Friday, 4 March 2011

သံယောဇဉ်လက်တော့လေး

                  ဘလော့လေးမီးပိတ် တိတ်ဆိတ်နေခဲ့တာ ကြာပြီမို့အားလုံးကို  မင်္ဂလာပါလို့ ဦးစွာပထမ   နှုတ်ခွန်းဆက် လိုက်ပါတယ်။ စိတ်ရှုပ်ထွေးမှုတွေနဲ့  ကျွန်မဘလော့လေး မီးပိတ်ပြီးအဝေးမှာ ထားခဲ့လိုက်ရ ပေမဲ့ကျွန်မ တစ်ရက်မှမေ့မရဘဲ သတိရစိတ် ကြေကွဲစိတ်တွေနဲ့ လူးလွန့်ကာ နေ့ရက်တွေကို  ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ သံယောဇဉ်ဆိုတာ ဖြတ်ရခက်သားကိုး။

                      ကဲ--ဒီနေ့တော့ ကျွန်မသံယောဇဉ် ရှိနေတဲ့ဘလော့လေး ပြန်လည်ဖွင့်ဘို့ အကြောင်းဖန်လာပါပြီ။ သံယောဇဉ် လက်ကျန်လေးနဲ့ ဖြစ်ချင်တာတွေအရင်းတည်ပြီး ကျွန်မဒီနေ့ ဘလော့လေးကို ပြန်လည်ပြုပြင်ခဲ့တယ်။ ပို့စ်အသစ်တင်ရန်အတွက် ပြင်ဆင်ခဲ့တယ်။ ဒီနေ့တော့ သံယောဇဉ်အကြောင်း ရေးမှာမလို့ ပထမဦးစွာ ကိုလေးဖြူ သီချင်းနဲ့ စတင်လိုက်ရအောင်။

           
(ကိုလေးဖြူက သံယောဇဉ် -- သံယောဇဉ် --- လူကိုအရူးတစ်ပိုင်း ) ဖြစ်စေတယ်ဆိုလားဘဲ။ လူတိုင်းလို သံယောဇဉ်ထားတတ် ကြမှာပါနော်။ တစ်ခုမဟုတ်တစ်ခုပေါ့။ ခုလည်း ကျွန်မမှာသံယောဇဉ် ငြိတွယ်ရမဲ့သူ တစ်ယောက် ရှိလာပြီ။ ကျွန်မသူနဲ့တွေ့တာ မကြာသေးပေမဲ့ သူ့ကိုအရမ်းသံယောဇဉ် ဖြစ်မိသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မသူ့ကို ပြုပြင်ခဲ့ရသူ တစ်ယောက်မလို့ဘဲ။ ဒါပေမဲ့ ကျွန်မသူနဲ့ လက်ပွန်းတစ်တည်း အတူမနေလိုက်ရဘူး။ ခဏတာလေး သူကျွန်မလက်ထဲ ရှိနေချိန်မှာ သံယောဇဉ်ဆိုတဲ့ အမျှင်လေးက ကျွန်မကိုချည်နှောင်ခဲ့တယ်။ ဒါပေမဲ့လေ ကျွန်မတရားသဘောနဲ့ဘဲ ဖြေသိမ့်လိုက်ပါတယ်။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်။ ဝေးချိန်တန်လို့ ဝေးတယ်။ ခွဲချိန်တန်လို့ ခွဲရတယ်။ အဲဒီထဲမှာမှ သူနဲ့ကျွန်မက ခွဲချိန်တန်လို့ ခွဲရတာမျိုးပေါ့။ ကျွန်မရင်ထဲက သူ့ကိုထုတ်ပြီး တစ်ခြားသူလက်ထဲ ထည့်လိုက်ရမှာဆိုတော့ ပုထုဇဉ် လူးသားပီပီ ရင်ထဲမှာတော့ အတွေးမျိုးစုံ စိုးရိမ်စိတ်အမျိုးမျိုး ဖြစ်ခဲ့တာအမှန်ပါ။ သို့သော် အကောင်းဘက်က တွေးကြည့်ပြန်တော့လည်း တစ်ခြားသူကလည်း တကယ်လိုအပ်တဲ့သူမို့ ကျွန်မ ယုံကြည်ပါတယ်။ သူကိုတန်ဖိုးထား ဂရုစိုက်ပြုပြင်မယ် သူရဲ့လိုအပ်ချက်တွေ စစ်ဆေးမယ် မလိုအပ်ချက် တွေထောက်ပြမယ် ဖယ်ရှင်းမယ် ဆိုတာ။ 
             
                ဖြစ်ပုံကဒီလို--- မထင်မှတ်တဲ့ နေ့တစ်နေ့မှာ ဈေးထဲလယ်ရင်း ဆိုင်တစ်ဆိုင်မှာ ကောင်မလေးငယ်ငယ် ၂ယောက် ဈေးရောင်းနေတာကို ကျွန်မသတိထားမိတယ်။ သူဆိုင်မှာလက်တော့ အဟောင်းလေး တစ်လုံးပါလား။ ကျွန်မလည်း စပ်စပ်စုစုသွားပြီး မေးကြည့်လိုက်တယ်။ ဒီလက်တော့ ရောင်းမှာလား။ ဘယ်လောက်ပေးရမှာလဲပေါ့။ ပြီးတော့ လက်တော့လေးကို ဖွင့်ကြည့်လိုက်သေးတယ်။ တော်တော်လေး လတ်သေးတယ်။ ကျောင်းသူလေးတွေ ပိုက်ဆံလိုလို့လား... ဒါမှမဟုတ်အသစ်ဘဲ ဝယ်ချင်လို့လားမသိ ဈေးကတော့တော်ပါတယ်။ အဟောင်းဆိုပေမဲ့ တော်တော် အသုံးဝင်တယ်။ ပျက်စီးမှု့ လုံးဝမရှိတော့ ကျွန်မအကြိုက် တွေ့ခဲ့ရပြီပေါ့။ အဟဲ...ဝယ်ပြီး မလိုအပ်တဲ့ ဆော့ဝဲလ်းတွေဖျက်ချ ကျွန်မသုံးတဲ့ ဆော့ဝဲလ်တွေ ပြန်တင်ရင်း ပျော်နေမိတယ်။ မြန်မာဖောင့်လေးပါ ထည့်တော့လွယ်လွယ်ကူကူ ရတော့ပို သဘောကျမိသွားတယ်။ ဒီလိုနဲ့အသံတွေစစ် သူငယ်ချင်းတွေနဲ့ စကားပြောကြည့် အားလုံး အိုကေ လာပြီဆိုတော့ ...ကျွန်မသူ့ကိုအမြဲ သုံးမယ်လို့စိတ်ကူးလိုက်တယ်။ တကယ်တော့ ကျွန်မမှာ ဝင်းဒိုး (7) နဲ့ ၁ရလက်မ လက်တော့တစ်လုံး ရှိနေပြီသား။ သူကအသစ်လေးမလို့ နှမြောလို့ပြန်သိမ်းမယ်ပေါ့။ စိတ်ကူးထားတာနော်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ကျွန်မနဲ့ရင်းနှီးတဲ့ ဦးဇင်းတစ်ပါးက လက်တော့အဟောင်းလေး တစ်လုံးလောက် အဆင်ပြေမယ်ဆို လိုချင်ပါတယ်။ ဦးဇင်းက သူ့ဟာသူဝယ်ဘို့ ပြောလာတာပါ။ ကျွန်မလည်း ဘယ်လိုကူညီရမလဲ မသိတော့ အမျိုးသားကိုပြောပြတော့ သူလည်း အဟောင်းတစ်လုံး ဝယ်လာပါတယ်။ သူဝယ်လာတဲ့လက်တော့ ဈေးနဲ့ကျွန်မဈေးက မကွာပါဘူး။ဒါပေမဲ့ သူ့ဝယ်တဲ့လက်တော့ လေးကအလုပ် ကောင်းကောင်းမလုပ်ဘူး။ သူလည်းတတ်သလောက် ကြိုးစားပြင် ပါတယ်။ အဆင်မပြေ ခဲ့ပါဘူး။ ဈေးချင်းတူတော့ သူ့လက်တော့က ကျွန်မအတွက်ဈေးကြီးပြီး မတန်ဘူးဈေးကြီး တယ်ဖြစ်သွား တယ်ပေါ့။အမျိုးသား ဝယ်လာတာကလည်း ဦးဇင်းလိုအပ်တယ်ဆိုလို့ လှူဘို့ပါဘဲ။ ကျွန်မဝယ်တဲ့လက်တော့ လေးကတော့သုံးရတာ အရမ်းစိတ်ချမ်းသာတော့ ဈေးတော်တယ် ပေါ့။။အဟဲ.....

