ဓါတ်ပုံကို . ဂိုဂယ်မှ ကူးယူသည်။
သားတွေသမီးတွေ မသိအောင်ကျမ မျက်ရည်ခိုးခိုးသုတ်ခဲ့ရတဲ့ရက်တွေ မနည်းတော့ပေ။ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးလိုပေါ့ သားနဲ့သမီးကြားသွားရင် အထင်သေးသွားလိမ့်မယ်ဆိုတာ ကျမအမြဲအမှတ်ရပြီး ကိုတူး နှိပ်စက်အနိုင်ကျင့် ဥပက္ခာပြုမှု့တွေကို ကျမ မိခင်တစ်ဦးပီပီ တစ်ယောက်ထဲကြိတ်ကာ ခါးစည်းခံခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကျမ သီးခံတတ်မှန်းသိလေလေ ကိုတူးက ပိုရက်စက်လေလေ ဖြစ်လာပြန်ရော။ ခလေးတွေရဲ့ အနာဂါတ်ကိုဘဲ ကျမခေါင်းထဲထည့်ထားပြီး ဖြစ်သမျှ အကြောင်းအကောင်းတွေဘဲလို့ ကျမ အမြဲဖြေသိမ့်ခဲ့တယ်။ သားနဲ့သမီး လူဘုံအလယ်မှာ မျက်နှာငယ်ရမဲ့ အဖြစ်မျိုး ဘယ်မိဘကမှ မဖြစ်စေချင်သလို မလိုလားခဲ့ပါဘူး။ အရွယ်ရောက်နေတဲ့ သားနဲ့သမီး ရွှေဘုံမြစံ မထားနိုင်ခဲ့ပေမဲ့ မိသားစုမှာရှိသင့်တဲ့ ပြည့်စုံခြင်းဆိုတာကို ကျမ အမြဲထည့်တွေးမိ ခဲ့ပါတယ်။ ငွေကြေးမပြည့်စုံပေမဲ့ မွေးကင်းစကတည်းက မိစုံဖစုံနဲ့ကြီးပြင်းလာကြတဲ့ သားနဲ့သမီးကို ဒီအရွယ်ရောက်မှ ကိုတူး ကျမအပေါ်ပြုခဲ့တဲ့ ရက်စက်ခြင်း ဥပက္ခာပြုခြင်းတွေကြောင့် ခလေးတွေ လူဘုံအလယ်မှာ မိကွဲဖကွဲဘဝမျိုးရောက်မှာ ကျမ ဘယ်လိုမှ မလိုလားပါ။ ဒါကြောင့်လည်း ကိုတူး ဆိုးသမျှ ကျမ အပေါ်အနိုင်ကျင့်သမျှ ကျမ တစ်ယောက်တည်း ကြိတ်မှိတ်ကာ ခါးစည်းခံခဲ့တယ်။
ဒါတွေကို ခလေးဘဝအရွယ်မှာတုန်းကတော့ သားနဲ့သမီးတွေ သတိမထား မရိပ်မိကြ မခံစားတတ်ကြပေမဲ့ ခု သားနဲ့သမီး အရွယ်တွေရောက်လာပြီမို့ ကျမနဲ့ကိုတူး ပြသနာဖြစ်တိုင်း ခလေးတွေက ကြားကနေ မြေဇာပင် ဖြစ်ခဲ့ရတယ်။ ခုလည်း ကိုတူးဆီမှ ကျမ မထင်မှတ်ထားတဲ့ စကားတစ်ခွန်း ကြားလိုက်ရတယ်။ မိအေး.... ငါနင့်ကို မပေါင်းနိုင်တော့ဘူး ငါ့ကိုကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီး ငါ့အိမ်ပေါ်ကနေ ဆင်းသွားပါတဲ့။ ရက်စက်လိုက်တာ ကိုတူးရယ်။ ရှင် ကျမကိုချစ်လို့ လူဘုံအလယ်မှာ တရားဝင်လက်ထပ်ခဲ့တာဘဲ မဟုတ်လား။ ခုဆိုသားနဲ့သမီးတောင် လူပျို အပျိုတွေ ဖြစ်ကုန်ပြီ။ ခုမှ ရှင်စိတ်တွေ ဘယ်လိုဖြစ်ကုန်တာလဲ။
