Friday 2 March 2012

မေတ္တာငတ်သူ




ကျမလိုက်ပါရမဲ့ ခရီးသည်တင်ကားနားရောက် ကားလက်မှတ်လေး ကြည့်ပြီး ကျမ ပီတိတွေရော ဝမ်းသာမှုတွေ ရောယှက်နေခဲ့တယ်။ ခရီးသည်တင်ကားပေါ် ကျမ အကြည့်တစ်ချက်ရောက်သွားချိန် ကားပေါ်မှာ ခရီးသည်တွေ ကိုယ်စီနေရာယူနှင့်နေပြီ။ ကျမ မှာတော့ ပါလာတဲ့ အိတ်ကြီးကို ကားဝမ်းအောက်ထဲ ထည့်ဘို့ကြိုးစားနေဆဲ။ စိတ်တွေလည်း အတော်အလှုပ်ရှား ပျော်လည်းပျော်နေချိန်ပေါ့။ ခဏအကြာမှာတော့ ကျမ ကိစ္စ အဝဝပြီးစီးပြီမို့ ကားပေါ်သို့ ခြေလှမ်းသွက်နဲ့ ကျမ တက်ခဲ့တယ်။ ကားပေါ်ရောက်တော့ ကျမ လက်မှတ်ဝယ်ထားတဲ့ ထိုင်ခုံနေရာလေးမှာ ခဏတာ အမောဖြေပြီး ပြုံးနေမိတယ်။

ကျမ ကားပေါ်ရောက်ပြီး မကြာခင်ဘဲ ကားလေးဘီးစတင်လှိမ့်ကာ ဦးတည်ရာမြို့သို့ မောင်နှင်လာခဲ့ပြီ။ ကားစတင်မောင်းနှင်ချိန်ထိ ပြတင်းပေါက်မှ အပြင်ဘက်ကိုငေးကြည့်ပြီး ကျမ စိတ်တွေလန်းဆန်း ပေါ့ပါးပျော်ရွှင်နေတယ်။ ကားလေး စတင်တဲ့မြို့လေးကနေ မောင်းနှင်လာခဲ့တာ ခရီးအတော်လေး ရောက်ခဲ့ပြီ။ အဲဒီချိန်မှ ကျမ ဖုန်းလေးထုတ်ပြီး ကျမ သွားမဲ့မြို့လေးက ကျမ ချစ်တဲ့အစ်ကိုကြီးဆီ ဖုန်းမက်ဆေ့လေး ပို့လိုက်တယ်။ အစ်ကိုရေ ညီမ အစ်ကို့ဆီ အလည်လာနေပြီ။ အခုကားပေါ်မှာ။ အစ်ကို့ကို တွေ့ချင်လို့ဆိုပြီး မက်ဆေ့လေးပို့ပြီး စိတ်ကူးတွေနဲ့ ပျော်နေခိုက်……အစ်ကိုကြီးမှ ကျမကိုသူ့ဆီ အလည်လာဘို့ အမြဲပြောခဲ့တာ ခုတော့ သေချာရောက်ခဲ့ပြီဆိုတဲ့ အတွေးနဲ့ပျော်နေလိုက်တာ။

တီ…တီ….ဆိုပြီး ကျမဖုန်းထဲ မက်ဆေ့တစ်စောင် ပြန်ဝင်လာတယ်။ ကျမ စိတ်ထဲအစ်ကိုကြီး ပိုတဲ့မက်ဆေ့ဘဲဆိုတာ ကျမ သေချာသိနေခဲ့တယ်။ အပြုံး..ပျော်ရွှင်မှု..တွေနဲ့ မက်ဆေ့လေး ဖွင့်လိုက်တဲ့ အခိုက် ကျမ မျက်လုံးကိုတောင် ကျမ မယုံနိုင် ဖြစ်သွားတယ်။ အစ်ကိုကြီးအပေါ် ကျမ  ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ဘာလို့ ဒီလိုမက်ဆေ့မျိုး အစ်ကိုကြီး ကျမကိုပို့ရတာလည်းလို့ ဝမ်းနည်းမိသလို မျက်ရည်လည်း ကျခဲ့ရတယ်။ ကျမ နားမလည်နိုင်အောင်ကို ဖြစ်ခဲ့မိတယ်။ အစ်ကိုကြီးရဲ့ မက်ဆေ့လေးကို ကျမ မျက်စိရော နှလုံးသားထဲကပါ မထွက်တော့ဘဲ သတိရနေမိခဲ့တယ်။( You are not my sister) ဆိုပြီး အစ်ကိုကြီး ကျမဆီ ပို့လိုက်တာပါ။ရက်စက်လိုက်တာ အစ်ကိုကြီးရယ်။


