Wednesday 6 July 2011

အဖေ ဖတ်ဖို့

 အိမ်ပြတင်းပေါက်ကိုဖွင့်ပြီး အဖေပြန်လာနေကျလမ်းမကို မျှော်ငေးရင် လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ်။ ထုံးစံအတိုင်း ညနေစောင်းလို့ နေညိုရင် အဖေ့ခြေလှမ်းတွေက မူမမှန်ုဖြစ်ပြီး ရောက်တတ်ရာရာကို သွားမိတော့မှာ သေချာတယ်။အဖေ့အတွက် ကျွန်မစိတ်ပူလာတယ်။ လက်ထဲကနာရီကို ငုံ့ကြည့်လိုက်တော့လည်း  ညနေ (၇) နရာရီထိုးပြီ။ အဖေ့ရုံးဆင်းချိန်ကလည်း ခါတိုင်းလိုဘဲ နောက်ကျတတ်သလား အဖေဘယ်တွေများ သွားနေပါလိမ့်။ သမီးထမင်းဟင်းချက်ပြီး အဖေ့အပြန်လမ်းကို မျှော်နေတာ အဖေမေ့နေတာလား။အဖေနဲ့သမီး ၂ယောက်ထဲရှိတဲ့အိမ်မှာ အဖေ့ကိုမစောင့်ဘဲ သမီးထမင်း မစားတတ်တာ အဖေသိသားဘဲ။ဘာလို့များ ညနေတိုင်း အိမ်ပြန်နောက်ကျ ရတာလဲ အဖေရယ်လို့ တွေးနေလိုက်တာ သတိရလို့ လက်ထဲကနာရီကို  ကြည့်လိုက်တော့  ည (၈)နာရီထိုးပြီ။ မဖြစ်ဘူး အဖေ့ကိုလမ်းတကာလှည့် လိုက်ရှာမှဖြစ်တော့မယ်ဆိုပြီး ကျွန်မဆုံးဖြတ်ချက်ချ ခြေလှမ်းစထွက်ခဲ့တယ်။

တောရွာလေးမှာ ညဘက်ဆိုမှောင်မဲနေတာမို့ လက်နှိပ်ဓါတ်မီးလေးအားကိုးနဲ့ သိသမျှလမ်းတွေ ဝင်ထွက်ပြီး အဖေ့အိမ်ပြန်နောက်ကျ ရှာပုံတော်ဖွင့်ခဲ့ရတာ သမီးမမေ့ဘူးအဖေ။သမီးရင်ထဲမှာ အဖေ့ကိုချစ်ဇောနဲ့ ညနက်ထဲအန္တရယ်ကိုမကြောက် သမီးရှောက်ခဲ့ဖူးတယ်။သိသမျှလမ်းထဲဝင်  တွေ့သမျှလူကိုမေး သမီးစိတ်မအေးခဲ့ရဘူး။ အဖေဘယ်တွေလျှောက်သွားနေတာလဲ ခါတိုင်းလိုဘဲ ပုလင်းလေးကိုင်ပြီး မူးမူးနဲ့လမ်းလျှောက်ရင်း အိမ်ပြန်လမ်း အမှောင်ထဲမှာ လမ်းပျောက်ခဲ့ပြန်ပြီလား။ ဒီလိုအတွေးလေးတွေနဲ့ ဆုတောင်းမိတယ်။အဖေ ဘာအန္တရယ်မှမကြုံရပါစေနဲ့လို့ ဆုတောင်းရင် အဖေ့ကို ရှာမရတဲ့အပြန်လမ်းမှာ ကျွန်မ အမှောင်ထဲမှာတစ်ယောက်ထဲ မျက်ရည်တွေအဖော်ပြုရင်း လမ်းလျှောက်နေခိုက်  လမ်းအကွေ့တစ်ခုရဲ့  မြောင်းလေးထဲမှာ လူတစ်ယောက်ရဲ့ မူးမူးနဲ့ငြီးငြူနေသံ တီးတိုးတီးတိုး တစ်ယောက်ထဲ စကားပြောသံ သဲ့သဲ့လေးကျွန်မကြားလိုက်မိတယ်။