အရွယ်တွေ အိုလာပြီး ပါးရေတွန့်လာတဲ့ ကျမကို ရှင် မချစ် မနှစ်သက်တော့ပေမဲ့ အရွယ်ရောက်လာပြီး ရှင့်ကိုအရမ်းချစ်ပြီး အားကိုးနေကြတဲ့ သားနဲ့သမီး မျက်နှာနဲ့ ခံစားချက်ကိုတော့ ရှင်နားလည် ခံစားပေးသင့်ပါတယ်။ ပြီးတော့ ကျမ တို့အရွယ်တွေက အိမ်ထောင်တစ်ခုကို အချစ်နဲ့ဖွဲ့စည်း ချည်နှောင်ထားရမှာ မဟုတ်တော့ဘူးလေ။ တကယ်ဆို ကျမတို့အရွယ်တွေက သားသမီးတွေရဲ့ အနာဂါတ်အတွက် အေးချမ်းအောင် တစ်ခုခုစီစဉ်ပေးပြီး စိတ်ချရပြီဆို တရားဓမ္မ နဲ့နေထိုင်ရမဲ့ အချိန်လေ။
ခုတော့ !!!!! ကျမ မျက်ဝန်းအိမ်မှ မျက်ရည် ကျလုဆဲဆဲမှာ သမီးလေးက အနားရောက်လာပြီး မေမေ အားမငယ်ပါနဲ့။ ဖေကြီးက သူ့အိမ်ပေါ်က ဆင်းဆိုလည်း သမီးတို့ ဆင်းသွား ကြတာပေါ့။ သမီးတို့မောင်နှမတွေ အလုပ်လုပ်ပြီး မေမေကို ရှာကျွေးနိုင်ပါတယ်တဲ့။ လိမ်မာလိုက်တဲ့ သမီးရဲ့ အားပေးစကားကြောင့် ကိုတူးကိုအပြစ်တွေ ထပ်မတင်ချင်တော့ပေမဲ့ သားနဲ့သမီးကို ကျမ တော်တော်သနားမိတယ်။
သမီးလေးဆီမှ ကြားလိုက်ရသော စကားသံက .... ဖေကြီးမှ သမီးတို့မိသားစုကို မချစ်တော့တာ။ ဖေကြီးက ဒီအိမ်မှာ မနေစေချင်လည်း သမီးတို့ဆင်းပေးယုံပေါ့လို့ မေမေ့ကို သမီးလေးကပြန်ပြောခဲ့တယ်။ ဒီလို အိမ်ပေါ်ကဆင်းဘို့ မဆိုထားနဲ့ဦး ဘယ်အိမ်မှ သမီးလေးက ညအိပ်ညနေ သွားတတ်တာမဟုတ်။ သမီးရဲ့ခံစားချက်ကို ကျမ နားလည်လိုက်ပြီ။ ကျမ ဘယ်ကိုသွားပြီး ဘာတွေဆက်လုပ် ရမှာလဲ တွေဝေနေခဲ့တယ်။ ကျမ စိတ်ထဲမှာတော့ ကိုတူး ကျမ ကိုမကြင်နာတော့တာကို လက်ခံလို့ရပေမဲ့ ခလေးတွေရဲ့ ရင်ထဲနာကျင်စွာ ဝေဒနာခံစားချက်တွေ မစွဲကပ်စေချင်ဘူး။ ဖခင် ဆိုတဲ့ အိမ်ဦးနတ် အပေါ်မှာလည်း အမုန်းတွေမရှိစေချင်သလို အရိုအသေ မပျက်စေချင်တာ ကျမ ရင်ထဲကစေတနာတွေပါ။
ဒါပေမဲ့ ခုတော့ ကျမ စေတနာကို ကျောခိုင်း ဥပက္ခာပြုပြီး ကျမတို့သားအမိကို ရက်ရက်စက်စက် အိမ်ပေါ်က နှင်ချနေမှတော့ ကျမလည်း သားနဲ့သမီးကိုခေါ် ရှေဦးတည့်ရာဆိုပြီး အိမ်ပေါ်က ဆင်းပေးခဲ့ပါတယ်။ တကယ်တော့ အိမ်ပေါ်ကဆင်းဘို့ ကျမ တို့မိသားစုမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါ။ ဘယ်တုန်းမှလည်း ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ ကြုံရမယ်လို့ ကျမတို့ မိသားစုလေး မျှော်လင့်မထားခဲ့ပါ။
ကိုတူးရေ ကျမ အိမ်ပေါ်ကဆင်းသွားတာ ရှင့်ကိုမလွန်ဆန် ကြေက်နေလို့မဟုတ်ပါဘူး။ အဆင်မပြေတဲ့ ကျမတို့ ၂ယောက်ကြားမှာ ငြိုးငယ်နေတဲ့ မျက်နှာတွေ ရင်ထဲက ဒဏ်ရာတွေပြည့်နေတဲ့ ခလေးတွေကို ကျမ ဒီထက်ပိုပြီး ထပ်မခံစားစေချင်ဘူး။ ရှင့်ရဲ့ ရက်စက်မှုတွေကြားမှာ ခလေးတွေကို မနားကျည်းစေချင်ဘူး။ တကယ်တော့ ကျမ ကမိခင်လေ။ ရှင် က ဖခင်ဆိုတော့ သားသမီးခံစားချက်ထက် ကိုယ့်ခံစားချက်ဘဲ ဦးစားပေးမှာပေါ့။ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းချုပ်ပြီး ကျမ ပြန်သုတ်ခဲ့တယ်။ ကျမရဲ့ နောက်မှာ တစ်သီကြီးပါလာတဲ့ ခလေးတွေရဲ့မျက်နှာနဲ့ ကျမ ရဲ့ခံစားချက်တွေကို ကျမ လဲပြစ်လိုက် ရတော့မယ်။ ရှင့်ရဲ့ ငွေကြေး ပညာ မာနတွေနဲ့ ရှင့်မိသားစုကို လဲနိုင်မှတော့ ကျမမှာ ဘာမှမရှိတဲ့ ဘဝမှာ ရှိတဲ့ အင်အားလေးနဲ့ သားသမီးတွေရှေ ကျမ ရဲရဲရပ်တည်ပေးရတော့မှာပေါ့။
တကယ်ဆို ဒီအဖြစ်ဆိုးတွေကို အိမ်မက်သာဖြစ်လိုက်ချင်တယ်။ ဒါပေမဲ့ ဒါတွေက အိမ်မက်မဟုတ် လက်တွေ့ ရင်ဆိုင်နေရတဲ့ ကျမတို့မိသားစု ဘဝပါ။ ဖြစ်လာပြီဆိုတော့လည်း ဖြစ်သမျှအကြောင်း အကောင်းချည်းဘဲလို့ စိတ်မှာတွေးပြီး ကျမ ရဲ့စိတ်ခံစားချက် ကိုတူးအပေါ် နားကျည်းချက်တွေကို ဘေးမှာခနဖယ်ထားခဲ့ပြီး လက်ရှိကျမနဲ့ သားငယ်သမီးငယ်တွေရဲ့ ရပ်တည်ရေးက အရေးကြီးနေပြီမို့ တစ်ခုခုအကောင်တည်ဖော်ဘို့ ကျမ ရင်မောခဲ့ရပြန်ပြီ။
