Friday, 24 February 2012

မိခင်တစ်ယောက်ရဲ့သောက


 ဓါတ်ပုံကို ဂိုဂယ်မှကူးယူထားသည်

ဘဝမှာ အသက်တစ်ရာမနေရ အမှု့တစ်ရာကြုံရဆိုတာ လူတိုင်းကြားဖူးကြမှာပါ။ ကျမလည်း ဘဝမှာ ကောင်းတာတွေရော ဆိုးတာတွေရော တွန်ဒွဲ ခံစားဖူးသူတစ်ယောက်ပါ။ အရမ်းကို ပျော်ရွှင်ကျေနပ်ရချိန် မရှိပေမဲ့ ကမ္ဘာပျက်မတတ်အောင် ငိုကြွေးခံစားခဲ့ရဖူးတယ်။ ဒါပေမဲ့  ကျမ  ယ္ခုရင်ဆိုင်ကြုံတွေနေရသော  အခက်ခဲ  ပြသနာဟာ  ကျမ  ရင်ဘတ်တစ်ခုလုံး  နှလုံးသားတစ်ခုလုံး မိုးကြိုးပစ်သလို ခံစားရပြီး   ကြွေမွ ပျက်စီးဖြေဆည် မရနိုင်ခဲ့ပါဘူး။

မောင်နဲ့ကျမ အိမ်ထောင်ကျခါစမှာတော့ ချစ်လို့မဆုံးပေါ့။ ရန်ဖြစ်ချိန်တွေကို သတိမရကြဘူး။ တစ်ဦးပေါ်တစ်ဦးချစ်နေရင်း  အချိန်ဆိုတဲ့  စက်ဝိုင်းကြီးကိုဖြတ်ကျော် အိမ်ထောင်ရေးမှာ ပျော်ရွှင်စေခဲ့တယ်။ ကျမနဲ့မောင်ကလည်း မိဘတွေသဘောတူ ကြည်ဖြူပြီး ဇွတ်အတင်းပေးစားခဲ့တဲ့ ကြင်ယာဖက်စုံတွဲတွေ မဟုတ်ခဲ့ပါ။ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်ကြပြီးမှ နားလည်မှုတွေအရင်းခံ  မေတ္တာတွေ ရေစီးသန်  လာအောင်ပြုစုကြရင်း  ဘဝတစ်ခုကို  ရင်ဆိုင်လက်တွဲခဲ့ကြတာပါ။

ဒီလိုနဲ့ ကျမတို့မှာ ရတနာအတုံးလေး တစ်တုံးကိုရရှိခဲ့တယ်။ အိမ်ထောင်တစ်ခုမှာ တည်မြဲအောင် ချည်မဲ့ကြိုးလေးလို့ ကျမနဲ့မောင် သတ်မှတ်ယူဆထားခဲ့ပါတယ်။ သားလေးကို ချစ်လိုက်ရတာ တုန်လို့။ အမေကလည်းချစ် အဖေကလည်းချစ် အားလုံးကဝိုင်းချစ်နေတော့ မိဘဖြစ်တဲ့ ကျမတို့မှာ သားလေးကိုကြည့်ပြီး ပီတိတွေဖြစ်ခဲ့ရသလို ဘဝအတွက် အားတွေရှိခဲ့တယ်။ အိပ်ယာဝင်ချိန် သားလေးကိုသိမ့်ပြီး ဘေးနားကနေ သားလေးရဲ့ အပြစ်ကင်းတဲ့မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ကျမပြောမပြတတ်အောင် ပီတိတွေဖြစ်ခဲ့ရတယ်။ ဝမ်းသာခဲ့ရတယ်။ ဒါတွေကို မိခင်ဖြစ်သူ တိုင်းခံစားဖူးကြမှာပါ။ 