အဖေ့ကိုရှာရင်း အချိန်ကလည်း ည(၉)နာရီကျော်ပြီမို့ အမှောင်လမ်းထဲ ကျွန်မတစ်ယောက်ထဲ ကြောက်စိတ်နဲ့ ဒီအသံလာရာကိုသွားဘို့ အတော်ဝန်လေးခဲ့တယ်။ဒါပေမဲ့လေ ကျွန်မချစ်တဲ့ အဖေ့အကြောင်း ကျွန်မအသိဆုံးမို့ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မဒီအသံလာရာကို သွားမယ်ဆိုပြီး လက်နှိပ်ဓါတ်မီးလေးကိုင်ပြီး အနားတိုးသွားလိုက်တယ်။ဟော.......မြောင်းထဲကလူက မီးရောင်လေး မြင်ရတော့မူးမူးနဲ့  သမီးလား...အဖေအချစ်ဆုံးသမီးလားဆိုတဲ့ အသံကိုကျွန်မသေချာကြား လိုက်ရတော့ မှ ...အော်... အဖေရယ်ဆိုတဲ့ စကားတစ်ခွန်းကလွှဲလို့ ကျွန်မဘာမှ မပြောနိုင်အောင် စွံအခဲ့တယ်။ အဖေဘယ်လောက်မူးမူ သူ့ပါးစပ်မှာတော့ အမြဲ အဖေအချစ်ဆုံးသမီးလို့ အမြဲခေါ်နေကျမို့ အမှောင်ညနက်ထဲ မြောင်းထဲကလူဟာ ကျွန်မချစ်တဲ့ အဖေဆိုတာကျွန်မသေချာသိတယ်။

ကျွန်မလည်း ရှိသမျှခွန်အားလေးနဲ့ အဖေ့ကိုမြောင်းထဲကနေမှထူပြီး အိမ်ပြန်ခေါ်ခဲ့တယ်။တစ်လမ်းလုံး အဖေက မူးမူးနဲ့အော်ချင်ရာအော် ပြောချင်ရာပြောပြီး ကျွန်မတွဲတဲ့နောက်ကို တစ်ကောက်ကောက်  လိုက်ပါလာခဲ့တယ်။လမ်းတစ်လျှောက်မှာ  ကာလသားတစ်ချို့နဲ့  ကျောင်းကအတန်းဖော် သူငယ်ချင်းတွေနဲ့ မထင်မှတ်ဘဲ တွေ့ရတော့ ကျွန်မလေ ရှက်လိုက်တာ။ဒါပေမဲ့ အဖေ့ကိုချစ်တဲ့စိတ်နဲ့ ကျွန်မအရှက်ကို ဘေးဖယ် သူငယ်ချင်းကို ပြုံးပြခဲ့တယ်။ ဒီလိုအချိန်မှ အတန်းဖော်သူငယ်ချင်းတွေနဲ့  ဆုံရတယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဆိုးမိတယ်။ အိမ်ရောက်တော့လည်း အဖေ့ကို ကိုယ်လက်သန့်စင် အဝတ်လဲ ထမင်းတွေခွံကျွေး ရေတိုက်ပြီး အဖေညဘက်ရေဆာမှာစိုးလို့ ရေဘူးထဲရေဖြည့် အဖေ့ခေါင်းရင်းလေးမှာ ထားခဲ့ပေးတယ်။ ပြီးတော့ ကက်စက်အစုတ်လေးနဲ့ အဖေ့အကြိုက် (မောင့်အချစ်မြှားစူး) (ဝေးကြလေသောခါ) သီချင်းလေးတိုးတိုးလေး ကျွန်မဖွင့်ပေးပြီး ခြင်ထောင်ချ အဖေ့ကိုသိပ်ခဲ့တယ်။

အဖေကတော့ မူးနေတဲ့အရှိန်နဲ့  မိနစ်ပိုင်းအတွင် ကောင်းကောင်း အိပ်မောကျသွားတယ်။ အဖေအိပ်မောကျသွားပေမဲ့  ကျွန်မတစ်ယောက် ထမင်းစားပွဲရှေမှာ တစ်ယောက်ထဲ စိတ်ထိခိုက်စွာ ညနေစာစားသုံးခဲ့ရတယ်။ အဖေနဲ့အတူစားချင်လို့ ညနေတိုင်းအဖေ့အပြန်ကို စောင့်နေခဲ့တာကျွန်မတစ်ခါ တစ်ရံစိတ်ဓါတ်တွေတောင် ကျလာခဲ့တယ်။ဒါပေမဲ့ အဖေ့ကိုချစ်တဲ့စိတ်နဲ့ ကျွန်မအရာရာတိုင်းကို ဖြေသိမ့် ကျေနပ်ခဲ့တယ်။ ညပိုင်းမှာလက်စုံ မထင်းဝိုင်းလေးနဲ့လွှဲခဲ့ရလို့ မနက်ရောက်ပြန်တော့လည်း အဖေက မနက်စာမစားဘဲ ရုံးသွားပြန်တယ်။ကျွန်မနဲ့အဖေရဲ့ ညနေစာလက်စုံထမင်းဝိုင်းလေးလည်း တစ်ရက်ထက် တစ်ရက်ခြောက်သွေ့လာတယ်။အဖေနဲ့အတူ ညနေထမင်းဝိုင်းကို ရှိတဲ့ဟင်းလျာနဲ့ ပီတိတွေထပ်ဖြည့်ပြီး အားရပါးရ ကျွန်မစားချင်ခဲ့တာ ကျွန်မအတွက်ကတော့ စိတ်ကူးယဉ်တစ်ခု ဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်မဆယ်တန်းဖြေပြီးတော့ ကျွန်မဘဝမြင့်မားတိုးတက်ဘို့ ရန်ကုန်သွားခဲ့တယ်။အဖေနဲ့အတူ လက်စုံထမင်းဝိုင်းစားချင်တဲ့ ကျွန်မ...မရခဲ့တဲ့ဆန္ဒတွေကြောင့် အဖေ့ကိုခဏတာခွဲခဲ့ပြီး (ရန်ကုန်မြို့)ပေါ် ရောက်ခဲ့တယ်။အဖေ့နေရေး စားရေးသောက်ရေးအတွက် အနီးနားကအမျိုးတွေကို အကူညီ တောင်းခဲ့တယ်။ကျွန်မ ရန်ကုန်ရောက်ပြီး မကြာပါ ကျွန်မအပြင်းဖျားလာတယ်။ ရွာမှာတုန်းက အဲလိုမဖျားဖူးတော့ ကျွန်မတော်တော်ခံစားခဲ့ရတယ်။ ဆေးခန်းပြ ဆေးသောက်ပေမဲ့လည်း မသက်သာခဲ့ဘူး။ကျွန်မကလည်း နေမကောင်း အဖေ့သတင်းကလည်း ကြားမကောင်းဘူး။အဖေ့က ကျွန်မမရှိတော့ အရင်ကထက်ပိုဆိုးလာတယ်။ အစားအသောက်လည်း မစားဘူး ။တစ်ရက်ရက် သောက်ဘဲသောက်တယ်လို့ သူငယ်ချင်းဆီကနေ ဖုန်းလာလို့ကျွန်မ တော်တော်စိတ်ညစ်ခဲ့ရတယ်။ ဒီလိုနဲ့ သင်တန်းကနေခွင့်ယူပြီး ရွာကိုခဏပြန်ခဲ့တယ်။ တကယ်အံ့သြစရာပါ။ ရွာရောက်လို့ အဖေ့အိမ်ကိုလည်း ရောက်ကျွန်မလုံးဝ နေကောင်းသွားတယ်။သေချာအောင်ဆိုပြီး နောက်ရက်တွေများ ပြန်ဖျားမလားလို့ ကျွန်မစောင့်ကြည့်ပါသေးတယ်။ လုံးဝအဖျားမရှိတော့ပါ။ ကျွန်မစိတ်ထဲခံစားမိတာက မိဘမေတ္တာ ကြီးမားတယ်ဆိုတာ ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဘဲ။

မှတ်မှတ်ရရ ကျွန်မ (ရန်ကုန်)ကနေ ရွာကိုပြန်လာပြီးတဲ့နောက်မှ အဖေနဲ့ကျွန်မ ညနေစာလက်စုံစားပြီး ပျော်ရွှင်ကြည်နူး  ခဲ့ကြရတယ်။အဲဒီချိန်မှာတော့ ကျွန်မတို့သားအဖရဲ့ ရင်ထဲမှာတော့ ပီတိတွေ ကိုယ်စီနဲ့ပေါ။ အဲဒီနောက်ပိုင်း အဖေလည်းသူ့အကျင့်ဆိုးတွေ ပြင်ပြီးကျွန်မမျှော်လင့် နေတဲ့မေတ္တာတွေ အရိပ်တွေသူအပြည့်ဝပေးဘို့ ကြိုးစားလာတယ်။ နှစ်လကြာရှည်စွာ  စောင့်မျှော်ခဲ့ရတဲ့ ညစာထမင်းဝိုင်းလေးကို ကျွန်မအရင်ကလို ရင်မောစွာ မစောင့်ခဲ့ရတော့ပါဘူး။အဖေ့မေတ္တာလက်နဲ့ နွေးထွေးမှုတွေကို ကျွန်မကိုအပြည့်ဝပေးလာတော့  ကျွန်မလည်း သင်တန်းကိုဖြတ်ပြီး အဖေ့အနားကနေ မခွာတော့ဘဲ အဖေ့ကိုအနီးကပ် ပြုစုမှုခဲ့တယ်။