သားကြီးကလည်း မိခင်အပေါ် စာနာ နားလည် ကူညီတတ်သူမို့ တော်သေးတယ်။ တကယ်ဆို သားကြီးတို့ အရွယ်ဟာ ပညာကို ဆုံးခန်းတိုင်အောင်သင်ပြီး လောကအကျိုးပြုရမဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေပါ။ ဒါပေမဲ့ လက်တွေ့မှာက ကွဲလွဲခဲ့ရပြန်ပြီ။ ဖခင်ဆိုတဲ့ အိမ်ထောင်ဦးစီးရဲ့နေရာမှာ သားကြီးဟာ သူတတ်နိုင်တဲ့ ဝန်ကိုထမ်းပြီး ကျမ တို့သားအမိကို စောင့်ရှောက်ခဲ့ပါတယ်။ ကျမ နားလည်ပါတယ်။ ဒီမိသားစုရဲ့ တာဝန်ကိုသားကြီး တစ်ယောက်တည်း ထမ်းနေရတာ အတော်ပင်ပန်းမှာပါ။ ဖခင် တစ်ယောက်ရဲ့နေရာကို ဝင်ယူပြီး အိမ်ထောင်တစ်ခုရဲ့ နေထိုင်မှု့ စီးပွားရေးကို သားကြီး တစ်ယောက်တည်း ရုန်းကန်နေရတယ်လေ။ အရွယ်နဲ့မလိုက်ပါ။ ကျမတို့ မိသားစု စားဝတ်နေရေး သမီးငယ်ရဲ့ မပြီးပြတ်သေးသော ပညာရေး နဲ့ သားထွေးရဲ့ ပညာရေးဆုံးခမ်းတိုင်ဘို့ သားကြီး တစ်ယောက်ထဲ ဘယ်လိုရုန်းနိုင်မှာလဲ။ သားကြီးရဲ့ ရင်ထဲမှာကော ဘယ်လိုခံစားချက်မျိုး ရှိနေမလဲ။ ရက်စက်တဲ့ အဖေ့ကိုရော ဘယ်လိုမြင်မလဲ။ သားကြီးကို ကျမ ခုလိုမခိုင်းရက်ပေမဲ့ မဖြစ်မနေဘဝတွေ ကြုံလာရပြီမို့ သားကြီးကို မထားရက်ပေမဲ့ ခိုင်းခဲ့ရပြီ။ကျမ ရင်ထဲမှာငိုနေတယ် ရှင်သိလား ရက်စက်သူ ကိုတူးရေ။
ညဘက် အိပ်မပျော်ဘဲ ကျမလူးလိမ့်နေတုန်း တစ်ဖက်ခန်းမှ ရှိုက်သံသဲ့သဲ့ကို ကျမ ကြားလိုက်မိတယ်။ ကျမ ရင်ထဲမှာလည်း ခလေးတွေရဲ့ အနာဂါတ်အတွက် အတွေးတွေ ပလပွနဲ့ ရှုပ်ရှက်ခတ်နေတယ်။ ခံစားချက်တွေကလည်း တစ်ချက်ချက် အချိန်ပေးစက်လို ထထမြည်ပြန်တယ်။ နာကျည်းချက်တွေကလည်း ပြေလေဝှေ့တိုင်း ကပ်ပါလာသလို ကျမ ရင်ကိုရိုတ်ခတ်တယ်။ ကျမလည်း အပူသောက အမောတွေနဲ့ ပြည့်နှက်နေသလို သမီးလေးလည်း ကျမလို အတွေးမျိုးနဲ့ အိပ်မပျော်ဘဲ ဝမ်းနည်းငိုကြွေး ရှိုက်ငိုနေတာ နေမှာပါ။ ကျမ သိလိုက်ပြီ။ ဒီ ရှိုက်သံသဲ့သဲ့လေးက သမီးလေးရဲ့ ရှိုက်သံဘဲ။
တကယ်တော့ သမီးလေးက သူ့အဖေကို အရမ်းချစ်တဲ့ သူတစ်ယောက်ပါ။ လူတွေပြောကြသလိုပေါ့ သားတွေက အမေကို ပိုခင်တွယ်ချစ်ကြသလို သမီးတွေကလည်း အဖေကို ပိုခင်တွယ်ချစ်ကြတယ်တဲ့။ အင်းလေး ကျမတို့မိသားစု အတူရှိစဉ်တုန်းကလည်း သမီးလေးအဖေ ကိုတူးဟာ သမီးလေးရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်း သမီးလေး အလိုကျနေပြီ သမီးလေးကို အချစ်ပိုပြခဲ့တာကိုး။ ခုတော့ ဒီအတွေးတွေက သမီးကိုအရိပ်လို ကပ်ငြိပါလာတော့ ခု အဖေ့ရဲ့ ရက်စက်မှု့ကို သမီးလေးက လက်ခံချင်မည်မဟုတ်။ ကျမ သမီးလေးကို နှစ်သိမ့်ပေးဘို့ ဘယ်လိုစကားတွေ သုံးရမှာလဲ။ နှစ်သိမ့်ပေးဘို့ ကျမ မှာလည်း ခွန်းအားမရှိ။ သောကတွေဖိစီးလို့ ချိနဲ့နေပြီ။ သမီးလေးရဲ့ ခံစားချက်နဲ့ ညနက်ကြီးထဲ အိပ်မပျော်ဘဲ ထွက်လာတဲ့ရှိုက်သံကို ကျမ နားလည်ခံစားပေးမိပေမဲ့ ကျမမှာရော အပူတွေ သောကတွေနဲ့မို့ သမီးလေးရဲ့ ရှိုက်သံကို ဥပက္ခာပြုရင်း သမီးလေး အားရအောင် ငိုစေခဲ့တယ်။
သားငယ်လေးမှာလည်း မနက်မိုးလင်းလို့ ကျောင်းသွားခါနီးတိုင်း ကျောင်းဝတ်စုံ အိတ်ကပ်လေးက ပြားနေတယ်။ ကားတိုးစီးဘို့ လမ်းစရိတ်လောက်ဘဲ လောလောဆယ် ကျမတတ်နိုင်ခဲ့တယ်။ လူပျိုပေါက်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းဝတ်စုံ အိတ်ကပ်ထဲမှာ ကျောင်းတက်စရာ ကားခမှလွဲပြီး ကျန်တာအပိုငွေ မရှိပါ။ ကျမ ဒါတွေသိနေပေမဲ့ ကျမ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ပညာရေးစနစ်တွေဘဲ တိုးတက်လာတာလား ပညာရေး ငွေကြေးဘဲ မြင့်တက်လာတာလား မသိ။ ကျောင်းမှာလည်း ပေးသွင်းရန် တွေကလည်းများ။ ကျမ သောတွေနဲ့ ရူးမတတ်အောင်ဖြစ်ခဲ့ရတယ်။ တက္ကသိုလ်ကျောင်းဆိုတဲ့ ကျောင်းကြီးထဲမှာ ကားခ ကလွဲပြီး သားငယ်ကိုငွေပို ကျမ မပေးနိုင်ခဲ့ပါ။ သားငယ်ရင်ထဲမှာရော ခုလို မပြည့်မစုံနဲ့ ကျောင်းတက်နေရတာ ဘယ်လောက်များ အားငယ်နေမလဲ။ သားကြီးမှာလည်း ဒီတာဝန်တွေကို အရွယ်နဲ့မလိုက် ထမ်းနေရတာ ကျမ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှ မမြင်ရက် မခံစားရက်ပါ။ သား အတွက် ခံစားရတိုင်း ရက်စက်သူ ကိုတူးကိုဘဲ အပြစ်တင်ချင်လာမိတယ်။