မက်ဆေ့လေး အကြောင်းတွေးလိုက် ကျမကိုယ်ကျမ ပြန်တွေးလိုက် ဝမ်းနည်းလိုက်နဲ့ ကျမစီးလာတဲ့ ကားလေး ကျမသွားချင်တဲ့  မြို့လေးမှာ ဂိတ်ဆုံးသွားခဲ့ပြီ။ လက်ဆွဲအိတ်တွေယူပြီး ကျမ တစ်ယောက်တည်း ယောင်ချာချာ ဘယ်ကိုသွားရမလဲမသိ။ အစ်ကိုကြီးလည်း လာမကြို … ကျမ ဖုန်းခေါ်တော့လည်း မကိုင် … နောက်ဆုံး မကျွမ်းကျင်တဲ့မြို့မှာ ကျမ တစ်ယောက်တည်း ယောင်လည်လည်နဲ့ နာရီ အနည်းငယ်ကြာသွားခဲ့တယ်။ အဲဒီနောက် အစ်ကိုကြီးရဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အစ်ကိုကြီးကို ပြောပေးပါ ကျမ ခရီးသည်တင် အဝေးပြေးကားဂိတ်မှာ ရောက်နေပြီဆိုတော့ အစ်ကိုကြီးက ပြောလိုက်တယ်တဲ့ သူ့ဆီလာမလည်ပါနဲ့  ကျမ ဟာသူ့ညီမ မဟုတ်ပါဘူးတဲ့။ သူလည်း မတွေ့နိုင်ဘူးတဲ့။

အဲလိုကြားရတော့ အစပထမ ကျမ တော်တော်ဝမ်းနည်းသွားတယ်။ တကယ်ဆို ကျမ ခုသွားတဲ့ ခရီးစဉ်ဟာ အစ်ကိုကြီးကို သွားတွေ့ဘို့ မဆုံတာကြာပြီဖြစ်တဲ့ မောင်နှမတွေ ဆုံတွေ့ကြဘို့ မဟုတ်လား။ ကျမ ခုတစ်လော ဘာတွေ အမှားလုပ်ခဲ့လည်းလို့ ပြန်တွေးလိုက်တယ်။ ကျမ ဘာအမှားမှလည်း မလုပ်ထားမိဘူး။ ပြီးတော့ တစ်မိထဲမွေးတဲ့ မောင်နှမ အရင်းအချာတွေဘဲ ဘာလို့ ဒီလိုတစ်စိမ်းဆန်တဲ့ စကားမျိုး အစ်ကိုကြီးတစ်ယောက် အနေနဲ့ ဘာလို့ပြောရတာလည်း ကျမ နားမလည်ခဲ့ပါ။ သေချာတာ တစ်ခုကတော့  ကျမ နာရီအတော်ကြာ တစ်ယောက်တည်း ယောင်လည်လည်နဲ့ လာကြိုမဲ့သူကို မျှော်နေမိတာ။ဒီလိုနဲ့ မွန်းတည့်ချိန်ရောက်ခါနီးမှာ အစ်ကိုကြီး ကျမကို စနှောက်တာ မဟုတ်ဘူးဆိုတာ သေချာပြီလို့ ကျမ သိလိုက်ရတော့ ကျမ ရဲ့အသိမိတ်ဆွေ အန်တီတစ်ယောက်ဆီ ဖုန်းဆက်ပြောပြီး အကူညီတောင်းလိုက်တယ်။ မကြာခင်မှာဘဲ အန်တီ့ကားလေး ကျမ ရှိတဲ့နေရာကို ရောက်လာခဲ့တယ်။

