သူငယ်ချင်းရေ စကားဦးနှုတ်ဆက်ချင်တာက နေကောင်းကျန်းမာရဲ့လား။ အဆင်ပြေရဲ့လား။ ဒို့တွေဝေးကွာခဲ့တာ ရက်ကနေလ လကနေနှစ် နှစ်တွေကနေမှ နှစ်တွေအလီလီ ကြာခဲ့ပြီနော်။ တစ်ခါတစ်ရံမှာ အတိတ်အကြောင်းတွေဆီ သတိရမိတိုင်း ငါတို့တွေပျော်ခဲ့တာတွေ မှတ်မိသေးတယ်။
လွန်ခဲ့တဲ့(၁၀)နှစ်ကျော် အရွယ်မှာပေါ့။ လန်းဆန်းတက်ကြွ အပျိုဖြန်းလေးအရွယ်မှာ နင်နဲ့ငါက အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေ စဖြစ်ခဲ့တယ်လေ။ အဲဒီတုန်းက ဘယ်လိုမှမြင်မလှ ဘယ်လိုမှ ကြည့်မကောင်းတဲ့ ငါတို့သူငယ်ချင်း (၂)ယောက်။ နင်ကအရပ် အရှည်လွန်းတယ်။ ငါ့ကျတော့လည်း တက္ကသိုလ်ဂွမ်းပုံ အားကျလို့အမေက ပုံတူထုခဲ့ပေးတယ်။ အဲတုန်းက နင်က အနေသေသပ်ပြီး တည်ငြိမ်အေးဆေးသလောက် ငါကအနေကြမ်းတမ်းတယ်။ ဒါပေမဲ့ အဲဒီတုန်က ငါတို့တွေ အရောင်မဆိုးတဲ့ ခင်မင်မှု့တွေနဲ့ ငါတို့တွေ တကယ်ပျော်ခဲ့ကြ တယ်။ ရှေးဘဝရေစက်ကြောင့် လား ဘုရားသခင် ရဲ့အလိုကျလား မသိ။ ငါဒို့ တွေဆုံတွေ့ကြတာကလည်း ထူးဆန်းတယ်။ အစိုးရဝန်ထမ်း တစ်ယောက်ရဲ့ သားသမီးမို့ မိဘတာဝန်ကျရာလိုက်နေခဲ့ရင်း နင်နဲ့ခင်မင်ခဲ့ရတာလေ။
တိုင်းရင်းသူလေးတစ်ယောက် မြေပြန့်မှာကြီးပြင်းလာပြီး ရုတ်တရက် အဖေတာဝန်ကျတဲ့ အညာမြေ ကိုရောက်ခါစတုန်းကပေါ့။ အိုး … ပူလိုက်တာ … ရေချိုလည်းရှားပေါ့။ အစားအသောက်တွေလည်း မတူ အကျင့်စရိုက်တွေလည်း မတူ။ ငါကဘဲ အနေကြမ်းတာလား နင်တို့အညာသူ အညာသားတွေကဘဲ အမြင်ကျဉ်းတာလား အဲတုန်းကငါတွေးမိတယ်။ ဒီလိုနဲ့ အိမ်နီးချင်းမိတ်ဆွေ နင်နဲ့ခင်မင်ခွင့်ရလာတော့ ငါ အတော်ပျော်ခဲ့တယ်။ တိုင်းရင်းသူတစ်ယောက်နဲ့ တကယ့်အညာသား တစ်ယောက်တစ်နေရာမှာ မထင်မှတ်ဘဲ ခုလို စိတ်တူကိုယ်တူ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ ဆန်းတော့ ဆန်းကြယ် သား။
ငါတို့တွေရင်းနှီးမှုတွေ ခိုင်မာလာတော့ ငါဘယ်သွားသွား နင်ကအမြဲပါနေကျ။ နင့်ရဲ့အားလပ်ချိန်တိုင်း ငါတို့အိမ်မှာအချိန်ပြည့် နင်ရှိနေကျလေ။ စနေ/တနင်္ဂနွေဆို ငါတို့အမေက မုန့်ဟင်းခါး … အုန်းနို့ခေါက်ဆွဲ … အစားအစာတွေ မရိုးအောင်တစ်မျိုးပြီးတစ်မျိုး ချက်ကျွေးခဲ့တာတွေ သတိရမိတိုင်း နင့်ကိုပိုလို့ သတိရမိတယ်။ နင်လည်းဒီပုံရိပ်တွေ မေ့ပျောက်ဦးမှာ မဟုတ်ပါဘူးလို့ငါ ယုံကြည်နေမယ်နော်။ အဲဒီတုန်းကတော့ ငါတို့တွေဆယ်ကျော်သက် အရွယ်တွေမို့ တကယ်လည်း အပြစ်ကင်းခဲ့တယ်။ အရမ်းလည်းပျော်ခဲ့တယ်။
မှတ်မှတ်ရရတစ်ခု သတိရမိတာက ငါတို့အောက်ပြည်က တိုင်းရင်းသူ/သားတွေ နဲ့ မိဘတွေ ဆက်ဆံမှု့ဟာ ပွင့်လင်းတယ်။ ငါ့အဖေကငါ့ကို အရမ်းချစ်ပြီး ငါဘယ်သွားသွား အဖေ ငါ့နဲ့အတူလိုက်ခဲ့တာကို နင်တို့ အရမ်းအံ့သြကြပြီး ငါ့မွေးနေ့မှာ အဖေငါ့လိုချင်တဲ့ ဖရီးဇက်စက်ဘီးလေး ဝယ်ပေးတုန်းကပေါ့ ငါ ဖေ့ကိုအားရပါးရနမ်းပြီး ဂုတ်ပိုးစီးခဲ့တာ … ငါတို့သားအဖမှာတော့ အပျော်ကြီး စီးဝင်နေတယ်။ အမေကလည်း ဘေးနားက ပြုံးပြုံးကြီးနဲ့ ပီတိတွေဖြစ်နေခဲ့တာ။ အဲဒီတုန်းကတော့ နင်တို့ အညာသူ/သားတွေက ငါ့အပေါ်အမြင်တွေမှားပြီး အံ့သြစွာ ကြည့်နေကြတာလေ။ တီးတိုးတီးတိုး ပြောသံတွေရောပေါ့။ ငါကတော့ ငါလိုချင်တာငါရခဲ့တော့ အပျော်ကြီးပျော်နေတာ။ နင်တို့ကြည့်တဲ့ အကြည့်တွေကိုလည်း ဂရုမစိုက်ခဲ့မိသလို တွေးပြီးမရှက်အားဘူး။ အမှတ်ရနေသေးတယ် ဒီမြင်ကွင်းလေး…..
ဒီလိုနဲ့ ညနေဆိုနင်က စက်ဘီးနဲ့လာခေါ် ငါတို့သူငယ်ချင်းတွေစုပြီး စက်ဘီးလိုက်စီးခဲ့ကြတယ်။ အပြန်မှာ မုန့်တွေစားကြ။ ငါမမေ့သေးဘူး သူငယ်ချင်းရေ။ ဒီလိုပျော်ရွှင်ခဲ့တဲ့ဘဝနဲ့ ဝေးကွာခဲ့တာ ခုဆို(၁၀)နှစ်ပြည် ခဲ့ပြီ။ နင်ကော ဒါတွေသတိရမိသေးရဲ့လား။ ငါတို့တွေ ဘုရားအတူဖူးခဲ့ကြတာ ခရီးရှည်တစ်ခုမှာ စက်ဘီး ကိုယ်စီစီးပြီး သီချင်းတွေဆိုခဲ့ကြတာ နင့်အိမ်က မာကလာသီးတွေသီးတိုင်း နင်ငါ့အတွက်ယူလားပေးတာ ငါလိမ်းဘို့ သနပ်ခါးစစ်စစ်လေးကိုမှ ရွေးဝယ်လာပေးတတ်တာ ငါစိတ်ဆိုးပြီး နင့်ကိုရန်ဖြစ်ခဲ့တာတွေ ငါအမြဲသတိရမိတယ်။
ဒို့တွေ လက်ပြနှုတ်ဆက်ခဲ့တုန်းက ခဏတာဘဲဝေးခဲ့ကြမယ်လို့ ထင်မိခဲ့တာ။ ခုတော့လည်း …….. နှစ်တွေ အတော်ကြာခဲ့ပြီဘဲ။ အဲဒီခွဲခါမဲ့ အချိန်တုန်းက နင့်ရင်ထဲက ခံစားချက်တွေကို ကဗျာနဲ့တစ်မျိုး သီချင်းနဲ့ တစ်ဖုံ အမူအယာတွေပြခဲ့တုန်းက ငါတကယ် သတိမထားခဲ့ဘူး။ ငါကိုတစ်ခြား ကောင်လေးတွေက ဖုန်းဆက်လာတိုင်း နင်တစ်ယောက်ထဲ အမှောင်ထဲမှာ ပေါက်ကွဲနေတယ်ဆိုတာ ငါ့ သူငယ်ချင်းတွေပြောပြပေမဲ့ ငါဂရုမပြူခဲ့ဘူး။ ညဘက်ဆို ငါ့အိမ်ရှေရဲ့အုတ်ခုံလေးမှာ ဂီတာသံ ပုံမှန်ကြားတိုင်း နင့်ရင်ထဲငှက်ဆိုးထိုးသံဆိုပြီး နင်ပေါက်ကွဲပြတယ်။ တကယ်တော့ ငါကိုယ်တိုင်က အဲဒီအချိန်တုန်းက သူငယ်ချင်းတွေကိုဘဲ တွယ်တာမက်မောခဲ့တာပါ။ အချစ်ဆိုတဲ့ ပူလောင်တာကို ငါ မခံစားတတ်သလို ငါ့နှလုံးသားက လက်ခံနားဆင်ခံစားပေးဘို့ တံခါးမဖွင့်ပေးခဲ့ဘူး။ ငါကိုယ်တိုင်ဘဲ တံခါးပိတ်ထားတာလား ငါ့နှလုံးသားတံခါးက ဖွင့်ချိန်မတန်လို့ မပွင့်လာသေးတာလား ငါတကယ်မသိခဲ့ဘူး။
ဒါပေမဲ့ နင့်ရဲ့တစ်ဖက်သက် အချစ်တွေက နင့်နှလုံးသားကို သွားခွင်ပြုချိန်မှာတော့ ငါ့ဘက်မှာ အဆင်သင့် မဖြစ်ခဲ့ဘဲ ငါ့စိတ်ထဲအမြင်ထဲမှာ နင်ဟာတကယ့် လူရိုင်းတစ်ယောက် ဖြစ်ခဲ့တယ်။ သူငယ်ချင်း အဆင့်ကို ကျော်လွန်ဘို့ နင်အကြိမ်ကြိမ်ကြိုးစားခဲ့လို့ ငါ့နှလုံးသားကို တစ်ကြိမ်တော့ ရှထိ သွားတယ်။ အဲဒီ ရှထိ သွားခဲ့တာကလည်း အချစ်မဟုတ်ခဲ့ဘူး။ ငါ့ရဲ့ဒေါသဘဲ။ နင်ဘဲကံဆိုးတာလား ငါဘဲမိန်းမရိုင်းကြီး လား မသိခဲ့။ နင့်ကိုငါ ခင်မင်ချင်စိတ်တွေကုန်ပြီး အတော်လေးမုန်းတီးသွားတယ်။ အမှတ်မထင်လို့ လမ်းမှာဆုံဖြစ်ရင်တောင် နင်နဲ့မတိုးအောင်ငါ ရှောင်ခဲ့တယ်။ အဲဒီချိန်ကစ နင်နဲ့က သူငယ်ချင်းဘဝကနေ စတင်ဝေးသွားခဲ့တယ်။
တကယ်တော့ နင့်ဘက်ကမမှားသလို ငါ့ဘက်လည်းမမှားခဲ့ဘူး။ မှားခဲ့တာက နင့်နှလုံးသားပါ။ ငါလိုမချစ်တတ်သူကိုမှ နင်ကရွေးချစ်ခဲ့တော့လည်း တစ်ဖက်သတ်ဘဝနဲ့ နင်ရင်ကွဲနာ ကျခဲ့တာဘဲလေ။ နောက်ဆုံးတော့ ငါ့အချစ်တွေလည်းမရ … သူငယ်ချင်းဘဝကိုလည်း နင်ဆုံးရှုံးခဲ့ရ တာပေါ့။ ဒီလိုနဲ့နင်နဲ့ငါ ဝေးသွားကြတာ ရင်ဘတ်မှာ ဒဏ်ရာကိုယ်စီနဲ့ပေါ့။ နင့်ရင်ဘတ်ထဲက ဒဏ်ရာက ခံစားချက်။ ငါ့ရင်ဘတ်ထဲက ဒဏ်ရာက နာကျည်းချက်။
အချိန်တွေတိုက်စားရင်း ဘဝသံသရာစက်ဝန်းကြီးထဲ ကျင်လည်လှုပ်ရှားရင်း အငိုနဲ့အပြုံးကြား ဘဝ မှာနေတတ်အောင် ငါသင်ယူခဲ့တယ်။ အပြောင်းအလဲတွေကြောင့် လိုက်ရင်းနဲ့မျှော … မျှောရင်းနဲ့လိုက် ပေါ့။ တစ်ခါတစ်ရံမှာ ကမ်းစပ်ဖြစ်လိုက် တစ်ခါတစ်ရံမှာ ရေလှိုင်းဖြစ်လိုက်နဲ့ အမောတွေကြား လုံးပန်းခဲ့ရတယ်။ ဒီလိုနဲ့ဘဲ ဖူးစာရေးနတ်ကဘဲ မှားရွေး တာလား မြှားနတ်မောင် ကဘဲ မြှားမှားပစ်တာလားမသိ။ ငါ့နှလုံးသားကို တစ်စုံတစ်ခု စိုက်ဝင်သွားခဲ့တယ်။ အစပိုင်းမှာ စိုက်ဝင်သွားတဲ့ မြှားဒဏ်ရာကို ငါမခံစားတတ်သေးပေမဲ့ အချိန်တွေက ကုစားပေးလိုက်တာလား မသိ။ ငါ့ရင်ထဲစိုက်ဝင်သွားတဲ့ မြှားအတွက် ငါခံစားတတ်လာတယ်။ (လွမ်းနေလား… ငိုနေလား… စိုးရိမ်လား… ပူလောင်လား…. အေးမြလား )… ပေါ့။
ဒီလိုနဲ့ မြှားနတ်မောင် ပစ်လိုက်တဲ့မြှားအတွက် အနာတွေဒဏ်ရာ မဖြစ်ရအောင် စိတ်ကိုဒုံးဒုံးချ ငါအိမ်ထောင်ကျခဲ့တယ်။ ဒီလိုနဲ့ အိမ်ထောင်သည်ဆိုတဲ့ သံသရာစက်ဝန်းထဲ ထပ်မှန်လည်ပတ် ခဲ့ရပြန်တယ်။ နင်လည်းအရင်လို မဟုတ်တော့ဘူးပေါ့။ အသဲကွဲတာတွေ ကုစားရင်းနဲ့ သမားတော် တစ်ယောက် ဖြစ်သွားပြီလို့ ငါကြားခဲ့တယ်။ခုတော့ ငါတို့တွေကိုယ်စီ တစ်နေရာစီမှာ ဘဝအတွက် အခြေချနေရပြီ။ ငါတို့ကိုယ်တိုင် မြေဖို့ပေါင်းသင်ထားတဲ့ အနာဂါတ် ပန်းဥယျာဉ်လေးတွေမှာ ပန်းလေးတွေ အပင်သန်စွာ ပေါက်နိုင်ဘို့အရေးပေါ့။ တစ်ခုတော့သတိပေးချင်တယ် သူငယ်ချင်းရေ မျိုးဥမှန်မှ ပင်သန်မှာနော်။ နင်လည်း မျိုးဥမှန်ဘို့ လမ်းမှန်လျှောက်ဘို့လိုမယ်။
ငါတို့တွေရဲ့ အတိတ်က ခင်မင်ခဲ့တာတွေ ငါမေ့မေ့ပျောက်ပျောက် နေလာခဲ့တာ နှစ်တွေအတော်ကြာခဲ့ပြီး ခုမှနင့်အကြောင်းတွေ ပြန်ပြန်တွေးပြီး သတိရမိတယ်။ ခုချိန်ရောက်မှ ပြန်တွေးဖြစ်တယ်ဆိုတာကလည်း ငါတို့တွေရဲ့ သူငယ်ချင်း သံယောဇဉ်ကြောင့်ဘဲပေါ့။ ငါ့အပေါ် နင်အနွံတာခံခဲ့တာတွေကို သတိရမိတိုင်း စိတ်မကောင်းဖြစ်ခဲမိတာမှန်ပါ။ ဒါပေမဲ့ ဒါတွေက ပြီးဆုံးခဲ့ပြီလေ။ နင့်အကြောင်း ပြန်တွေးဖြစ်အောင် ဒီလမ်းကြောင်းပေါ် သတင်းတစ်ခုက ငါ့ကိုတွန်းပို့ ခဲ့တာလေ။
အဆက်သွယ်တွေ ပြတ်နေချိန်မှာ နင်ဘာတွေဖြစ် ဘာတွေလုပ်နေလဲဆိုတာ ငါတစ်ချက်မှမတွေးမိပေမဲ့ ခုချိန်မှာ ငါနင့်အကြောင့် ငါတွေးမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ကြားလိုက်ရတဲ့ သတင်းက နင်အရက်သမား လုံးလုံးဖြစ်သွားပြီတဲ့။ နောက်ပြီး အိမ်ထောင်ကျ ကံ မကောင်းဘူးတဲ့။ နင့်အမျိုးသမီးက မြန်မာဗုဒ္ဒဘာသာဝင်ဆိုပေမဲ့ ဘာသာတရားနဲ့ ယဉ်ကျေးမှု့ကို မသိဘူးတဲ့။ ဒီလိုတွေကြားရတော့ နင့်အတွက် ငါစိတ်မကောင်းဖြစ်မိတယ် သူငယ်ချင်း။ နင့်အတွက် ငါစိတ်မကောင်းဖြစ်တာ အမှန်ပါ။ ငါဘာမှ မတတ်နိုင်ပေမဲ့ သူငယ်ချင်းရေ ငါ စကားလေးတွေနဲ့တော့ နင့်ကိုအားပေးနှစ်သိမ့်ချင်တယ်။
(၁) လူဖြစ်ရဦးမဲ့ နင့်သားလေးရဲ့ အနာဂါတ်ကို နင်အမြဲထည့်တွေး စဉ်းစားပေးပါ။ အရက်သမားတစ်ယောက်ရဲ့ သားသမီးဆိုတာ ငယ်စဉ်အချိန်မှာ ခံစားချက်မဲ့ပေမဲ့ ကြီးပြင်းလာချိန် မှာတော့ ပတ်ဝန်းကျင်မှအစ ဆွေမျိုးတွေအဆုံး ဒီလူတွေကြားမှာ သူတို့လေးတွေ အမြဲအားငယ်နေရမှာ။ အဲတာလေးကိုတော့ ဖခင်ပီပီ နင်နားလည်ပေးပါ။
(၂) ပြီးတော့ နင်ကိုယ်တိုင်လည်း လူလုပ်ရဦးမဲ့ သက်တမ်းအများကြီး ကျန်ပါသေးတယ်။ ၂၉ ..၃၀.. ဆိုတာ ခေတ်ကာလ လူငယ်တွေစကားအရ အရွယ်လွန်ဆိုပေမဲ့ ဘဝနဲ့ယှဉ်ရင်တော့ နုနယ်သေးပါတယ်။ နင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမား မဖြစ်စေချင်တာကလည်း ငါ့စေတနာပေါ့။
(၃) အိမ်ထောင်ရေး ကံ ဆိုတာကလည်း အမျိုးမျိုးပေါ့ သူငယ်ချင်း။ ကံ ကိုအကြောင်းပြပြီး နင့်ဘဝကို အကျိုးမရှိတဲ့ ရေစုန်ထဲ မမျှောပစ်ပါနဲ့။ လူ့ဘဝဆိုတာ ရခဲပါတယ်။ ရစဉ်ကာလမှာ ရှိတာလေး နဲ့ ကျေနပ်ရောင့်ရဲအောင် နေတတ်ပြီး တတ်တာလေးနဲ့ အကျိုးရှိရှိ အသုံးချတတ် တတ်တယ် ဆို နင်ဘဝမှာ သာယာပျော်ရွှင်လာမှာပါ။
(၄) ပြည်တွင်းထဲမှာနေပြီး မြန်မာပြည်ပွား ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်မို့ ဘာသာရေးကို ရိုသေကိုင်းရှိုင်းတတ်အောင် နင်ကအစပြု သွန်သင်ဆုံးမ သေချာပြောပြပါ။ သူ့ရဲ့ မသိအမိုက်တွေကို နင့်ရဲ့ အသိတွေနဲ့ထိန်းကွပ်ပေးပေါ့။ လူတစ်ယောက်ရယ် ဖြစ်လာပြီဆို လူမျိုး ဘာသာ ဆိုတာရှိရတယ်ဆိုတာ သူ့ကိုပြောပြပေါ့။ အိမ်ထောင်ဦးစီးဆိုတဲ့ အိမ်ဦးနတ် ကလည်း ကျေးဇူးတစ်ဦး ပါဘဲ။ ယောက္ခထီး/မ ဆိုတာကလည်း မိဘပါဘဲဆိုတာ သူ အပြစ်မကြီးအောင် နင်သွန်သင်ပြောပြပေါ့။
ပြီးတော့ ဒို့မိဘတွေရဲ့ စီးပွားရေး လူမှုရေး …အရေး…. တွေကြားထဲမှာ သားသမီးတွေရဲ့ စိတ်ဓါတ်နဲ့ အနာဂါတ်ကို မထိခိုက်စေပါနဲ့။
မိဘဆိုတာ သားသမီးတွေရဲ့ အနာဂါတ်သွားမဲ့လမ်းမှာ ခေါင်းဆောင် (မီးအိမ်)လို့ ငါထင်တယ်လေ။ ဒါကြောင့် ငါတို့တွေက မိဘနေရာ တစ်နေရာကိုရပြီဆိုရင် အရင်တုန်းကထက် အစစအရာရာ ဆင်ခြင်တွေးတော ရတော့မယ် သူငယ်ချင်း။ ဆယ်ကျော်သက်တုန်းကလို ထင်တိုင်းကျဲလို့ မဖြစ်တော့ဘူး။ ပြီးတော့ ငါတို့ ကြီးပြင်းလာခဲ့တဲ့ ဘဝလိုမျိုး မပြည့်စုံနဲ့ဘဝမျိုးနဲ့တော့ သားသမီးတွေကို မဖြစ်စေချင်တာ မိဘတိုင်းရဲ့ စေတနာလို့ ငါထင်တယ်။ အဓိက ငွေကြေးမပြည့်စုံခဲ့ရင်တောင် ရှိတဲ့ဘဝလေးမှာ သားသမီးတွေကို စိတ်ရဲ့ပြည့်စုံမှုလေးတော့ ပေးဘို့နင်ရော ငါရော မမေ့ကြေးပေါ့။
ခုချိန်မှာနင်လည်း အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်နေပြီ။ ငါလည်းအိမ်ရှင်မနေရာမှာ မလျှောက်ထားဘဲ အလိုလိုအလုပ်ရပြီး နေရာကျနေပြီ။ နင်လည်းနင့်တာဝန်ကျေပါစေ . ငါလည် ငါ့တာဝန်ကျေအောင် ကြိုးစားမယ်။ ခဏလေးဆိုပြီး ခွဲလာကြတာ ခုဆိုတစ်အိုးတစ်အိမ် ထူထောင်ကြပြီး ဘဝတွေကို ရုန်းကန်နေရပြီ။ သူငယ်ချင်းရေ နင့်မိသားစုအပေါ် နင်အိမ်ထောင်ဦးစီး တာဝန်ကျေပါစေ။ နင့်ဇနီးအပေါ် သစ္စာရှိပါ။ နင့်သားသမီးတွေအပေါ် ဖခင်ပီသသူဖြစ်အောင် ကြိုးစားပါ။ အခက်အခဲတွေ ပြသနာတွေ ရင်ဆိုင်ကြုံရတိုင်း စိတ်ထင်တာတွေကို ဦးစားမပေးဘဲ ခေါင်းအေးအေးထား စဉ်းစားပါ။ ငါ့ရဲ့နောက်ဆုံး လက်ဆောင်စကားက ငါတို့ ကံမကုန်တဲ့တစ်နေ့ ပျော်ရွှင်သောမိသားစုဘဝ ကိုယ်စီနဲ့ ပြန်ဆုံကြမယ်။
စာဖတ်သူများကို ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး
8 comments:
အလွမ်းမြို့လေးရေ
လူတိုင်းဖတ်သင့်တဲ့ အသိပညာပေးလေးပါပဲသေချာဖတ်ခဲ့တယ်
မမလွမ်းရေ ပိုစ့်လေးဖတ်ပြီလွမ်းမိတယ်
တခုခုကို မေးနဲ့နော်ပြောဝူးးးးးးးးးး
အလွမ်းတွေသယ်သွားခဲ့ပြီနော်...
အားလုံးသော မောင်နှမတွေကို လာလည်တဲ့အတွက် အလွမ်းမြို့မှ ကျေးဇူးတင်ပါကြောင်း ....
ခင်မင်စွာဖြင့်
အလွမ်းမြို့လေး
ဘဝမှာတစ်ခါတစ်လေ ပခုံးချင်းတိုက်သွားမိရင်တောင်
တိုက်သွားတဲ့သူကတချိန်ကကိုယ့်သူငယ်ချင်းမှန်း
သတိမထားလိုက်မိတော့တဲ့အထိ ပြောင်းလဲမူတွေ
က ဖုံးကွယ်ဝှက်ထားတတ်ကြပါတယ့့်သေချာ
သတိထားကြည့်ပါ အစ်မရေ့အစ်မ ပတ်ဝန်းကျင်
မှာသူရှိရင်ရှိနေမှာပါ ဒါမှမဟုတ်သူဒီစာလေးကိုဖတ်မိ
သွားရင် အစ်မကိုဆက်သွယ်လာနိုင်ပါရဲ့
ဘယ်သူငယ်ချင်းကို လွမ်းရပါ့မလဲ တွေးနေမိတယ် ... သူငယ်ချင်းအတွက် စေတနာစိတ်လေးကို မြင်လိုက်ရတယ်။
အတိတ်ကအရာတွေကတခါတလေ မတူးဆွဘဲနဲ့လွမ်းဆွတ်နေတတ်ပြန်တယ် မမရေ
ချစ်တဲ့
ဒိုးကန်
အမ လွမ်း ရေ ပို့စ်လေးကို သေချာဖတ်သွားပါတယ်
ခင်ဗျာ...ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ သူငယ်ချင်းတ
ယောက်အပေါ် မကုန်ဆုံးသေးတဲ့ သူငယ်ချင်းသံယော
ဇဉ်လက်ကျန်လေးနဲ့ လမ်းမှန်ပေါ် ရောက်စေချင် တဲ့
အမလွမ်း ရဲ့စေတနာ မေတ္တာစကားတွေကို အညာ
ကသူငယ်ချင်းအသိအမှတ်ပြုနိုင်ပါစေခင်ဗျာ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
Post a Comment