Monday, 5 March 2012

အနိစ္စ-ဒုက္ခ-အနတ္တ နဲ့ မောင်တိုးတို့မိသားစု ဘဝ

 ဓါတ်ပုံကို ဂိုဂယ်မှ ကူးယူထားသည်

မောင်တိုး တစ်ယောက်အလုပ်နဲ့လက် မအားရှာပေ။ စားချိန်အိပ်ချိန်တွေ ရက်ဆက်မေ့ခဲ့တာလည်း များလှပြီ။ အမေ့ အတွက် ဈေးဖိုး ဆေးဖိုး နဲ့ အိမ်ငှားစရိတ်တွေ ခေါင်းထဲပြည့်နှက် နေ့ရက်ဆက်ခဲ့တယ်။ အဖေ့အရိပ်အောက် နေချင်ဆိုးချင်သေးပေမဲ့ ကံတရားကိုဘဲ အပြစ်ပုံရမလား ဘာတွေကို အပြစ်တင် ရမှန်းမသိ မြန်ဆန် ဆန်းကြယ်လှတဲ့ အပြောင်းအလဲ … 

ခုဆိုရင်ကျနော်ဟာ လူတကာရဲ့ခိုင်းဖတ်ပေါ့။ အဖေသာ ရှိနေဦးမယ်ဆို ကျနော်ကိုဒီလို ဘဝမျိုး ထားမှာမဟုတ်ဘူး။ ဒါပေမဲ့လေ ခုဆိုဘဝမျိုးမှာ ဘဝကိုနားလည်ပြီး လက်တွေ့လိုက်လျှောက်ရတာကို ကျနော် ပိုနှစ်သက်နေမိတယ်။ အဖေလည်း ရောက်ရာအရပ်ကနေ ကျနော့်အတွက် ဝမ်းသာဂုဏ်ယူနေမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ မိသားစုရဲ့ စီးပွားရေုးပြသနာ အခက်ခဲတွေကြောင့် ဆန္ဒမရှိသော်လည်း ကျနော် ငြင်းဆန်လို့မရခဲ့ပြီ။ မိုးမလင်းသေးခင် ဆိုင်ရဲ့ရှေမှာ လိုအပ်သည်များ ကျနော်ပြင်ဆင်နေရပြီ။ ကျနော် မနက်ပိုင်းစောစောဆို လ္ဘက်ရည်ဆိုင်မှာ ပြင်ဆင်ထားမှ နံနက်လင်းချိန် စားသုံးသူများလာရောက် စားသုံးလျှင် အဆင်ပြေပေမည်လေ။ ကျနော် မကျွမ်းကျင်ပေမဲ့ အလုပ်ကကျနော်ကို တစ်ဖြေးဖြေးသင်ပေးသွားတာ ခုဆို ဆိုင်ရှင်ကကျနော် မရှိရင်မဖြစ်တဲ့အထိ အားကိုးလာခဲ့ပြီ။ လူပေါင်းစုံ စရိုက်မျိုးစုံနဲ့ ကျနော်ဆုံတွေ့ရပေမဲ့  ဘဝပေးအခြေနေအရမို့ ကျနော်  စားသုံးသူတွေရဲ့အကြိုက်လိုက် အဆင်ပြေအောင်နေလာခဲ့တယ်။ တစ်ခါတစ်ရံတော့ စိတ်ညစ်မိတယ်။ လူ့အလိုနတ်မလိုက်နိုင် ဆိုသလိုပေါ့။  ဒါပေမဲ့ ကျနော် ကံကောင်းတာတစ်ခုက ကျနော့် အလုပ်နေရာက ယာမကာဆိုင် မဟုတ်တော့ ရန်ဖြစ်/စကားများ သက်သာခဲ့တာပေါ့။



ကျနော့်ရဲ့သီးခံမှု့ ရိုးသားမှုတွေကြောင့်ဘဲ ဆိုင်ရှင်ဦးလေးကြီးက ကျနော့်ကိုမိသားစုလို သဘောထားလာခဲ့တယ်။ ကျနော်လည်း အလုပ်မှာတာဝန်ကျေအောင် လုပ်ပေးခဲ့တယ်။ စေတနာတွေ အရင်းခံနဲ့ပေါ့။ တစ်နေ့ ဆိုင်မှာလူပါးချိန်  ဦးလေးကြီးနဲ့ကျနော် အေးဆေး စကားပြောဖြစ်တယ်။ စကားလက်ဆုံကျရင်း မဆီမဆိုင် ကျနော့ ဘဝရဲ့အတိတ်စာမျက်နှာဟောင်းတွေဆီ သွားလှန်မိသလို ကျနော်ခံစားမိသွားတယ်။ ဦးလေးကြီးကလည်း ကျနော့်ကို  မိသားစုတစ်ဦးလို စေတနာထားပြီး အစားမမှန် အအိပ်မမှန် များနေတာကို သတိထားမိခဲ့သူပါ။ ပြီးတော့ ကျနော့်ကို သူ့အလုပ်သမား တစ်ဦးလည်းဖြစ်  မိသားစုဝင်တစ်ဦးလို စိတ်သဘောနဲ့ ကျနော့်  ဘဝ ကောက်ကြောင်းတွေကို မေးမြန်းခဲ့ တာပါ။ ကျနော့် လစာတွေလည်း ကျနော် ကိုယ်ရေးကိုယ်တာ အတွက် အသုံးမပြုတာ သူသိထားမိတယ်။

ကျနော်ကလည်း ဖြစ်သမျှအကြောင်း တစ်ယောက်ထဲ ကြိတ်ကာခံစားတတ်သူပါ။ မျှဝေတဲ့အကျင့် ကျနော့်မှာ ငယ်စဉ်ကတည်းက မရှိခဲ့တာလေ။ အစားအစာတွေသာ မျှဝေစားတတ်ပြီး အပူသောကဆို မျှဝေတဲ့အကျင့် ကျနော့်မှာ မရှိခဲ့ဘူး။ ဦးလေးကြီးမေးသော ကျနော့် ဘဝ အတိတ်အကြောင်းကို ကျနော် မဖြေဘဲမိနစ်အနည်းငယ် ငြိမ်နေလိုက်တယ်။ ကျနော်ကိုယ်တိုင်လည်း လွန်ခဲ့သောဆိုတဲ့ နှစ်တွေဆီအတွေး သက်ဝင်သွားတယ်။ 


လွန်ခဲ့သောဆိုတဲ့နှစ်တွေမှာ ကျနော့်တို့မှာ မိသားစု စုံစုံညီညီနဲ့ပျော်ရွှင်ခဲ့တယ်။ အချမ်းသာဆုံးမဟုတ်ခဲ့ပေမဲ့ ကျနော်တို့ မိသားစုလေးဟာ ဒီမြို့ရွာလေးမှာ ချမ်းသာသူ စာရင်းထဲပါခဲ့တဲ့ မိသားစုလေးပေါ့။ အဖေကတော့ အစိုးရပိုင်းမှာ အရာရှိတစ်ဦးဆိုတော့ ငွေရွှင်သလို ဂုဏ်ကလည်ထင်ရှားခဲ့တယ်။ ကျနော်တို့ မောင်နှမ (၄)ယောက်မှာတော့ အဖေ့ရရှိတဲ့လစာတွေ သုံးဖြုန်းကောင်းနေဆဲ။ လူငယ်ပီပီ လွတ်လပ်တယ် ထင်ရာစိုင်းတယ်။ အစ်ကိုကြီးကလည်း အရွယ်ရောက်ပြီးကတည်းက အပေါင်းသင်းတွေခင်တွယ် အဖေ့ဆီငွေလွယ်လွယ်ရနေတော့ လိုအပ်တိုင်း မိဘဆီလက်ဖြန့်တောင်း ထင်ရာတွေစိုင်းခဲ့တယ်။ ကျနော့် အမကြီးကတော့ ခေတ်နဲ့အညီ လှချင် ပချင် ဝတ်ချင် စားချင် ပြိုင်ချင် ကြွားချင် ပြန်ရော။ အဖေ့ဂုဏ်အရှိန်တွေအသုံးချ မိန်းမတစ်ယောက်ဆိုတာ မေ့ထားပြီး  နှိက်ကလပ်တွေနဲ့ အရွယ်မရောက်ခင်မှာဘဲ အိမ်ပြန်နောက်ကျနေတတ်ပြီ။ ကျနော်ကတော့ ငယ်ငယ်လေးကတည်းက ရဟန်းဝတ်ချင်သူမို့ စာအုပ်စာပေတွေဖတ်ပြီး တရားသဘောတွေ မြင်တတ်ခဲ့တယ်။ အေးအေးနေပြီ ချမ်းသာကြွယ်ဝမှုကို လိုတာထက်ပိုတဲ့ အပူတွေမလိုချင်ခဲ့ဘူး။ကျနော် ဝါသနာပါတဲ့ (ကွန်ပျူတာလေး) ပြင်နေ လေ့လာနေရရင် တစ်နေ့တာ အဆင်ပြေပြေနေတတ်ပြီး အားလပ်ချိန် ဗဟုသုတစာပေတွေ ဖတ်ပြီး ဘဝကိုနှစ်သိမ့်စေခဲ့တယ်။ ကျနော့် ညီအငယ်ဆုံးကတော့ အဖေ့ဆီလိုအပ်တာပူဆာ မိဘအရိပ်ထက်လွတ်လပ်တယ် ထင်ထားတဲ့ ဘော်ဒါဆောင်မှာနေ ကျောင်းဆက်တက်နေခဲ့တယ်။ မပူမပန်ဘဲ ကျောင်းတက် လိုအပ်တိုင်း မိဘကဖြည့်ဆည်းပေးနေတော့ သူတို့ဘဝတွေမှာ ဒီအရာတွေဟာ ဘယ်တော့မှ ပျောက်ပျက်သွားမယ်လို့ ထင်ထားခဲ့မှာမဟုတ်။ ပျောက်ပျက်သွားမယ်ဆိုရင်တောင် သူတို့တွေလက်ခံနိုင်ကြမှာ မဟုတ်။ ခံနိုင်ရည်ရှိကြမှာမဟုတ်။

ကျနော့် မွေးမိခင်ကျေးဇူးရှင်ကတော့ အိမ်ထောင်ရှင်မကောင်း … မိခင်ကောင်း တစ်ဦးလိုပြောရမလား … သားသမီးကို အလွန်ချစ်တဲ့မိဘလို့ဘဲ တင်စားရမလားမသိ  သား/သမီးတွေ လမ်းမမှန် ဆိုးပေနေတာတွေကို ချော့မော့ပြောပြီး လမ်းမှန်တည့်ပေးမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့သူ။ ဖြစ်လာတဲ့ ပြသနာတိုင်းမှာ အမေကိုယ်တိုင်က ငွေဘယ်လောက်ပေးရမလဲဆိုတဲ့ စကားလုံးကြီးချီးပြီး ဦးထိပ်ကြိုဆိုနေခဲ့တတ်သူ။ တစ်ခါတစ်ရံ လူမှုရေး ကိစ္စတွေထက် ကိုယ့်ကျင့်သိက္ခာနဲ့ ပါတ်သက်လာရင်လည်း အမေကိုယ်တိုင်က … ငွေ … နဲ့သာ ကိုင်ပေါက်ပြောဆို လေ့ရှိတယ်။ ဒီလိုအဖြစ်ပျက်တွေမြင်တိုင်း ကျနော် အဖေ့မျက်နှာလေး ပြေးမြင်ယောင်လာမိတယ်။ အဖေ … ရှာပေးတဲ့ ငွေတွေက ဘယ်လိုရခဲ့တာလည်းဆိုတာ ကျနော် လည်းသိချင်လာတယ်။ ဒီလောက် လွယ်လွယ်  ငွေ တွေသုံးနေဖြုန်းနေကြတာ။ ကျနော်တို့ မိသားစုရဲ့ အတွင်းရေးကို အဖေက တကယ်မသိရှာတာလား တမင်မသိယောင်ဆောင် နေတာလားမသိ အပြုံးတစ်ချက်မပျက်ဘဲ ပုံမှန်အတိုင်းဘဲ။

ဒီလိုနဲ့ ကျနော်တို့မိသားစုလေးဟာ တစ်နေ့ထက်တစ်နေ့ ကိုယ့်စိတ်ကို ကိုယ်တိုင်ရွက်လွင့်မောင်းနှင် ထင်ရာတွေစိုင်းနေကြလိုက်တာ ကိုယ်စိတ်ကိုယ်စစ်ဖို့ မေ့နေလာခဲ့ကြတယ်။ မှန်ထဲကြည့်ရင်တော့ ကိုယ်သာလျှင်မြင်ရတော့ ကိုယ်သာလျှင် အဟုတ်ထင်ခဲ့တာပေါ့။ ကိုယ်စီထင်ရာတွေ စိုင်းနေကြတော့ အမှားကြားက အမှားတွေနဲ့ မိသားစုကြား ပွင့်လင်းမှုတွေ နည်းပါးလာခဲ့တယ်။ အစ်ကိုကြီးကလည်း ဆိုးချက်က နောက်ကရှင်းလိုက်ရတဲ့ ကိုယ်ကျင့်တရားပြသနာတွေ … အမကြီးကလည်း ငွေတွေလွယ်လွယ်ရတော့ ဖြုန်းတီးပျော်ပါးနေရင်း  ပညာပြီးဆုံးအောင်မသင်ခဲ့ဘဲ ကြီးမားတဲ့ဘဝပြသနာတွေနဲ့ ရှင်ဆိုင်လာရတယ်။ ညီငယ်လေး ကလည်း ဘော်ဒါဆောင်မှာနေ တောင်းသလောက်ငွေရနေတော့ အဖွဲ့လိုက်ဆိုးပေ ဆေး သမားဖြစ်သွားခဲ့တယ်။

ကျနော်ကိုတော့ အိမ်ကလူတွေက မာမီ(အခြောက်)တဲ့။ တကယ်တော့ ကျနော်က အနေအေးပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်သူပါ။ ငွေတွေချမ်းသာပြီး အပူတွေကြားထဲ ကျနော် နေရတာမွှန်းကြပ်လို့ပါ။ ကျနော် သူတို့ကိုအတိုက်အခံ ဘာဆိုဘာမှဝင်မပြောခဲ့ပါ။ ကျနော် ပြောခဲ့တုန်းကလည်း အခြောက် … စကားလာမပြောနဲ့ဆိုတဲ့ ကျနော့် ရင်ကိုနာကျင်စေတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်။ ကျနော်ကတော့ ကျနော့်ဘဝအတွက် အကျိုးရှိမဲ့ (ကွန်ပျူတာ … စက်ပြင် အတတ်ပညာလေးကို) ရအောင်တော့ သင်ထားလိုက်တယ်။ အချိန်တန်ရင် အားလုံးကခွဲခွာကြပြီး ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ဘဝ ကိုယ့်ဖန်တီးကြရမှာဘဲလို့ တွေးထားမိတာကိုး။ (မိသားစု မောင်နှမတွေကိုချစ်တော့ချစ်တယ် ဒါပေမဲ့)ဆိုတဲ့ အတိုင်းပေါ့။

အဖေကတော့ ညီအစ်ကိုမောင်နှမတွေထဲ ကျနော့်ကို အမြဲ ဘဝအကြောင်း လူ့ပတ်ဝန်းကျင် လူ့ သိက္ခာတွေ ဘာသာတရားတွေအကြောင်း အမြဲလိုလိုဆုံးမဖူးပါတယ်။ အဖေ ကျနော့်ကိုဘဲ  ဆုံးမတယ်ဆိုပြီး ကျန်တဲ့ ညီအစ်ကိုတွေကို ပစ်ထားသည်မဟုတ်။ အဖေဆုံးမတိုင်းလည်း သားသမီးတွေက လက်မခံ မလိုက်နာကြသလို ကျနော့်အမေ ကိုယ်တိုင်က ခလေးတွေရှေရပ်ပြီး အမှားတွေရပ်တည်ပေးခဲ့တာပါ။ (ဖေကြီးရယ် ရှင်ကလည်း ခလေးတွေကို အားရှိတိုင်းဆူမနေပါနဲ့ ရှင့်ခလေးတွေက နှပ်ချေး တွဲလောင်းခလေးတွေ မဟုတ်တော့ဘူး .. တက္ကသိုလ်ကျောင်းသူကြီးတွေ ဖြစ်ကုန်ပြီ … ပြီးတော့ ရှင့်ဂုဏ်အချိန်နဲ့ နေရာကျ နေတတ်နေပါပြီကွယ် …  ခလေးတွေ စိတ်ညစ်နေပါဦးမယ်လို့ ) ကြားကနေအမြဲ ဝင်ပြောလေ့ရှိတယ်။ အဖေကတော့ အမေ့စကားတွေနဲ့ အမေ့ကို စိတ်ချမ်းသာစေချင်တော့ ခလေးတွေလိမ်မာတာထက် ပိုလိမ်မာစေချင်လို့ပါ)လို့ဘဲ မေကြီးကို အချိုဆုံးပြန်ပြောခဲ့တယ်။ အမေ့ကိုလည်း … မေကြီးရေ  ဘဝဆိုတာ မမြဲဘူး ဒီနေ့မှာဒါဖြစ်ပေမဲ့ နက်ဖြန်မှာ ဒါဖြစ်ချင်မှ ဖြစ်မယ်ဆိုတာတော့ မမေ့နဲ့နော်လို့ စကားဆုံးတိုင်း မေကြီးကို သတိပေးခဲ့တယ်။

ကျနော့်တို့ မိသားစုလေး အရောင်မဲ့ အမှောင်ကျခဲ့တဲ့နေတစ်နေ့က  ညီငယ်ဆုံးလေး (၁၀)တန်း စာမေးပွဲဖြေပြီးတဲ့နေ့  ကျနော့်အိမ်ကို ဖုန်းတစ်ကောာလ်ဝင်လာတယ်။ ကံ ကောင်းချင်တော့ အဲဒီနေ့က ကျနော့်စိတ်တွေ လေးနေတာနဲ့ အိမ်မှာဘဲ စာအုပ်ဖတ်ရင်း အိမ်စောင့်ဖြစ်ခဲ့တယ်။ ဖုန်းထဲက တစ်ဖက်လူရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ အသံကိုကြားရပြီး ကျနော် ရပ်နေတဲ့နေရာကနေ အပုံလိုက်ပြိုလှဲသွားခဲ့တယ်။ သတိလေးဆောင်ထားတော့ သတိမလွတ်ခဲ့ပေမဲ့ ကျနော့် မတ်တပ်ရပ်ဘို့ အားမရှိတော့ဘူး။ အနီးစပ်ဆုံး အိမ်က မိသားစုတွေကို သတိရမိတော့ တစ်ယောက်မှ အိမ်မှာမရှိကြ။ အမေက အစ ညီငယ်အဆုံး အိမ်အပြင်မှာဘဲ။ ကျနော် ဘာလုပ်ရမလဲတွေးလိုက်ပြီး အဝတ်လဲ … အိမ်တံခါးပိတ်ပြီး ဖုန်းထဲကလူပြောတဲ့ ဆေးရုံကို လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ လူနာအခန်းမှာ မရှိတော့ဘဲ သီးသန့်အခန်းလေးထဲမှာ သူနာပြုတစ်ယောက် ကျနော့်ကို ခေါ်သွားခဲ့တယ်။ အဖေ့ မျက်နှာအုပ်ထားတဲ့ ပိတ်စလေးကို ကျနော် ဖွင့်ကြည့်လိုက်တော့ အဖေ ပြုံးနေတယ်။ အဖေ ပြုံးနေပေမဲ့ ကျနော့် မျက်လုံးထဲမြင်နေရတာ အဖေ သားသမီးတွေကို စိတ်မချသလို ခံစားရတယ်။ 

ကျနော် ယောကျာင်္းတစ်ယောက်ဆိုပေမဲ့ ကျနော်တို့ မိသားစုရဲ့ မဟာတံတိုင်းကြီးပြိုကျချိန်မှာ ကျနော် ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြလိုက်တာ အမှားမဟုတ်ပါ။ အားရအောင်ငိုပြီး ပြန်မရှင်လာတော့တဲ့ အဖေ့ရုပ်အလောင်းအတွက် ကြေကွဲနေမဲ့အစား အဖေ့နာရေးကိစ္စ ပြင်ဆင်စရာများအတွက် ကျနော် လူကြီးတွေနဲ့ တိုင်ပင်ခဲ့တယ်။ ကျနော် အိမ်ရောက်ချိန်မှာတော့ အိမ်မှာ အမေနဲ့ အပေါင်းအဖော် များရောက်နှင့် စကားလက်ဆုံကျ နေကြပြီ။ အဖေ့နာရေးကိစ္စ သိလို့မဟုတ်ပါ။ အမေ လုပ်နေကျ နေ့စဉ်လုပ်ငန်းများဖြစ်တဲ့ ထွေရာလေးပါး ပြောဆို ပျော်ပါးနေဘို့ အတွက်ပါ။ အိမ်ထဲလှမ်းဝင်တော့ ကျနော့် ဒေါသတွေ ထောင်းကနဲ အမေ့အပေါ် ရောက်သွားတယ်။ တကယ်ဘဲ အဖေ့နာရေးကို မသိတာလား … သိရဲ့နဲ့  တမင်အရွဲ့တိုက် အဖော်တွေ ခေါ်လာတာလားဆိုပြီး အမေ့ကို ဘဝမှာအမှာ အပြင်းထန်ဆုံး လေသံမျိုးနဲ့ ကျနော် မေးလိုက်မိတယ်။ကျနော့် အသံကျယ်လှောင်သလို ငိုသံလည်း ပါလာတော့ အားလုံး အံ့သြ ထိတ်လန့်သွားကြတယ်။ ဟုတ်ပါတယ်လေ။ ဘယ်သူက အဖေဆုံးတယ်လို့ ထင်မှာလဲ။ အဖေက အနေအေးပြီး သားသမီးနဲ့ ဇနီးအပေါ် တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်လေ။ အသောက်အစား အပျော်အပါး နည်းပါးပြီး မိသားစုကို အနစ်နာခံသူ။မနက်က အဖေရုံးသွားတော့လည်း ပြုံးပြုံးရွှင်ရွှင်ပါဘဲ။ ကျန်းမာနေကောင်း နေတယ်ဆိုတာလည်း မိသားစုအားလုံးက သိနေတာကိုး။ ကျနော် ငိုနေတာ မြင်တော့ အမေ ကျနော့်ကိုလာဖက်ပြီး သား … မင်း အဖေ ဘာဖြစ်လို့လဲလို့ ကျနော့်ကို တကယ်မသိရှာတဲ့ မျက်လုံးနဲ့ မေးရှာတယ်။ 

ကျနော်လည်း အမေ့ကိုဖက်ပြီး … အဖေ ဆုံးပြီ အမေ … လို့ပြောလိုက်တော့ အမေ ကျနော့်ကို သေချာစိုက်ကြည့်ပြီး လူကြီးကိုမနောက်နဲ့နော်။ မင်းအဖေ မနက်ကရုံးသွားတာ အကောင်းချည်းပါဘဲလို့ ပြန်ပြောခဲ့တယ်။ ကျနော် ဘာမှဆက်မပြောတော့ဘဲ ကျနော့် အခန့်ရှိရာပြေးသွားပြီး အဖေ့ဓါတ်ပုံကိုရှာ အဖေ့ နာရေးကိစ္စ အတွက် ဦးဆောင်စီစဉ် ခဲ့တယ်။ အမေကတော့ မယုံသလိုနဲ့ ကျနော့်ကို ကြောင်ကြည့်နေသေးတယ်။ ကျနော် အစ်ကိုကြီး/အစ်မကြီ နဲ့ ညီငယ်ဆီ ဖုန်းဆက်ပြောတော့မှ အမေ ကျနော်ပြောတာ လက်ခံတော့တယ်။ ကျနော် အမေ့ကို ယုံအောင်ရှင်းပြဘို့ အချိန်မရသလို အားမငယ်ဘို့လည်း နှစ်သိမ့်ဘို့ ခွန်အားမရှိခဲ့ဘူး။ အနိစ္စ တရားဆိုတာ လက်ခံ ရမယ်ဆိုတာ ကျနော်သိနေတယ်လေ။ ကျနော်လက်ခံနိုင်ပေမဲ့ ကျနော့် အမေနဲ့ ညီအစ်ကို မောင်နှမတွေက လက်မခံနိုင်ကြဘူး။ အင်းလေ အဖေရှိရင် ငွေရှိနေမယ် ဂုဏ်ရှိနေမယ် ထင်တိုင်းကြဲလို့ ရမှာကိုး ..

အဖေဆုံးသွားတာ အလုပ်မှာဘဲ ဦးနှောဏ်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးသွားတာပါ။အဖေက မိသားစုကို  လိုလေသေးမရှိ ပြည့်စုံအောင် စောင့်ရှောက်ခဲ့ပေမဲ့ အဖေ့မှာ သွေးတိုးရောဂါ ရှိနေတယ်ဆိုတာ တစ်အိမ်သားလုံးမှာ တစ်ယောက်မှ မသိသလို မသိမထား ဂရုမစိုက်ခဲ့ကြပါဘူး။ အဖေ့ရဲ့ အနီးစပ်ဆုံး အနီးကပ်ဆုံးနေသူ အမေ့ကိုဘဲ အပြစ်တင်ရမလား …  ကျနော်တို့ ညီအစ်ကို / မောင်နှမတွေကိုဘဲ အပြစ်တင်ရမလား … သွေးတိုးရောဂါ ရှိနေတယ်ဆိုတာ သိနေပြီး ရေငုံနှုတ်ပိတ်နေခဲ့ တဲ့အဖေ့ အပြစ်တွေကြောင့်ဘဲလား … ခုတော့လည်း အနိစ္စ သဘောတရားတွေကို လက်တွေလက်ခံနိုင်အောင် အဖေက ကျနော်တို့ မိသားစုလေးကို လက်တွေ့ ပြသွားခဲ့ပြီ….

ဒီလိုနဲ့ အဖေမရှိတဲ့နောက် အမေ ကျန်းမာရေးက ဖောက်လာပါတယ်။ အရင်ကလို ဒေါင်ဒေါင်မြည် အပေါင်းအဖော်တွေနဲ့ မပျော်ပါးနိုင်တော့ဘူး။ အဲလိုချိန်မှာလည်း ကျနော် တစ်ယောက်တည်းသာ အမေ့ကို အနီးကပ်အားပေး နှစ်သိမ့်ပေးခဲ့တယ်။ အစ်ကိုကြီး/အစ်မကြီး ကတော့ ဆိုးမြဲဆိုးဆဲ ဘဲ။ ညီငယ်လေးကလည်း အဆိုးအကောင်း သေချာမဝေဖန်တတ်သေးတော့ ထုံစံအတိုင်းမျှောနေဆဲပေါ့။ ဒီလိုနဲ့ တစ်နေ့ အစ်ကိုကြီး အရက်တွေ မူးပြီးပြန်လာတယ်။ အမေ့ကို အဖေဆုံးပြီးနောက် အမွေခွဲပေးဘို့  တောင်းဆိုလာခဲ့တယ်။ အမေ့မှာတော့ သားလေးကို ဆုံးမနားချခဲ့ပေမဲ့ အချိန်တွေလွန်သွားခဲ့ပြီလေ။ အစမကောင်းခဲ့တော့ ခု အနှောင်းမသေချာခဲ့ဘူးပေါ့။ သား/သမီးတွေကို ငယ်ငယ်ကတည်းက အဖေဆုံးမတိုင်း အမေက ဝင်ပြောခဲ့တာတွေ ခုတော့ အမေ့ဆုံးမစကား သူတို့နားထဲ ခါး သွားပြီ။ အမေ မျက်ရည်ကျနေတယ်။ အမေ ငိုနေတယ်။ ကျနော် အမေ ငိုတာမမြင်ဖူးခဲ့ဘူး။ အဖေဆုံးတုန်းက ငိုတဲ့မျက်ရည်က အဖေမရှိရင် ငွေတွင်း မရှိတော့ဘူးဆိုတဲ့ မျက်ရည်မျိုးဆိုတာ ကျနော် သိတယ်။ ဒါပေမဲ့ ဒီနေ့ အမေကျတဲ့မျက်ရည်ဟာ  အဲလို မျက်ရည်မျိုးမဟုတ်တော့ဘဲ  တကယ့် နောင်တရပြီး သောကရောက်နေတဲ့ မျက်ရည်မျိုးပါ။

ကျနော် အစ်ကိုကြီးကို အခန်းထဲခေါ်သွားပြီး ချော့မော့ပြောပြချင်ပေမဲ့ အစ်ကိုကြီးက မူးနေသူမို့ ခုချိန်မှာ ကျနော် ပြောပြလည်း သူလက်ခံမည်မဟုတ်ပါ။ ဒါကြောင့် ကျနော် ဘာဆိုဘာမှမပြောဘဲ အစ်ကိုကြီးလိုချင်တဲ့ အမွေ နက်ဖြန်ခွဲပေးမယ်လို့ လိုရင်းတိုရှင်း ပြောခဲ့လိုက်တယ်။ အစ်ကိုကြီးရဲ့ စကားကြောင့် အမေ တစ်ညလုံး အိပ်မပျော်ဘူးဆိုတာ ကျနော်သိနေတယ်။ ကျနော်က အမေ နေမကောင်းတော့ နှိပ်နယ်ပြုစုပေးရအောင် အမေ့နား သွားအိပ်ခဲ့သူမို့ အမေ့ ရင်ထဲကသောကတွေ အမေ ထုတ်မပြောခဲ့လည်း အမေ့ ရဲ့ သက်ပြင်ရှည်ကြီးတွေနဲ့ မှုတ်ထုတ်လိုက်တဲ့ လေပူတွေကို ကျနော် နားလည်ခံစားမိပါတယ်။ အမေ စိတ်ထဲဘာမှ မထားဘဲ အိပ်ပျော်အောင် အိပ်ဖို့ပြောယုံကလွှဲပြီး ကျနော် ဘာမှမတတ်နိုင်ခဲ့ပါ။

မနက်မိုးလင်းတော့ အကိုကြီးမှ အမေ့ကို ညက အမွေတောင်းထားတာ ဘယ်လိုလဲတဲ့။ လက်ရှိ ကျနော်တို့ နေတဲ့အိမ်ကိုရောင်းမယ်ဆို ကာလပေါက်ဈေးအရ သိန်းထောင်ကျော်မယ်ဆိုတာ အစ်ကိုကြီး သိနေတယ်။ ဒါကြောင့်လည်း ဒီအိမ်ကိုရောင်းပြီး သားသမီးတွေ အမွေခွဲပေးဘို့ တောင်းဆိုလာတာပေါ့။ အိမ်ရဲ့ အတွင်းပစ္စည်းတွေကိုလည်း ခွဲဝေပေးဘို့တောင်းဆိုခဲ့တယ်။ အစ်ကိုကြီးကတော့ မိသားစုနဲ့ ခွဲထွက်ပြီး ကိုယ်ပိုင်စီးပွားလေး လုပ်ချင်လို့တဲ့။ အမကြီးကလည်း သူ့တစ်အိုးတစ်အိမ် တည်ထောင်တော့မှာမို့တဲ့။ ညီငယ်လေးကတော့ မတောင်းဆိုခဲ့ပါဘူး။ သူမတောင်ဆိုပေမဲ့ သူရဲ့ ၁ လ ၁လ အသုံးစရိတ်ကလည်း ကြောက်စရာကိုး။ အမေ ဘာလုပ်မလဲဆိုတာ ကျနော် သိချင်ပေမဲ့ စပ်စုပြီး မမေးခဲ့ပါ။ ကျနော် မိသားစုမှာ ကျနော်တစ်ယောက်တည်း မိသားစုတွေနဲ့ စရိုက်ကွာနေတော့ ကျနော်ကို (မာမီ)ဆိုပြီး လှောင်ပြောင်တာတွေ ကျနော် မခံချင်သလို ရှက်မိတယ်။ ဒါကြောင့်လည်း အိမ်တွင်းကိစ္စတွေ သိနေတာတောင် ကျနော် ဝင်မပြောဘဲ ဖြေရှင်းနိုင်မဲ့ နည်းလမ်းလောက်ဘဲ အကြံပေးခဲ့သူပါ။

မိသားစုတွေ စတင်ပြိုကွဲခဲ့ပြီး အိမ်တွင်းစစ်တွေ ဖြစ်လာချိန်မှ ကျနော် အမေ့ သောကတွေကို သိခွင့်ရခဲ့တယ်။ အမေ ကျနော့်လက်ကိုကိုင်ပြီး အားကိုးတိုင်ပင်တဲ့ မျက်လုံးတွေနဲ့ မိသားစုရဲ့အတွင်း ကိစ္စ ရင်ဖွင့်ပြခဲ့တယ်။ အမေက ဒီအိမ်လေးက အခုကျနော်တို့ မပိုင်တော့ဘူး။ အမေ စီးပွားတစ်ခုလုပ်ရင်း အရှုံးပေါ်လို့ အပေါင်ထားလိုက်တာ ဒီနှစ်ကုန်ပြန်မရွေးနိုင်ရင် အိမ်ပေါ်က ဆင်းရတော့မယ်တဲ့။ သား အဖေရှိတုန်းကတော့ အမေ ဒီငွေတွေ ပြန်ဆပ်နိုင်မယ် ဆိုတဲ့အသိနဲ့ ဒီလမ်းကို ရွေးချယ်ခဲ့တာပါ။ သား အဖေခုလို ရုတ်တရက် ဆုံးသွားမယ်လို့လည်း အမေ မထင်ထားခဲ့ဘူး။သား အဖေဆုံးပြီးမှ  အမေ သွေးချောက်ခြားလာတယ်။ နေ့စဉ် ဒီအိမ်ကြီးရဲ့ အပေါင်စာရွက်ကိစ္စ ခေါင်းထဲတွေးပူနေတုန်း အခု သားကြီးက ဒီအိမ်ကိုရောင်းပြီး အမွေ တောင်းလာပြန်တော့ အမေလေ သေချင်တာဘဲ သိတော့တယ်။ အမေတို့မှာ မဟာတံတိုင်းကြီး  ပြိုလှဲသွားပြီးနောက် လစဉ်ဝင်ငွေ မရှိတော့ဘူးသား။ ဒီကြားထဲ အဖေရှိစဉ်က အမေတို့တွေ မလိမ်မာကြဘဲ ထင်တိုင်းကျဲနေကြတော့ ခုချိန်မှ ပြန်စုရုံးဘို့ဆိုတာ မလွယ်တော့ပါဘူး။ အားလုံးဟာ အမေ့ အပြစ်တွေပါလို့ ပြောပြီးငိုချလိုက်တယ်။

နောက်ဆက်တွဲ စကားလုံးကတော့ သားကိုအမေ ကျေးဇူးတင်တယ်တဲ့။ မိသားစုထဲမှာ အနစ်နာခံသလို လိမ်မာပြီး မိဘအပေါ် သိတတ်တဲ့သားပါလို့ အမေ နှုတ်ကထုတ်ပြောခဲ့တယ်။ ကျနော် ဟာလိမ်မာတဲ့သားတစ်ယောက် မဟုတ်ပေမဲ့ အမေ့အတွက် ခုလတ်တစ်လောမှာ ကျနော်က  (အား)  ဖြစ်စေနိုင်ခဲ့တဲ့အတွက် ကျနော် ပျော်နေမိတယ်။ အမေရယ် လုပ်သလို မဖြစ်တော့လည်း ဖြစ်သလို လုပ်ကြတာပေါ့လို့ အမေ့ကို အားပေးခဲ့တယ်။ အမေ သောကတွေ နည်းသွားအောင် ဒီလို အားပေးခဲ့ပေမဲ့ ကျနော်ကိုယ်တိုင် ဒီကိစ္စအတွက်နဲ့ ခေါင်းကြီးခဲ့တယ်။ ဒီ ကိစ္စတွေကို အစ်ကိုကြီးနဲ့ အစ်မကြီးတို့သာသိရင် ပြသနာအကြီးကြီး တက်မည်ဆိုတာ ကျနော် ကြိုတင် သိနေတယ်။ ကျနော် ချက်ချင်း ဘာဆက်လုပ်ရမှန်းမသိခဲ့ပါ။ ရသမျှအချိန်တွေမှာ  တွေးကြံ ရသမျှအချိန်ကို ဆွဲဆန့်ပြီး အစ်ကိုကြီးတို့ ကိုချော့သိမ့်ခဲ့ပေမဲ့ ကျနော်တို့ အိမ်ကိစ္စကြီးက ကြာလေလေ ကိုယ်ဝန်ရင့်လာတဲ့ မိခင် လိုဖြစ်လာခဲ့တယ်။ မွေးလ မွေးရက် စေ့ရင်တော့ မွေးရမှာဘဲ။ ဒါကြောင့် ဒီကိစ္စတွေကို ကျနော်အိမ်က လူတွေကို  အသိပေးဘို့ ဆုံးဖြတ်လိုက်တယ်။

ဥပုဉ်နေ့တစ်နေ့ အမေ့ကို ဥပုဉ်ယူဘို့ ဘုန်းကြီးကျောင်းကို  ပို့ခဲ့ပြီးအပြန်  အစ်ကိုကြီး/အစ်မကြီးနဲ့ ညီငယ်လေးကို ဖုန်းဆက်ခဲ့တယ်။ တိုင်ပင်စရာရှိလို့ တစ်နေရာရာဆုံကြရအောင်လို့ ချိန်းလိုက်ပြီး နာရီ သတ်မှတ် လိုက်တယ်။ မတတ်နိုင်ဘူး ဖြစ်ပြီဆိုမှတော့ ပြောပြရတော့မှာဘဲ ကျနော့်အပေါ် အမြင်မှားပြီး မုန်းချင်လည်း မုန်းပါစေဆိုတဲ့ စိတ်တစ်ခုတည်း ရှေတန်းတင်ထားတယ်။ အဓိက အမေ့ သောကတွေ သူတို့တွေကို သိစေချင်တယ်။ ချိန်းထားတဲ့ နာရီရောက်တော့ ကျနော်တို့မောင်နှမတွေ စကားလက်ဆုံကျရင်း ကျနော်မှ စကားကြို တောင်းပန်လိုက်တယ်။ ပြီးတော့ အမေ့ ကျန်းမာရေးကိုလည်း သူတို့သိအောင် ပြောပြထားတယ်။ အမေဟာ အရင်တုန်းကလို ကျန်းမာရေး မကောင်းတော့ဘူး ပြီးတော့စိတ်ဆင်းရဲ သောကတွေနဲ့ နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရတယ်။ ကျနော်ပြောပြီး နားစွင့်နေလိုက်တယ်။ သူတို့တွေဘာများ ပြောလာကြမလဲဆိုတာ။

ဒါပေမဲ့ အားလုံးက စိတ်မကောင်းတဲ့မျက်နှာနဲ့ တိတ်ဆိတ်နေကြတော့ ကျနော် အခြေနေကိုကြည့်ပြီး ပြောချင် ရည်ရွယ်ထားတဲ့ စကားတွေကို ဦးတည်ခဲ့တယ်။မိသားစုရဲ့ အိမ်တွင်းပြသနာကို သူတို့လည်း မိသားစုဝင် တစ်ယောက်အနေနဲ့ သိထားသင့်တယ်ဆိုပြီး ကျနော်ပြောပြလိုက်တယ်။ ဆိုးအတူ ကောင်းအတူ သာအတူ နာအတူ မျှခံကြတာပေါ့လို့ ကျနော့် စကားမဆုံးခင်ဘဲ အစ်ကိုကြီးက ဒေါသသံနဲ့ ဘယ်မျှတပါ့မလဲတဲ့။ ဒီ အိမ်ကြီးက ကာလပေါက်ဈေးနဲ့ သိန်းထောင်ကျော်တန်တဲ့ အိမ်လေ။ ခု တစ်ပြားမှ မရတဲ့အပြင် အနာပါ အတူခံရမယ်ဆိုတော့ သဘာဝမကျဘူးတဲ့။ အိမ်ရဲ့အတွင်း ပစ္စည်းတွေရော ကားတွေရော မေးလာပြန်တယ်။ ကျနော်လည်း ညီငယ်ကျောင်းတက်တာ ၁ လ ဘယ်လောက်ကုန်လဲ ဆိုတာ ညီငယ်အသိဆုံး လို့ ပြောလိုက်တော့ ညီငယ်က အဖေရှာပေးထားတဲ့  ငွေတွေက ကျနော် ၁ လသုံးစရိတ်တောင်းတာ နည်းတောင် နည်းသေးတယ် လို့ပြောပြန်တယ်။ အစ်မကြီးကလည်း နောက်ဆုံး ရရင်တောင် သူက မိသားစုမှာ မိန်းခလေး တစ်ယောက်တည်းမို့ သူပိုရရမယ်လို့ ပြောလာပြန်ရော။

ကျနော် ဘာကိုမှဆက်မရှင်းပြတော့ဘဲ အခြေနေကို ငြိမ်အောင်ထိန်းထားလိုက်တယ်။ နာရီ အတော်ကြာ ဆွေးနွေးခဲ့ပြီး ကိုယ်စီလမ်းခွဲခဲ့တယ်။ အပြန်မှာ အမေ့ကို ဝင်ကြိုခဲ့တယ်။ သောကတွေ စိတ်ဆင်းရဲမှုတွေ ပေါ့သွားအောင် အေးမြတဲ့ ဓမ္မရိပ်လေးဆီ အမေ့ကို ကျနော် အချိန်ရတိုင်း ပို့ပေးခဲ့တယ်။အမေ့ နောင်တတွေနဲ့အတူ ဓမ္မရိပ်မှာ ဖြေသိမ့်ခွင့်ရအောင် ကျနော် ကြိုးစားခဲ့တယ်။ အိမ်တွင်းပြသနာတွေကိုလည်း ကျနော် သိတတ်နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဖြေရှင်းပေး ခဲ့တယ်။ နောက်ဆုံး အိမ်တွင်း အိမ်ပြင် ရှိတာအကုန်ပုံချပြီး မိသားစုတွေကို ခွဲပေးခဲ့တယ်။မောင်နှမတွေ ကျေနပ်အောင် ကျနော်စီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့ ပိုင်ဆိုင်မှုဝေစု တွေထဲမှာ ကျနော်နဲ့အမေ့ အတွက် ဝေစု အပုံ ကျနော်..မယူ ခဲ့ဘူး။ အစ်ကိုကြီး/အစ်မကြီးနဲ့ ညီငယ်လေးကိုဘဲ သူတို့အလိုကျ ဆောင်ရွက်ပေးခဲ့တယ်။ သူတို့တွေအတွက် ဒီပစ္စည်းတွေဟာ တန်ဖိုးရှိ မက်မောစရာ တွယ်တာစရာ ဖြစ်နေပမဲ့ ကျနော့်အတွက်တော့ အစားထိုးမရတော့တဲ့ ကျနော့်ရဲ့ အမေသာ ကျနော့်အတွက် အရေးကြီးဆုံး ဖြစ်ခဲ့ပါတယ်။ စိတ်ဆင်းရဲမှုတွေ သောကတွေပြည့်ဝနေပြီး ကျန်းမာရေးချူချာလာတဲ့ ကျနော့်အမေ အနားမှာနေခွင့်ရပြီး  ပြုစုရှောက်စောင့်ခွင့်ရဘို့သာ ကျနော့် အတွက် အရေးကြီးခဲ့တာပါ။

ဒီလိုနဲ့ အိမ်ကြီးပြသနာလည်းပြီးရော အမေနဲ့ကျနော် သာမာန်ရပ်ကွက်လေးတစ်ခုမှာ အိမ်လေးငှားနေလိုက်တယ်။ ကျနော် နားလည်ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံအောင် လိုလေသေးမရှိ နေခဲ့ရတဲ့အမေ ခုလို သာမာန်ရပ်ကွက်ထဲ လာနေရတော့ ရင်ထဲမှာ တော်တော် ခံစား အနေခက်မယ်ဆိုတာ။ ဒါပေမဲ့လေ အိမ်ကြီးထည်ထည်ဝါမှာ စိတ်ဆင်းရဲမှုတွေနဲ့ သောကတွေကြား ဟန်ဆောင်ပြီး နေရတာထက်စာရင်တော့ ဒီလို ဂုဏ်ပကာသနမရှိတဲ့ သာမာန်ရပ်ကွက်လေးထဲမှာ နေရတာက ပိုပြီးပျော်စရာပါ။ အခု အစပိုင်းမှာ အမေ နေသားမကျလို့ မနေတတ်သေးပေမဲ့ အချိန်တွေက အမေ့ကိုကုစားပေးရင်း အမေနေသားကျ ပျော် လာမယ်ဆိုတာ ကျနော် ယုံကြည်နေပါတယ်။

အမေ ဒီလိုသာမာန်ရပ်ကွက်လေးမှာ ကျနော်နဲ့ အတူနေပျော်ဘို့ ကျနော် အမေ့ကို စိတ်ချမ်းသာအောင် ထားရမယ်။ အလုပ်တွေလုပ်ရမယ်။ ပိုက်ဆံရှာပြီး အမေ့ ကျန်းမာရေးကို ကုပေးမယ်လို့ ဆုံးဖြတ်ချက်တွေအတိုင်း ကျနော် ရရာအလုပ်  စတင်ဝင်လုပ်ခဲ့တာပါ။ အစပထမမှာတော့ ကျနော်ဟာ အမေ့ဆေးဖိုး…. အသုံးစရိတ်… အိမ်လစာ ပြေလည်စေဘို့ ရရာအလုပ်ကို အမြန်ဆုံးဝင်လုပ်ခဲ့ရတာမို့ အစပထမမှာ ဦးလေးကြီးရဲ့ လ္ဘက်ရည်ဆိုင်ငယ်လေးမှာ စာပွဲထိုးလုပ်  ညဘက်ဆို တတ်ထားတဲ့ ပညာနဲ့ စက်ပစ္စည်လေးတွေ အိမ်ယူပြင် … စနေ/တနင်္ဂနွေမှာ ခလေးတွေရဲ့ ကျူရှင်ဆရာ အဖြစ် အလုပ်မျိုးစုံနဲ့  လုံးပန်းနေရတယ်။ စားချိန် အိပ်ချိန်တွေ မမှန်ခဲ့ပေမဲ့ ကျနော် ပျော်နေတယ်။ အမေ့ကို ခုလို အေးဆေးနဲ့ စိတ်ချမ်းသာအောင် လိုတာထက်ပိုအောင် မထားနိုင်ခဲ့ပေမဲ့ ရှိတာလေးနဲ့ စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားနိုင်ခဲ့တယ်။ အမေက ကျနော့်ဘဝမှာ ကျန်ခဲ့တဲ့ မဟာတံတိုင်း တစ်ခြမ်းပဲ့လေးဖြစ်ပေမဲ့ ကျနော့်အတွက် ခွန်အား ပီတိ အနာဂါတ် တွေဖြစ်စေခဲ့ပါတယ်။

ခွန်အား … ပီတိ … အနာဂါတ် တွေကို စည်းစိမ်ဥစ္စတွေနဲ့ လှဲယူသွားတဲ့ ကျနော့် အစ်ကိုကြီး/အစ်မကြီးနဲ့ ညီငယ်လေးရော ခုချိန်မှာ ကျနော့်လို ပီတိတွေစားပြီး အာရှိနေနိုင်ခဲ့ရဲ့လား။ လောကမှာ မိဘဟာ မိဘဘဲဆိုတာ သူတို့လေးတွေ အချိန်မှီ သိနိုင်ပါ့မလား။ ဘယ်လိုအခြေနေ ဘယ်လိုအဖြစ်ဆိုး ဘယ်လိုဘဝမျိုးဘဲရောက်နေပါစေ မိဘဟာ မိဘပါဘဲ။ သက်မဲ့စည်းစိမ်တွေနဲ့ လှဲယူတန်ဖိုးဖြတ်လို့ မရဘူးဆိုတာ သားသမီးတိုင်းကို သိစေချင်ပါတယ်။ လူတိုင်းမှာ အမှားတွေ ကျူးလွန်တတ်စမြဲပါ။ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ အမှားဆိုတဲ့ ခေါင်းစီးကြီးအောက်မှာ ခဏတာတော့ ရောက်ခဲ့ဖူးကြမှာဘဲ။ စာနာ နားလည်တတ်တဲ့စိတ်နဲ့ ခွင့်လွှတ် သီးခံပေးတတ်ရမယ်။ မိဘ တွေရဲ့အရိပ်အောက် တစ်သက်လုံး ခိုလှုံလာခဲ့ပြီးမှ မိဘကို ကျနော်တို့ တတ်နိုင်သလောက် မပြည့်စုံဘူးထင်တဲ့ အမိုးအောက်မှာ အေးချမ်းစွာ တစ်ဖန်ပြန်လည် ခိုလှုံခွင်ပြုကြပါ။ ကျနော့်တို့ရဲ့ မပြည့်စုံတဲ့ အမိုးဟာ ကျနော့်တို့အတွက် မပြည့်စုံပေမဲ့ သွေးနဲ့ရင်းခဲ့တဲ့ မိဘတွေအတွက်ကတော့ နေဝင်ချိန်မှာ လှမ်းမြင်လိုက်ရတဲ့ ဆည်းဆာလေးလို သာယာလှပ ကြည့်ကောင်း ကျေနပ်နေမိမှာ သေချာပါတယ်။

အတွေးထဲမျောနေလိုက်တာ ဆိုင်မှာလ္ဘက်ရည်သောက်ဘို့ လူဝင်လာမှ သတိဝင်သွားတယ်။ ကံ ကောင်းပါပေတယ်။ ဆိုင်ရှင်ဦးလေးကြီးကလည်း သဘောကောင်းပြီး ကျနော့်ကို နားလည်ပေးသလို ကျနော့် အတိတ်အကြောင်းထဲ မျောနေတဲ့ဇာတ်ထဲ လှုပ်မနှိုးခဲ့ပါ။ အားတဲ့အချိန်မှ ဦးလေးကြီးကို ဒီအကြောင်းတွေ ပြောပြတော့မယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။

စာဖတ်သူများရော ကိုယ့်အသိ မိတ်ဆွေတွေများကိုပါ ကျနော်တို့လို မိသားစု ဘဝမျိုးမကြုံရအောင် စာဖတ်သူများကို ကျနော် ဒီလို အကြံကောင်းလေး ပေးပါရစေ။

မိခင်တိုင်းလည်း ကိုယ့်သားသမီးတွေကို  ငယ်စဉ်အခါကတည်းက နည်းလမ်းမှန်ကန်စွာ ဆုံးမသွန်သင်တတ်ပါ။ ချစ်တာနဲ့ နစ်ရာကို မရောက်စေပါနဲ့။ အိမ်ထောင်ဦးစီး ရှာပေးသမျှကို ကမ်းမပြိုအောင် ထိန်းသိမ်းတတ်ပါ။ အိမ်တစ်အိမ်မှာ ဝင်ငွေရဲ့အရေးကြီးဆုံးလူဟာ အိမ်ထောင်ဦးစီး တစ်ဦးဖြစ်သလို အိမ်တစ်အိမ်ရဲ့ ထွက်ငွေမှာ အရေးကြီးဆုံး လူဟာလည်း အိမ်ရှင်မတွေပါတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတဲ့စကားအတိုင်း အိမ်ထောင်ဦးစီးရှာသမျှကို စည်းကမ်းရှိရှိ အကျိုးရှိရှိ ခွဲခြမ်းစိတ်ဖြာ သုံးတတ်ဘို့လိုပါတယ်။ သား /သမီးရဲ့ အနာဂါတ်ကို ဖခင်တွေထက် မိခင်ရဲ့ အနီးကပ်စောင့်ရှောက်မှု့ ယုယမှု သွန်သင်မှုနဲ့ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာ ဘယ်သူမှကြိုတင် တွက်ဆမှန်းထားလို့ မရပါဘူး။ အနိစ္စတရား ဆိုတာကလည်း အချိန် အခါ နေရာဒေသ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ဖြစ်လွယ်ပျက်လွယ်တဲ့ ဒီကြားထဲမှာ အရာရာတိုင်းကို လက်ခံနိုင်အောင် တရားသဘောလေးမှတ် ဆင်ခြင်ကြမယ်ဆို လောကဓံက ပေးလာတဲ့ သင်္ခါရတရားကိုလည်း ကျနော်တို့ လက်ခံနိုင်ကြမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

ခုဆို … ကျနော် အမေရဲ့  ကျန်းမာရေးဟာ အရင်လိုပြန်လည် ကောင်းမွန်လာပြီး သာမာန်ရပ်ကွက်ထဲမှာ ကျနော့်ရဲ့ မပြည့်စုံတဲ့ စောင့်ရှောက်မှုကြား ကျေနပ်ပျော်ရွှင်နေခဲ့သလို တစ်ချိန်က အမှားတွေအတွက် နောင်တများနဲ့ အေးမြတဲ့ တရားရိပ်မှာ အေးချမ်းမှုတွေ ရှာနေခဲ့ပြီ….

သား/သမီးတွေကို ဆုံးမသွန်သင်မှုညံ့ခဲ့သလို အိမ်ထောင်ဦးစီးရဲ့ ဝင်ငွေတွေကိုလည်း ထိန်းသိမ်းမှု့ညံ့ခဲ့ ညဏ်တိမ်ခဲ့တဲ့ အမေ လက်ရှိဘဝကနေ လက်မဲ့ဘဝရောက်သွားတဲ့ အခြေနေထိ အသက်ရှင်နေလျှက်နဲ့ သား/သမီးတွေ ဘယ်ရောက်မှန်းတောင် မသိတော့တဲ့ ဘဝမျိုးနဲ့ ကြုံခဲ့ရတဲ့အမေ… သူ့ ဘဝလို အမှားမျိုးတွေ  မိသားစုတိုင်း  မိဘနဲ့ သားသမီးတိုင်း မကြုံတွေ့ မခံစားစေလို့တဲ့ စေတနာ မေတ္တာ အရင်းခံဖြင့် ရင်မှရင်းသော အနှစ်သာရ စကားများကို ကျနော်မှ တစ်ဆင့် စာဖတ်သူများကို လက်ဆင့်ကမ်းစေခဲ့ပါတယ်။

ကျမပိုစ်ရဲ့ ခေါင်းစဉ်နဲ့ ကျမ ပိုစ့်စာသားများဟာ လိုက်ဖက်ချင်မှ လိုက်ဖက်ပါမယ်။ ဒါပေမဲ့ ဒီပိုစ်ထဲမှာ ပါတဲ့  မောင်တိုးတို့ မိသားစုလေးက ဒီ အနိစ္စ - ဒုက္ခ - အနတ္တ တွေကြား လက်တွေ့ရုန်းကန် ရှင်သန်ခဲ့ကြသူတွေမို့ ကျမ နှစ်သက်မိသော (အနိစ္စ - ဒုက္ခ - အနတ္တ) ဆိုတဲ့ ခေါင်းစဉ်လေးကို ပေးထားမိခြင်းပါ။ အဖေဆုံးပြီး အနိစ္စ သဘောတွေ လက်ခံလာရတယ်  အဲဒီနောက် ဒုက္ခတွေကြား ကျင်လည်ခဲ့ရတဲ့ ဘဝကနေမှ နောက်ဆုံး ဘာဆိုဘာမှ မရှိတော့တဲ့ အနတ္တသက်သက် ဘဝကို ဖော်ကျူးလိုခြင်းဖြစ်တယ်။

မိသားစုတိုင်း သာယာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။  စာဖတ်သူများလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပြုရင်း
  

စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး

3 comments:

ချစ်စံအိမ် said...

လာဖတ်သွားပါတယ် မမရေ
ဇာတ်လမ်းလေးဖတ်ရတာစိတ်မကောင်းစရာပဲ

Yin Sue said...

အစ်မရေ လာဖတ်သွားတယ်.....အရမ်းရေးတတ်တယ်နော်...ဇာတ်လမ်းလေးလည်းကောင်းတယ်..... ပညာပေးလေးလို့ ပြောလို့ရမလားမသိဘူးနော်........အစ်မပေးသွားတဲ့ မက်ဆေ့ခ်ျလေး ကောင်းပါတယ်ဗျာ....ကျေးဇူးပါ

မဒမ်ကိုး said...

တကယ်ကောင်းတဲ့ပိုစ့်လေး ရင်ထဲရောက်သွားတယ် မမရေ

ချစ်တဲ့
ဒိုးကန်