Monday 20 June 2011

ချစ်သူ--သူငယ်ချင်း--မောင်နှမ



စာလေးစမရေးခင် ဘယ်အဆိုတော်လဲမသိ သူဆိုထားသောသီချင်းတစ်ပုဒ်ကို သွားသတိရမိတယ်။ သူဆိုထားတဲ့ သီချင်းလေးက (သူငယ်ချင်းချစ်သူ) တဲ့။ အခုကျွန်မရေးမဲ့ပိုစ်ကတော့ အဲဒီသီချင်းလေးရဲ့ ဆန့်ကျင်ဘက် (ချစ်သူသူငယ်ချင်းမောင်နှမ) ပါ။ ချစ်သူသူငယ်ချင်းမောင်နှမ ဆိုတာက ကျွန်မနဲ့မောင် ချစ်သူဘဝတွေရောက်ပြီးမှ သူငယ်ချင်းသံယောဇဉ် မောင်နှမသံယောဇဉ်တွေ ငြိတွယ်ပြီးအချစ်ပိုခဲ့လာရတဲ့ အဖြစ်တွေပါ။တစ်ချို့  ချစ်သူတွေဆိုရင် သူငယ်ချင်းတွေဘဝကနေမှ သံယောဇဉ်တွေ ရင်းနှီးမှု့တွေ နားလည်မှု့တွေကနေမှ တစ်ဆင့် ချစ်သူဘဝကို ရောက်ခဲ့ကြတယ်။

ကျွန်မနဲ့မောင်ကတော့ ချစ်သူတွေဘဝကျော်ပြီး အိမ်ထောင်သည်ဘဝရောက်မှ ဒီလိုသံယောဇဉ်ဘဝကို ရရှိခံစားခဲ့ရတယ်။ကျွန်မနဲ့မောင်က အိမ်ထောင်သက် တစ်နှစ်ပြည့်လာလေလေ အချစ်ဆိုတဲ့ တဏှာ ထက်သံယောဇဉ်ဆိုတဲ့ ကြိုးကဘဲပိုလို့တိုးလို့ ခိုင်မြဲအောင်ချည်နှောင်ခဲ့တယ်။အိမ်ထောင်ပြုစမှာတော့ ကျွန်မဒါတွေသေချာ မသိမခံစားခဲ့ဖူးဘူး။အဲဒီတုန်းကတော့ ကျွန်မထင်တာ မောင်ကကျွန်မကို ချစ်တယ်။ အချစ်တစ်ခုကိုအရင်းတည်ပြီး လူနှစ်ယောက် ဘဝတစ်ခုကိုစတင်ခဲ့တယ်။ အချစ်တွေကဘဲ အရာရာကို ပြောင်းလဲနိုင်ခဲ့တယ်လို့ ကျွန်မမသိသေးခင်က ထင်ခဲ့မိတယ်။ဒါပေမဲ့ ခုချိန်မှာအချစ်ထက် အိမ်ထောင်တစ်ခုမှာ သံယောဇဉ်က ပိုအရေးကြီးတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။

အင်းလေ  အချစ်ဆိုတာက နေရာဒေသအချိန်အခါမရွေး   ပေါက်ဖွားနိုင်တာဘဲ။ ဘယ်သူမှဖန်တီးလို့မရသလို ဘယ်သူမှ တားဆီးပိတ်ပြင်လို့ မရပါဘူး။အချစ်ကြောင့် အရာရာဟာ နုပျိုလန်းဆန်းလာတယ်လို့ တစ်ချို့ကပြောကြပေမဲ့ အချစ်ကြောင့် အရာရာဟာ ဆုံးရှုံးတတ်တယ်ဆိုတာ တစ်ချို့ကမေ့နေကြတယ်။ ကျွန်မနဲ့မောင် ချစ်သူဘဝမှာတုန်းကတော့ ပျော်ရွှင်မှု ကြည်နူးမှု့တွေကို ကိုယ်တိုင်မခံစားခဲ့ရပါဘူး။ အဝေးနေ အနေဝေး နေကြတာမို့ အမြဲတမ်းစိုးရိမ်မှု့ ပူပန်မှု့ သဝန်တိုမှုတွေနဲ့ဘဲ နားစွင့်အချိန်ကုန်ခဲ့ရတယ်။

မိဘတွေနဲ့အနေဝေးပြီး ဘဝရပ်တည်မှု့အတွက် တစ်ယောက်ထဲ ကြိုးစား ရုန်းကန်ရတဲ့ ကျွန်မ နောက်ပြီး မောင်နှမတွေရဲ့ နားလည်မှု  လွှဲတာတွေခံရပြီး မိသားစုနွေးထွးမှု့ နဲ့ဝေးခဲ့ရတယ်။မိသားစု မေတ္တာငတ်ခဲ့ရတယ်။ အစ်ကိုတွေရဲ့ မေတ္တာကိုတမ်းတရင်း ကျွန်မမောင်နဲ့ဆုံခဲ့ကြတယ်။ အဲလိုချိန်မှာ ကျွန်မမောင့်အပေါ် ချစ်တာကိုမသိခဲ့ပေမဲ့ အစ်ကိုတွေရဲ့မေတ္တာ ငတ်နေသူတစ်ယောက်မို့ မောင့်ကိုဆုံးရှုံးရမှာ ကြောက်လာမိသလို သဝန်တိုနှမြှောမိတာတော့ အမှန်ပါ။ တကယ်တော့ မောင်နှမတွေဆီကရလာမဲ့  နွေးထွေးမှုမေတ္တာအစား  မောင့်ဆီကမေတ္တာနဲ့  ဖြေသိမ့်နှစ်သိမ့်ခဲ့ရသူပါ။


ကျွန်မနဲ့မောင် အိမ်ထောင်သက် ရှည်လာလေလေ သံယောဇဉ်ကြိုးလေးက ပိုလို့တင်းချည်လာလေလေ ပါဘဲ။ တဏှာဆိုတဲ့  အချစ်နဲ့ချည်တဲ့ ကြိုးလေးမဟုတ်ဘဲ သူငယ်ချင်းလိုတစ်မျိုး မောင်နှမလိုတစ်ဖုံနဲ့ သံယောဇဉ်ဖြင့် ချည်တဲ့ကြိုးလေးပါဘဲ။ အဲလို သံယောဇဉ်ကြိုးလေး မလို့လားမသိ ကျွန်မနဲ့မောင်ကြားမှာ အပူအပင်ကင်း ဒေါသမောဟရှင်းပြီး ဝန်တိုမှု့တွေ မရှိခဲ့ပါဘူး။ စာနာနားလည်မှု့နဲ့ တစ်ယောက်ကို တစ်ယောက် အိမ်ထောင်သည်ဆိုတဲ့ ဘဝထက် သူငယ်ချင်းလိုတစ်မျိုး မောင်နှမလိုတစ်ဖုံ ကာကွယ်စောက်ရှောက် လာခဲ့ကြတယ်။ ကျွန်မမောင့်ကို ကျေးဇူးတင်တယ်။


တကယ်တော့ မောင်ဟာ ကျွန်မမျှော်လင့်ထား ကျွန်မစိတ်ကူးယဉ်ဖူးတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ထက် ပိုပြီးပြည့်စုံနေလို့ဘဲ။ အဲတာကလည်း ကျွန်မတစ်ယောက်အတွက်ပါ။ မိဘတွေအတင်းအကြပ် စီစဉ်ပေးခဲ့တာမဟုတ်ဘဲ ကျွန်မတို့ နှစ်ယောက်ကြည်ဖြူစွာနဲ့ လက်ခံခဲ့တဲ့ဘဝမှာ ကျွန်မကျေနပ်ခဲ့ရပါတယ်။ ကျွန်မမောင့်ကို လက်ထပ်ခဲ့တာဟာ ကျွန်မအတွက် ကံကောင်းခြင်းတွေပါဘဲ။ မောင်ကရော ကျွန်မကိုလက်ထပ်ခဲ့တာ မောင့်ရင်ထဲမှာ ဘယ်လိုခံစားရမလဲ။ ကျွန်မလိုဘဲ ကံကောင်းတဲ့သူလို့ ဆိုလေမလား ကံဆိုးသူလို့ မှတ်ယူလေမလား မသိ!

ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ဖြစ်တိုင်း အပြစ်ကင်းတဲ့ ကျွန်မတို့မောင်နှမတွေ မျက်ရည်ခွက်ခံခဲ့ရတယ်။ အဖေကအရက်သောက်တတ်သလို အမေ့အပေါ်လည်း သဝန်တိုတတ်တယ်။ဒါပေမဲ့ စီးပွားရေးကိုတော့ အဖေ ဘာတစ်ခုမှ ဦးဆောင်ဦးရွက် မပြုနိုင်ခဲ့ဘူး။ အင်းလေ အစိုးရဝန်ထမ်းဘဝဆိုတော့ ရုံးသွားရုံးပြန် ကျူတီကလွှဲပြီး မိသားစုရဲ့ လိုအပ်မှု့ကို အဖေနားမလည်ခဲ့ဘူး။ နားလည်အောင်လည်း မကြိုးစားခဲ့ဘူး။ အမေ့မှာတော့ သားသမီးတွေရှေရေး မျှော်တွေးပြီး ကျရာနေရာကနေ လုပ်နိုင်တဲ့စီးပွားလုပ်ပြီး ကျွန်မတို့ မောင်နှမတွေရဲ့ဘဝကို လူတန်းစေ့ထားနိုင်အောင် ကြိုးစားခဲ့သူပါ။


အမေ့ကျေးဇူးတွေ ဆပ်မကုန်နိုင်သလို အဖေ့မေတ္တာတွေကလည်း မခန်းခြောက်ခဲ့ပါဘူး။အဲဒီချိန်ကတည်းက အရက်သောက် တတ်တဲ့ အဖေ့ကို  ကျွန်မတစ်ခါတစ်ရံ ခလေးပီးပီ မချစ်ခဲ့ပေမဲ့ မမုန်းခဲ့ပါဘူး။အဖေ အရက်ကြိုက်တတ်ပေမဲ့ ကျွန်မတို့ကို ပစ်မထားခဲ့ဘူး။အဖေ့ရဲ့ အကျင့်ဆိုးတစ်ချို့ကိုတော့ အဖေမပြင်နိုင်သလို အဖေ့ရဲ့ အကျင့်ဆိုးတွေကိုလည်း အမေကခါးစည်းခံခဲ့ရင်း မိခင်သူရဲကောင်းကြီး ဖြစ်ခဲ့ရတာပေါ့။


(စောဘွဲမှူး)ရဲ့ သီချင်းထဲကလို အကောင်းစား အရက်ပုလင်းနဲ့ ဖေဖေ---ဒူးနဲ့မျက်ရည်သုတ်တဲ့ မေမေ---သူတို့ နှစ်ယောက်ကိုချစ်တဲ့ ကျွန်တော်----ဆိုတဲ့ဘဝကို ကျွန်မ ပြုံးတစ်လှည့် ငိုတစ်လှည့်နဲ့ ကျေနပ်စွာဖြတ်သန်း ခဲ့ရပါတယ်။ဒါကြောင့် ကျွန်မခလေးဘဝက တွေးမိခဲ့တာ တကယ်လို့များ ကျွန်မအရွယ်ရောက်လို့ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ဒီလိုအရက်သောက်တတ်တဲ့  အိမ်ထောင်ဖက်မျိုးနဲ့ မရစေချင်တာက ကျွန်မရဲ့ ဆန္ဒလေးပါ။ ဒါတွေကလည်း ခုတော့ ပြည့်ဝခဲ့ပါပြီ။ မောင့်ကိုကျွန်မ တစ်သက်လုံး ကျေးဇူးတင်နေမှာပါ မောင်!

ကျွန်မအိမ်ထောင်သည် ဘဝမှာ အိမ်ထောင်ဘက်ရဲ့ နားလည်မှု့ စာနာမှု ဂရုစိုက်မှု့တွေကြောင့် ငွေ မချမ်းသာပေမဲ့ စိတ်ချမ်းသာပြီး အေးချမ်းခဲ့တယ်။ ကျွန်မလိုဘဲ အိမ်ထောင်သည်တိုင်းကို စိတ်ချမ်းသာစေချင်တာ ကျွန်မရဲ့ ဆန္ဒပါ။ မိသားစုတိုင်းကို အပြုံးပန်းတွေနဲ့ အမြဲပျော်ရွှင်စေချင်တယ်။ အိမ်ထောင်သည် မိသားစုဘဝတိုင်းကို သံယောဇဉ်ကြိုးရယ် စာနာနားလည် ခွင့်လွှတ်မှု့ ဆိုတဲ့ဆေးကို အိမ်တိုင်းမှာ မရှိမဖြစ် လက်ကိုင်ထားစေချင်တယ်။


တစ်ခါတစ်ရံမှာ အချစ်ဆိုတဲ့ တဏှာကြောင့် ဒေါသမောဟတွေနဲ့ ကြုံလာခဲ့စိတ်ဒဏ်ရာ ရခဲ့ရင်တောင် ဒီဆောင်ထားတဲ့  ဆေးဝါးလေးတွေနဲ့ ကုသလို့ရအောင်ပါ။  အိမ်ထောင်တစ်ခု မိသားတစ်စု  ဖြစ်လာပြီဆို ပြိုပျက်ဘို့ရန်  ဖြစ်လာမဲ့ အန္တာရယ်တွေကို ကြိုတင်ကာကွယ်တားဆီးကြပါ။ သာယာလှပသော အေးငြိမ်းပြီး နွေးထွေးမှုနဲ့ အိမ်ထောင်တစ်ခုကို ဆက်လက်ရပ်တည်နိုင်ဘို့ မိသားစုတိုင်းရဲ့ တာဝန်ဖြစ်တယ်။ အိမ်ထောင်သည်တိုင်း အိမ်ထောင်သည်လိုချစ်ကြပါ။သူငယ်ချင်းလို အနစ်နာခံတတ်ပါ စာနာတတ်ပါ နားလည်မှု့ရှိကြပါ။ မောင်နှမလို သံယောဇဉ်နဲ့ တစ်ဦးပေါ် တစ်ဦးစောက်ရှောက်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒါတွေက ကျွန်မရဲ့ (ချစ်သူ--သူငယ်ချင်း--- မောင်နှမ) ဆိုတဲ့ သံယောဇဉ် မေတ္တာအကြောင်း တရားတွေပါဘဲ။

စာဖတ်သူများ ပျော်ရွှင်ပါစေ။

ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး
မေတ္တာဖြင့်
အလွမ်းမြို့

1 comment:

ရာဇာထွေး said...

ပို့စ်လေးအခုမှ ဖတ်ဖြစ်ပါတယ် အမရေ...
ခံစားချက်ချင်းတိုက်ဆိုင်သလို ခံချက်ချင်းလည်း တိုက်ဆိုင်တယ်
ဆိုရင် ကျွန်တော် အမကိုလိုက်တုနေတာလို့ ထင်ချင်ထင်မှာပါ...
အမှန်ပြောရင် ကျွန်တော့် ဘ၀လေးနဲ့လာပြီးထပ်တူကျနေသလို ကိုယ် တွေရဲ့အိမ်ထောင်တခုအပေါ်မြင်တဲ့ အမြင်တွေလည်းလာ နေ
တယ် အမရေ... မိခင်မေတ္တာ၊ ညီအကိုမောင်နှတွေရဲ့ မေတ္တာငတ်
နေချိန်မှာ ကိုယ့်ကိုအပေါ် အဲဒီမေတ္တာတွေ ပေးနေတဲ့ သူကိုအရမ်း
ချစ်လို့ မဟုတ်ပေမယ့် ဘ၀လက်တွဲဖော်အဖြစ်သင့်တော်မယ်လို့ ယူ ဆပြီးရွေးချယ်ခဲ့တာပါ... လူသားတွေမို့ကိလေသာ တဏှာတော့
ဘယ်ကင်းပါ့မလည်း အမရေ... တမိုးအောက်မှာ ၂ ယောက်အ
တူနေရတော့ မှ ပိုပြီးသံယောဇဉ်ဖြစ်၊ ပိုပြီးချစ်တတ်လာတာပါ...
အဲကိလေသာကို အခြေခံလို့ဖြစ်လာတဲ့ တဏှာချစ်တော့ မဟုတ်ဘူး အမရေ.. အိမ်ထောင်သည်ဘ၀ အပေးအယူမျှသလို နားလည်မှုတွေ
ကြင်နာမှုတွေ နဲ့ ရစ်တွယ်ပြီးမှ ဖြစ်လာတဲ့ အချစ် သန့်ရှင်းတဲ့ အချစ်
ပါ... ကျွန်တော်မေမေ့ ကိုအရမ်းချစ်တယ်...သောက်တတ်တဲ့ အဖေ
ကြောင့် မေမေအမြဲတမ်းမျက်ရည် ကျရတတ်တယ်... မေမေမျက်ရည်
ကျတိုင်း မေမေ့မျက်ရည်ကိုသုတ်ပေးရင် မေမေ့နားမှစိတ်မကောင်းစွာနဲ့
နေလာရင်း အဖေကြိုက်တဲ့ အရက်ကိုမုန်းမိတယ်... မေမေ့ကိုကြည့်ပြီး
အိမ်ထောင်ရှင်မိန်းမတွေရဲ့ လင်ဆိုးမယားတဖားဖား ဆိုတဲ့ ဒုက္ခတွေကို
ကိုယ်ချင်း စာမိတယ် .. ငါအရွယ်ရောက်လာရင်ဘယ်တော့ မှအရက်
သောက်ဘူး..ကိုယ့်ရဲအိမ်ထောင်ရှင် မိန်းမအပေါ် ချစ်လို့ပဲ ယူယူ၊ မချစ်
လို့ပဲ ယူယူ မေမေ့လို့ ဒုက္ခမျိုးတွေ ဘယ်တော့မှ သူတို့မခံစားစေရ ဘူး
ဆိုတဲ့ အစွဲ ကျွန်တော်ရင်ထဲမှာ ကလေးဘ၀ထဲကကိန်းအောင်းနေခဲ့တာ
ပါ အမရေ.. အခုချိန်ထိလည်းလိုက်နာကျင့်သုံးနေပါတယ်..အဲဒီအတွက်
ကျွန်တော်ပြန်ရတာလည်း အချိုးညီညီပါပဲ အမရေ... ကိုယ်လိုချင်တဲ့
စိတ်ကူးထဲကအိမ်ထောင်ရှင်မမျိုးကို(မိခင်နဲ့တူတဲ့ဇနီးမျိုး) ရထားတာမို့ ကျွန်တော်ကံကောင်းတယ်လို့ခံယူပါတယ်..ကျွန်တော့်အတွက်လိုအပ်တဲ့
အခါ သူဟာမိခင်တယောက်လိုပါ..ကျွန်တော်မှားနေတဲ့အခါ မောင်တ
ယောက်ကိုလမ်းညွန်ဆုံးမပေးတဲ့ အမတယောက်လိုပါ..ကျွန်တော်
ဆရာလုပ်ချင်တဲ့အခါ ဘာမှပြန်ခံမပြောတတ်တဲ့ နှမလေးတယောက်လိုပါ ကျွန်တော်တိုင်ပင်ချင်တဲ့ အခါ ပညာရှိတယောက်လိုပါ... အဲလိုနား လည်ပေးတတ်လို့ ကျွန်တော်အချစ်ပိုတယ်ဆိုရင်လွန်သွားမလား... မလွန်ပါဘူး... အိမ်ထောင်ဖက်ကောင်းတယောက်ရထားတယ်ဆိုတာ
ဘုရားသခင်ရဲ့ အကောင်းဆုံးဆုလဒ် တောင်လို့တောင်ဆိုထား ပါတယ် အမရေ... ကျွန်တော်တော့ ယောက်ကျားမို့လို့ ဆို့ ယောက်ကျားဝါဒ
စွဲမရှိသလို ကိုယ့်အိမ်ထောင်ဖက်အပေါ် ကိုယ် ကိုတိုင်တန်းဖိုးထားမ
လေးစာရင် ကိုယ့်ကိုရောဘယ်ထောင်ရှင်မမှ တန်ဖိုးထားလေးစားမှာ
မဟုတ်ဘူးလို့လက်ခံထားပါတယ်အမရေ... ကိုယ်က ဘာမှမပေးရင်
ဘာမှလည်း ပြန်မရတတ်ပါဘူး အမရေ... အားလုံးသောအိမ်ထောင်
ရှင်တွေ ကိုချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ပျော်ရွှင်စွာမြင်စေချင်တာ ရင်ထဲကဆန္ဒအမှန်ပါ... လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်လေးတွေ
ဟာ အလကားထားခဲ့တာ မဟုတ်ပါဘူး.... လိုက်နာဖို့ပါ ..
လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ ။ ။
တဲ့ အိမ်ရှင်အမျိုးသားတွေလိုက်နာဖို့ပါ....

မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ ။ ။
အိမ်ထောင်ရှင်အမျိုးသမီးတွေ လိုက်နာဖို့ပါ... ကဲအမရေ ကွန်မန့်
ကဆောင်းပါးဖြစ်တော့မယ်... ပြောချင်တာတွေကအများသား..ပြော
ရင်းပြောရင်းကိုယ်ပေါင်ကိုယ်လှန်ထောင်းဖြစ်နေပြီမို့ ရပ်လိုက်ပါပြီ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး