Thursday 21 February 2013

အမှားကိုပြင်ဆင်နိုင်ခဲ့ခြင်း !!! ခွင့်လွတ်ပါ အဖေ



ဒီနေ့ ကျမ အသိတစ်ခု  အတွေးတစ်ခုရခဲ့တယ်။ အဲဒီအတွက် ကျမသူငယ်ချင်း  -- နန်းထွေ-- ကိုကျေးဇူးတင်မိပါတယ်။ ဦးစွာပထမ ကျမသူငယ်ချင်း -- နန်းထွေး-- အကြောင်းလေး ပြောပြချင်ပါတယ်။ --နန်းထွေး--ဆိုတဲ့ကျမ  သူငယ်ချင်းက  သိပ်ချစ်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်ဆိုလို့  ရုပ်ပိုင်းဆိုင်ရာ  ချောတာ လှတာကို  ကျမပြောတာမဟုတ်ပါ။ ကျမသူငယ်ချင်းရဲ့  စိတ်ထားလေးကြောင့်  သူမဟာ  ချစ်စရာကောင်းသူတစ်ဦးလို့  ကျမပြောချင်တာပါ။ ကျမ သူငယ်ချင်းမို့  ပိုပြောခြင်း  ချီးမွမ်းခြင်းမဟုတ်ပါ။

ကျမသူငယ်ချင်းလေးဟာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာလှပပြီး ချစ်စရာကောင်းသူ  တစ်ဦးဖြစ်ပါတယ်။ သူမမှာမနာလိုဝန်တိုစိတ် သူတစ်ပါးအပေါ်မကောင်းကြံတဲ့စိတ် သူတစ်ပါး အကြောင်းမကောင်းပြော အပြစ်တင်ချင်စိတ် မရှိပါ။ မိသားစုတွေအပေါ်လည်း တာဝန်သိ ကျေဇူးဆပ် အနစ်နာခံတတ်သူ တစ်ဦးလည်းဖြစ်တယ်။ ဘယ်သူတွေသူ့ကို ဘယ်လိုဘဲအပြစ်တင်နေပါစေ သူမှာပြန်လည် တုန့်ပြန်ချင်စိတ် မရှိခဲ့ပါဘူး။ ပြီးတော့ ကျမသူငယ်ချင်းလေးဟာ ဘာသာတရားကို တကယ် ကြည်ညိုလေးစားပြီး ဘုရားတရားကို ရင်မှာတည်ထားတတ်သူပါ။ ကျမသူ့ကို သူငယ်ချင်းတစ်ယောက်ထက် ညီအစ်မလို ချစ်တယ်။ သူ့နေထိုင်ရပ်တည် လုပ်ဆောင်မှု့နဲ့  သူစိတ်ထားကို  လေးစားတယ်။ခုလို သူ့အကြောင်း ဦးစွာပြောပြရတယ်ဆိုတာကလည်း သူ့ကြောင့်  ကျမ အသိတွေ အမှန်ပြန်ရခဲ့တာမို့ပါ။

ဒီနေ့သူ့ကြောင့် ကျမစိတ်မှာစွဲပြီး ခံစားနေရတဲ့ စိတ်ဝေဒနာကို သက်သာမှု့ရစေခဲ့ပါတယ်။ ကျမစိတ်ထဲမှာ အပြစ်ဖြစ်စေတဲ့  စိတ်မျိုးတစ်ခု စွဲကပ်ခံစားနေခဲ့ရတယ်။ လူဆိုတဲ့ သတ္တဝါကလည်း ခက်သားဘဲလေ။ ခံစားတတ်တယ် နာကျင်တတ်တယ် ငိုကြွေးတတ်တယ်။ ရယူရတယ် ပေးဆပ်ရတယ် ကျေနပ်ရတယ်။ 