ကိုတူးရေ ရှင့် တစ်ယောက်ရဲ့ အတ္တ မာနတွေနဲ့ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ကျမတို့ မိသားစုလေးနဲ့ အနာဂါတ်လေးမှာ မုန်တိုင်းထန်ခဲ့တယ်။ ရှင် တစ်ယောက်စိတ်ချမ်းသာဘို့ ရှင်တစ်ယောက် ကျေနပ်ဘို့အတွက် ကျမတို့ မိသားစုတစ်စုလုံး စိတ်ဆင်းရဲခဲ့ရတယ်။ တကယ်တော့ ရှင်ဟာ ပညာတတ် ဘွဲ့ရတစ်ယောက်ပါဘဲ။ ဘာကြောင့် ဒါတွေ မတွေးမိလည်းဆိုတာ ကျမ နားမလည်တော့ဘူး။ ခလေးတွေနဲ့ မျက်နှာတွေမှာ အားငယ်စိတ် ရှက်စိတ်တွေ ဒဏ်ရာတွေ ဖုံးလွှမ်း နေခဲ့ပြီ။ နောက်ပြီး ရှင့်ရဲ့ ရက်စက်မှု့တွေအပေါ် ခလေးတွေ နာကျည်းမှုတွေ ဖြစ်ကုန်မှာ ကျမ အရမ်းစိုးရိမ်မိတယ်။ ရှင်ကသာ ရက်စက်ခဲ့ပေမဲ့ ကျမကတော့ ရှင့်အတွက် တွေးပူပေးနေမိတယ်။ ရှင့်ရဲ့ မိဘဝတ် ပျက်ကွက်မှုတွေကြောင့် ခလေးတွေလည်း ရှင့်အပေါ် အရိုအသေပျက် နာကျည်းပြီး အပြစ်တွေဖြစ်လာမှာ ကျမ စိတ်ပူမိတယ်။
အတွေးတွေနဲ့ အိပ်မပျော်သေးဘဲ အနာဂါတ်အတွက် တွေးပူနေမိတယ် ကိုတူးရယ်။ ရှင့်ရဲ့ လွတ်လပ်စွာ နေထိုင်လိုစိတ် ခေတ်မှီစွာ သုံစွဲလိုစိတ်တွေနဲ့ ရှင့်ရဲ့ အမူအကျင့်တွေကြားမှာ ကျမကို အမြဲလိုအပြစ်ရှာခဲ့တာ ကျမ သီးခံခွင့်လွှတ်ခဲ့ပေမဲ့ ရှင့်ရဲ့ အတ္တ မာနတွေကြား ခလေးတွေကို မြေဇာပင် အဖြစ်အသုံးမချပါနဲ့လား။ တကယ်တော့ ရှင့်ခလေးတွေက မိစုံဖစုံနဲ့ကြီးပြင်းလာခဲ့ပြီးမှ လက်ရှိဘဝကနေ လက်မဲ့ဘဝရောက်သွားအောင် ရှင်ဘာကြောင့်လုပ်ချင်တာလဲ။ ပစ္စည်းဥစ္စာဆိုတာ အစားထိုးရှာလို့ ရတယ်ဆိုတာ ရှင်ရော ကျမ အသိပါ။ ဒါပေမဲ့ သူတို့အတွက် မိဘဆိုတာ အစားထိုးရှာလို့ မရဘူးဆိုတာ ရှင်မေ့နေတာလား ကိုတူး။ သားသမီးရတနာဆိုတာ ထိုက်မှရတာတဲ့ ရှင်ကြားဖူးမှာပါ။ ဒီလို ရတနာလေးတွေကို ရှင်ဘာကြောင့် တန်ဖိုးထား မချစ်တတ်တာလဲ ။ ကိုတူးရေ ရှင့် နဲ့ ကျမကြောင့် မြေဇာပင်ဖြစ်သွားတဲ့ ရှင့်အနာဂါတ် ရတနာလေးတွေမှာ မိဘရဲ့ နွေးထွေးမှု့ လမ်းပြသွန်သင်မှု့ ဦးဆောင်မှု့တွေ လိုနေသေးတယ်ဆိုတာ ရှင် တကယ်မသိတော့တာလား။ မိခင် တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ စေတနာ နဲ့ သောကအပူတွေကို ရှင် ဖခင်တစ်ယောက်မို့ တကယ်မသိတာလား။ သိလျှက်နဲ့ ရှင့် အတ္တကြောင့် ဥပက္ခာ ပြုခဲ့တာလား .