အန်တီနဲ့အတူ အပြုံးမပျက် ရင်ထဲကသောက အပူတွေအပြုံးနဲ့ ဖုံးကွယ်ပြီး ကျမ ခဏတာ အန်တီအိမ်မှာ တည်းခိုခဲ့တယ်။ ကျမ ပြုံးနေပေမဲ့ အသက်မဝင်ခဲ့ပါဘူး။ ကျမ ရင်ထဲမှာကြေကွဲခြင်း ဝမ်းနည်းခြင်းတွေ အပြည့်နဲ့ ခံစားနေရတာ ဘယ်သူမှမသိလိုက်။ တကယ်ဆို ပြောရမှာတော့ ရှက်သား။ တစ်မိတည်းမွေးတဲ့ အစ်ကိုက ခုလိုခရီးဦးကြိုပြုလိုက်တာ ကျမ မှမခံစားရရင် ဘယ်သူခံစားရမှာလဲ။ ရက်အနည်းငယ်ကြာတော့ ကျမ နေတဲ့မြို့ကိုကျမ ပြန်လာခဲ့တယ်။ ဒီအဖြစ်ပျက်တွေကို ဘယ်သူ့ကိုမှ အသိမပေးခဲ့သလို အစ်ကိုကြီး အပြစ်လည်း မတင်ခဲ့ပါဘူး။ 

ခရီးက ပြန်ရောက်တော့ ရုံးကသူငယ်ချင်းတွေက …ဟေ…. မိမိုး နင်ခရီးသွားရတာ ပျော်လား။တစ်ယောက်တည်းဆိုတော့ မကြောက်ဘူးလား။ ငါတို့ကတော့ နင့်ကိုစိတ်ပူနေကြတာ ဆိုပြီးတစ်ယောက် တစ်ပေါက်ပြောနေကြတာ။ အင်းလေ နင့်အစ်ကိုရှိနေတော့ နင် အဆင်ပြေတာပေါ့။ နင့်အစ်ကိုက နင့်ကိုအရမ်းချစ်တာဆိုတော့ အခု ခရီးက အပြန် နင့်ကိုဘာလက်ဆောင်တွေ ဝယ်ပေးလိုက်လဲ။ ဓါတ်ပုံတွေရော အများကြီး ရိုက်လာရဲ့လား။ ငါတို့ကို ပြဦးလေလို့ သူငယ်ချင်းတွေ ရေပက်မဝင်အောင် တန်းစီမေးနေတော့ ကျမ ပြုံးပြယုံကလွဲပြီး ဘာမှတုန့်ပြန်မှု မပေးနိုင်ခဲ့ဘူး။ ဝမ်းနည်းမှုတွေကြား ဟန်ဆောင်ပြုံးနေရတာလည်း ပင်ပန်းလွန်းလှပါတယ်။
 
ဒီလိုနဲ့ ကျမနဲ့အစ်ကိုကြီးဟာ မောင်နှမအရင်းတွေ ဘဝကနေ တစ်စိမ်းတွေဖြစ်လာခဲ့ကြတယ်။ အစ်ကိုကြီး ရင်ထဲကနေ ကျမ ဟာသူ့ညီမ မဟုတ်ဘူးလို့ ဥပက္ခာပြုနိုင်ခဲ့ပေမဲ့ ကျမ ရင်ထဲမှာတော့ အစ်ကိုကြီးက ဘယ်တော့မှ မပြောင်းလဲတဲ့ ကျမ ရဲ့အစ်ကိုအရင်းပါဘဲ။ ကျမ ချစ်နေဆဲပါ။