@@@ထို့အထဲမှာမှ  ကျမရဲ့စိတ်မှာ မကောင်းတဲ့အစွဲဖြစ်ပုံက ဒီလို@@@

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့က အလှူငယ်လေးတစ်ခု ကျမ  ပြုလုပ်ခဲ့တယ်။ ဒီအစီစဉ် ဖြစ်မြှောက်ဖို့အတွက် ကျမကိုယ်တိုင် (၁)လကြိုတင်ပြင်ဆင်ပြီး ပြည်တွင်းရှိ မိဘများထံ အကြောင်းကြားခဲ့တယ်။ ကျမ ပြုချင်တဲ့ စိတ်ဆန္ဒကိုလည်း ပြောပြခဲ့တယ်။ မိဘတွေက ကျမ လုပ်ချင်တာလေးကို ခွင့်ပြု အားပေးခဲ့ပါတယ်။ ဒီလိုနဲ့ အစီစဉ်လေးတွေချခဲ့ပြီး အလှူလုပ်မဲ့ခြံရှိရာ မြိုခံမိတ်ဆွေတွေကို ကျမ အကူညီတောင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ လက်ရှိကျမက ဘဝရပ်တည်မှု့အတွက် ခန္ဓာတာဝန်ထမ်းဆောင်ရင်း ပြည်ပတစ်နေရာကို ရောက်နေလို့ပါဘဲ။ ဒီလိုနဲ့ဘဲ  အလှူရက်နီးလာတော့ အလှူလုပ်မဲ့ခြံလေးထဲမှာဘဲ မထင်မှတ်တဲ့ ပြသနာအသေး တစ်ခုဖြစ်ပေါ်ခဲ့တယ်။အဓိကကတော့ တစ်ဖက်ခြံက ကျမခြံရဲ့မြေ (၃)ပေကို သူပို လိုချင်တဲ့ ပြသနာလေးပါဘဲ။ ကျမဘက်ကတော့ အလှူလေး အထမြှောက်အောင်မြင်စေချင်တဲ့ စိတ်တစ်ခုတည်းရှိတာမို့ တစ်ဖက်ခြံက လိုချင်တဲ့မြေ (၃)ပေကို သူတို့ဆန္ဒလေးပြည့်ဝသွားအောင် လက်ခံပြီးစီစဉ်ပေးဖို့ ကျမအဖေကို ဖုန်းဆက်ပြီး ခြံမြေရှိရာကို သွားပေးဖို့ အကူညီတောင်းခဲ့ပါတယ်။အလှူရက်လေးလည်း အရမ်းနီးနေပြီမို့ ကြိုတင် သွားပြီး မြေကိစ္စလေးရော အလှူကိစ္စလေးပါ အပြီးစီစဉ်ပေးလို့ရအောင်ပါဘဲ။

ကျမကတော့ တစ်ဖက်ခြံဟာ တစ်နေ့ကျရင် ကျမရဲ့အိမ်နီးချင်းဖြစ်လာမယ်ဆိုတာ ကျမကြိုတင်တွေးမိတယ်။ တစ်နေ့ ကျမတို့တွေဟာ အိမ်နီးချင်းဖြစ်လာခဲ့မှာ သေချာတယ်ဆိုရင် ကျမကတော့ ကောင်းတဲ့အိမ်နီးချင်းဘဲ လိုချင်မိတာမို့  အဖေ့ကို သူတို့ဆန္ဒလေးပြည့်အောင် စီစဉ်ပေးဖို့  ဖုန်းထဲကတော့ပြောခဲ့ပါတယ်။လက်ရှိ တစ်ဖက်ခြံပိုင်ရှင်ဟာ သူ့အသိစိတ်ထဲ ကျမခြံကဒီမြေလေး (၃)ပေကို လိုချင်တပ်မက်စိတ်များလာခဲ့ရင် လတ်တလောမှာ သူ့ဘဝလေးဟာ မအေးချမ်းနိုင်ဘဲ နေ့စဉ်နေ့တိုင်း ဒီအတွေး ဒီအသိစိတ်နဲ့ ပူလောင်နေမှာ ဧကန်မုချမလွဲပါ။

