Friday, 29 March 2013

တစိမ်းလိုဘဲဆက်၍နေမယ်(ပေါက်ကွဲသံ)


သူငယ်ချင်းရေ....
ခွဲခွာချိန်တုန်းက ဒို့တွေခွဲခွာကြရသလို
တွေဆုံချိန်ရောက်တုန်းက ဒို့တွေ တွေ့ဆုံကြခဲ့ပြီ။
ခုတော့လည်း နောက်တစ်ဖန်  ခွဲခွာချိန်ရောက်ပြန်တော့လည်း
အားတင်းပြီး ငါတို့တွေ ခွဲခွာကြရဦးမှာပေါ့။
ငါ့ရဲ့ အသိစိတ်ထဲ အတွေးထဲ  နင်ဟာငါ့သူငယ်ချင်းဘဲ.....
ဒါပေမဲ့ တစ်နေ့ပြန်ဆုံခဲ့ကြရင် ( တစိမ်းလိုဘဲဆက်၍နေမယ်)  သူငယ်ချင်းရေ။


ဖုန်းထဲမှ  ကျမ ဒေါသကိုမထိန်းနိုင်ဘဲ အော်ပစ်လိုက်မိတယ်။ တဖက်လူပြောစကားအဆုံးတွင် ကျမ ဒေါသတွေ ထိန်းသိမ်းမရတော့ပါ။

@@@ မိညို ဆိုတဲ့  သူမ@@@ သူမအကြောင်းကို ကျမ မိတ်ဆွေတွေဆီကတဆင့် ခဏခဏကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ကျမ သူ့မနဲ့ အပြင်မှာ တစ်ခါမှမဆုံခဲ့ဖူးသေးပါ။ လူတိုင်းကပြောလာတဲ့ သူမရဲ့ ကြမ်းတမ်းတဲ့စရိုက် အသိပညာမဲ့တဲ့ အပြူမူတွေ ရိုင်းစိုင်းတာတွေကို ကျမ မကြာခဏကြားဖူးပေမဲ့ ကျမ စိတ်ဝင်စားမှု့ မရှိသလို သူမကို အပြစ်မမြင်ခဲ့ပါ။ သူတို့မိသားစုလေး သူတို့အိမ်ထောင်လေး ပျော်ရွှင်သာယာတာလေးကိုဘဲ ကျမ ကြားချင်မိတာတော့ ကျမ ရင်ထဲကဆန္ဒပေါ့။ ဒါပေမဲ့ ကျမ ကြားခဲ့ရတဲ့ သတင်းတိုင်းဟာ ကျမစိတ်ကိုပိုမို ထိခိုက်နာကျင်စေခဲ့တာ အမှန်ပါ။


မိညိုဆိုတဲ့သူမ ဆိုသူကတော့ ဇော်လေးရဲ့ အမျိုးသမီးပါ။ဇော်လေးဆိုတာက ကျမရဲ့ အခင်ဆုံးသူငယ်ချင်းပါ။ ဇော်လေးနဲ့ ကျမဟာ ဟိုဆယ်ကျော်သက်အရွယ်ကတည်းက ကွဲကွာခဲ့ကြတဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ခုဆိုဖြင့် ဇော်လေးမှာ သားလေး  ( ၂ )ယောက်ရှိသလို ကျမမှာလည်း ကိုယ်ပိုင်ပျော်ရွှင်စရာ မိသားစုလေးနဲ့ ကိုယ်စီကိုယ်စီ ဘဝကို  နေ့စဉ်ဖြတ်သန်း နေကြသူတွေပါ။ဒီလို ဘဝတွေမှာ မျိုးစုံကျင်လည်ကြရင်း ဇော်လေးနဲ့ကျမ ဝေးကွဲခဲ့တာ (၁၁)နှစ်ကြာခဲပါပြီ။ ဒီ (၁၁)နှစ်ကြားမှာ ကျမတို့ တစ်ယောက်ကိုတစ်ယောက် အဆက်သွယ်မရ ပြတ်တောက်နေခဲ့ကြတယ်။ ဒါပေမဲ့ ကျမရဲ့သူငယ်ချင်းကို ကျမ အမြဲသတိရသလို သူလည်းကျမကို သတိရနေမယ်လို့ ကျမအမြဲ ယုံကြည်ခဲ့တယ်။


ဝေးကွာအဆက်ပြတ်တဲ့ (၁၁)နှစ်အတွင်း ဇော်လေးအကြောင်း ကျမ ဘာမှမသိခဲ့ပါ။ကျမဘက်က သူငယ်ချင်းတစ်ယောက်မို့ ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှု့မရခဲ့ပါ။ ကံစီမံရာအတိုင်း ကျမတို့ သူငယ်ချင်းတွေ ဝေးခဲ့ကြရ တာဘဲလေ။ဘယ်တတ်နိုင်ပါ့မလဲ။


တိုးတက်လာတဲ့ ကျမတို့မြန်မာပြည်ကြီးမှာ ကိုယ်စီကိုယ်စီ ဟန်းဖုန်းတွေသုံးနေကြပြီမို့ တစ်နေ့ ကျမသူငယ်ချင်းဇော်လေးနဲ့ ကျမ ပြန်ဆုံဖို့  အကြောင်းရယ်ဖန်လာတော့ မိတ်ဆွေတစ်ယောက်က ကျမကို သူ့ဖုန်းနံပါတ်လေးပေးလာခဲ့တယ်။ကျမ အတိုင်းမသိပျော်ရွှင်ခဲ့တယ်။


(၁၁)နှစ်ကြာ ဝေးကွာနေတဲ့ ကျမကိုအရမ်းခင်တဲ့ သူငယ်ချင်းနဲ့ ကျမအဆက်သွယ်ပြန်ရ ဖုန်းပြောရတာ သူငယ်ချင်းတွေအပေါ်တွယ်တာတတ်သူတိုင်း သံယောဇဉ်ကြီးသူတိုင်း နားလည် ခံစားပေးတတ်ကြပါမှာ။ ကျမရဲ့ ပျော်ရွှင်မှု့တွေ ဘယ်လောက်ထိ အရှိန်ပြင်းခဲ့လဲဆိုတာ။


ဇော်လေးနဲ့ ကျမတို့က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ။ဇော်လေးက ကျမမောင်အငယ်ဆုံးနဲ့လည်း အရမ်းရင်းနှီးသလို ကျမတို့ အိမ်ထဲဝင်ထွက်သွားလာတဲ့ မိသားစုဝင်လို  ဖြစ်နေတော့ ကျမသူ့ကို သူငယ်ချင်းစာရင်းထဲက ထုတ်ပစ်ဖို့ဆိုတာ အကြောင်းပြချက် မခိုင်လုံဘဲနဲ့တော့ လွယ်လွယ်နဲ့ရယ် မဖြစ်နိုင်။ဒါပေမဲ့ ခု ... ကျမ ကိုယ်တိုင်ဆုံးဖြတ် ခဲ့ပြီးပါပြီ။ ဟုတ်ပါတယ် သူဟာ ကျမရဲ့ သူငယ်ချင်းကောင်း သူငယ်ချင်းဟောင်း မဖြစ်သင့် မဖြစ်ထိုက်တော့ပါဘူး။ ကျမ စိတ်ထဲကတော့ သူငယ်ချင်း စာရင်းထဲကပါ  ကျမသူငယ်ချင်း  ဇော်လေးကို  အားနာမှု့  စိတ်မကောင်းမှု့နဲ့   ရက်စက်စွာ ထုတ်ပယ်လိုက်ပြီ။


ဟုတ်တယ်.... ဟုတ်တယ်... ကျမ ခလေးဆန်တာ မဟုတ်ဘူး။ လုပ်သင့်တာကို လုပ်လိုက်တာဘဲလို့ ခံယူလိုက်တယ်။ အစကသာ ကျမဒီလို သိခဲ့ရမယ်ဆို  ကျမ သူငယ်ချင်းဇော်လေးကို  ကျမပြန်ဆက်သွယ်လုပ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်တော့ ကျမလိုချင်တာ ပွင့်လင်းတဲ့ခင်မင်မှု့  ရိုးသားတဲ့ခင်မင်မှု့  ယုံကြည်ရတဲ့ခင်မင်မှု့ပါ။


မိန်းခလေးဆိုတာ  သဝန်တိုတတ်ကြတယ်ဆိုတာ ကျမ နားလည်ပါတယ်။ ဒါပေမဲ့ အမှားအမှန်ဆုံးဖြတ်တတ်တဲ့  ဦးနှောက်ရှိဖို့တော့ လိုတာပေါ့။ သဝန်တိုတယ် ဆိုတာကလည်း တိုသင့်တဲ့နေရာမှ တိုရမှာလေ။ ဒီလိုမှမဟုတ်  အပေါင်းဖော်မဲ့ ကိုယ်တစ်ယောက်တည်း နေရမှာဘဲ။


ဇော်လေးဖုန်းနံပါတ်ရပြီး  သာကြောင်းမာကြောင်း ဖုန်းလေး  ( ၂)ခါ ဆက်မိပါတယ်။ အမ်....ပြသနာက အဲမှာစတော့တာဘဲ။ ကျမ တို့တွေ ကိုယ်စီသိနေတာဘဲ။သူမှာလည်း အိမ်ထောင်နဲ့ ကျမမှာလည်း အိမ်ထောင်နဲ့။ပြီးတော့ ကျမတို့တွေက တစ်ချိန်က သူငယ်ချင်းတွေ။ ချစ်သူတွေဟောင်းတွေမှ မဟုတ်ကြတာ။ ဒီအကြောင်းတွေ ဇော်လေးက သူ့အမျိုးသမီး မိညိုကိုပြောမပြထားတာလား။ မိညိုကသိသိကြီးနဲ့ သဝန်တိုနေတာလား။


မိညို.... ရှင်တရားလွန်နေပြီထင်တယ်။ ရှင့်မို့ မစဉ်းစားဘဲ ရက်ရက်စက်စက် စွပ်စွဲရက်တယ်။ ရှင် ဘာအကြောင်းပြချက်နဲ့ မစဉ်းစားဘဲကျမ အပေါ်စွပ်စွဲ  သူ့အပေါ် သဝန်တိုနေတာလဲ။ ကျမဟာ မြန်မာပြည်ဖွာ မြန်မာမိန်းခလေးပါ။ မိဘရဲ့ ဆုံးမသွန်သင်မှု့အောက်မှာကြီးပြင်းလာခဲ့တဲ့ သူပါ။ ရှင် သဝန်တိုသလို ဘယ်တော့မှမဖြစ်လာနိုင်သလို ရှင်စိတ်ထဲထင်နေသလို ကျမ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ရှင် မရှက်ပေမဲ့ ကျမ ရှက်တယ်။ကျမတို့က လူချမ်းသာတွေမဟုတ်ပေမဲ့ ကိုယ့်မာန ကိုယ့်နာမည်တော့ ချမ်းသာအောင်နေတယ်။


အင်းလေ.... ရှင့်စိတ်ထဲထင်တာတွေနဲ့ ရှင်သဝန်တိုနေရင်  မိညို ရှင်ဘဲပင်ပန်းမှာပေါ့။ လူတစ်ယောက်ကို အရမ်းချစ်တော့လည်း ရှင် ပင်ပန်းသလို  သူ့အပေါ်မယုံကြည်မှု့  သဝန်တိုမှု့တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရင် ရှင်ဘဲ ပင်ပန်းမှာဘဲ။ပြီးတော့ ရှင်မသိတဲ့ လူတစ်ယောက်ကို  ရှင်မုန်းနေတာလည်း ရှင့်အတွက် အသက်တိုဆေးပါဘဲ မိညိုရယ်။