......ကျမ အတွေးကမ္ဘာထဲမျှောနေလိုက်တာ နာရီ ၂ ချက်ခွဲမှ ကျမ အမောတွေကြား မှေးခနဲအိပ်ပျော် သွားတယ်။
ယခုပို့စ်ကို ကူးယူလိုလျှင် စာရေးသူ အလွမ်းမြို့လေး ကိုပါထည့်ရေးစေချင်ပါတယ်။ မိသားစုတစ်ခုမှာရှိတဲ့ မိခင်တစ်ယောက်ရဲ့ ဘဝကို အခြေခံရေးထားတာမို့ပါ။
စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး
7 comments:
လောကကြီးမှာဒီလိုအဖေမျိုးရှိသေးတယ်နော်
အံ့သြဖို့ကောင်းတယ်
လူတိုင်းလဲဖတ်သင့်တယ်လို့ထင်တယ်
မိခင်လုပ်သူလဲ သနားဖို့ကောင်းသလို သားနဲ့သမီးလဲ
ဖခင်ရဲ့ အကြင်နာယုယမှု ချစ်ခင်တွယ်တာမှု ဘာတခုမှ
မရကြဘူးနော်
ခင်မင်တဲ့ jasmine
follower လုပ်ခဲ့တယ်နော်
အဖေဆို လမင်းသိပ့်မကြိုက်လှဘူး
ဘာလို့လဲဆိုတော့ဖခင်မေတ္တာကို လမင်း
မခံစားဖူးလို့ ပါ
ခံစားမှုလေးချပြသွားတာရသမြှောက်ပါတယ်
မမလွမ်းရေး အားပေးလျှက်ပါ
လင့်ထားပေးခဲ့ လို့ ကျေးဇူးတင်ပါတယ်
ဆောင်းပါးလေးကိုဖတ်ရှုသွားပါတယ်
ဘာပဲဖြစ်ဖြစ် အမေ့ရုပ်ရည်အမြဲတမ်းလှနေမှာပါ
ဘာပဲဖြစ်ဖြစ် ဖခင်ဟာလဲ အနန္ဒဂိုဏ်းဝင်ပါပဲ
အလွမ်းမြို့ လေးကို မိုးသူရဲ့  ကဗျာ blog လေးမှာ link ထားလိုက်ပါ့မယ်နော် ..
blog မိတ်ဆွေ ထပ်တဦးတိုးတာပေါ့
ကျေးဇူးတင်ပါတယ်ခင်ဗျာ....
လင့်ထားပေးခဲ့ လို့ ကျေးဇူးတင်ပါတယ်
ဆောင်းပါးလေးကိုဖတ်ရှုသွားပါတယ်
ဘာပဲဖြစ်ဖြစ် အမေ့ရုပ်ရည်အမြဲတမ်းလှနေမှာပါ
ဘာပဲဖြစ်ဖြစ် ဖခင်ဟာလဲ အနန္ဒဂိုဏ်းဝင်ပါပဲ
အလွမ်းမြို့ လေးကို မိုးသူရဲ့  ကဗျာ blog လေးမှာ link ထားလိုက်ပါ့မယ်နော် ..
blog မိတ်ဆွေ ထပ်တဦးတိုးတာပေါ့
ကျေးဇူးတင်ပါတယ်ခင်ဗျာ....
အိမ်ထောင်မှုတစ်ခုမှာ အိမ်ထောင်ဦးစီး တာဝန်မကျေပွန်ရင် တစ်မိသားစုလုံး ဖရိုဖရဲတွေဖြစ်ကုန်တော့တာပဲ...။ အလွမ်းမြို့ရေ အဲဒီလိုအဖေတွေလဲ လောကကြီးမှာ အတော်များသားလား...။ တန်ဖိုးရှိလှတဲ့ မိသားစုပညာရေးဇာတ်လမ်းလေး ဖတ်သွားပါတယ်...။
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အလွမ်းမြို့လေး....
လာလည်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ Comment ပေးခဲ့တဲ့ ညီအစ်ကိုမောင်နှမ များကိုအထူး ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း။ အမှားများရှိရင်လည်း နားလည်ခွင့်လွတ်ပေးစေလိုကြောင်း
အားလုံးကို အစဉ်ခင်မင်လေးစားလျှက်
အလွမ်းမြို့လေး
တန်ဖိုးရှိတဲ့ ပို့စ်လေးကို ဖတ်သွားပါတယ်
Post a Comment