သူ့အသိစိတ်ထဲ နေ့စဉ်ဒီမြေလေးရဖို့ တွေးနေမိမှာ သေချာပါတယ်။လောဘတဏှာအရမ်းများလာချိန်မှာ ဒီမြေလေးအတွက်နဲ့ တဖက်ခြံက တစ်နေ့ ကျမမိတ်ဆွေဖြစ်လာမဲ့ သူမှာ မလုပ်အပ် မလုပ်သင့်တာတွေနဲ့ အပြစ်တွေလုပ်မိလာမယ်ဆိုတာ ကျမ ကြိုတင်တွေးထားမိပါတယ်။နောက်ဆုံး အဖွဲ့အစည်းနဲ့ ညှိနှိုင်းတောင်းလို့မှ မရခဲ့ရင် ကျမ အပေါ် သူ့ရဲ့လိုချင်တပ်မက်မှု့ တဏှာကြောင့် အန္တာရယ်ပေး လာနိုင်တယ်ဆိုတာ ကျမ ကြိုတင်တွေးထား မိပါတယ်။ထိုအတွက်ကြောင့် ကျမ အတွေးမှာ အိမ်နီးချင်းကောင်းနဲ့ဘဲ ကြုံဆုံဆက်ခံချင်သူမို့ ဒီမြေလေး (၃)ပေကို တစ်ဖက်ခြံကို လိုလိုလားလား ပေးလိုက်ဖို့ ကျမ ဆုံးဖြတ်ခဲ့တာပါဘဲ။ဒီဘဝ ဒီသံသရာမှာ ကိုယ်ပစ္စည်းမဟုတ်ဘဲ သူတစ်ပါးဥစ္စာပစ္စည်းကို မတရားလိုချင်တပ်မက် လုယူခဲ့လျှင် နောင်သံသရာထိ ပြန်လည်ပေးဆပ်တတ်ရပါတယ်။ အထူသဖြင့် မြေ (၃)ပေ မဆိုထားနှင့်ဦး။ မြေ (၁)လက်မ.. (၁)တောင်လောက်တောင် နောင်သံသရာထိ တွေးမိတွေးတတ် ခဲ့မယ်ဆိုရင် ကြောက်စရာကောင်းတာမို့ သူတစ်ပါးပိုင်မြေကို မတော်လောဘနဲ့ ဘယ်သူမှ လိုချင်တပ်မက်ကြမှာ မဟုတ်တော့ပါဘူး။

ဒီမြေကိစ္စလေးပေါ်လာပြီမို့  အလှူမတိုင်ခင် (၁)ပတ်အတွင်းမှာဘဲ ညတွင်းချင်း အဖေ ထိုမြို့လေးကို အရောက်သွားခဲ့တယ်။ အဖေရောက်ပြီး ကျမနဲ့ဖုန်းပြောဖြစ်တယ်။ အစစအရာရာ အဆင်ပြေပါတယ်ဘဲ အဖေပြောခဲ့တယ်။ ကျမခြံနီးချင်းက လက်ရှိဘဝမှာ သူလိုချင်တာလေး ရသွားရင် သူပျော်နေမယ်။ ကျမကလည်း သူလိုချင်တာ ပေးလိုက်လှူလိုက်ရလို့ ကျမလည်း ပျော်နေမယ်။ သူက ဒီဘဝအတွက်သာ ကြည့်ပေမဲ့ ကျမကတော့ နောင်သံသရာထိ ကြည့်လိုက်တယ်။ ဒါကြောင့် တစ်ဖက်ခြံက လိုချင်တဲ့ကျမမြေ (၃)ပေကို သူတို့  စိတ်ချမ်းသာအောင်ပေးလိုက်ဖို့  အဖေ့ကိုဖုန်းဆက် သေချာမှာပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ဆန္ဒတွေ မအောင်မြင်ခဲ့ပါဘူး။ ကျမ အဖေက သူတို့လိုချင်တာကို မပေးခဲ့သလို ကျမ ဖြစ်စေချင်သလို  မစီစဉ်ပေးခဲ့ပါဘူး။

ကျမလည်း အဝေးကသူမို့ အဖေကိုဘာမှ ထပ်မပြောဘဲ အလှူကိစ္စကိုဘဲ ဦးတည်ပြီးပြောခဲ့ပါတယ်။နောက်အပတ်ဆို ဒီခြံလေးထဲ အလှူဖြစ်ပြီမို့ အဖေ့ကို အလှူရက်ထိ စောင့်ပေးပို့တောင်းဆိုခဲ့ပါတယ်။ အဖေကလည်း ဖုန်းထဲကနေ အားရကျေနပ်စွာ သေချာ ပြောခဲ့ပါတယ်။အလှူရက်ပြီးမှ အဖေ အိမ်ကို ပြန်ပါမယ်လို့  ပြောခဲ့လို့ ကျမ စိတ်ချလက်ချ  တစ်ညတာကို အိပ်ပျော်စေခဲ့တယ်။

