Monday 18 July 2011

အကြိုက်မတူညီတဲ့ကြားမှ တူညီမှုတစ်ခုရှိတဲ့ "မောင်နဲ့ကျွန်မ"


 မနက်မိုးလင်း အိပ်ယာနိုးတိုင်း မောင်က ကော်ဖီလေးတစ်ခွက် အမြဲသောက်တတ်ပေမဲ့ ကျွန်မက ကော်ဖီ မသောက်တတ်ပါ။


မနက်စောစောပိုင်းမှာ မောင်ကထမင်းကြမ်း မစားတတ်ပေမဲ့ ကျွန်မက ထမင်းကြမ်းစာတတ်တယ်။


မောင်က ဝက်သားဟင်းကို နှစ်ခြိုက်ပေမဲ့ ကျွန်မက ဝက်သားလုံးဝ မစားပါ။

မောင်က (ငပိနဲ့ ငရုတ်သီး)ကို ရှောင်ပေမဲ့ ကျွန်မက (ငပိနဲ့ ငရုတ်သီး)ကိုတွေ့အောင် ရှာတတ်သူပါ။

မောင်က ဆေးလိပ်သောက်တာ နှစ်သက်ပေမဲ့ ကျွန်မက ဆေးလိပ်အနံ့ရရင် မုန်းတယ်။

မောင်ကအဖြူရောင်ကို ကြိုက်ပေမဲ့ ကျွန်မက အနီရဲရဲကိုဘဲ ကြိုက်တယ်။

မောင်ကလမ်းလျှောက်တာ မြန်တယ်။ကျွန်မက လမ်းလျှောက်ရင် နှေးတယ်။


မောင်က ဗဟုသုတ စာအုပ်မျိုးကို လိုက်လံရှာဖတ်တတ်ပေမဲ့ ကျွန်မကတော့ စာအုပ်ဖတ်ရတာ ပျင်းတယ်။သို့ပေမဲ့ (ဆရာတော် ဦးဇောတိက) စာအုပ်တွေကိုတော့ အကုန်ဖတ်ဖြစ်တယ်။

အင်တာနက်ထိုင်ရင် မောင်က သတင်းတွေလိုက်လံဖတ်ပြီး သတင်းနားထောင်ပေမဲ့ ကျွန်မက ဗဟုသုတ ရမဲ့ဘလော့လေးတွေဝင်ပြီး စာလိုက်ဖတ်တယ်။

မောင်က ဂိမ်းဆော့တာကို ဝါသနာပါပြီး အမြဲတမ်းဆော့တတ်ပေမဲ့ ကျွန်မက လုံးဝ ဂိမ်းမဆော့ဖြစ်သလို ဂိမ်းဆော့တာကို မကြိုက်ပါ။

မောင်က (သရဲကား) ရုပ်ရှင်ခွေတွေကိုဝယ်ပြီး အိမ်ကစက်အကြီးနဲ့ အကျယ်ကြီးဖွင့်ပြီး ကြည့်ရတာ ကြိုက်သေလောက် ကျွန်မက ရုပ်ရှင်ဝါသနာ လုံးဝမပါပါ။

မောင်က ပြသနာတိုင်းကို အမှားအမှန် အဖြေမရှာဘဲ ခေါင်းငုံ့ခံကာ ဖြေရှင်းတတ်ပေမဲ့ ကျွန်မကတော့ မဟုတ်မခံ အဖြေမှန်ထွက်အောင် ပြန်ရန်စွာတတ်တယ်။

မောင့်မှာလူတိုင်းအပေါ် သီးခံနိုင်တဲ့ စွမ်းအားတွေအပြည့်ရှိပေမဲ့ ကျွန်မမှာတော့ အတိုင်းထက်လွန်သွားတဲ့ သီးခံခြင်းမျိုးဆို ပေါက်ကွဲပစ်တယ်။


မောင်ကလူတွေအပေါ် စေတနာထားပြီး စကားသိပ်မပြောဘဲ စကားနည်းတယ်။ ကျွန်မကျတော့ စေတနာနဲ့အညီ ရင်ထဲကအတိုင်း လူတစ်ဖက်သားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။


မောင်စိတ်က အရမ်းအေးဆေးလွန်းပေမဲ့  ကျွန်မက စိတ်အရမ်းမြန်တယ်။

မောင်က စကားနည်းအေးသလောက် ကျွန်မက တို့တီးတို့တီး မောင့်အပေါ်စကားများ တတ်တယ်။

မောင်ကခရီးသွားရတာကို ကြိုက်ပေမဲ့ ကျွန်မက ခရီးသွားဘို့ကို စိတ်မပါဘူး။

မောင်ကညဆို စောစောအိပ်တတ်ပေမဲ့ ကျွန်မက ညဆိုအိပ်တာ နောက်ကျတယ်။

မတူညီတဲ့ အချက်အများကြီးထဲမှာမှ ယနေ့တိုင် မောင်နဲ့ကျွန်မမှာ တူညီနေတာ တစ်ခုကတော့ (အလှူအတန်း) ပေးခြင်းဘဲ။ အလှူအတန်းပေးပြီးတိုင်းလည်း နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ ကျေနပ်ပီတိတွေ ဖြစ်ခဲ့ပြီး ပျော်ရွှင်နေတာ။ ကျန်တဲ့နေရာမှာ မောင်နဲ့ကျွန်မ အကြိုက်ခြင်း မတူလို့ညှိယူကြရပေမဲ့ ဒီအပိုင်းမှာတော့ မောင်နဲ့ကျွန်မ ပျော်ရွှင်စွာ နှစ်ဦးသဘောတူ ညှိယူစရာ မလိုခဲ့ပါဘူး။ဒီလို ကြည်နူးမှုတွေနဲ့ဘဲ မောင်နဲ့ကျွန်မ ရွှေလက်တွဲလာခဲ့တာ တစ်နှစ်ပြီးတစ်နှစ်။

မောင်က လူတော်တစ်ယောက် မဟုတ်ပေမဲ့ ကျွန်မအတွက်တော့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါ။ မောင်က (လူကောင်း သူမြတ်) မဟုတ်ပေမဲ့ ယုတ်မာသူ တစ်ယောက် မဟုတ်တာတော့ သေချာတယ်။

ကျွန်မတို့ နှစ်ယောက်မှာ ငွေမချမ်းသာပေမဲ့ မောင်ရဲ့ သစ္စာရှိမှု့ တာဝန်သိတတ်မှု့ အိမ်ထောင်ဦးစီး ပီသမှု့တွေကြောင့် ကျွန်မမောင်နဲ့ အတူနေခွင့် ဘဝကိုရင်ဆိုင်ခွင့်ရတာ ကျွန်မ ကြည်နူး ပီတိ  ဖြစ်ခဲ့ရပါတယ်။ မောင့်ကိုလည်း ရင်ထဲကနေ ကျေးဇူးတင် လေးစားမိပါတယ်။



အားလုံးကိုလေးစားလျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

မဒမ်ကိုး said...

မမရေ..ကျမရဲ့မောင့်ကိုလဲ..ဒါလေးဖတ်စေချင်တယ်...
အားကျတယ်မမရေ..........

ခင်မင်စွာဖြင့်
မဒမ်ကိုး..