ခု ရှင်တစ်ခါမှ မမြင်ဖူး သူ့ အကြောင်းမသိဘဲ  ရှင်နဲ့မိုင်ပေါင်းများစွာဝေးနေတဲ့  လူတစ်ယောက်အပေါ် ရှင့်ရဲ့ သဝန်တိုစိတ်နဲ့ စွပ်စွဲတာ  ရှင်  ရူးနေလို့ ဘဲနေမယ်။ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ  တန်ဖိုးမဖြတ်နိုင်တဲ့  ရတနာနဲ့တူတယ်ဆိုတာ ရှင် မသိလို့နေမှာပါ။


မိညိုရေ  ရှင်သဝန်တိုတတ်တာ  ကျမ အပြစ်မပြောပါဘူး။ဒါပေမဲ့ စဉ်းစားဥဏ်လေးတော့ ရှိဖို့လိုတာပေါ့။ ရှင်သာလေ ကျမလို မတောက်တစ်ခေါက်  ကွန်ပျူတာလေးသုံးတတ်မယ်ဆို  ကျမ အလွမ်းမြို့လေးဆိုတဲ့ ဘလော့ပိုင်ရှင်က  ကျမရဲ့အိမ်ဦးနတ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ  ရှင်သိမှာပါ။ ကျမရဲ့ ချစ်ခြင်းတွေကို ကျမရဲ့ဘလော့ဖြစ်တဲ့  အလွမ်းမြို့လေးထဲမှာ ဖွင့်ဟဝန်ခံထားတယ်။ ရှင် အင်တာနက် သုံးတတ်လာတဲ့တစ်နေ့  အလွမ်းမြို့လေး ဘလော့ထဲက  ကျမနဲ့  ကျမချစ်တဲ့မဟူရာ  အကြောင်းလေး  ဖတ်မိအောင်ကြိုးစားပါ။ ရှင်ကိုသိအောင်ပြောပြဦးမယ်။ ကျမလေ တလောကလုံးမှာရှိတဲ့  အချမ်းသာဆုံးလူက သူစည်းစိမ်ပုံပေးပါမယ် ကျမချစ်တဲ့ မဟူရာလေးကို ပေးပါတောင်းလာခဲ့ရင်တောင်  ကျမ  မလဲပေးနိုင်ဘူးဆိုတာ  ရှင့်ကိုသိစေချင်တယ် မိညိုရယ်။ကျမတို့ အိမ်လေးက သိပ်သာယာတာ။ပြီးတော့ ကြည်နူးစရာ ပျော်စရာတွေ အများကြီးဘဲ။ ငွေကြေးတွေနဲ့  မတည်ဆောက်ထားပေမဲ့  မေတ္တာ ဂရုဏာ သစ္စာ နားလည်မှု့ ယုံကြည်မှု့ ဖေးမမှု့ အပြန်အလှန်လေးစားမှု့တွေနဲ့ တည်ဆောက်ထားခဲ့တာပါ။ ဆွေမျိုးတွေက တိုက်ခိုက်လာတဲ့ လေမုန်တိုင်းနဲ့  ဆုံခဲ့တာတောင်  ကျမတို့အိမ်လေး  မပျက်စီးအောင် ကျမတို့နှစ်ယောက် တွဲလက်တွေနဲ့  ကာရံထားခဲ့ကြတာ။