-----------  ချစ်သူရှာတွေ့ပြီးနောက်-----------

မိဘတွေ သဘောတူပေးစားခဲ့တာ မဟုတ်ဘဲ ကျမကိုယ်တိုင်က ချစ်လို့ ဘဝတစ်ခုကို အတူလက်တွဲနိုင်မဲ့ လူနဲ့ ကျမ အကြောင်းပါလာခဲ့တယ်။ အိမ်ထောင်ရေးကံကလည်း ပြောရခက်သားကွယ်။ ချစ်တဲ့သူတိုင်းလည်း မပေါင်းရသလို မချစ်တဲ့သူနဲ့လည်း ညားတတ်သကိုး… ကျမ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ချက် မချခင်ကတည်းက ကျမ လိုချင်တဲ့ အိမ်ထောင်ဦးစီးဟာ ရုပ်ရည် ပညာ ဂုဏ်ဓန မပြည့်စုံချင်နေပါစေ အကျင့်စာရိတ္တကောင်းမွန်ပြီး အိမ်ထောင်ဦးစီး ပီသသူ .. ကျမ အပေါ် တကယ်စိတ်အရင်းခံနဲ့ ချစ်တဲ့သူ မိသားစုကို လေးစားတန်ဖိုးထားတတ်သူ တစ်ဦးပေါ်တစ်ဦး နားလည်ပေးတတ်သူ စာနာဖေးမကူညီတတ်သူ ဒီလိုလူမျိုးဘဲ ကျမလိုချင်ခဲ့မိတာ အမှန်ပါ။ ကျမ ဆန္ဒတွေ ပြည့်ဝခဲ့တယ်ဘဲ ဆိုရလေမလားမသိ ကျမ ရွေးချယ်လိုက်တဲ့ သူဟာလည်း ခြောက်ပြစ်ကင်း သဲလှဲစင် မဟုတ်ပေမဲ့ တကယ် ရိုသေထိုက်တဲ့ အိမ်ထောင်ဦးစီးပီသသူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီအချက်လေးတွေက ကျမ ရင်ထဲစွဲသွားခဲ့တာကိုး … ကျမ အမြင်မှာတော့ သူဟာကျမအတွက် ပြည့်စုံသူဆိုပေမဲ့ ကျမ မောင်နှမတွေ အမြင်မှာတော့ သူဟာ ကျမ ဘဝကိုဒုက္ခပေး နှိပ်စက်မဲ့သူ ဖြစ်နေပြန်ရော။ ကျမ အမြင်မှာတော့ ကျမရွေးချယ်တဲ့သူမှာ ကြီးမားတဲ့အပြစ်တွေ ဆိုးယုတ်တဲ့ အကျင့်စရိုက်တွေ မရှိပေမဲ့ ကျမမောင်နှမတွေ အမြင်မှာတော့ သူ့ကို ဘဝင်မကျ ဖြစ်နေပြန်တယ်။ တစ်နိုင်ငံထဲ တစ်မြေတစ်ရေထဲ ကြီးပြင်လာတဲ့ လူအချင်းချင်း ဘာသာစကားတူ ကြည်ဖြူစွာလက်တွဲ ကြတဲ့ အိမ်ထောင်ရေးမှာ ဘာကြောင့် လူမျိုးရေးနဲ့ ဘာသာရေးတွေက တွယ်ကပ်ငြိပါလာတာလည်း မသိ။ ဒီလိုမျိုးရေးအစွဲတွေ ဘာသာရေးအစွဲတွေကြောင့် ပဋိပက္ခရန်ပွဲတွေဖြစ်နေခဲ့တာ ယနေ့တိုင်ပါဘဲလေ။ တိုင်းပြည်တစ်ပြည်မှာ လူမျိုးရေး ဘာသာရေးအစွဲတွေနဲ့ တိုက်ပွဲတွေဖြစ်နေကြတာ မဆန်းသလို အိမ်တစ်အိမ်မှာလည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတိုက်ပွဲတွေ ရှိနေမယ်ဆိုတာ ကျမ ယုံကြည်နေတယ်။ဒီလူမျိုးရေး ဘာသာရေးအစွဲတွေကဘဲ ကျမ ဘဝမှာ အမှတ်တရ တစ်ခုဖြစ်စေခဲ့ပြန်တယ်။
  
မင်္ဂလာခန်းမရှေမှာ ကျမ ဖုန်းတစ်လုံးနဲ့ အလုပ်တွေရှုပ်နေခဲ့တယ်။ တိုင်းတစ်ပါးမှာဆိုတော့ ကျမရဲ့ မင်္ဂလာဆောင်ကို နှစ်ဖက်မိဘတွေ တက်ရောက် မချီးမြင့်ပေးနိုင်ခဲ့ဘူး။ ကျမ မှာအနီးစပ်ဆုံး အားကိုးစရာဆိုလို့  လက်ရှိကျမနဲ့ တစ်မြို့တည်းမှာ အတူလုပ်လုပ်နေတဲ့ (အကိုလေး)လေး ဘဲ။ မေမေကလည်း အစ်ကိုလေးကို မင်္ဂလာပွဲအတွက် လိုအပ်တာစီမံ ကူညီပေးဘို့ ပြောခဲ့တယ်။ ကျမတို့စုံတွဲကလည်း မင်္ဂလာရက်မြတ်မှာ အုပ်ထိန်းသူ အသိသက်သေ နေရာကနေ လက်မှတ်ထိုးပေးဘို့ အကိုလေးကို သေသေချာချာ အပ်ကြောင်းထပ်အောင် အကူညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက မင်္ဂလာရက်နေ့သာ ပြီးဆုံးသွားတယ် အကိုလေးကို ကျမရဲ့ မင်္ဂလာပွဲရက်မှာ မျက်နှာလေးတောင် မြင်တွေ့ခွင့် မရခဲ့လိုက်ဘူး။ မင်္ဂလာလက်မှတ်ထိုးဘို့ လူတွေစောင့်နေပေမဲ့ ကျမ ကခေါင်းမာတဲ့သူပီပီ အကိုလေး အလာကို စောင့်နေခဲ့တယ်။ ကျမ ဖုန်းတွေ အကြိမ်ကြိမ် ကြိုးစားခေါ်ခဲ့ပေမဲ့ (အကိုလေး) ကျမဖုန်းကို လုံးဝဖြေခြင်းမရှိခဲ့ပါ။ လူကြီးတွေကို တောင်းပန် ပရိသတ်တွေကို တောင်းပန်ပြီး ကျမ အဆုံးတိုင် မျှော်လင့်ချက်တွေနဲ့ နာရီကုန်တဲ့အထိ (အကိုလေး)အလာကို စောင့်နေခဲ့သေးတယ်။ အားလုံးရဲ့ မေးငေါ့ အပြစ်တင်မှု့ကြားမှာ ကျမ ခေါင်းငုံ့ကာ ဟန်ဆောင်ထိန်းထားခဲ့တယ်။ ရင်ပြိုမတတ်အောင် ငိုချင်ပေမဲ့ လူဘုံအလယ်မှာ မျက်ရည်မကျမိအောင် ကျမ သတိဆောင်ပြီး သတ်မှတ်ချိန် နာရီမပြည့်ခင်မှာဘဲ အနီးရှိအနီးစပ်ဆုံး သူငယ်ချင်းတစ်ယောက်ကို အကူညီတောင်းခဲ့လိုက်တယ်။ ကျမ ခြေတွေမခိုင် စိတ်တွေမယိုင် မဖြစ်စေဘို့ ကျမ ဘေးနားမှာ အဲဒီချိန်ကစ သူရှိနေအားပေးနေခဲ့တယ်။ 

မင်္ဂလာရက်မြတ်ဆိုတဲ့ တကယ်နေ့ထူးနေ့မြတ်မှာ ကျမ ရင်ဘတ်ထဲ ဒဏ်ရာတွေ ကြေကွဲမှုတွေ ခံစားမှုတွေ ပုလဲကုံးလိုသီ စီစီရီရီရှိနေခဲ့တယ်။ လူဘုံအလယ်မှာ မျက်နှာမပျက်အောင် ဟန်ဆောင်ထိန်း မင်္ဂလာပွဲလေး ပြီးမြှောက်အောင် ရှိသမျှအားလေးတွေနဲ့ ကျမ သူ့လက်ကိုတွဲပြီး ကြိုးစားခဲ့တယ်။ ဟန်ဆောင်မှု ပကာသနတွေ ချယ်လှယ်ထားမှုမရှိဘဲ ရက်ထူးရက်မြတ်ဆိုတဲ့ ကျမရဲ့ မင်္ဂလာပွဲနေ့မှာ မိစုံ ဖစုံ မောင်နှမစုံစွာ ရှိနေပေမဲ့ ကျမမှာတော့ တစ်ယောက်တည်း ကြေကွဲစွဲ သူ့လက်ကိုတွဲပြီး နွှဲခဲ့ရတယ်။ တကယ်တော့ ဒီနေ့လေးမှာ ကျမ မိသားစုဝင်တွေဆီက ဘာကိုမှ မျှော်လင့်မထားခဲ့ပါ။ ဒါပေမဲ့ ကျမနဲ့အတူ အဆိုးအကောင်းအတူ လက်တွဲခဲ့သူကိုတော့ ကျမရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် အသိအမှတ်ပြုစေ ချင်တာ တစ်ခုတည်းပါ။

(ဒါပေမဲ့ ကျမ မျှော်လင့်ချက်နဲ့ ဆန္ဒတွေဟာ ယနေ့တိုင် ဖြစ်မလာခဲ့သေးပါဘူး….)

 သူနဲ့ကျမ တစ်မြေထဲကြီးပြင်းလာကြပေမဲ့ သူနဲ့ကျမကြားမှာ လူမျိုးမတူ ဘာသာမတူ တဲ့အချက်လေးတွေက ကျမတို့နှစ်ယောက်ရဲ့  မိသားစုအရေးမှာ ပြသနာဖြစ်လာစေသလို ကျမ ဘဝ တစ်ခုလုံးကိုလည်း စိတ်ဒဏ်ရာတွေနဲ့ နေ့စဉ်နာကျင်စေခဲ့တယ်။ မိစုံဖစုံ မောင်နှမစုံနဲ့ မွေးဖွားကြီးပြင်းလာခဲ့ပေမဲ့ ခုချိန်မှာ  ဒီ ပြသနာလေးတွေကြောင့် ကျမဟာ မိသားစု အစ်ကို/အစ်မတွေရဲ့ မေတ္တာငတ်နေတဲ့ မောင်နှမမဲ့ လူသားတစ်ဦးဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ကျမ မောင်နှမတွေရဲ့ မေတ္တာငတ်လေလေ သူ့ဆီက အချစ်တွေ ကျမ  ပိုရလေလေပါဘဲ။

ယနေ့တိုင် အိမ်ထောင်ဦးစီးဆီမှ အချစ် မေတ္တာ နားလည်မှု့ စာနာမှု့ ကြင်နာမှု့ ယုယမှု အလိုလိုက်မှုတွေ ကျမ ရရှိခံစားခဲ့ရပေမဲ့ ကျမ လိုချင်ခဲ့သော မောင်နှမတွေရဲ့ နွေးထွေးမှု့ ကြင်နာမှု နဲ့ ချစ်ခြင်းမေတ္တာ တွေကို တမ်းတ မျှော်နေ ငတ်နေဆဲပါ။ ကျမ မျက်လုံးရှေတွင် ညီမလေးတွေကို အရမ်းချစ်တတ်တဲ့ အစ်ကိုတွေ အရမ်းချစ်ကြတဲ့ မောင်နှမတွေ မြင်တွေ့မိတိုင်း ကျမ အပေါ် ဥပက္ခာပြု ရက်စက်ခဲ့တဲ့ မောင်နှမတွေအပေါ် ကျမ ဘုရားသခင် သူတို့အပေါ် ပိုပြီးကောင်းချီးပေးပါစေလို့ ဆုတောင်းပေးယုံ ... ကျမလို  ... စိတ်ဒဏ်ရာ ဝေဒနာတွေဆိုးနဲ့ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးယုံကလွဲလို့  .......

အစ်ကို/အစ်မများလည်း ကိုယ့်အောက် ညီငယ်/ညီမငယ်များကို ချစ်တတ်ပါစေ။ စာနာခံစားတတ်ပါစေ။



စာဖတ်သူ မောင်နှမများလည်း မိသားစု မေတ္တာငတ်ခြင်းမှ ကင်းဝေးနိုင်ကြပြီး ပျော်ရွှင်သော မိသားစု မောင်နှမတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း  တောင်းပေးလိုက်ပါတယ်။

စာဖတ်သူများကို 
အစဉ်လေးစားလျှက်
အလွမ်းမြို့

2 comments:

မဒမ်ကိုး said...

ဒိုးကန်ဘ၀မှာတော့သူနဲ့ပတ်သတ်ပြီးအရာအားလုံးကို စွန့်လွှတ်ပစ်လိုက်တယ် အားလုံးကိုဥပေက္ခာပြုလိုက်တယ် ဘာလို့ဆိုတော့ သူတို့ရဲ့သတ်မှတ်ချက်တွေဟာ သိပ်ပြီးရီစရာကောင်းတဲ့ပျက်လုံးတွေလို့ခံစားရလို့ဘဲ

ချစ်တဲ့

ဒိုးကန်

ရာဇာထွေး said...

မကြီး လွမ်းရေ...
ပို့စ်လေးဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ခင်ဗျာ...
မိသားစုညီအကို မောင်နှမ များနဲ့ အမြန်ဆုံးပြန်လည်
အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် မကြီး ရေ..

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး