Thursday, 21 October 2010

ကျွန်တော်ရဲ့ အတွေးအပိုင်းအစ (၂)

                  
                        ဒီပို့စ်လေးကို မရေးခင်မှာ ဒီနေ့ ကျွန်တော်ကြုံလိုက်ရတဲ့ ကွန်ပျူတာလောကမှာ လူတိုင်းလိုလို ကြုံဖူးကြမဲ့ အဖြစ်အပျက် လေးတစ်ခုကို ကျွန်တော် ဦးစွာပြောပြချင်ပါတယ်။ ကျွန်တော်မနက် အိပ်ယာက နိုးပြီး လုပ်စရာရှိသော တာဝန်များကို လုပ်ဆောင်ပြီး ကျွန်တော့်ဘလော့လေးကို ဖွင့်လိုက်တယ်။ ကျွန်တော်  ကွန်ပျူတာထိုင်ရင် ကြာတတ်တော့ လုပ်စရာများနှင့်    ဗိုက်အတွက်  ဖြည့်စရာအစာများ  ရှာကြံစားသောက် ပြီးနောက် ကွန်ပျူတာရှေထိုင်ပြီး မနေ့အိပ်မပျော်ခင်  တွေးမိသောအတွေးများကို  ရေးချ မည်ဟုဆုံးဖြတ် စတင်လုပ်ဆောာင်  လိုက်တော့သည်။  

                              ကျွန်တော် ပို့စ်လေးရေးပြီးချိန်မှာတော့  စာလုံးပေါင်းများ   ပြန်စစ်မည် ဟုအပြု ကျွန်တော့် ကွန်ပျူတာလေး ဘာဖြစ်သွားလဲမသိ    ဖွင့်လက်စ ဘလော့ပို့စ်လေးရေးလက်စ  ဘလော့ပိုစ်လေးက   အထက်က အမိန့်စာကျလာသလိုဘဲ  ဘယ်လိုမှလှုပ်ရှားလို့ မရတော့ဘဲ ရေးလက်စ ပိုစ်လေး ရပ်တန့်ပြီး   ငြိမ်နေလိုက်တာ ကျွန်တော့် အော်သံ လည်းသူမကြား ကျွန်တော်ခေါက်သံလည်း သူမကြား ဒီအတိုင်းဘဲ  ရပ်နေတာ နာရီအတော် ကြာသွားတယ်။ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ကွန်ပျူတာကို သုံးတတ်တာကလွှဲပြီး ကျန်တာဘာမှ မသိဆိုတော့ အခက်ကြုံရတာပေါ့။ ကျွန်တော့် ဂျီတော့မှာများ ဘယ်သူတွေရှိမလဲ ဆိုပြီးအားကိုးတကြီး နဲ့ ဂျီတော့လေး ဖွင့်လိုက်ပါတယ်။ တိန်... ဘယ်သူမှ မရှိကြပါဗျာ။ ကျွန်တော် ကံဆိုးပါ တယ်။အဲဒီအချိန်မှာတော့ ကျွန်တော်ဟာ သာချွန်နဲ့စက်ခလုတ် လိုဖြစ်နေတာပေါ့။ ဒီနေ့မှ သူငယ်ချင်းတွေ လည်းမတွေ့ နောက်ဆုံးတော့ ကျွန်တော် ကွန်ပျူတာလေးကို ပါဝါကနေ ပိတ်ပြီး အစကနေပြန် ဖွင့်လိုက်ပါတယ်။ ကွန်ပျူတာကို ဘယ်လောက် ပျက်အောင် ဆော့လည်း ဆိုတော့သူငယ်ချင်း တစ်ချို့ကတော့ ကျွန်တော့်ကို နာမည်  ပေးထားကြတယ်။ " ကွန်ပျူငို " တဲ့။ ကွန်ပျူတာ တောင် ငိုသွားရလို့တဲ့။ ကဲ... ထားလိုက်ပါ နာမည်က အရေးမကြီးပါဘူး။ ဗေဒင်ဟောမှာမှ  မဟုတ်တာ။ ကျွန်တော် ပြောချင်တာက ဒီနေ့ ရေးထားတဲ့ ပိုစ့်လေးလည်းသိမ်းချိန်  မရလိုက်လို့  အခုကျွန်တော်  ဒုတိယ အကြိမ်   ပြန်လည် ကြိုးစား ရေးလိုက် ပါတယ်။

                        ဒီတစ်ပတ်လုံး ကျွန်တော့်အားလပ်ရက်မို့ ဗဟုသုတ ရလိုရညားဆိုပြီး အင်တာနက်ဖွင့် ဘလော့လေးတွေ လိုက်ဖွင့်မိတယ်။ အင်တာနက် သုံးရတာကလည်း သုံးတတ်ရင် ပညာတစ်ခုရပါတယ်။ မသိနားမလည် တာတွေကို သိနားလည်တဲ့ မောင်နှမတွေက စေတနာတွေနဲ့ ပြန်လည်ရေးသား ဖော်ပြထားလို့ သူတို့တွေရဲ့ စေတနာစာလေးကို ဖတ်မိခြင်းအားဖြင့် အသိညာဏ်တစ်ခု တိုးလာတာပေါ့။ဒီလိုနဲ့ မထင်မှတ်ဘဲ အင်တာနက်ပေါ် အလည်လွန်ရင်း မထင်မှတ်ဘဲ ကျွန်တော် ဘလော့တစ်ခုကို   ရောက်ရှိ သွားတယ်။ မှတ်တော့မမှတ်မိ တော့ပါဘူး အဲဒီဘလော့လေးကို။ဒါပေမဲ့ အဲဒီ ဘလော့လေးက  ကျောခိုင်းနှုတ်ဆက် ထွက်ခဲ့ချိန်မှာတော့ ရင်ထဲမှာ အတွေးစ တစ်ခုကပ်ပါလာခဲ့တယ်။

                                 ဒီပို့စ်လေးမှာ ကျွန်တော်ဘာကို ရည်ရွယ်ပြီး ရေးချင်တာလဲဆိုတော့ ကျွန်တော်အရင် ပိုစ့်တစ်ခု တင်ဖူးပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုး တွေဟာ တစ်ခြားလူမျိုး တစ်ခြားနိုင်ငံ တွေနဲ့ယှဉ်ရင် ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ပိုင်ရှင်နဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်း သူတွေပါ ဆိုတာပေါ့။ကျွန်တော် ဘာကိုဆိုလိုတာလည်း ဆိုတော့ မထင်မှတ်ဘဲ ရောက်ခဲ့တဲ့ ဘလော့လေးမှာ တစ်ဦးနဲ့ တစ်ဦး ဆဲးရေးတိုင်းထွာ နေကြတာကို ကျွန်တော် မြင်ခဲ့ဖတ်ခဲ့ရသလို စာဖတ်သူများလည်း ဖတ်မိချင်ဖတ်မိမှာပါ။ အဓိက ကျွန်တော် ပြောလို တာကအမိမြန်မာပြည် တစ်ခုတည်းက မွေးဖွားလာကြတဲ့ ညီအစ်ကိုတွေ ဘဲဗျာ ဘာလို့များသွေးကွဲ နားလည်မှုလွှဲပြီး တိုက်ခိုက်ဆဲဆို နေကြတာပါ။ ဘာသာတရား ဆိုတာ ရိုသေကိုင်းရှိုင်း ဘို့ပါ။ ဘယ်ဘာသာ မှာမဆို ကောင်းတာလုပ်ဘို့ သူတစ်ပါးကို မေတ္တာထားဘို့ ခွင့်လွှတ်စိတ်ရှိဘို့ကို သွန်သင်တာကိုဘဲ ကျွန်တော် မြင်ပါတယ်။ ဗုဒ္ဓဘာသာမှာလဲ ဆရာတော်တွေ ဟောကြား ထားတဲ့ တရာတော်တွေမှာ မေတ္တာထားကြဘို့ တရားတော်ကိုလည်း ကျွန်တော် နာဖူးပါတယ်။ ခရစ်ယာန်မှာလည်း အဖဘုရားသခင်က နူးညံ့တဲ့ စိတ်သဘောထားရှိဘို့ လူအချင်းချင်း မေတ္တာထားဘို့ သမ္မာကျမ်းစာက ပြောထားပါတယ်။နောက်ဆုံး ကုန်ကုန်ပြောရရင်တောင် ဗုဒ္ဓဘာသာဝင် တယောက်က ခရစ်ယာန် ဘာသာကို မယုံဘူး လက်မခံဘူး မကိုးကွယ်ဘူးဆိုရင် ပြသနာ မရှိပါဘူး။ ကိုယ်မယုံကြည်တာလေ။ ဒါပေမဲ့ သူများ ယုံကြည်တာ ကိုသွားမစော်ကားရဘူး။ ခရစ်ယာန်မှာလည်း ထို့နည်းတူပါဘဲ။ကိုယ်က ဗုဒ္ဓဘာသာကို မယုံတာ မယုံတာဘဲ နင်တို့ဘုရားက ဘာညာ ဆိုပြီး မစော်ကားရဘူး။ လူအချင်းချင်း စော်ကားတာတောင် အပြစ်ကြီးတယ်လို့ ပညတ်ချက်တွေ ရှိနေပြီဆို ဘုရားတွေကို စော်ကားတယ်ဆို ကိုယ်ဘာဖြစ်မယ် ဆိုတာသိဘို့ လိုပါတယ်။ဒါက ကျွန်တော့်တစ်ဦးတည်း ခံယူချက်ပါ။လူတိုင်းနဲ့  စိတ်သဘောထား တိုက်ဆိုင်ချင်မှ တိုင်ဆိုင် မှာပါ။