အသက်ထက်ချစ်တယ်ဆိုတာ ချစ်သူတွေကြားမှာ မကြာခဏ ကြားဖူးပေမဲ့ ကျမကိုယ်တိုင် လက်တွေ့ မကျင့်သုံးဖူးပါ။ ဒါပေမဲ့ မိဘတစ်ယောက် သားသမီးအပေါ် အရမ်းချစ်တယ် ကာကွယ်စောင့်ရှောက်တယ် ဆိုတာကိုတော့ ကျမ မိခင်ဖြစ်လာချိန်မှာ ပိုသိခဲ့ရတယ်။ သားလေး အိပ်ချိန်ဆို လေစိမ်းများ တိုက်လေမလား ခြုံစောင်များ လွတ်နေမလား.. သွေးစုတ်တတ်တဲ့ ခြင်ကောင်တွေများ ကိုက်နေမလား စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့တယ်။ သားလေးမျက်နှာ မရွှင်တဲ့ရက်တွေဆို  သားလေး  နေမကောင်းတာလား ဗိုက်နာတာလား စသည်ဖြစ်ပေါ့။ ဒီလိုစိုးရိမ်စိတ်တွေနဲ့ စောင့်ရှောက်လာခဲ့တာ အိပ်ရေးပျက်ညတွေလည်း များခဲ့ပြီ။ တစ်ခါတစ်ရံ သားလေးအရမ်းငိုပြီး ဂျီကျချိန်ဆို ကျမ ဒေါသစိတ်တွေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့သားလေးက ဘာသိမှာတုန်း။ ကျမ မိခင်ကသာ စဉ်းစားဆင်ခြင်ရမဲ့သူလေ။

ဒီလိုနဲ့ ... သားလေးကိုစားချိန်စား အိပ်ချိန်အိပ် စောင်ရှောက်လာခဲ့တာ သားလေးက လသားအရွယ်ကနေ နှစ်သား ဘဝကို ရောက်ရှိလာပြီ။ နှစ်သားဘဝ  ရောက်ရှိလာလည်း ကျမ သားဟာ ကျမသားပါဘဲ။ သားလေး စကားတတ်လာလေလေ ကျမ ပိုချစ်လေလေပေါ့။ တီတီတာတာတွေပြောပြီး မိခင်ရဲ့အချစ်တွေ အကုန်ယူလိုက်သူက သားပါဘဲ။ သားလေး ၂ နှစ်သားအရွယ်လောက်မှာ ကျမနဲ့မောင် စကားများ ရန်ဖြစ်ခဲ့ကြ တယ်။ 

မှတ်မှတ်ရရ  -----  သားလေးမွေးပြီး မကြာခင်မှာဘဲ မထင်မှတ်တဲ့ အဖြစ်ပျက်ဆိုးတစ်ခုကို ကျမ မျက်လုံးရှေမှာတင် မြင်ခဲ့ရတယ်။ ကျမ နှလုံးသွေးရပ်တန့်မလောက်အောင် တုန်လှုပ်ခြောက်ခြားသွားတယ်။ အဲဒီအချိန်က ကျမသွေးနုသားနု အချိန်ဖြစ်နေတယ်။ ကျမ  အသိစိတ်တွေ လွတ်မသွားအောင် စိတ်တွေငြိမ်အောင် သတိဆောင်ပြီး ကျမ ပြန်ထိန်းခဲ့တယ်။ ဒါပေမဲ့ ကြောက်စိတ်တွေက စိုးမိုးခဲ့တယ်။ အဲဒီ အဖြစ်အပျက်ဆိုးကို ကျမ အမြဲပြန်သတိမရမိပေမဲ့ တစ်ခါတစ်ရံမှာ အထီကျန်ဆန်တဲ့ ညမျိုးတွေမှာ ကြောက်စိတ်ဝင်လာခဲ့တယ်။ ဒါပေမဲ့ ကျမဟာ  စိတ္တဇအရူး တစ်ယောက်မဟုတ်ပါ။

