဘာသာကို မထိခိုက်ရဘူး မလှောင်ရဘူး ကိုယ်ပဲအကောင်းမပြောရဘူး
တတ်နိုင်သမျှ သူငယ်ချင်းတွေကြားထဲ ဘာသာရေးအကြောင်း
မပြောမိဖို့ အိမ်ကသင်ထားလို့ ခုလဲ သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တိုင်း သိပ်မပြောဖြစ်ခဲ့ဘူး အလွမ်းရေးတာလေးက ဖတ်လို့လဲကောင်းတယ်
ဟုတ်တယ်အလွမ်းရေ ကိုယ်စိုက်တဲ့အပင်ကိုယ်ပဲရိုက်ရမယ်နော်

ဝီရဓမ္မ( Brave The Dhamma) said...

အလည်လာသွားပါတယ်။ အလှူရဲ့ဓာတ်ပုံလေးတွေကြည့်ခဲ့ရင်း ဝမ်းမြောက် ဝမ်းသာ သာဓု သုံကြိမ်ခေါ်ဆိုသွား ပါတယ်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီးလိုရာ ဆန္ဒများပြည့်ဝပါစေ။

blackroze said...

မကြီးလွမ်းရဲ့ အလှုကို သာဓုခေါ်သွားပါတယ်ရှင်..

ချစ်စံအိမ် said...

လေးစားမိပါတယ်မမရေ သာဓုခေါ်သွားပါတယ် ဒီထက်မကလှူနိုင်ပါစေနော်..

လရိပ်အိမ် said...

သာဓု သာဓု သာဓု။
မကြီးလွမ်းရဲ့အလှူတွေက လရိပ်ဆီကို ပျော်ရွှင်မှုတွေပေးနေတယ်။ :)

မိုးနတ်ကြယ်စင် said...

ချစ်မရေ...သာဓု သာဓု သာဓုပါရှင်....

အင်းးးးးးးး လူမျိုးတိုင်း လူမျိုးတိုင်းကတော့
ကိုယ့်ဘာသာမှ ကိုယ်ကောင်းတယ် မှန်တယ်
ထင်ကြတာချည်းပါပဲ...အဓိကကတော့
ဘယ်သူ့ ဘယ်သူကိုမှ ပုတ်ခတ်ပြီး တဖက်စွန်းရောက်
မပြောကြဖို့သာ အဓိကပဲလို့ မိုးနတ်တော့မြင်မိတာပါပဲ
ကျန်တာတွေတော့ ဆက်ပြောလို့သိပ်မကောင်းဘူးထင်ပါ့

ချစ်မရေ...သတိရနေပါတယ်....ဟိုရက်က
ဖဘ မသုံးတော့ဘူးလို့ ပြောကတည်းက
ညလေးစိတ်မကောင်းဖြစ်နေတာပါ...
တချို့အရာတွေကို သိပ်ပြီးစိတ်ထဲမခံစားပါနဲ့
မ ပင်ပန်းမှာစိုးလို့ပါ :)
ချစ်တဲ့...မိုးနတ်