ဒေါ်တူး အမြဲပြောဖြစ်တဲ့ စကားလေး ညို့ နားကမထွက်။ အမြဲပင်အမှတ်ရ ကြားယောင် ပီတိ ဖြစ်ခဲ့ရတယ်။ ကိုလတ်က ညီမလေးဖြစ်တဲ့ ညို့ကိုအရမ်းချစ်တာတဲ့။ကိုလတ်ချစ်သလို ညိုကလည်း အစ်ကိုထိမခံပါဘဲတဲ့။
အပိုင်း-၁
ဟိုအဝေးကြီးမှာ ကျန်ခဲ့တဲ့ ခလေးဘဝ ငယ်ငယ်တုန်းကပေါ့။ နေ့ခင်းဘက် အရိပ်ကောင်း သစ်ပင်အောက် မောင်နှမ အိုးပုတ်တမ်းကစား တူးတူပုန်းတမ်းကစားခဲ့ကြတာ။ ညီမလေးဖြစ်တဲ့ ညို ကလည်း သူ့အစ်ကိုဖြစ်တဲ့ ကိုလတ်ကိုအလွန်ချစ်သလို ကိုလတ်ကလည်း ညီမလေး ညို့ ကိုအလွန်ချစ်တယ်။ ခလေးသဘာဝပီပီ ကိုလတ်ကိုထိရင် ညိုအမြဲ ကိုလတ်ဘက်ကနေ ရန်ဖြစ်ကူတတ်ပြီး ညို့ကိုထိရင်လည်း ကိုလတ်က အမြဲရှေက မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။
အစ်ကိုလတ်က အလွန်အေးဆေး စကားနည်းသူဖြစ်ပေမဲ့ ညို ကတော့ အလွန်စကားတတ်လွန်း စကားကို ပေါက်ပေါက်ဖောက်သလို တတွတ်တွတ်ပြောတတ်တဲ့ မိန်းခလေးပေါ့။ ဒါကြောင့် တစ်အိမ်လုံးရဲ့ အသဲကျော်ဖြစ်ခဲ့ရတယ်။အဖေက အစိုးရဝန်ထမ်း အရာရှိတစ်ဦးဖြစ်ပေမဲ့ အရက်ရဲ့ကျေးကျွန် တစ်ဦးလည်းဖြစ်တယ်။ အမေကတော့ သာမာန်ရိုးရိုး ကိုယ်ပိုင်စီးပွား လုပ်သူပါဘဲ။ တစ်ခါတစ်လေ မိဘတွေအိမ်မှာမရှိလို့ ညိုတို့မောင်နှမနှစ်ယောက်ကို စောင့်ရှောက်မဲ့သူ မရှိခဲ့ရင်တောင် မောင်နှမ ( ၂) ယောက်က တစ်ယောက်ကို တစ်ယောက် ကြင်နာခြင်းတွေနဲ့ စောင့်ရှောက် ခဲ့ကြတာ။
ဒီလိုနဲ့ မူလတန်းကနေ အလယ်တန်း ခလေးဘဝအရွယ်ကို ရောက်လာခဲ့တယ်။ ညိုကငယ်ငယ်လေး ကတည်းက စာတော်ခဲ့သူဖြစ်သလို ကျောင်းရဲ့ကဗျာရွတ်ပြိုင်ပွဲ တေးသရုပ်ဖော်တွေမှာ အမြဲ ပထမဆု ရခဲ့သူလေး။ ကိုလတ်ကတော့ အနေအေး စကားနည်းသူမို့ အတန်းပညာကို ပုံမှန်သာတက်လာခဲ့ ရတယ်။
တစ်နေ့ .... ကံကြမ္မာဆိုးက မုန်တိုင်းတစ်ခုလား ညိုတို့မိသားစုထဲကို ဝင်ရောက်လာတယ်။ ညို ကျူရှင်ရှိရာ အသိတစ်ယောက်ရောက်လာပြီး ဆရာဆီခွင့်တောင်းလိုက်တယ်။ ညို နဲ့တွေ့ချင်လို့တဲ့။ ညို ခေါင်းလေးငုံ့ပြီး ကိုလှထွန်းခေါ်ရာ အခန်းအပြင်ဘက်ရောက်တော့ ညို နင်အိမ်ပြန်တော့။ နင့် အမေ မြို့ကအပြန် ကားမှောက်လို့တဲ့။ ညို ရုတ်တရက်ဘာပြောရမှန်းမသိ မျက်ဝန်းအိမ်မှ မျက်ရည်များ ယိုစီးကျလာတယ်။ ဆရာဆီပြန်သွားပြီး အိမ်ပြန်ခွင့်တောင်းတော့ စိတ်ကိုမထိန်နိုင်တာမို့ မျက်နှာပြင်တစ်ခုလုံး အမူယူပျက်သလို မျက်ဝန်းတွေကလည်း နီရဲပြီး မျက်ရည်စို့နေတုန်းမို့ ဆရာက သမီးညို ဘာဖြစ်တာတုန်း။ ဘာလို့ငိုနေတာလဲမေးတော့ ဆရာကို အမေမြို့ကအပြန် ကားမှောက်လို့ ခုဆေးရုံကိုအရေးပေါ် ပို့ရမှာမို့ ကိုလှထွန်း သမီးကိုလာခေါ်တာပါ ဆရာ။
ထိုအချိန်မှ ဆရာနားလည် သဘောပေါက်ပြီး စိတ်မကောင်းစွာနဲ့ ဆရာ ဘာကူညီပေးရမလဲ လို့မေးခဲ့တယ်။ ကျူရှင်ကသူငယ်ချင်းတွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်။ ဆရာကလည်း ခုလိုဖြစ်လာတာမို့ ဒီညနေတော့ ဆရာ့ကိုနားလည်ပေးကြပါ ဆရာ ဒီညကျူရှင် မသင်တော့ဘူး။ ဒီည ကျူရှင်နားမယ်လို့ ပြောလိုက်တော့ သူငယ်ချင်းတွေပါ ညို့နောက် အပြန်မှဆေးရုံလိုက်ပို့ အားပေးသူက အားပေးပေါ့။
ဆေးရုံရောက်တော့ အမေ့နားမှာ အဖေလည်းမရှိ အစ်ကိုလတ်လည်းမရှိ။ ညို မေမေ့ကိုကြည့်ပြီး ငိုနေမိတယ်။ အမေကတော့ သမီးရယ် အမေဘာမှမဖြစ်ပါဘူး မငိုပါနဲ့။ အမေ သေသွားတာမှမဟုတ်တာ။ ဘာလို့ ငိုနေတာလဲတဲ့။ တကယ်စိတ်ဓါတ် မာကြောတဲ့ အမေ့ကိုကြည့်ပြီး ညိုဘာမှပြန်မပြောတတ်။ ခြေတစ်ဖက် လက်တစ်ဖက် ကျိုးသွားတာတောင် အမေကဆေးရုံကုတင်ပေါ်မှာ သူဘာမှမဖြစ်ဘူးဆိုပြီး သမီးကိုပြောလာတော့ ကြီးမားတဲ့ မိခင်တွေရဲ့မေတ္တာကို ညို နားလည်သင့်သလောက် နားလည်ခဲ့ ရတယ်။ အမေကညို့ကို သမီး အစ်ကိုလတ် ဆိုင်စောင့် ကျန်ခဲ့တယ်။ သမီးအဖေကတော့ အရက်ဆိုင် ရောက်နေလောက်ပြီ။ သမီးအိမ်ပြန်တော့နော်။ မိုးလည်းချုပ်တော့မယ်။ အစ်ကိုလတ်ကို ဆိုင်ကူသိမ်းပြီး သမီးအဖေကို မြို့ပတ်ပြီး အရက်ဆိုင်တွေမှာ လိုက်ရှာနော်။ အမေ့ကိုတော့ စိတ်မပူနဲ့သိလား။ ဆေးရုံက ဆရာဝန်တွေ သူနာပြုတွေလည်း ရှိနေတော့ စိတ်ပူစရာမရှိတော့ဘူး။
ကဲ.... သမီးပြန်တော့။ အစ်ကိုလတ် တစ်ယောက်တည်း ဆိုင်သိမ်းချက်ပြုတ် သူနိုင်မှာမဟုတ်ဘူး။အမေ့ စကားဆုံးတော့ ညို အမေ့ကို သေချာကြည့်ပြီး ကြေကွဲစွာနဲ့ ဆေးရုံမှ ထွက်ခွာလာ ခဲ့တယ်။ ဆေးရုံကအပြန် လမ်းတစ်လျှောက် ရှိသမျှ သိသမျှ အရက်ဆိုင်ထဲ ကျူရှင်လွတ်အိတ်လေး လွယ်ပြီးအဖေ့ကို လိုက်ရှာနေခဲ့တယ်။ အဲဒီအချိန်က ညိုက ( ၈ ) တန်းကျောင်းသူကြီး ဖြစ်နေပြီ။ ကျူရှင်လွယ်အိတ်လေးနဲ့ အရက်ဆိုင်တွေထဲဝင်ပြီး အဖေ့ကိုရှာပုံတော် ဖွင့်ခဲ့ရတယ်။ ရုံးဆင်းချိန် အိမ်ကိုတန်းမပြန်တတ်တဲ့ အဖေ့ရဲ့အကျင့်ဆိုးကို အမေလည်းပြောပြ ပြင်ခိုင်းမရခဲ့ဘူး။ ညနေတိုင်း မိသားစုထမင်းဝိုင်း ပြင်ဆင်ချိန်တိုင်း ညို တစ်ယောက်အဖေ့ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အပြေးလိုက်ရှာ အိမ်ပြန်ခေါ်ရတာ ညို (၄) တန်းကျောင်းသူ ဘဝကစခဲ့ရတာပေါ့။ ညို့အတွက် အပန်းမကြီးသလို တာဝန်တစ်ခုလို အမြဲပြုနေတော့ အရက်ဆိုင်ထဲ ဝင်ထွက်နေရတာ ညို အတွက်တော့ ရင်းနှီးကျွမ်းဝင် နေပြီးသားပေါ့။
အဖေ့ကိုဆိုင်တစ်ဆိုင်ထဲ အပေါင်းသင်းတွေနဲ့ သောက်စား စကားဝိုင်းဖွဲ့နေတာမြင်တော့ ညိုလေ ဆေးရုံက အမေ့မျက်နှာလေး ပြေးမြင်ယောင်လာမိတယ်။ ဆိုင်ထဲဝင်ပြီး အဖေတို့စကားဝိုင်းရှေ မတ်တပ်ရပ်ပြီး အဖေ့ကို စိုက်ကြည့်နေလိုက်တယ်။ အဖေက အလိုက်သိတဲ့ ခလေးလို ချက်ချင်း လွယ်အိတ်လွယ်ပြီး သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်တယ်။ အဖေ့ညို့အနားရောက်တော့ ညို အဖေ့ကိုဖက်ပြီး ငိုပစ်လိုက်တယ်။ ရုတ်တရက်မို့ အဖေနားမလည်ဖြစ်သွားသလို သမီးကိုတော်တော် စိတ်ပူစိုးရိမ်စိတ်ဖြစ်ပြီး သမီးဘာဖြစ်တာလဲ အဖေ့ကိုပြော အတင်းမေးခဲ့တယ်။ ငိုကြောရှည်တဲ့ ညိုကလည်း ရှိုက်သံမပြီးဆုံးတဲ့အထိ အဖေ့အမေးကို မဖြေနိုင်ခဲ့။ မိဘတွေ သားသမီးအပေါ် ထားတဲ့ချစ်ခြင်းမေတ္တာက ကြီးမားတယ်ဆိုတာ ညို အဖေ့အမူအယာတွေကြောင့် သိခဲ့ရပြန်တယ်။
ခဏကြာတော့ ညိုငိုသံတွေနဲ့ ပလုံးပထွေး အမေကားမှောက်လို့ ဆေးရုံရောက်နေတယ်လို့ အဖေ့ကိုပြောပြလိုက်တော့ အဖေ ညို့လက်ကိုအတင်းဆွဲ အစ်ကိုလတ်ရှိတဲ့ ဆိုင်ကိုအပြေးပြန်လာ ကြတယ်။ အဖေက ညိုနဲ့အစ်ကိုလတ်ကို မှာချင်တာမှာခဲ့ပြီး အမေရှိတဲ့ ဆေးရုံကိုလိုက်သွားခဲ့တယ်။