ဒီလို ကျမနဲ့မောင် စကားများ ရန်ဖြစ်ရင်း  အပြန်အလှန်စကားများ ရန်ဖြစ်ချိန်  မောင်မှကျမကို  ကိုယ်ထိလက်ရောက် အလုပ်နိုင်အောင်  ကျမမှဦးစွာ မောင့်ကို ချုပ်နှောင်ထားလိုက်တယ်။ အတိတ်က သွေးနုသားနုချိန်မှာ မြင်တွေ့ခဲ့တာတွေကို စိုးရိမ်လွန်သတိရမိပြီး  ကာကွယ်လိုက်တဲ့ သဘောပါဘဲ။ အဲတာကို မောင် ကအမှတ်အတေးထားလိုက်တာ  ကျမ မသိလိုက်။ ဒီလိုနဲ့  မောင်က  အဲဒီညက  ကျမသူ့အပေါ်ပြုခဲ့မိတဲ့  အပြစ်လေးကို သူ့မိဘတွေဆီ တိုင်လိုက်တယ်။ တကယ်ဆို လင်မယားချင်း အခမသင့်လို့ ဖြစ်ခဲ့တာကို  မောင် နားလည်မှု့အပြည့် ထားပေးမယ်ဆို ဒီပြသနာတွေ ခုလိုဖြစ်လာမှာမဟုတ်။ အိမ်ထောင်တိုင်းမှာ အခမသင့်ရင် စကားများရန်ဖြစ်တတ်ကြတာ မဆန်းပါ။ ဒါပေမဲ့ ပြသနာတွေက  အဲဒီအချိန်က စတယ်ဘဲ ပြောရတော့မှာဘဲ။ မောင့်ကိုဘဲ အပြစ်တင်ရမလား…..  ကျမ ကိုယ်ဘဲ  ကျမ အပြစ်တင်ရမလား  စဉ်းစားလို့မရပါ။

အဲလို စကားများပြီးတဲ့နောက်ပိုင်း ကျမနဲ့မောင်ရဲ့  အိမ်ထောင်ရေးကလည်း အရင်အတိုင်းလိုပါဘဲ။ သားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပါဘဲ။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါ တစ်ခါတစ်ရံဆိုတဲ့ ကိစ္စလေးတွေရယ် ဆင်ခြင်တုံတရားနည်းပြီး အပြောအဆို မဆင်ခြင်ခဲ့တာတွေကြောင့်  အိမ်ထောင်ရေးမှာ မထင်မှတ်တဲ့ မဖြစ်သင့်တဲ့ ပြသနာ နဲ့ ဝေဒနာတွေ ဖြစ်လာတတ်တယ်။ အစတုန်းကတော့ ကျမနဲ့မောင် သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကျမ သောကတွေ ဝေခဲ့ရတယ်။ မျက်ရည်တွေ စွေခဲ့ရတယ်။ ကျမ ငိုနေယုံ ကြေကွဲယုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။

 
ဖြစ်ပုံက ဒီလို … တစ်ချိန်တုန်းက ကျမတို့လင်မယား အခမသင့် စကားများရန်ဖြစ်တာကို မောင်မှသူ့မိတွေဆီ တိုင်ပြောခဲ့တယ်။ ဒါတွေကို အကြောင်းပြပြီး ခုတော့ သားလေးနဲ့ကျမကို လူချင်းဝေးအောင် ခွဲထားကြသလို နှလုံးသားတွေလည်း ဝေးစေခဲ့တယ်။ မောင့် မိဘအသိုင်းဝန်းတွေကပေါ့။ ကျမ အိမ်ထောင်ဖက်နဲ့ ကျမ ခလေးကို ကျမ မချစ်ဘဲရှိပါ့မလား။ နှလုံးသား ခံစားချက်တွေမရှိဘဲ စွဲချက်တွေတင်ပြီး ကျမ ဘဝနဲ့စိတ်ဓါတ်တွေကို ဖျက်စီးခဲ့တယ်။ ကျမ ဘက်ကို ရပ်တည်ပေးမဲ့သူတွေ သက်သေတွေရှိနေပေမဲ့ ရက်စက်ကြတဲ့ နှလုံးသား ပိုင်ရှင်တွေက သားလေးနဲ့ကျမတို့ လင်မယားကိုခွဲပြီး အများအလယ်မှာ ဗန်းပြကောင်းအောင်တော့ သားလေးကို စောင့်ရှောက်ပေးတာတဲ့။ ဘာအကြောင်းပြချက်ကြောင့် ကျမနဲ့သားလေးကို ခွဲထားတယ် ကျမ မသိ။ ဒါပေမဲ့ သူတို့မှာ ရှိနေတဲ့အဖြေက ကျမဟာ စိတ္တဇအရူးတစ်ယောက်တဲ့။

ရက်စက်ကြလိုက်တာ ကျမသာ တကယ် စိတ္တဇအရူးသမားဆို သားလေးကို ခုလို စိုးရိမ်စိတ်တွေ နဲ့ ပြုစုစောင့်ရှောက် နိုင်ပါ့မလား။ ကျမ ကိုယ်ကိုရော ကျမ စောင့်ရှောက်နိုင်ပါ့မလား။ မိခင်တစ်ယောက်ရဲ့ စေတနာ အနစ်နာ နဲ့ ခံစားရတဲ့ ဝေဒနာကို သူတို့ နားမလည်ပေးတတ်တာလား ခံစားချက်မရှိလို့  မခံစားပေးတတ်တာလား။  သားလေးဟာ ကျမနဲ့ တစ်ညတာတောင် ခွဲအိပ်ဖူးသူမဟုတ်။ ခုလို အပြစ်မဲ့တဲ့ သားလေးကို ဇွတ်အတင်းစွဲ ကျမနဲ့ ခွဲခဲ့တာ လောကကြီးကဘဲ အံ့သြစရာတွေ ဖန်တီးတာလား သူတို့ကဘဲ စာနာစိတ်ကင်းမဲ့တာလား ကျမကဘဲ သူတို့ပြောသလို  တကယ်အရူးမကြီလား … ဘယ်သူ့ အပြစ်တွေကြောင့်လဲ။ သေချာတာတစ်ခုက တစ်ဦးတစ်ယောက်က  လုပ်လိုက်တဲ့လုပ်ရပ်မှာ  နှလုံးသား  ကြေမွ  ပျက်စီးသူတွေက အများဖြစ်ခဲ့ရတယ်။

ကိုးလလွယ် ဆယ်လဖွားရတဲ့ ဒုက္ခတွေကို ကိုယ်တိုင်ကြုံတွေခံစားရတဲ့  မိခင်တွေလောက်  ဘယ်သူက ပိုပြီးခံစား သိရှိနိုင်မှာလဲ။ ရင်သွေးလေး လူ့လောကထဲ  ရောက်လာပြီ ဆိုကတည်းက သားလေးရဲ့ အနာဂါတ်ကို  မိဘတွေထက်  ဘယ်သူတွေက ပိုသိနိုင်မလဲ။ ဘယ်သူတွေက  ဖန်တီးပေးနိုင်မလဲ။ ဘယ်သူတွေက မိဘတွေထက် ပိုချစ်နိုင်မှာလဲ။ ငယ်စဉ်ဘဝမှာ ခလေးပီပီ  ဆိုးခဲ့တာတွေကို  မိဘတွေထက်  ဘယ်သူတွေက  ပိုပြီး သီးခံခွင့်လွှတ်နိုင်မှာလဲ။

မိဘ နဲ့  သားမီးကိုခုလို  ရှင်နေလျှက် မြင်နေလျှက် ချစ်ခင်နေလျှက် နဲ့  ခွဲခဲ့ကြတာ  မိဘတွေရဲ့  ရင်ထဲမပူဆွေး မခံစားရ  ဘယ်သူရှိနိုင်ပ့ါမလဲ။ မိခင်တစ်ဦးရဲ့  သောက  ဘယ်သူ  ပိုနားလည်ပေးနိုင်မှာလဲ။ 

******စာဖတ်သူ ညီအစ်ကိုမောင်နှမတွေကို  ကျမ အထူး သတိပေးလိုပါတယ်******

ကျမလို မိခင်တစ်ယောက်ရဲ့  သားအပေါ်ထားတဲ့ မေတ္တာတွေ အချစ်တွေနဲ့ ခံစားမှုတွေ မဖိစီး ရအောင် အိမ်ထောင်ရေးမှာ အထူးသဖြင့်  တစ်ဦးပေါ် တစ်ဦးနားလည်ပါ။ ဘာမှ မဟုတ်တဲ့ အမှိုက်ကစ ပြသ၁ မီးလောင်ဆိုတာမျိုး  အိမ်ထောင်တစ်ခု မဖြစ်စေပါနဲ့။ 

သူ့အမှား  ကိုယ့်အမှားတွေကို နားလည်ခွင့်လွှတ်  ပေးနိုင်အောင်  အပြန်အလှန်ကြိုးစားကြပါ။ မလိုအပ်ဘဲ  မိသားစုကြား  အပြင်လူ (ကြား)လူတွေကို  ထည့်မသုံးပါနဲ့။ အခမသင့်ဖြစ်တဲ့ မိသားစုပြသနာတွေဟာ ခဏတာနဲ့ ပြီးဆုံးသွားမှာပါ။ ကြီးတဲ့အမှု့ ငယ်အောင် ငယ်တဲ့အမှု့ ပပျောက်အောင် ကြိုးစားပါ။ သံယောဇဉ်  နားလည်မှု ချစ်ခြင်း ခွင့်လွှတ်မှုတွေနဲ့  ချည်နှောင်ထားတဲ့  ကြိုးလေးကို တင်းသထက် တင်းပါစေပါ။ နေပူဒဏ်ခံနိုင်သလို မိုးရွာဒဏ်လည်း  ခံနိုင်ရမယ်။  တစ်ခါတစ်ရံ မုန်တိုင်းနဲ့  ကြုံလာခဲ့ရင်လည်း တူလက်တွဲပြီး  သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းပါ။ တစ်ယောက်ထဲ  လွှတ်ရာကို ထွက်မပြေးပါနဲ့။ မိသားစုကြား  အတ္တတွေနဲ့  မာနတွေ မထားကြပါနဲ့။ အိမ်ထောင်ဦးစီး ရှာဖွေသမျှကို အိမ်ရှင်မကလည်း ချွေတာသိုသိပ် သိမ်းဆည်းတတ်ရမယ်။ တစ်ဦးကို တစ်ဦးရိုင်းပင်းကူညီ တတ်ရမယ်။ ငါ့က မြင့်တယ် သူကနိမ့်တယ်ဆိုတဲ့ ရိုင်းပြတဲ့ အသုံးနှုန်းတွေ မသုံးမိစေနဲ့။ မှတ်ချက် ( အရပ်ကိုဆိုလိုခြင်း မဟုတ်ပါ။)

ကျမ စိတ်ထဲမှာတော့ လောကမှာ အရင်းနှီးဆုံးလူ သင့်မှာရှိလားလို့ မေးလာခဲ့ရင်  ကျမ  ကတော့ ကျမရဲ့ အရင်းနှီးဆုံးလူဟာ  ကျမရဲ့  အိမ်ထောင်ဦးစီးပါဘဲလို့  ဖြေမိမှာသေချာပါတယ်။ မောင့်  ကိုမေးလာခဲ့မယ်ဆို သူဘယ်လိုဖြေမလဲဆိုတာ  ကျမ မသိပါ။ တကယ်တော့  တစ်ယောက်နဲ့ တစ်ယောက်  သွေးမတော် အကျင့်စရိုက်  အခြေအနေ အလေ့အထ ဘာဆိုဘာမှ တူညီမှု့မရှိတဲ့ လူ၂ယောက်ဟာ ဒီကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာ ချစ်သူတွေ  မိသားစုတွေဖြစ်လာပြီဆိုတာ  သူတို့ ၂ဦးထက်  ရင်းနှီးမဲ့သူသူ ရှိနိုင်ဦးမလား။

အခမသင့်တဲ့ လင်မယားပြသနာကြောင့် အပြစ်မဲ့တဲ့သားလေးလည်း မိဘနဲ့ဝေးနေရသလို သားသမီးကို ရင်နှင့်ရင်းပြီးချစ်ရတဲ့  မိဘတွေလည်း သောက ဝေဒနာတိုးခဲ့ရပါတယ်။ သားသမီးငယ်လေးတွေ  ရှိတဲ့မိဘတိုင်း  အထူးသတိပြု  ဆင်ခြင်ပါ။ ခလေးတွေရှေ့  ဘယ်တော့မှ  စကားများရန်ဖြစ်ပြီး  ကိုယ်ထိလက်ရောက်  မကျူးလွန်ကြပါနဲ့။ ကိုယ့်ရဲ့ ဆင်ခြင်တုံတစ်ရား နည်းမှုတွေဟာ ခုလို သားသမီးနဲ့ ရှင်နေလျှက်နဲ့  ဝေးရသူတွေ  ရှိကြသလို  တစ်ချို့  နုနယ်တဲ့  ခလေးငယ်တွေရဲ့  နှလုံးသားမှာ  ဒါတွေ  မြင်တွေ့နေရတော့  ကြောက်စိတ်တွေ  လွှမ်းမိုးတတ်ပါတယ်။ နောက်ပြီး  ခလေးတွေရဲ့  စိတ်ကို အရောင်ပြောင်းစေနိုင်ပါတယ်။ 

ဖြစ်သမျှအကြောင်း  အကောင်းတွေချည်းဘဲလို့  ကျမ  ခံယူလိုက်တယ်။ တကယ်တော့ ကျမ သားလေးကို  ကျမ  မချစ်လို့မဟုတ်။ သားလေးကို  ဝေဒနာတွေ အရွယ်နဲ့မလိုက်အောင်  မပိစေချင်သလို  ကျမ ကိုယ်တိုင်ကလည်း  သားလေးစိတ်နဲ့  အားနည်းပြီး လောကကြီးမှာတောင်  အသက်မရှင်ချင်တော့ပါဘူး။ ဒါကြောင့်လည်း  ဖြစ်သမျှအကြောင်း  အကောင်းချည်းဘဲလို့ မှတ်ယူထားလိုက်တယ်။ နောက်  ..... အတိတ်ဘဝ တုန်းက သူများသားမီးတွေကိုများ  ကျမ  ခုလို ရက်ရက်စက်စက်  ခွဲခဲ့မိလို့  ခုဘဝမှာ ဒီလို ကြုံနေရတာလားလို့  စဉ်းစားမိတယ်။

ဒီလို ဝေဒနာဆိုးတွေနဲ့  ကြုံလာရတော့  မောင့်  အပြစ်တွေပါလို့  ကျမ  မပြောရက်ပါ။ မောင့် ကိုလည်း နားလည်ခွင့်လွှတ်နိုင်အောင်  ကျမ  ကြိုးစားပြီး  လက်ရှိကျန်နေတဲ့ ၂ယောက် တစ်ဘဝကိုတော့ ကျမ ထပ်မံအဖျက်စီး ခံမည်မဟုတ်ပါ။ ကျမ နေရာမှာဆို စာဖတ်သူ ဘယ်သူ့ကို အပြစ်တင်မိမှာလဲ.. ခုချိန်ဆို မောင်လည်း  ဖခင်တစ်ယောက်မို့ ကျမ လိုမခံစားရရင်တောင် အနည်းငယ်တော့ စိတ်သောကရောက်  ခံစားနေရမယ်ဆိုတာ ကျမ တွေးမိပါတယ်။  ရှိနေတဲ့ဘဝလေးမှာ  သားလေးပျော်ရွှင်နိုင်ပါစေလို့  ကျမ  ဆုတောင်းပေးယုံကလွဲလို့.......

မှတ်ချက် ****** မိခင်တစ်ယောက်ရဲ့ တကယ့်ဖြစ်ရပ်ကို အခြေပြု ခံစားရေးသားထားခြင်းဖြစ်သည်။ ပြန်လည်ကူးယူလိုပါက (http://alwanmyo.blogspot.com/) (http://alwanmyo.blogspot.com/)  ကို ထည့်ပေးစေလိုပါတယ်။

မိသားစုတိုင်း  အတူတည်ရှိ  ပျော်ရွှင်နေရတဲ့ဘဝလေး  ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


စာဖတ်သူများကိုအစဉ်လေးစားလျှက်
အလွမ်းမြို့



 

4 comments:

ချစ်စံအိမ် said...

မမလွမ်းရေ ဖတ်ရတာရင်နင့်သွားပါတယ်
စာအရေးအသားလည်းကောင်းလိုက်တာ
ရေးတတ်ချင်လိုက်တာ

ကိုရင် said...

ကမ္ဘာပေါ်မှာ လေးစားစရာ အကောင်းဆုံး ဣတ္ထိလိင်

ဝီရဓမ္မ(Brave The Dhamma) said...

မိခင်တစ်ယောက်ရဲ့ သောက လေးဖတ်သွားပါတယ်။ အရေးအသားက အလွန်ကောင်းပါတယ်။ နောက်လည်းလာလည်ပါမယ်။ ကျန်းမာချမ်းသာပါစေ။ ဒီထက်မကအောင်မြင် တိုးတက်ပါစေ။

jasmine(တောင်ကြီး) said...

အိမ်ထောင်သည်တွေအားလုံးအတွက် အသိပေးတဲ့
ဒီပိုစ်လေးအတွက်ကျေးဇူးတင်မိပါတယ်
တွေးမိပေမဲ့ မရေးတတ်ဘူးလေ----
ခင်မင်တဲ့ sis jasmine