Friday 27 August 2010

လက်ဆောင်(၁)

                    ဒီနေ့မနက် ကျွန်တော် အိပ်ယာကနိုးတော့ လုပ်နေကျအတိုင်း ကွန်ပျူတာ ပါဝါလေးဖွင့်ပြီး  မျက်နှာသစ်ရန် ရေချိုးခန်းဆီ သွားလိုက်တယ်။  မျက်နှာသစ်ပြီး  ကော်ဖီလေးတစ်ခွက် ပြင်ဆင်ပြီး ကျွန်တော် ကွန်ပျူတာနားကို ပြန်လာခဲ့တယ်။ ကျွန်တော် မေလ်းများ စစ်ရန်ဂျီမေလ်းကို ဖွင့်လိုက်တော့ အဟော.. ရန်ကုန်ကအသိ တယောက်က ဂျီမေလ်းကနေ စာရိုက်ရင်း တစ်ခုခုပြောလာပါတယ်။ ကျွန်တော်လည်း သူနဲ့စာရိုက်ရင်းစကား အနည်းငယ်ပြောဖြစ်ကြရင်း ပြောနေရင်းစကားတွေက ဟိုရောက်ဒီရောက်နဲ့ပေါ့။ သူ ကျွန်တော့် အသိတယောက် အကြောင်းပြောလာတော့ ကျွန်တော်လေ ကျွန်တော် သိမ်းထားတဲ့ စာရွက်များရှိရာ နေရာသို့သွားပြီး  ဖိတ်စာလေး တစ်စောင် ကိုပြန်လည် ရှာဖွေခဲ့တယ်။ ဖိတ်စာလေးက မနွမ်းကြေသေးဘဲ အသစ်အတိုင်းလေးဘဲ ရှိနေသေးတာကို ကျွန်တော်ကြည့်ရင်း သူပြောလာတဲ့ စကားတွေကို မယုံနိုင်အောင်ကို ဖြစ်သွားမိတယ်။ တကယ်လည်း အံ့သြသွားတာပါ။ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်သွားခဲ့တယ်။ ခုမှတော့လည်း ဘာတတ်နိုင်မှာလဲ လို့ဘဲသူကို ပြောရင်း ကျွန်တော် သင်ခန်းစာ တစ်ခုကိုရသွားခဲ့တယ်။ 

  ကျွန်တော်တို့ ပြောဖြစ်တာက ကျွန်တော့်အသိ တယောက် အကြောင်းပါ။ သူတို့ အိမ်ထောင်" ကွဲ " သွားပြီတဲ့။ကျွန်တော် အံ့သြသွားတယ်။အံ့သြတယ် ဆိုတာကလည်း အံ့သြစရာဘဲလေ။ သူတို့ ချစ်သူဘဝ တုန်းက သူတို့နှစ်ယောက်အတွဲ သတင်းကိုကြားရတော့ ကျွန်တော် ကြိတ်ပြီး သူ့အစားဝမ်းသာသလို ကျွန်တော်လည်း အဲလို ကျွန်တော့် အပေါ် ချစ်တတ်သူ တယောက်လောက် လိုချင်လိုက်တာလို့ တိုးတိုးလေး ပြောခဲ့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ သူတို့အချစ် ခိုင်မြဲမယ်လို့ ကျွန်တော် ထင်ခဲ့မိတာလေ။ နောက်သူတို့မင်္ဂလာပွဲ ဖိတ်စာလေး ရလာပြန်တော့လည်း ကျွန်တော် သူ့ကိုယ်စား တော်တော်လေး ပျော်နေမိတာ။သူကတော့ မသိ။  ကျွန်တော့် မင်္ဂလာဆောင် လည်းမဟုတ်ဘဲ ကျွန်တော်သူ့အစား ဝင်ပြီးပျော်နေမိတယ်။ ခုတော့ ကျွန်တော့် ပျော်ရွှင်မှု့တွေနဲ့ ထင်ကြေးတွေက ဟက်တက်လွှဲခဲ့ရပြီ။ မင်္ဂလာ သက်တမ်း (၁)နှစ် ကျော်လောက်ဘဲရှိပြီး ခုတော့ "သူ" ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲ ဖြစ်ခဲ့ရပြီလေ။ ကျွန်တော်က အဝေးကမို့ ဘာကြောင့် ကွဲသွားတယ်ဆိုတာ သေချာမသိရပေမဲ့ ကျွန်တော်သိတာ တစ်ခုက သူဟာတကယ် ရိုးအေးပြီး သူအမျိုးသား အပေါ်အရမ်းချစ်တဲ့ သူတယောက်ဆိုတာဘဲ။ ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ ကျွန်တော် နားမလည်နိုင် တော့ဘူး။ သူ့ဖိတ်စာဟောင်းလေး ကိုင်ပြီး သူအတွက် ဆုတောင်းပေး လိုက်မိတယ်။ ခုဆိုသူ တစ်ယောက် ထဲ လောကကြီးမှာ အရာရာတိုင်းကို ရင်ဆိုင်ရတော့မယ်။ သူ့ အမျိုးသား ကိုယ်ပွားလေး ဖြစ်တဲ့သူ့ သားလေးနဲ့ ပတ်ဝန်ကျင်နဲ့ မိသားစု မောင်နှမတွေ  ကဲ့ရဲ့ပြောတာ ရှုတ်ချတာတွေ သူခေါင်းငုံခံရတော့မယ်လေ။  သူ့ရင်ထဲ ဘာတွေဖြစ် နေမလဲဆိုတာ ကျွန်တော် ကိုယ်တိုင်မဟုတ်ပေမဲ့ ဝင်ပြီး စာနာခံစား ပေးလို့ရပါတယ်။
  
             သူ့အကြောင်း တွေးနေရင်း ကျွန်တော့် အဖေ ဆုံးမဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ဘုရားတည်/ ဆေးမှင်ရည်စုပ်ထိုး/ အိမ်ထောင်ပြု မှားရင် တစ်သက်လုံးပြင် မရတော့ဘူးတဲ့။ ကျွန်တော် လည်းသူ့သတင်းကို ကြားပြီး သင်ခန်းစာရလာခဲ့တယ်။ ခံစားတတ် သူတိုင်း  အချစ်နဲ့ မလွှတ်ကင်းကြပါဘူး။

   ကျွန်တော် ချစ်သောစာဖတ် မမ နဲ့ ညီမလေးများကို   ကျွန်တော့် ရင်ထဲက စကားလေး တစ်ခွန်းလောက်လက်ဆောင်ပေး ချင်တယ်ဗျာ။ မိန်းခလေးရဲ့ ဘဝမှာ အိမ်ထောင်ကွဲသွားပြီး ဆိုတာနဲ့ 

  ၁     အရင်လို အပျိုလေးပြန်မဖြစ်တော့ဘူး။
 ၂     ပတ်ဝန်းကျင် / မိသားစု တွေရဲ့ ပစ်တင် ကဲ့ရဲ့မှု ကိုခံရတော့မယ်။ 

        နောက်ဆက်တွဲတွေ အများကြီး ရှိသေးတယ်။ ဒီတော့ အိမ်ထောင် တစ်ခုပြုတော့မယ်ဆို သေချာစဉ်းစားပါ။ သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ  ဘဝ တစ်ခုကိုအတူတူ တည်ဆောက်ကြပါ။တယောက်ပေါ် တယောက် နားလည်မှု စာနာမှု သစ္စာရှိမှုတို့နဲ့ သံယောဇဉ်ကြိုး တင်းအောင် အရင်ချည်ပါ။ သံယောဇဉ်ကြိုး ခိုင်ပြီဆိုမှ တည်ဆောက်တဲ့ အိမ်ထောင်ရေးလည်း တည်တံ့သွားမှာပါ။ အချစ်တစ်ခုတည်းနဲ့တော့ မရပါဘူး။ ( အချစ်ဆိုတာ ဘဝ မဟုတ်ပါဘူး)။ အချစ်နဲ့ အရာရာကို ခွင့်လွှတ်နိုင်တယ် ဆိုတာကလည်း ချစ်နေတုန်း ခဏတာလေး အတွင်း မှာပါ။ တကယ်တမ်းတော့ အချစ်အားဖြင့် အရာရာကို စွမ်းဆောင် နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။  အဲတာကလည်း ကျွန်တော့်ရဲ့တစ်ဦး တည်းတွေးမိတဲ့ ခပ်ညံ့ညံ့ အတွေးတွေပါ။ စာဖတ်သူများ လက်ခံချင်မှ လက်ခံကြပါ။ ကျွန်တော်ကတော့ အချစ်ကို မတည်မြဲတဲ့ နိယာမတစ်ခု လို့ကျွန်တော် ယုံကြည်ထားတယ်။ ဘာလို့လဲဆိုတော့  ကြည့်လိုက် တိုင်းလူတွေက ခုချစ်ပြီး အဆင်မပြေရင် မုန်းကြရော။ အဲတာ မတည်မြဲလို့  အမြဲတမ်းလို ပြောင်းနေတာလေ။  (ဟီးဟီး ) ကျွန်တော် ကိုယ်တိုင်လည်း အဲလိုကြုံခဲ့ဖူးသူ တယောက်မလို့ပါဗျာ။ ကျွန်တော်က ပြောင်းလဲသွား တာမဟုတ်ပေမဲ့  အပြောင်းလဲ  ခံလိုက်ရသူပါ။   
    
                 စာဖတ်သူ မမနှင့် ညီမလေးများ အထူး သတိပြုကြပါ။ ချစ်တယ်ချစ်တယ် မိုးလောက်ကြီးချစ်တယ်ဆိုပြီး အယုံမလွယ်စေ ချင်ဘူး. တကယ်လို့ ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ပြီ ဆိုရင်လည်း အိမ်ထောင်ရှင်မ ပီသအောင် အိမ်ထောင်ရေးကို တာဝန်ယူ ပြီးအိမ်ထောင်ရေး သာယာအောင် ကြိုးစားကြပါ။  အိမ်ထောင်ရေး အဆင်ပြေ သာယာဘို့ဆိုတာကလည်း  နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိ တာမို့စာဖတ်သူ  ကိုကို နှင့် ညီငယ်များလည်း ကိုယ့်အိမ်ထောင်ဘက် အပေါ်သစ္စာရှိရှိ အိမ်ထောင်ဦးစီး တာဝန်များ ကျေပွန်နိုင်ကြပါစေ။ 
  
                        မနက်ဖြန်ဆိုတာ ဒီနေ့မဟုတ်သလို ဒီနေ့ကလည်း မနက်ဖြန် ဖြစ်မလားဘူး။



အားလုံးကိုလေးစားလျှက်
အလွမ်းမြို့လေး

        

2 comments:

ကိုဇော် said...

ဟုတ်ကဲ့...ဟုတ်ကဲ့...

ကိုရီး{ကိုကြီး} said...

ဒီပိုစ့်လေးက ရင်ကိုထိတယ်
အဖြစ်အပျက်တွေ တိုက်ဆိုင်နေလို့ပါ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}