ဒါပေမဲ့ ကြေကွဲစရာပါ။ ကျမ မနက်အိမ်ယာနိုးတော့ အဖေ့ဆီဖုန်းထပ်ဆက်လိုက်ပါတယ်။ ဖုန်းပိုင်ရှင် မြို့ခံ ကျမမိတ်ဆွေက ကျမအဖေ ဒီမနက်အစောကြီးဘဲ သူ့အိမ်ကိုပြန်သွားပါပြီတဲ့။ကျမ ဘာပြောရမှန်းမသိ ပါးစပ်အဟောင်းသားလေးနဲ့ ဘာလို့ ပြန်သွားတာလဲဆိုတာလေးရယ် အဖေ ဘာမှာသေးလဲ ဆိုတာကိုလည်း မေးလိုက်ပါတယ်။ အဖေ ဘာမှလည်း မမှာခဲ့ပါဘူးတဲ့။ ဘာကြောင့်ပြန်တာလဲဆိုတာ သူလည်းမသိဘူး။ ဘာမှလည်း မပြောပါဘူးတဲ့။ ကျမလည်း စဉ်းစားမရဖြစ်သွားတယ်။ ညကဘဲ မအိပ်ခင်ဖုန်းဆက်တော့ သေချာပြောဖြစ်ခဲ့တယ်။ ဘာကြောင့်  ဘာအကြောင်းပြချက်ကြောင့် ဆိုတာ တွေးမရ ဖြစ်သွားတယ်။

အဲဒီလို ဘာမှမသိရတဲ့ကိစ္စလေးကြောင့် ကျမစိတ်ထဲမှာ ကျမအဖေဟာ ကျမအလှူမှာ မရှိချင်လို့။ ကျမကို မချစ်လို့။ ကျမမောင်နှမတွေထဲမှာ ကျမကိုဘယ်သူမှမချစ်ဘူးဆိုပြီး စိတ်ထိခိုက် ဝမ်းနည်းခဲ့ရတယ်။ အဲဒီ ခံစားရတဲ့စိတ်ကြောင့် အဖေ့ဆီလည်းကျမ ဖုန်းဆက်ဖို့ဆန္ဒမရှိဘူး။ ဘာကိစ္စကြောင့်ဆိုတာလည်း မမေးချင်တော့ဘူး။ သိလည်းမသိချင်တော့ဘူး။ ကျမ စိတ်ထဲမှာ အဖေဟာ မောင်နှမထဲ ကျမကို အချစ်ဆုံးလို့ပြောခဲ့ပေမဲ့ အဖေကျမကို တကယ်မချစ်ဖူးလို့ဘဲ ကျမခံစားခဲ့ရတယ်။ စိတ်ထဲ ဒီအစွဲနေ့စဉ် ဖြစ်တည်ခဲ့တယ်။ ဒါပေမဲ့ အဖေ့ကို ကျမစိတ်မဆိုးခဲ့ပါဘူး။ကျမကို မချစ်ဘူးဆိုပြီး ကျမခံစားခဲ့ရယုံပါ။

ကျမ မင်္ဂလာဆောင်တုန်းကလည်း ကျမ ဘေးမှာ မိဘတွေ ရှိမနေခဲ့တာတွေလည်း အတွေးပြန်ဝင်လာ ခဲ့တယ်။ အဲဒီတုန်းကလည်း မင်္ဂလာဆောင်ကို အဖေနဲ့အမေကို  လာဖို့ကျမပြောခဲ့တယ်။ အမေ့မှာက ပတ်စပို့က  အဆင်မပြေလို့  အဖေလာနိုင်မယ်လို့ ကျမပိုအားတင်းဝမ်းသာခဲ့ရတယ်။ ဒါပေမဲ့ ရက်နီးလာချိန်မှာတော့ အဖေ ကျမ မင်္ဂလာဆောင်ကို မလာတော့ဘူးဆိုတာသိခဲ့ရတယ်။ ဘယ်သားသမီး ဘယ်မိန်းခလေးဘဲဖြစ်ဖြစ်ပေါ့ ကိုယ့်ရဲ့ တစ်သက်မှာတစ်ခါ မင်္ဂလာပွဲမှာတော့ မိဘတွေ မောင်နှမတွေကို စုံစုံညီညီရှိစေချင်ကြတာ  ချည်းပါဘဲ။ အဲဒီတုန်းကလည်း ကျမ စိတ်ထဲတော်တော်ခံစားခဲ့ရသလို သတိရတိုင်း တိုက်ဆိုင်မှု့ရှိတိုင်း ဖုန်းပြောဖြစ်တိုင်း ငို.... ငို...ပြီးအဖေ့ကို ကျမခံစားချက်ကို  ရင်ဖွင့်ပြတတ်ခဲ့တယ်။

ခုလည်း ဒီအလှူလေး ဖြစ်မြှောက်ခါနီးမှ အလှူလုပ်မဲ့နေရာလေးကို ရောက်နေတဲ့အဖေက ဘာအကြောင်းပြချက်မှမရှိဘဲ ပြန်သွားတာကို  ကျမ ကိုမချစ်လို့  ကျမ အလှူမှာမနေချင်လို့  ဆိုတဲ့စိတ်ထဲက ခံစားမှု့တစ်ခုနဲ့  အဖေ့ကိုဖုန်းမဆက်တော့ဘဲ နေလာခဲ့တယ်။ စိတ်ထဲမှာတော့ ဒီအသိစိတ်ကြီးက ကြီးစိုးခဲ့တယ်။ ဒါပေမဲ့ ဒီနေ့လေးမှာ ကျမ ဒီစိတ်တွေ အကုန်ပြေပျောက်ပြီး ဘာဆိုဘာမှ မရှိတော့ဘဲ အဖေ့အပေါ်  နားလည်လာခဲ့တယ်။ အဲတာကလည်း ကျမသူငယ်ချင်းရဲ့ ကျေးဇူးကြောင့်ဘဲပေါ့။

ကျမသူငယ်ချင်းနဲ့ ကျမတို့ပြောခဲ့တဲ့ဖြစ်စဉ်လေးမှာ ကျမသူငယ်ချင်းက ကျမကို ပြန်ပြောခဲ့တာ စကား တိုတိုလေးဆိုပေမဲ့  အသိပညာ- အတွေးအခေါ် နဲ့ အဓိပ္ပါယ်တွေ အများကြီးပါခဲ့တယ်။ တကယ်တော့ ကျမ အဖေဟာ  ကျမ ထင်သလို ကျမကိုမချစ်လို့  ကျမအလှူလေးမှာ  ရှိမနေခဲ့တာမဟုတ်ပါဘူးတဲ့။ရောက်ခဲ့ပြီး အလှူရက်နီးမှ  ပြန်သွားခဲ့ရတာဟာ (အဖေကျမကို မချစ်လို့ မဟုတ်ဘဲ  ကျမ အလှူမှာ သာဓု ခေါ်ဆိုခွင့် မရထိုက်လို့ဘဲ) လို့သူငယ်ချင်းက ပြောပြခဲ့ပါတယ်။ တဆက်တည်း အတိတ်ကံအကြောင်းနဲ့ ဆုတောင်းမမှားဖို့ အကြောင်းတွေလည်း ပြောဖြစ်ခဲ့ကြတယ်။ သေချာစီစဉ်ပြီးမှ ခုလိုဖြစ်ခဲ့ရတာဟာ  အဖေက ကျမ အလှူမှာ  ရှိနေခွင့်မရထိုက်တာရယ်  သာဓုခေါ်ဆိုခွင့်မရထိုက်တာလို့  သူငယ်ချင်းပြောပြမှ  ကျမ စိတ်ထဲ ထမ်းပိုးထားရတဲ့  ခံစားမှု့  ကြေကွဲမှု့  မကျေနပ်မှု့တွေက  ပြေပျောက်သွားခဲ့ရပါတယ်။

ကျမရဲ့ မကျေနပ်စိတ် ခံစားရတဲ့စိတ် ကြေကွဲနေတဲ့  စိတ်တွေကို  ပြေပျောက်အောင် နားလည်အောင် ရှင်းပြပေးတဲ့ သူငယ်ချင်းကို  ကျမ အထူးကျေးဇူးတင်ပါတယ်။ခုဆို  ပြီးခဲ့တဲ့ အချိန်ကာလတုန်းက မိသားစုနဲ့ပါတ်သက်လာတိုင်း ကျမ ခံစားရတဲ့ ဖြစ်စဉ် အားလုံးကို ကျမပြန်တွေးမိတိုင်း ခံစားရတာတွေကို ခဝါချပြီး နားလည်ပေးနိုင်ခဲ့ပါပြီ။ ကျမ အမှန်တရားတစ်ခုကို တွေ့ရှိလာပြီမို့ ကျမအဖေအပေါ် စိတ်ထဲက ခဏတာဖြစ်ပေါ်လာတဲ့ မကျေနပ်စိတ်တွေကို မသိလို့ပြစ်မှားမိတာမို့  အဖေ  ခွင့်လွတ်ပါလို့  တောင်းပန် လိုက်ပါတယ်။ အဖေ.....ကျမ အပြစ်တွေကို  ခွင့်လွတ်နိုင်ပါစေ!!!

ကျမရဲ့ပိုစ့်လေးက စာဖတ်သူအတွက် အဆင်ပြေချင်မှပြေမည်။ သို့သော် ဒီအကြောင်းအရာသည် ကျမ၏ ဖြစ်ရပ်မှန်ခံစားချက်ဖြစ်သည်မို့  (စကားလေးတစ်ခွန်းကြောင့်) တဒင်္ဂလေးအတွင်းမှာ ကျမ အသိလေး တစ်ချက်ဝင်လာပြီး တန်ဖိုးရှိတာလေးတွေ  ရရှိသွားတဲ့ ကျမအတွက်  စာဖတ်သူများကိုလည်း မျှဝေ  ဆင်ခြင်  သတိပေးလိုချင် စိတ်ကြောင့်  ယခုလိုအဆင်မပြေလှတဲ့ ပိုစ့်လေးကို ဖြစ်မြှောက်အောင်ရေးပြီး  အမှားပြုခဲ့ ဖြစ်ခဲ့တယ် ဆိုရင်တောင် အမှန်ကိုမြင်စေချင် ပြင်စေချင်တဲ့ စိတ်ဆန္ဒကြောင့်  စေတနာရှေထား  ရေးသား လိုက်ခြင်း ဖြစ်ပါတယ်။

စာဖတ်သူတွေလည်း ကျမလိုဘဲ  မိဘအပေါ်  မကျေနပ်စိတ်လေးများဖြစ်ခဲ့တာများရှိခဲ့ရင် အချိန်မှီ အသိလေးမြင်နိုင်ကြပါစေ။ ခုလို တရားအသိလေးတစ်ခု တစ်ရက်မှာတစ်ခါလောက် ကျမတို့ ရလာခဲ့မယ် ဆိုရင် ကျမတို့ ဘဝဟာ နေပျော်စရာကောင်းသလို သေပျော်ဖို့လည်း ကောင်းလာမှာပါ။

စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မှတ်ချက်။ စာကိုယ်တွင် ကျမရေးထားသော ကျမခြံမြေကိစ္စသည် ပိုစ့်တစ်ပုဒ်လုံးနှင့် သက်ဆိုင်သောကြောင့် ထည့်သွင်းဖော်ပြ ရေးသားရခြင်းဖြစ်ပါသည်။

စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး


11 comments:

Anonymous said...

မကြီးလွမ်းရေ .. သမီးတစ်ယောက်ရဲ့ ရင်တွင်း ခံစားချက်လေးကို နားထောင်သွားပါတယ် ။

ဘ၀မှာ "မှန်ကန်တဲ့အသိ" တစ်ခုဝင်သွားပြီဆို အရာရာဟာ အေးချမ်းသွားပါတယ် ။

ထာဝစဉ်အေးချမ်းပါစေနော် ...

မိုးညချမ်း said...

မမသူငယ်ချင်းရဲ့ကျေးဇူးနဲ့ မမရင်ထဲအေးချမ်းသွားတာလေးကို ညလေးခံစားမိပြီး ကြည်နူးခြင်းတွေ ကူးစက်သွားပါတယ် ...

လရိပ်အိမ် said...

အင် အဖေကဘာလို့ပြန်သွားတာလဲ ၊ သိပ်နားမလည်လိုက်ဘူးရယ် ၊ သိပ်တုံးတာဘဲ၊ ဟိ

မိုးနတ်ကြယ်စင် said...

ဟုတ်တယ် မ ရေ....မ အဖေက ဘာလို့
ပြန်သွားတာတဲ့လဲ...ညလေးလဲ သိပ်ပြီးနားမလည်လိုက်
ဘူးးးးးးးး အဲဒါလေး ပြောပြပေးပါလားးးးးးးးးးးးးး
မ သူငယ်ချင်းကိုတော့ လေးလဲလေးစားမိသလို
မ ကိုယ်တိုင်လဲ အဲ့လိုသူငယ်ချင်းမျိုးရှိတာသိပ်ကံကောင်း
တယ်ရှင်....:)))

အလွမ်းမြို့ said...

လရိပ်နဲ့မိုးနတ်ရေ...

လရိပ်နဲ့မိုးနတ်သိချင်တဲ့အဖေဘာကြောင့်ပြန်သွားရ တယ်ဆိုတာ မကြီးလွမ်းကိုယ်တိုင်က ခုချိန်ထိ မသိခဲ့ရသေးတာပါ။ဒါကြောင့် မကြီးလွမ်းက အဖေ့ကို မကျေနပ်ဖြစ်နေခဲ့တာလေ။မကြီးအလှူမှာ မနေချင်လို့
မကြီးဆန္ဒကိုမဖြည့်ဆည်းပေးချင်လို့မကြီးကိုမချစ်လို့
...ဆိုပြီးမကျေမနပ်ဖြစ်ခဲ့တာပါ။

အဲဒီစိတ်တွေကြောင့် မကြီး အဖေ့ဆီခုထိ ဖုန်းမဆက်သေးတာဘဲ။ ဒါကြောင့်
မကြီးတို့ လရိပ်တို့ မိုးနတ်တို့ မသိတဲ့ ဘာကြောင့်ပြန်
သွားတာလဲဆိုတာကို သူငယ်ချင်းနန်းထွေးက
ရှင်းပြခဲ့တာလေ။မကြီးအလှူမှာ မကြီးအဖေ
သာဓုခေါ်ဆိုခွင့် မရှလို့အကြောင်းပြချက်မဲ့
အဖေနေအိမ်ကို ပြန်သွားခဲ့ရတာတဲ့။အမတို့ မမြင်နိုင်တဲ့ အတိတ်ကံတွေ ရေစက်တွေ ဆုတောင်းတွေနဲ့ ဆိုင်တယ်လို့ သူငယ်ချင်းက ပြောပြ
ပါတယ်။ဒီလောက်ဆို လရိပ်နဲ့မိုးနတ် နားလည်မယ်
လို့မကြီးထင်ပါတယ်။ မကြီးရဲ့ ကိုယ်တိုင် ဘာကြောင့်
ဆိုတာမသိခဲ့ဘဲ မကျေနပ်တာကို သူငယ်ချင်းက သာဓုခေါ်ဆိုခွင့် မထိုက်လို့ ဆိုတာကိုရှင်းပြခဲ့တာပါ.

အဓိက မမတို့ ပုထုစဉ်လူသားတွေက ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်မလာခဲ့ရင် နာကျင်ခံစားတတ်ကြတာမို့ ဒါတွေဟာလည်း ကံ..
အကြောင်းတရားနဲ့ဆိုင်တယ်ဆိုတာလေး နားလည်ပေး
ထားကြမယ်ဆို စိတ်ခံစားမှု့သက်သာမယ်ဆိုတာကို
ပြောပြချင်တာပါ။


ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

Candy said...

အဓိကက တွေးတတ်ဖို့ပဲနော် မကြီးလွမ်း :)

လရိပ်အိမ် said...

စိတ်ထဲမှာလေ နဲနဲရှင်းသွားသလိုဘဲ။ အရမ်းအရှင်းကြီးမဟုတ်ပေမဲ့လဲ စိတ်ထဲမှာ လက်ခံမိနေတယ်။

စံပယ်ချို said...

ဖတ်ပြီးတော့ အများကြီးကျေနပ်နေခဲ့သူပါ

Angelhlaing(May everybody be happy and healthy! said...

အင်း...... ဟုတ်တယ်နော်မမ

ချစ်စံအိမ် said...

ပိုစ့်ကဖတ်ပြီးတာကြာပြီ မမရေ စက်ကြောင့် မမန့် ခဲ့ရတာ မမ ဆိုဒ်ကလည်းဝင်ရတာလေတယ် အရမ်းပဲ.. ပိုစ့်ဖတိပြီကျေနပ်မိတယ်.. ပျော်ရွှင်ပါစေမမရေ

ရာဇာထွေး said...

ပို့စ်လေးဖတ်သွားပါတယ် မကြီးရေ...
စိတ်မကောင်းလည်းဖြစ်မိပါတယ်။ ဘ၀တူ
ချင်းတွေမို့မကြီးရဲ့ခံစားချက်တွေကို ကိုယ်
ချင်းစာနားလည်းပါတယ်မကြီးရေ။ မိဘတွေ
ရင်ထဲမှာသားသမီးတွေအတွက်ဘယ်လိုခံးစား
ချက်တွေရှိတယ်ဆိုတာကျွန်တော်တို့မသိပါဘူး။
ဒါပေမယ့်သားသမီးတွေရဲ့စိတ်ခံစားချက်တွေ
ကိုတော့ မိဘတွေအနေနဲ့ ပစ်ပယ်မထားသင့်ပဲ
နားလည်းခံစားတတ်နေအောင်ကြိုးစားရမှာပါ
မကြီးရေ။ ကျွန်တော်တို့ အနေနဲ့သားသမီးဆို
တဲ့ဘ၀မှာတော့ မိဘတွေရဲ့အရိပ်အာဝါသအောက်
မှာ အဖေ၊ အမေတို့ စီမံရာခံရမှာပါ။ အဖေမှားလို့
အမေမှားလို့ ဆိုတဲ့ စောဒကတွေတက်ပိုင်ခွင့်၊
တားဆီးပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ကျွန်တော်
တို့သားသမီးတွေအနေနဲ့ ပေးပိုင်ခွင့်လုပ်ပိုင်
ခွင့်တွေမရှိပါဘူးမကြီးရေ။ ရေဆိုတာအထက်
ကနေအောက်ကိုသာ စီးဆင်းစမြဲ မိဘတွေစီမံရာ
ကိုမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်ကျေကျေနပ်နပ်
ကြီးသာခံယူရမှာပါ မကြီးရေ။ အဲဒါတွေဟာတစ်ချိန်
ကျရင်မိဘဆိုတဲ့နေရာကို ကျွန်တော်တို့ရောက်လာ
ရင် အကောင်းဆုံးသင်ခန်းစာကောင်းတွေဖြစ်လာ
မှာပါမကြီးရေ။ ကျွန်တော်တစ်ချိန်က အဖေ့အပေါ်
အမုန်းကြီးမုန်းဖူးပါတယ်မကြီးရေ... အခုတော့
အဖေပေးခဲ့တဲ့ သင်ခန်းစာကောင်းတွေကြောင့်
ကိုယ့်ဘ၀ကိုယ်တည့်မတ်အောင်ပဲ့ကိုင်တတ်လာ
သလို၊ လောကဓံဆိုတာကိုလည်းမမှုတော့ပါဘူး
အမရေ။ ကိုယ့်သားသမီးတွေအပေါ်ဖခင်တစ်ယောက်
အနေဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကို
ကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်သွား
ပါပြီမကြီးရေ... အဖေ့အပေါ်မုန်းနေတဲ့အမုန်းတွေအပေါ်
ဆန့်ကျင်ဖက်ဖြစ်တဲ့ ချစ်ခြင်းနဲ့ သင်ပုန်းခြေလိုက်တဲ့
သဘောပါ။ ချစ်ခြင်းနဲ့ မုန်းခြင်းကို ပိုင်းခြားထားတဲ့
နံရံလေးဟာတစ်ကယ်တော့ပါးပါးလေးဆိုတာကျွန်
တော်သဘောပေါက်လိုက်ပါတယ်မကြီးရေ။ အခုတော့
ကျွန်တော်အဖေ့အပေါ်ချစ်တတ်သွားပါပြီ။ အဖေကျွန်တော့်
အပေါ်ပြောင်းလဲသွားလို့မဟုတ်ပါဘူးမကြီးရေ... ကျွန်တော်
အဖေ့အပေါ်မြင်နေတဲ့အမြင်တွေကိုပြောင်းလဲလိုက်လို့ပါ။
မကြီးလည်းကျွန်တော့်လိုအမြင်မျိုးလေးပေါ်လာလို့စိတ်သက်
သာရာ ရသွားပြီလို့ကျွန်တော်ထင်ပါတယ်မကြီးရေ... ပို့စ်လေး
နဲ့ကျွန်တော့်ကွန်မန့် မတိုက်ဆိုင်သလိုဖြစ်သွားရင်တော့
တောင်းပန်ပါတယ်မကြီးရေ...အရင်လိုအချိန်အားလေးမ
ရတော့လို့ ဘလော့ပုံမှန်မလည်နိုင်တာမို့အမြဲမရောက်တာပါမကြီးရေ..

ခင်မင်စွာဖြင့်
ရာဇာထွေး