                              ကျွန်တော့် ဘလော့မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုလာ ကော်မန့် ပေးသွားမယ် ဆဲရေးတိုင်းထွာသွားမယ်ဆိုရင်တောင် ကျွန်တော်က ဘာမှ ပြန်ပြောမှာ မဟုတ်ပါဘူး။ဘာမှ လည်းခံစားရမှာ မဟုတ်ပါဘူး။တကယ်ခံစားရမှာက" ဆဲ "သူပါဘဲ။အဲဒီတော့ ဘာသာရေးတွေ ကွဲ လူမျိုးရေးတွေ စွဲ ပြီး တစ်ဦးကိုတစ်ဦးဆဲ အတွေးမျိုးစုံနဲ့ တိုက်ခိုက်နေမှတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သာသာတရား ရိုသေကိုင်းရှိုင်းတယ် စည်းလုံးမှုရှိတယ်ဆိုတာ တိုင်းတစ်ပါးကြားမှာ ဘယ်လိုမျိုးပြောလို့ ရပါမလဲ။တစ်ဦးကို  တစ်ဦးဆဲဆိုကြ    အမြင်မတော်တော့ သင်္ကန်းဝတ်နဲ့ ဆရာတော် တွေပါ တရားမမှတ်နိုင်ဘဲ  ဝင်ရေး ရတော့တယ်။ဘယ်မှာလဲ ဘာသာရေး အရင်းအမြစ်။ ဘယ်မှာလဲ စည်းလုံးမှု့။ သူများ ကုသိုလ်ပြုလို့ ကိုယ်ပါဝင်ရတာက ကြည်နူးစရာပါ။သူများ "အကုသိုလ်" ပြုလို့ ကိုယ်ပါလိုက်ပြု ရင်တော့ တစ်နေ့ ကိုယ်ဘဲခံရမှာပါ။ သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဆိုတဲ့ အတိုင်းပါဘဲ။ခရစ်ယာန် သမ္မာကျမ်းစာမှာလည်း သူများ ကိုယ့်ပါးတစ်ဖက်ရိုက်ရင် နှစ်ဖက်ပြန်ရိုက်ပါလို့ မပြောထားပါဘူး။ခရစ်ယာန် ဘာသာက မေတ္တာကို အခြေခံထားတယ်ဆိုတာ သိရပါတယ်။

                                      ကျွန်တော် အဲဒီ ဘလော့လေးကို ဖတ်မိပြီး တိုင်းတစ်ပါးသားတွေ မြန်မာစာကို မတတ်တာတောင် ကျေးဇူးတင်ရမယ် တောင်ဖြစ်နေမိတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူလတန်းက စပြီး (English) စာကို လေ့လာသင်ယူရတယ်။နောက်ဆုံး ကျောင်းမနေခဲ့ ပညာမတတ်တဲ့ သူတောင် (English စာ Yes နဲ့  No )ကိုသိတယ်လေ။ဒီတော့ ကမ္ဘာသတင်းလား English လိုရေးထားရင်တောင် ကိုဖတ်တတ် သလိုဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်တတ်သလို ဘာသာပြန်လို့ ရတယ်လေ။ တော်သေး တာပေါ့ တိုင်းတစ်ပါးသားတွေ မြန်မာစာ မသင်ရတော့ ကျွန်တော်တို့ အတွက် ပိုအဆင်ပြေသွားတယ်။ မဟုတ်ရင် ခုလို တစ်ဦးကို တစ်ဦး ဆဲးရေးတိုင်းထွာ တာတွေကို တိုင်းတစ်ပါးသားတွေ မြင်တွေ့ ဖတ်မိခဲ့မယ် ဆိုရင် ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး စည်းလုံးမှုရှိတဲ့ နိုင်ငံလို့ကမ္ဘာကို ကြွေးကြော်ထားတာ ရှက်စရာ ဖြစ်ကုန်မှာပေါ။

                              ကျွန်တော့် အတွေ့အကြုံ တစ်ခုပေါ့။ကျွန်တော်နေတဲ့ ပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာ တွေဘဲရှိပြီး ဘာသာကွဲဆိုလို့ ကျွန်တော်  တယောက်တည်းပါ။ တစ်ခါတစ်ရံ သူတို့တွေက ဘာကိုရည်ရွယ် ဘယ်သူကို ရည်စူးပြီး ပြောလဲဆိုတာ ကျွန်တော်တော့ သေချာမသိပါဘူး။ သို့ပေမဲ့ ကျွန်တော့်နားထဲကို မကြားသလို တစ်မျိုးကြားသလို တစ်ဖုံနဲ့ ခပ်တိုးတိုးလေး ပြောကြပါတယ်။ငါတို့ ဗုဒ္ဓဘာသာကဘဲ ကောင်းတာ။ ခရစ်ယာန်တွေက ဘယ်လို မွတ်တွေက ဘယ်လို ဆိုတာမျိုးလေးပေါ့။ ကျွန်တော့် နားကိုလှည့် ပြီးသူတို့ပြောတဲ့ လေသံတွေကို ဥပက္ခာ ပြုခဲ့တယ်။ ခွင့်လွှတ်ခြင်းနဲ့ ကျွန်တော်သူတို့ကို အနိုင်ယူ ခဲ့တယ်။ အချိန်တန်ရင် လူတိုင်းက ကိုယ်စိုက်တဲ့ အတိုင်း ကိုယ်ရိတ်ကြရမှာဘဲ (သူ့စရိတ်နဲ့ သူလမ်းသူရွေးသွားမယ်) ဆိုသလိုပေါ့။ စကားနဲ့ ကျွန်တော် အနိုင်မယူ ခဲ့ပါဘူး။ ဘာသာတရားဆိုတာ ငြင်းခုံဘို့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ခံယူချက် နဲ့ကိုယ်မလို့ ကျွန်တော်စိတ်ထဲ ဘာသာကောင်းစရာ မလိုဘူး။ ကိုယ်ကောင်းဘို့ဘဲ လိုတာလို့ခံယူ ထားသူပါ။တကယ်တော့ ဘာသာ ဆိုတာလူတိုင်းမှာ မရှိမဖြစ်ဆိုပေမဲ့ ဘာသာက သူဘာသာ သူနေတာပါ။ လူတွေကသာ သူ့ဟာသူမနေဘဲ ချဲ့ထွင်နေကြတာလို့ ကျွန်တော် ခံယူတယ်။သူများကောင်းမှ ကိုယ်ကောင်းမယ်ဆိုတာ အတ္တသမားတွေ အတွက်လို့ ကျွန်တော် ထင်မိတယ်။ တကယ်လို့များ ကျွန်တော်တို့ အားလုံးဟာ တစ်သွေးထဲ စည်းလုံးမှု ရှိနေမယ်ဆို လှပမဲ့ အနာဂါတ်ကို မြင်တွေ့ ကြရမှာပါ။ လူမျိုးအစွဲတွေ ဘာသာအစွဲတွေကို ဘေးဖယ် ချထားပြီး လူလူချင်းတွေဘဲလို့ မြင်တတ်ခဲ့မယ် ဆိုရင်ပေါ့။

                            (၂) နောက်တစ်ခု  ပြောချင်တာက မြန်မာတွေရဲ့ အစဉ်လာမှာ ရိုင်းပင်းကူညီ တတ်တယ်လို့ ကြားဖူးတယ် မှတ်ဖူးတယ် ဖတ်ဖူးတယ် ခံစားဖူးတယ်။ အဲတာတွေဟာ တကယ်ရှိလား ပုံပြင်လားလို့တောင် မနည်းပြန်စမ်းစစ် နေမိတယ်။ဟိုတစ်နေ့က ဘလော့တစ်ခုမှာ ကျွန်တော် ဖတ်မိ လိုက်တယ်။ မလေးရှားမှာ မြန်မာ အချင်းချင်း လုယက်မှု ဖြစ်တယ်ဆိုပြီးတော့။ကြားရတာ ကိုယ့်နား ကိုယ်တောင် မယုံချင်ဘူး။   အဲဒီအချိန်မှ ကျွန်တော်ကိုယ် ကျွန်တော်မေးမိတယ်  "ဒါ" လား ရိုင်းပင်းမှုရှိတဲ့  မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့ဆိုတာ။အင်းလေ တယောက်မကောင်းတော့လည်း လူမျိုးက မြန်မာကိုး။ မြန်မာလို့ဘဲ တင်စားရေး ရတော့မှာပေါ့။  ပြည်ပ တိုင်းတစ်ပါးမှာတောင် ဒီလောက် အတင့်ရဲ သတ္တိရှိမိုက်ရဲ နေမှတော့ သူတို့တွေ မြန်မာပြည်မှာသာ ရှိရင်လို့........တွေးမိရင်း သက်ပြင်းရှည် တစ်ချက်ချလိုက်မိတယ်။

                      (၃) နောက်တစ်ခုက မြန်မာတွေရဲ့ ရိုးသားတဲ့စိတ်ထား အကျင့်အမူပါ။လူတိုင်းကို မဆိုလိုပါဘူး။သို့သော် ကျွန်တော် ကြုံဖူးတာလေးပေါ့။ မြန်မာရှိတဲ့ နေရာတိုင်းမှာ ဒီပြသနာလေးကတော့ ရှိကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ မလေးရှားမှာလား စကာင်္ပူမှာလား မြန်မာတွေ ရှိတဲ့နိုင်ငံတိုင်းမှာလို ရှိတတ်ကြပါတယ်။လုပ်ငန်းခွင် တစ်ခုမှာ မြန်မာများလာရင် ပြသနာများလာတာ ကြုံဖူးသူတွေ ရှိကြမှာပါ။ တစ်ချို့က သူတစ်ပါး အဆင်ပြေတာကို မြင်လို့မရဘူး။သူတစ်ပါး ပြေလည်တာကို မကျေနပ်ဘူး။ သူတစ်ပါး ကောင်းစားမှာကို မလိုလားဘူး။(ဘူး) ပေါင်းများစွာနဲ့ အလုပ်ခွင်တစ်ခုထဲ အတူလုပ်ကြတဲ့ တစ်နိုင်ငံထဲ သားတွေကို အထက်လူကြီးနဲ့ အဆင်မပြေအောင် " တိုက် " တယ်။ အဖွဲစည်းလေး လေးတွေဖွဲ့ စကားလေး တွေနဲ့ " ခိုက် " တယ်။ သူတစ်ပါး စီးပွားပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တယ်။ သူ ငါ့ ထက်သာလို့ မရဘူး။ငါက ဘာ..ညာ..ဆိုတာတွေနဲ့ အတ္တ မာနတွေ ထားကြတယ်။ ဘယ်မှာလည်း ချစ်စရာကောင်းတဲ့ ရိုင်းပင်းစိတ်ထား  ရိုးသားတဲ့စိတ် ဖြူစင်တဲ့ စိတ်ဆိုတာ ဘယ်မှာလဲ။ဒီလို သူများကိုလုပ်ဘို့ ဘယ်ဘာသာ တရားကမှ မပြောထားသလို ဘယ်ဆရာတော် ဘယ်ဓမ္မဆရာမှလည်း မဟောထားပါဘူး။ဘာသာတရား ရိုသေတဲ့သူဆို ဒါတွေကို နားလည်မှာပါ။လူအချင်းချင်း ချစ်ဘို့ကြိုးစားရမယ့် အစား တယောက်ကို တယောက် မုန်းတီးတာ ဘာကြောင့်လဲ။ဒီလို ပြသနာ အသေးလေးကနေစပြီး မီးလောင်လာလိုက်တာ နောက်ဆုံးတော့ လူမျိုးရေးတွေ "ခွဲ"   ဘာသာရေးတွေ   "ကွဲ" ပြီး   နွားကွဲတော့   ကျားဆွဲ ခံရတော့တာဘဲ။   စည်းလုံးမှု မရှိတော့ ဘယ်မှာလဲငြိမ်းချမ်းမှု့။ ငြိမ်းချမ်းမှုဆိုတာ သူများက ကိုယ့်ကိုယ် ပေးရမှာမဟုတ်ဘူး။ ကိုယ်ဟာ ကိုယ်က   ပြုရမှာပါ။ တိုင်းတစ်ပါးကြားမှာလည်း  ရှက်ဘို့ကောင်းပါတယ်


                      (၄) ကျွန်တော်လည်း ပြည်ပက လူတစ်ယောက်ပါဘဲ။ဒါပေမဲ့ ကျွန်တော့် စိတ်ဓါတ်တွေနဲ့ ခံယူချက်တွေ လွမ်းဆွတ်မှုတွေက မြန်မာပြည်မှာပါဘဲ။အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကိုထွက်ခွာလာတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ ကျွန်တော့်လိုဘဲ မြန်မာပြည်ကို ချစ်ပြီး မြန်မာပြည်ကို လွမ်းတဲ့သူလည်း ရှိမှာပါ။ကျွန်တော်အခု ရေးမဲ့ အပုဒ်မှာတော့ လူတိုင်းကို မဆိုလို မရည်ရွယ်ပါ။တစ်ချို့တစ်ချို့သော တိုက်ဆိုင်သူများအတွက်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဘယ်နိုင်ငံဘဲရောက်ရောက် ကိုယ်ဟာ မြန်မာ ဆိုတာ မမေ့ရသလို ဇာတိချက်ကြွေ အမိမြန်မာပြည်ကိုလည်း မမေ့ရဘူးလေ။ကြားကြားနေရတာ က ငါက "အမေရိကား" က...ငါက "ဥရောပ" က။။လေသံတွေက တင်းမာပြင်းထန်းလွန်းတယ်။ကျွန်တော် ဒီအသံတွေ ကိုခံစားလို့မရတာ အမှန်ပါ။အခြေနေ အကြောင်း မျိုးမျိုးကြောင့် တိုင်းတစ်ပါးကို ရောက်နေတယ် ဆိုတာ မေ့နေကြ တာလား။ ဒါမှမဟုတ် နတ်ပြည်ကို ရောက်နေတယ် လို့များမှတ်နေကြ လားမသိ။ ကျွန်တော် ကတော့ စဉ်းစားလို့မရဘူး။ အင်းလေ လူတစ်ကိုယ် စိတ်တစ်မျိုး ဘဲကိုး။ အားလုံးကို နားလည်ပေးလိုက် ပါတယ်။ ကျွန်တော် ခံယူချက်ကတော့ လူဆိုတာ လူပါဘဲ။ အမြင့်ဘယ်လောက် ရောက်ရောက် စတင် ထွက်ခွာလာခဲ့တဲ့  နိုင်ငံက အတူတူပါဘဲ။

                          ကျွန်တော်နောက်ဆုံး စကားလက်ဆောင် ပြောချင်တာက မြန်မာဆိုတဲ့ ဂုဏ်ကိုကမ္ဘာက သိနေသလို ဘာသာတရား ရိုသေကိုင်းရှိုင်းမှု ရိုင်းပင်းကူညီတတ်မှု ရိုးသားတဲ့ အမူအကျင့်တွေကို  အရောင်မပြောင်းသွား အောင်လူမျိုးမခွဲ ဘာသာမခွဲဘဲ တွဲလက်များဖြင့် ဆက်လက် ထိန်းသိမ်းပေး ကြပါလို့ မေတ္တာအရင်းခံ စေတနာဖြင့် ဒီစာလေးကို ရေးလိုက်ခြင်းပါ။ ကျွန်တော့် ကိုယ်ကျိုး အတွက်ဘဲမဟုတ်ပါ။ မြန်မာနိုင်ငံသားတိုင်းနှင့်  သက်ဆိုင်ပါတယ်။ တယောက်အားဖြင့် မကောင်း အများအားဖြင့်  ကောင်းမည် ဆိုသည့် ခံယူချက်ဖြင့်

အားလုံးကိုလေးစားလျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေးမှ (အိမ်လွမ်းသူ)

1 comment:

ကိုဇော် said...

လူတိုင်းကတော့ စိတ်တွေ မတူကြတာ အမှန်ပဲ။
သူတို့ ရှင်သန်ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တယ်။ အားလုံးကို သွားတော့ ညှိတော့ မရဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် ကိုယ်က ကောင်းအောင်နေပြီး စွဲဆောင်တာကတော့ အကောင်းဆုံးပါပဲ။

ပျော်ရွှင်ပါစေ။