ဒါကြောင့်  မိညိုရေ...  ပြင်းထန်တဲ့လေမုန်တိုင်း  ကြီးမားတဲ့လှိုင်းလုံးတွေနဲ့  ကြုံခဲ့တာတောင် ကျမတို့  အိမ်လေးမထိခိုက်စေဖို့ ကျမတို့ နှစ်ယောက်  လက်ချင်းယှက်ပြီး  ကာကွယ်ခဲ့တာဘဲ။ ခုလို  ရှင်စိတ်ထဲ အတွေးထဲထင်နေတဲ့  အမှိုက်လေးလောက်နဲ့  ကျမတို့ အိမ်ကလေးကို အမိုက်ခံပြီး ကျမ မဖျက်စီးပါဘူး။ ကျမချစ်တဲ့ မဟူရာနဲ့  ကျမ( ၁) ရက်တာလေးတောင် ခွဲနေနိုင်တာမဟုတ်ဘူး ... မိညိုရေ ရှင့်ရဲ့  ခပ်ညံ့ညံ့ အတွေးတွေနဲ့  ပါတ်ဝန်းကျင်မှာကျမကို  မတိုက်ခိုက်ပါနဲ့။ ကျမကလေ ရှင့်လို လူတကာနဲ့  ရန်မဖြစ်ရဲဘူး။ ရှင့်လို  တရပ်ကွက်လုံးနဲ့   အဆင်မပြေတာ  မရှိခဲ့ဖူးဘူး။ ရှင့်လို  အသိမဲ့တဲ့ လုပ်ရပ်တွေ မလုပ်ခဲ့ဘူး။


မိညိုရေ...  အိမ်ထောင်သည် ဘဝမှာ သဝန်တိုတာ အချစ်မဟုတ်ဘူးကွဲ့။ သဝန်တိုတာ မိသားစုအတွက်  ပြသနာရဲ့ အစဆိုတာ  မှတ်ထားပါ။ရှင် ခုလို မဆင်ခြင်ဘဲ သဝန်တိုတတ်လို့ ကျမရဲ့  သူငယ်ချင်း စာရင်းထဲကနေ  ရှင့်ချစ်တဲ့  ကျမရဲ့သူငယ်ချင်းဟောင်း  ဇော်လေးကို အပြီးအပိုင်ထုတ်ပစ်လိုက်ပြီ  မိညို။လောကမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ရှားတယ်ဆိုတာ ရှင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်  နေတတ်လာရင် ရှင်သိလာမှာပါ။


ရှင့်ရဲ့  မစဉ်စားဘဲ သဝန်တိုတတ်တဲ့ စိတ်ကြောင့်  ရှင့်ချစ်တဲ့လူမှာ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရပြီ..... ....ကျမ ဘက်ကတော့ရှင်ပြောသမျှ  ရှင်စွပ်စွဲသမျှ  ပြုံးပြုံးလေးနဲ့  ခွင့်လွတ်နေပါတယ်။ ကျမ ကံကောင်းပါတယ်။ ကျမ မိတ်ဆွေထဲ  ဒီလိုမိတ်ဆွေမျိုးကို စောစီးစွာ  ပယ်ထုတ်နိုင်ခဲ့လို့ဘဲ။


ကျမ  ကံကောင်းခဲ့ပေမဲ့..... ရှင်ချစ်တဲ့လူမှာတော့  ရှင့်ရဲ့  သဝန်တိုစိတ်ကြောင့်  သူငယ်ချင်းကောင်း  ဆုံးရှုံးသွားရပြီ  မိညိုရေ.........

သူငယ်ချင်းဇော်လေးရေ ............. တစ်နေ့ဒို့တစ်တွေ  အမိမြေမှာ  ပြန်ဆုံကြတဲ့ခါ .... အစိမ်းတွေလိုဘဲ ဆက်၍နေမယ်။  

ပိုစ့်သည်  ကျမ၏  ခံစားချက် ဖြစ်သည်။ (ဇော်လေး)နာမည်သာပြောင်းထားပါသည်။ ဖြစ်ရပ်အားလုံးသသည် ကျမ၏ ရင်တွင်းခံစားချက် ဖြစ်သည်။



စာဖတ်သူ မိန်းခလေးတိုင်းလည်း  အကြောင်းမဲ့  သဝန်တို အပြစ်ရှာ  ရန်လိုခြင်းများကို ဆင်ခြင်ပါ။ အကြောင်းမဲ့  သဝန်တို အပြစ်ရှာ  ရန်လိုခြင်းများကြောင့်  မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ  ဆုံးရှုံးတတ်သလို  မိမိအိမ်ထောင်ရေးလည်း  မပျော်ရွှင်ဖြစ်တတ်သည်ကို  သတိပြုနိုင်ရန်  ဒီပိုစ့်လေးကနေ သတိပေး  လိုက်ပါတယ်။



စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး 
29-03-2013

6 comments:

blackroze said...