ဒီလိုနဲ့နှစ်တွေကြာလာတော့  ကျွန်မတစ်ယောက် ဘဝအတွက်တိုးတက်ရာလမ်းကို ထပ်မံရှာခဲ့ရပြန်တယ်။ အဲဒီအချိန်မှာ အဖေဟာလည်း အရင်ကလို အလွန်အကျွံမသောက်တော့တာမို့  ကျွန်မစိတ်အေးစွာနဲ့ ဘဝတက်လမ်းကို ဖြောင့်ဖြောင့်ရှာနိုင်ခဲ့တော့တယ်။အဖေ ဒီလို အရက်ကျေးကျွန်ဘဝက လွှတ်မြှောက်ဘို့ ကျွန်မသီးခံမှုတွေ စိတ်ရှည်မှု မျက်ရည်တွေနဲ့ အကြိမ်ကြိမ် ဆုတောင်းပေးခဲ့ဖူးပါတယ်။ကျွန်မဆုတောင်း ပြည့်ခဲ့ပါပြီ။ အဖေအရက် မသောက်တော့ပါ။ခုတော့ ကျွန်ဟာ အဖေနဲ့အဝေးဆုံး တစ်နေရာမှာ ရောက်နေသူပါ။ ရွာကအိမ်အိုလေးနဲ့ အဖေ့ကိုအရမ်းလွမ်းပါတယ်။ တစ်ချိန်က ကျွန်မနှစ်လကြာရှည် စောင့်မျှော်ပြီး မျှော်လင့်ခဲ့ရတဲ့ အဖေနဲ့အတူလက်စုံ ထမင်းဝိုင်းလေးကို ကျွန်မတမ်းတမျှော်လင့်ဖူးသလို အခုချိန်မှာလည်း အဖေဟာ ကျွန်မလိုဘဲ ဒီစကားတွေဖုန်းထဲကနေ ကျွန်မကို ပြန်ပြောနေတယ်။ အဖေရယ် သမီးနားလည် ပါတယ်။ကျွန်မဖုန်းဆက်လို့အပြီး ဖုန်းချခါနီးတိုင်း အဖေကျွန်မကိုပြောခဲ့တာက အရင်ဘဝလို (ငပိရည်)နဲ့ဘဲစားရစားရ တစ်ခေါက်လောက်တော့ လက်စုံထမင်းဝိုင်းလေး အဖေမသေခင်  ပြန်စားချင်  တယ်သမီးရယ်တဲ့။ သေခြင်းတရားဆိုတာ ဘယ်သူမှ တားဆီးပိတ်ပင်လို့မရဘူးဆိုတာ ကျွန်မ နားလည်ပေမဲ့ အဖေ့ကိုကျွန်မ ပြန်ပြောခဲ့တဲ့စကားလေးက အဖေမသေရသေးဘူး။ အခွင့်သာတဲ့နေ့ သမီးပြန်ခဲ့ပါမယ် ဆိုတာပါဘဲ။တကယ်တော့ အဖေ့ဆန္ဒကို လတ်တလော ကျွန်မ မဖြည့်ဆည်းပေး နိုင်သေးလို့ ကျွန်မအတော် စိတ်ထိခိုက်ရပါတယ်။အဖေနဲ့ အမြန်ဆုံးပြန်လည်ဆုံတွေ့ လက်စုံ ထမင်းဝိုင်း လေးအတွက် ကျွန်မ  ကြိုးစားနေပါတယ်  အဖေ
ကျွန်မရေးတဲ့ ဒီပိုစ့်လေးဟာ စာဖတ်သူအတွက် အဟာရတစ်ခွက်မဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ပီတိ ဖြစ်ရပါတယ်။


ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး

အားလုံးကိုလေးစားလျှက်
အဖေ့ကိုချစ်တဲ့
အဖေ့ရဲ့ သမီး
အလွမ်းမြို့လေး

No comments: