Thursday 16 June 2011

မောင်နဲ့ကျွန်မဘဝ အတိုအစ



ဘာလိုလိုနဲ့ကျွန်မတို့ မင်္ဂလာချစ်သက်တန်းလေး တစ်နှစ်ပြီးတစ်နှစ် ကျော်လာခဲ့ပြီ။ မောင့်ကို ကျွန်မတကယ်ချစ်တယ်ဆိုတာ သေချာသွားပြီ။ မင်္ဂလာဦးစမှာတော့ ကျွန်မရင်ထဲမောင့်ကိုချစ်တယ် မချစ်ဘူးဆိုတာ သေချာတိကျ မသိခဲ့ရဘူး။အရွယ်မလွန်ခင် အိမ်ထောင်ပြုလိုက်တာမို့ အချစ်ဆိုတာကို နှလုံးသားထဲ ကျွန်မသေချာမခံစားခဲ့ရဘူး။ တစ်ခါတစ်ရံမှာလည်း တိတ်ဆိတ်တဲ့ညတွေမှာ တစ်ယောက်ထဲ အတွေးတွေလွင့်ပျံရင်း စဉ်းစာမိတယ်။ ကျွန်မမောင့်ကို ဘာကြောင့်လက်ထပ်ခဲ့ တာလဲ။  မောင့်ကို ကျွန်မတကယ်ချစ်ရဲ့လား။ အဲဒီမင်္ဂလာပွဲ ကျင်းပတုန်းကရော ကျွန်မမောင့်ကို တကယ်ချစ်ခဲ့ရဲ့လား။ အင်းလေ ခုတော့ဒါတွေ စဉ်းစားစရာမှ မလိုတော့တာ။

သေချာတာတစ်ခုက မောင့်ကိုကျွန်မလက်ထပ်ခဲ့စဉ်က မောင့်ဆီက ဆိုးကျိုး ကောင်းကျိုး ကျွန်မဘာမှ မျှော်လင့်မထားသူ တစ်ယောက်ပါ။ကျွန်မရင်ထဲက အချစ်အတွက် ကံမကောင်းသူတစ်ယောက် မဖြစ်စေချင်ပါ။ကိုယ်က မချစ်တတ်ခဲ့ရင်တောင် ကိုယ့်အပေါ်ချစ်တတ် နားလည်သူကိုတော့ လိုလားမိတာ အမှန်ပါ။ ပြီးတော့ ကျွန်မမိသားစု မောင်နှမကြားမှာ ကျွန်မက အမြဲဗိုလ်ကျ  ဗိုရ နေသူတစ်ယောက်မို့ ကျွန်မ အသိထဲ မောင်မှမဟုတ် ကျွန်မအပေါ် အလိုလိုက်သီးခံနိုင်မဲ့ ယောကျာင်္းသားတစ်ယောက် သာအလိုရှိခဲ့သူပါ။ ဆင်းရဲချမ်းသာ မစဉ်းစားဘဲ နားလည်မှု သီးခံမှုကိုဘဲ ရှေတန်းတင်ထားမိတဲ့ကျွန်မ မထင်မှတ်ဘဲ အချစ်ခရီးသွားလမ်းမှာ မောင်နဲ့ထိပ်တိုက်ဆုံတွေ့ခဲ့ရတယ်။

မောင်ကဘဲ မျက်စိရှန်းတာလား ကျွန်မကဘဲမျက်စိမှားတာလား မသိ။အချစ်ခရီးသွားလမ်းမှာ ဆုံခဲ့ရပြီး ချစ်သူဘဝဆိုတဲ့ ရည်းစားတွေဖြစ်လာခဲ့ရတယ်။အခြေနေအကြောင်းကြောင်းကြောင့် မောင်နဲ့ကျွန်မ အဝေးနေ အနေဝေးခဲ့ရပြန်တယ်။ သမီးရည်းစားဘဝဆိုတဲ့ ပျော်ရွှင်ကြည်နူးခြင်းတွေ ကျွန်မကိုယ်တိုင် မခံစားခဲ့ရပြန်ဘူး။ဒါပေမဲ့လေ အဲဒီတုန်းကချစ်သူ ဘဝဆိုတဲ့ ကြည်နူးမှုတွေ ပျော်ရွှင်မှု့တွေ ကျွန်မမရခဲ့ပေမဲ့ ကျွန်မမှာချစ်သူ တစ်ယောက်ရှိတယ်ဆိုတာကိုတော့ လက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့တာပေါ့။ အဲဒီတုန်းက မောင်နဲ့သာ ချစ်သူတွေဆိုပေမဲ့ အဝေးနေအနေဝေးတဲ့ ချစ်သူတွေမို့ မောင့်အကြိုက်ကို ကျွန်မသေချာမသိသလို ကျွန်မအကြိုက်ကို မောင်သေချာမသိခဲ့ဘူး။


မောင့်မှာဘယ်လို အကျင့်ဆိုးတွေရှိလဲဆိုတာကို ကျွန်မသေချာမလေ့လာဘဲ ကျွန်မချစ်သူ အဖြစ်မောင့်ကို ရွေးချယ်ခဲ့တယ်။အဲဒီအချိန်ထိ ကံ အကျိုးပေးကို ကျွန်မယုံကြည်နေတုန်းဘဲ။ ကျွန်မဘဝ ကြီးပြင်းရာ တစ်လျှောက်မှာ သူတော်စင်တစ်ယောက် မဟုတ်ခဲ့ရပေမဲ့ ဘယ်သူ့အပေါ်မှာမှ မနာလိုဝန်တို အကျိုးယုတ်ဖြစ်အောင် မလုပ်ခဲ့တာသေချာတာမို့ တစ်နေ့ကိုယ်လည်း ကံ အကျိုးပေးကောင်းမယ်လို့ အမြဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားမိသူပါ။ အဲတော့ မောင့်နဲ့ချစ်သူဘဝမှာကတည်းက နှလုံးသားရေး ကံကောင်းတယ်လား ကံဆိုးတယ်လားဆိုတာ ကျွန်မသေချာမသိခဲ့သလို အာရုံထဲမှာလည်း အဲဒီအတွေးတွေ မရှိခဲ့ပါ။ဒါပေမဲ့ အဲဒီအချိန်ကတည်းက မောင်ကကျွန်မကို တကယ်ချစ်ပြီး တကယ်လိုလိုက် သီခံတဲ့ချစ်သူ တစ်ဦးဆိုတာ  သေချာခဲ့တယ်။


ဒီလိုနဲ့ချစ်သူဘဝ (၃)နှစ်ကျော်လာလို့ အိမ်ထောင်သည်ဘဝဆိုတာကို တဖြေးဖြေးနဲ့ ဖြတ်ကျော်လာခဲ့ရတယ်။ ချစ်သူဘဝမှာတုန်းက မှတ်မှတ်ရရ စကားများရန်ဖြစ် (၁)ကြိမ်သာဖြစ်ခဲ့ဖူးတယ်။ အဲတာတွေ ကလည်း မောင့်အပြစ်ကြောင့်မဟုတ်။ ကျွန်မရဲ့ အဝေးနေအနေဝေးနဲ့ အတွေးရယ် ကြားကပြောလာတဲ့ စကားတွေကြောင့် မစဉ်းစားဘဲမှားမိတဲ့ ကျွန်မရဲ့အမှားပါဘဲ။မှတ်မှတ်ရရ အဲဒီကိစ္စ တစ်ခုကြောင့် မောင်နဲ့ကျွန်မ မင်္ဂလာပွဲဖျက်မဲ့အထိ အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့တယ်။ ဒီလိုချိန်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ဆိုထား သလို မာနတွေခဝါချဘို့ ဆိုတာကလည်း ကျွန်မကမိန်းကလေးဖြစ် နေတာကိုး။ ဒါပေမဲ့ ကျွန်မ ဖြူဖြူကျော်သိန်းသီးချင်းဘဝနဲ့ အတွင်းကြေဖြစ်ပြီး အစားပျက် အအိပ်ပျက်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မောင်လည်း ကျွန်မအပေါ် သံယောဇဉ်လက်ကျန်လေးနဲ့ သူ့အမှားတွေကို စာရေးတောင်းပန်လာတယ်။ တကယ်တော့ မောင့်အမှားမဟုတ်။ ကျွန်မက တစ်ဖက်သတ်အနိုင်လိုချင်တဲ့ မောင်မှားပါတယ်ဆိုတဲ့ စာတစ်စောင်။ မောင်ကကြည်ဖြူစွာ ရေးပြီးကျွန်မဆီ ပို့ပေးခဲ့တယ်။ နောက်ပိုင်း နားလည်းမှုတွေနဲ့ ပြတ်ဆဲလုလု သမီးရည်းစားကြိုးလေး ပြန်ဆက်မိသွားခဲ့ရတယ်။ 


အဲတာက ချစ်သူဆိုတဲ့ သမီးရည်းစားဘဝက စကားများရန်ဖြစ်ခဲ့တဲ့  အမှတ်တရနေ့တစ်နေ့ပါဘဲ။ ခုချိန်မှာတော့ ကျွန်မဟာ အိမ်ထောင်သည်ဘဝကို ဖြတ်ကျော်လာခဲ့တာ တစ်နှစ်ပြီး တစ်နှစ်ပြည့်လို့ လာပြီ။ နှစ်တွေကူးပြောင်းလာလေ ကျွန်မနဲ့မောင့်အချစ်က ခိုင်မြဲ တည်လာလေပါဘဲ။  အိမ်ထောင် သည်ဘဝ ရောက်မှမောင့်ရဲ့အချစ် မောင့်ရဲ့စိတ်ဓါတ်တွေ မောင့်ဂုဏ်သိက္ခာတွေ ကျွန်မပိုလေးစား တန်ဖိုးထား တတ်လာပါတယ်။ ကျွန်မ အိမ်ထောင်မပြုခင်က မောင်ကျွန်မအပေါ် ဒီလောက်ချစ်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးထားမိဘူး။ အိမ်ထောင်သည် ဘဝရောက်လာ   တော့လည်းမောင်က ကျွန်မကို ဇနီးတစ်ယောက်လို တစ်မျိုး ခလေးတစ်ယောက်လို တစ်ဖုံ ချစ်ပြပြန်တော့ ကျွန်မကျေနပ်ခဲ့ရပါတယ်။


ကျွန်မရဲ့ အနွံတာကိုမောင် ကျေနပ်စွာခံယူတယ်။ ကျွန်မရဲ့ အကျင့်ဆိုးတွေအပေါ် မောင်သီးခံစိတ်ရှည်တတ် တယ်။ယနေ့ထိတိုင် ကျွန်မဆိုးတာတွေ သီးခံတဲ့မောင် ကျွန်မအပေါ် ကြမ်းတမ်းတဲ့စကား တစ်လုံးမှ မသုံးဖူးသေးဘူးဆိုတာ ကျွန်မရဲ့မုသားမပါတဲ့ စကားပါ။ ကျွန်မလုပ်ချင် ဖြစ်ချင်တာတွေကိုသာ  မောင်က လိုက်လျောရှေတန်းတင်ပေးထားသူပါ။တစ်ခါတစ်ရံ မောင်မသိအောင် ကျွန်မတစ်ယောက်ထဲ ပီတိတွေ ဖြစ်ခဲ့မိတယ်။ ပြီးတော့ ခလေးဘဝမှစ အဖေ့ရဲ့စကားသံလေးကိုလည်း ကြားယောင်မိတယ်။ အဲဒီတုန်းကတော့ အဖေ ကျွန်မကို သူ့နှုတ်ကနေ ခဏခဏပြောဖူးတယ်။ ယောကျာင်္းရကံကောင်းမဲ့သူ တဲ့။ ခလေးဘဝဆိုတော့ ဘာသိဦးမှာလဲလေ။ အရွယ်ရောက်ပြန်တဲ့ချိန်မှာလည်း အချစ်ကိုမကိုးကွယ်တတ်တာမို့ အဲတာကို သေချာမတွေးမိ လက်မခံမိခဲ့။ ခုတော့ အဖေပေးတဲ့ ဆုတွေနဲ့ကျွန်မပြည့်နေသလို ဖြစ်နေတော့ အဖေ့စကားသံကို ပြန်ကြားယောင်မိတယ်။


အဖေပြောတဲ့ အိမ်ထောင်ကျ ကံကောင်းမယ်ဆိုတာ ဘာကိုရည်ညွှန်းပြောထားလဲဆိုတာ ကျွန်မမသိပါ။ လူတွေအမျိုးမျိုး စံချိန်သတ်မှတ်ခွဲထားကြတဲ့  အိမ်ထောင်ကျ ကံကောင်းတယ်ဆိုတာ ငွေကြေးနဲ့တိုင်းတာ တာလား..ပစ္စည်းဥစ္စနဲ့တိုင်းတာ တာလား..ဂုဏ်ဒြပ်တွေနဲ့ တိုင်းတာတာလား...နာမည်ကျော်ကြားမှုနဲ့ တိုင်းတာ တာလား ကျွန်မသေချာမသိခဲ့။ ကျွန်မခံယူထားတဲ့  အိမ်ထောင်ရေးကံကောင်းခြင်းကတော့ စာနာနားလည်မှု မေတ္တာတွေအပြည့်နဲ့ ဖွဲ့စည်းထားပြီး သစ္စာတရားတွေနဲ့ ခိုင်မြဲစွာချည်နှောင် ထားတဲ့ ပျော်ရွှင်သော ဘဝလေးကို ဆိုလိုတာပါ။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ ပထမ ကျေနပ်မိတာက ကျွန်မ အိမ်ထောင်ကျကံကောင်းတယ် ဆိုတာဘဲ။


မောင်ဟာ ငွေးကြေးချမ်းသာသူ တစ်ယောက်မဟုတ်ပါ။ ဘာအဆောင်အယောက်မှ ထည်ထည်ဝါဝါ မရှိတဲ့ သာမာန်အညတရလေး တစ်ယောက်ပါဘဲ။ ဒါပေမဲ့ မောင့်မှာ သန့်စင်တဲ့မေတ္တာတရား နဲ့ ခိုင်မာတဲ့ချစ်ခြင်း မေတ္တာတွေချမ်းသာလို့ ကျွန်မကို အကုန်ပုံအပ်ခဲ့တယ်။ ဒီလို မေတ္တာတရား ခြုံလွမ်းထားတဲ့ ရင်ခွင်ဟာ မအေးချမ်းဘဲ ဘယ်ရှိပါ့မလဲ။ ဒီတော့ မောင့်ရင်ခွင်ဟာ ကျွန်မအတွက် အအေးချမ်းဆုံး အရိပ်တစ်ခု ဖြစ်လာခဲ့ရတယ်။ မိဘမေတ္တာ အရိပ်နဲ့ မောင့်အချစ်ရိပ်က မတူပါဘူး။မိဘမေတ္တာအရိပ်နဲ့ ကျွန်မနှိုင်ယှဉ်ပြီး မပြောပါ။ မိဘမေတ္တာက သားသမီးနဲ့ မိဘအတွက်ပါ။ တုနှိုင်းမရတဲ့ အရာပါ။ မောင့်ရင်ခွင်အရိပ်က အတောင်စုံလို့ မိဘရင်ခွင်ကို ခြေစုံကန်ပြီး  ဘဝတစ်ခုတည်ဆောက်ထားတဲ့  အနာဂါတ်အရိပ်ပါ။ မောင် ကျွန်မကိုပစ္စည်းတွေ ကြွယ်ဝချမ်းသာအောင် မထားနိုင်ခဲ့ပေမဲ့ ကျွန်မကျေနပ်တယ်။ အိမ်ထောင်သည် ဘဝတစ်လျှောက်မှာ မောင်ကျွန်မကို တစ်ချက်လေးမှ မငြိုငြင်ဘဲ  စိတ်ချမ်းသာအောင်ထားပြီး ကျေနပ်မှုတွေပေးခဲ့တာ ခုဆို  တစ်နှစ်ပြီးတစ်နှစ်ကူးလာခဲ့ပါပြီ။ 


မောင့်ကိုကျွန်မ ကျေးဇူးတင်တယ်မောင်။ အဝေးနေအနေဝေးတဲ့ ချစ်သူဘဝမှာတောင် မှတ်မှတ်ရရ စကားများရန်ဖြစ် တစ်ခါဖြစ်ခဲ့ဖူးခဲ့ပေမဲ့ ခုလိုအတူနေရတဲ့ အိမ်ထောင်သည် ဘဝမှာတော့ မောင်နဲ့ ကျွန်မ ရန်ဖြစ်ဘို့ဆိုတာကို မေ့နေတာခဲ့ကြတာ ခုချိန်ထိပါဘဲ။ အရာရာတိုင်း ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပြီး  တွဲလက်ညီညီဖြင့်    ချစ်ခရီးပျော်ရွှင်စွာ   ရှေဆက်လျှောက်နေမိတာ   မောင်နဲ့ကျွန်မရဲ့    နှစ်ယောက်ထဲရှိတဲ့  ပျော်ရွှင်သာယာသော     အိမ်ထောင်မှာ။ သေချာတာတစ်ခုက  ကျွန်မမောင့်ကို ရင်ထဲကနေအရမ်း ချစ်သွားပါပြီ မောင်!


ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး




ရင်တွင်းခံစားချက်ဖြင့်
မေ (၃၀) ရက်နေ့အတွက် အမှတ်တရ
အလွမ်းမြို့

2 comments:

Unknown said...

မိုက်တယ်

Unknown said...

မိုက်တယ်