              ကဲဒီလိုနဲ့ ဦးဇင်းကိုဘယ်လို လျှောက်ရမလဲ သူခေါင်းကိုက်နေတယ်။ ကျွန်မလည်း သံယောဇဉ် ရှိနေတဲ့ လက်တော့လေးကို ဦးဇင်းကိုလှူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်ပြီး ဦးဇင်းကိုလည်း လျှောက်လိုက်ပါတယ်။ ဦးဇင်းလည်း ပျော်သွားရှာပါတယ်။ ကျွန်မတို့လည်း အရမ်းပျော်မိပါတယ်။ ကျွန်မ သံယောဇဉ်ရှိပေမဲ့ ဒီလက်တော့ကိုလှူမယ်လို့ ကျွန်မဆုံးဖြတ်ချက်ချပြီး ကတည်းက နှမြောတဲ့စိတ်တွေတော့ မရှိတာအမှန်ပါ။ သို့သော် သံယောဇဉ်ဖြစ်မိတာကိုတော့ ဝန်ခံလိုက်တာပါ။

             အင်းလေ လူဆိုတဲ့သတ္တဝါတွေ မဆိုထားနဲ့ဦး ခုလိုသက်မဲ့လေးကိုတောင် ခဏတာလေး အတွင်းမှာ သံယောဇဉ်ဖြစ်မိတယ်။ ဖြစ်လွယ်တယ်။ ကျွန်မလိုဘဲသံယောဇဉ် တွယ်တတ်သူတွေ ခုလို သက်ရှိပစ္စည်းဖြစ်စေ သက်မဲ့ပစ္စည်းဖြစ်စေ လက်လွှတ်ဆုံးရှုံး ပေးဆပ်ရမယ်ဆိုရင် ရင်ထဲမှာဘယ်လို နေမလဲ။ ဘယ်လိုမှမနေပါနဲ့ သူငယ်ချင်း....ကျေနပ်စွာနဲ့ စွန့်လွှတ်လိုက်ပါ အလှူဆိုလည်း နောက်လှည့် မကြည့်ဘဲလှူလိုက်ပါ လို့အားလုံးကိုပြောချင်ပါတယ်။ သက်ရှိသက်မဲ့ ပစ္စည်းမှန်သမျှဟာ တရားသဘောနဲ့ ကြည့်ရင်ဘာမှမမြဲပါဘူး။ လှူစရာမရှားဘူး စေတနာကသာ ရှားတယ်။ လူမချမ်းသာပေမဲ့ စေတနာချမ်းသာ သူတစ်ယောက် ဖြစ်နိုင်ကြပါစေ။


                ကျွန်မရဲ့ ဒီသံယောဇဉ်လက်တော့လေးကို နက်ဖြန်ဆို ဦးဇင်းဆီလှူတော့မှာမလို့ ခုဒီဘလော့လေး ကနေအမှတ်တရ စာရေးခဲ့ခြင်းဖြစ်တယ်။(တကယ်တော့ ကျွန်မငြိတွယ်ခဲ့တဲ့ သံယောဇဉ် ဖြစ်ခဲ့တဲ့သူဟာ သက်ရှိလူမဟုတ်ပါဘူး...) ဒီလက်တော့လေးပါ။ သင့်ရှေမှာလိုအပ် သူတစ်ယောက် သင်တွေ့ခဲ့ရင်  သူ့ကိုလူမျိုးဘာသာ မခွဲဘဲ သူလိုအပ်ချက်ကို တတ်နိုင်သမျှ ကူညီပါ စောက်ရှာက်ပါ။ စာနာမှုနဲ့ ဖေးကူပါ။ သင်ပေးဆပ်လိုက်ရတာတွေဟာ ဆုံးရှုံးမှု့ မဟုတ်ပါဘူး။ ပီတိတွေစားရတဲ့ ကျေနပ်မှု့ ပါ။ 
မှတ်ချက်။ 
ပြည်ပရောက်နေလို့ ပြည့်စုံနေလို့ လှူခြင်းမဟုတ်ပါ။ မရှိတဲ့အထဲကမှ စေတနာရှိလို့ လှူခြင်းဖြစ်ပါတယ်။ စေတနာသာ အဓိကကျတယ်လို့ ပြောချင်ပါတယ်။



အားလုံးကိုလေးစားလျှက်
အလွမ်းမြို့လေးမှ(အိမ်လွမ်းသူ)

1 comment:

ကိုဇော် said...

သာဓု သာဓု သာဓု . . .