တခါတလေမှာ
အထင်လွဲမှားမှု့လေးတွေ
ဖြစ်တတ်ပါတယ်..
လောကကြီးကဒီလိုပါဘဲ
နားလည်ပေးလိုက်ပါ မကြီးလွမ်း

Candy said...

အင်း... ဒါမျိုးကိစ္စကို မကြီလွမ်းဖြေရှင်းသလို ဖြေရှင်းတာပဲ ကောင်းပါတယ် :)

ကိုမျိုး (အညာမြေ) said...

အလွမ်းမြို့လေး (ရင်းတွင်းခံစားချက်)အား မျှဝေခံစားသည်။ မိညိုအား နားလည်စေချင်၏ ထို့အတူ အလွမ်းမြို့လေးအားလဲ နားလည်ပေးစေချင်ပြန်၏ ဇော်လေး သည် ကြားညှပ်နေ၏ တစ်ဖက်က အိမ်သူသက်ထား၊ တစ်ဖက်က ငယ်သူငယ်ချင်း။ ဖျတ်ကနဲ့ သတိရမိ၏ မထင်မှတ်ဘဲ ငယ်ငယ်တုန်းက ငယ်သူငယ်ချင်း မိန်းကလေးတစ်ယောက် နှင့် အမှတ်မထင် တွေ့ဆုံစဉ် အိမ်သူသက်ထားနှင့် မိတ်ဆက်ပေး၏ မတွေ့တာ ကြာပြီဖြစ်သည့် သူငယ်ချင်းနှင့် တွေ့ရသည့်အတွက် လွန်စွာဝမ်းသာမှု ဖြစ်ခြင်းအား မထိမ်းမိခဲ့။ ရှင့် ရည်းစားဟောင်းလားဟု အိမ်အရောက်တွင် အမေးခံ ထိဘူး၏ သို့သော် ထို့ထက်ပို မမေးခဲ့။

လရိပ်အိမ် said...

ခံစားနားလည်သွားတယ် မကြီးလွမ်း။ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့ဆိုတာ မလွယ်ကူဘူး။ သူ့ထိုက်နဲ့သူ့ကံပေါ့။

ရာဇာထွေး said...

မကြီးရေ အခုမှလာဖတ်ဖြစ်တယ်ခင်ဗျာ့။ ကိုမျိုး(အညာမြေ)ရဲ့မှတ်ချက်လေးကိုတော့အရမ်းကြိုက်
တယ်မကြီးရေ။ ကိုယ့်ဖက်ကဘယ်လောက်ဖြူစင်တယ်ဆိုတာကိုယ်ပဲအသိဆုံးပါ။ တစ်ဖက်လူက
တော့ဘယ်သိနိုင်ပါ့မလည်း။ အထူးသဖြင့် မညိုကမိန်းမသားဆိုတော့ သ၀န်တိုတာနေမှာပေါ့။
ကိုဇော်လေးအနေနဲ့ သူ့အမျိုးသမီးကိုနားလည်အောင်ရှင်းပြမထားတာဆိုရင်လည်းတစ်ဖက်လူ
ကသို့လော သို့လော ဒွိဟအတွေးတွေဝင်နေမှာပေါ့။ မိန်းကလေးတွေသ၀န်တိုတာတော့မဆန်းပါ
ဘူးအမရေ။ အဲ..လိုတာထက်ပိုလာရင်တော့ ဆန်းသွားရောအမရေ။ အားလုံးနဲ့အခင်အမင်ပျက်
မယ်။ မိတ်ဆွေသူငယ်ချင်းကောင်းတွေဆုံးရှုံးမယ်။ ဟိုလူနဲ့တွေ့ရင် သမုတ်လိုက်၊ ဒီလူနဲ့တွေ့
ရင်သမုတ်လိုက်နဲ့ ကြာလာတော့ အိမ်ထောင်ရေးပြိုကွဲတဲ့အထိ ဖြစ်လာတတ်တယ်မကြီရေ။ ချစ်
လို့သ၀န်တိုပေမယ့် ကိုယ်ပိုင်အသိဥာဏ်လေးနဲ့တော့ မှန်၏၊ မမှန်၏ဆိုတာလေးတော့ချင်ချိန်
တတ်ဖို့တော့လိုတာပေါ့နော်။ ပြောစရာရှိနေရင်တောင် ကိုယ့်လူကို ကိုယ်ပြောရမှာ။ တစ်ခြားသူ
ကိုသွားပြောစရာမလိုပါဘူး။ မကြီးရဲ့ မဟူရာအကြောင်းတော့ကျွန်တော်တို့သိပြီးသားမို့မပြော
တော့ဘူးပါ:P.. (ချစ်လိုက်ကြတာလွန်ရော အမြင်တောင်ကပ်တယ်:P..) ကျွန်တော်အမြင်ပြော
ရရင်မကြီးလည်း မမှားဘူး၊ မညိုလည်းမမှားဘူး။ ဒီကိစ္စကို ကိုဇော်က သူ့အမျိုးသမီးနားလည်း
အောင် သံသယ ရှင်းအောင် လုပ်ရမှာ၊ ပြောရမှာ သူ့တာဝန်ပဲ။ ဥပမာ ကိုကြီးမဟူရာ ဘာလုပ်
လုပ်မကြီးသိနေရင် ဒါမှမဟုတ် ကိုကြီးမဟူရာက အားလုံးကိုမကြီးသိအောင်ပြောပြထားမယ်ဆို
ရင် မကြီးအနေနဲ့ ကိုကြီးမဟူရာဘယ်ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေပါစေ ဘာသံသယ
မှဝင်မှာမဟုတ်ပါဘူး။ နောက်ပြီးကိုယ့်အမျိုးသားရဲ့ ကိုယ်ကျင့်သိက္ခာ နဲ့ ကိုယ်ကျင့်တရားကို
လည်းမကြီးသိထားလို့ ဘယ်သူနဲ့မှလည်းသ၀န်တိုတာပေါ့ မကြီးရ။ အိမ်ထောင်တစ်ခုမှာ လင်
ရယ် မယားရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ယုံကြည်မှုရှိနေမှ အိမ်
ထောင်ရေးကသာယာခိုင်မြဲတော့မှာပေါ့။ ဘယ်လောက်ချစ်ချစ်၊ ဘယ်လောက်သံယောဇဉ်ရှိရှိ
သံသယတွေရှိနေမယ်ဆိုရင် အားလုံးရေစုန်မြောသွားရောမကြီးရေ...ကိုယ့်ဖက်ကဖြူစင်နေတဲ့
သူငယ်ချင်းသံယောဇဉ်တွေနဲ့ မိညိုရဲ့သ၀န်တိုတတ်တဲ့အပြုအမူလေးတွေကိုဥပေက္ခာပြုပေး
လိုက်ပါမကြီးရေ။

ခင်မင်စွာဖြင့်
ရာဇာထွေး

ထရီဆာ said...

မကြီးလွမ်းရေ... မှတ်သားသွားပါတယ်၊ ရံဖန်ရံခါ လုပ်သင့်လို့လုပ်လိုက်တဲ့ အခြေအနေတစ်ရပ်အပေါ်မှာ ကိုယ့်ရဲ့ ခံစားချက်လေးကတော့ စတေးခံ လိုက်ရတာ ကာယကံရှင်ကိုယ်တိုင်သာလျှင် အသိဆုံးပါ ။ :)