^^^^^^^^^^^
ဒီလိုနဲ့ရက်တွေ အတော်ကြာလာတော့ အမေဆေးရုံက ဆင်းခဲ့ရတယ်။ အဲဒီအချိန်ကစ အစ်ကိုလတ် ကျောင်းထွက်ခဲ့ရတယ်။ ခြေတစ်ဖက် လက်တစ်ဖက်ကျိုးနေတဲ့ အမေ့ကိုပြုစု စောင့်ရှောက်ဖို့ ဆိုင်ကိစ္စတွေ ဦးဆောင်ဖို့အတွက် အစ်ကိုလတ် အနစ်နာခံကျောင်းထွက် ပေးခဲ့ရတယ်။ အမေကတော့ ကျောက်ပတ်တီးစီးပြီး (ဂျိုင်းတောင့်) ၁စုံ အရံသင့်ဘေးနားထား နေခဲ့ရတယ်။ အဲဒီအချိန်ကစ ညို အကိုလတ်ကို ပိုလို့ချစ်လာသလို မိသားစုအတွက် အနစ်နာခံခဲ့တာမို့ ပိုလို့လေးစားခဲ့တယ်။
ဒီလိုနဲ့ဘဲ ရာသီတွေပြောင်း အချိန်တွေကုန်လာခဲ့တာ ညိုအထက်တန်းကျောင်းသူ ဘဝကိုလွန်မြှောက်ပြီး ကိုယ့်ဘဝကို ကိုယ်ရပ်တည်ခဲ့တဲ့ အရွယ်ထိရောက်လာခဲ့တယ်။ အချိန်တွေကြာလာတော့ အမေ့ခြေတောက်လည်း ဂျိုင်းထောက်လွှတ် ပကတိအတိုင်း ပြန်ဖြစ်လာတယ်။ အစ်ကိုလတ်လည်း ကျောင်းပညာကို အသက်အရွယ်နဲ့မလိုက် ရပ်ထားတဲ့ အတန်းကနေ ပြန်လည် သင်ကြားခဲ့တယ်။
အချိန်တွေတိုက်စား ရာသီတွေပြောင်းလဲ ညိုတို့တွေလည်း ဘဝတွေတစ်ဆင့်ချိုး အနာဂါတ်အတွက် ကြိုးစားပြောင်းလဲနေကြပေမဲ့ မပြောင်းလဲသေးသော လူတစ်ဦးက အဖေ။ သောက်မြဲ သောက်နေဆဲပင်။ ညိုလည်း အရွယ်တွေရောက်လာပြီမို့ နယ်ချဲ့ပြီး အသိပညာ အတတ်ပညာရှာဖို့ တောရွာလေးကနေ လူစည်ကားတဲ့ ရန်ကုန်မြို့လေးကို ရောက်ခဲ့ပါတယ်။ ဒီလိုလေးနဲ့ဘဲ ဘဝတွေဖြတ်သန်းလာလိုက်တာ ညိုနဲ့အစ်ကိုလတ်ရဲ့ နွေးထွေးမှု့ချစ်ခြင်းတွေက အရင်တုန်းကလို မဟုတ်တော့ဘူး။ တစ်စိမ်းဆန် လာခဲ့ကြတယ်။ အဲဒီတုန်းကတော့ ဒါတွေသတိမထားမိခဲ့ဘူး ကိုယ်စီဘဝတွေအတွက် အနာဂါတ်လှပဖို့ အတွက် ကြိုးစားနေခဲ့ကြရတာမို့။
ဒါပေမဲ့ ညိုကတော မပြောင်းလဲဘဲ အစ်ကိုအပေါ်မှာ ချစ်ခြင်းတွေ မပျက်ပျယ်ခဲ့ သလို လေးစားမှု့လည်း လျှော့မသွားခဲ့ဘူး။ ညို့စိတ်ထဲမှာတော့ အစ်ကိုလတ်တစ်ယောက် ညို့ကို အရင်ကလို မချစ်တော့ဘူးလို့ ခံစားခဲ့ရတယ်။ အင်းလေ အရွယ်တွေကလည်း ခလေးမှမဟုတ်တော့တာ။ လူပျို အပျိုလေးတွေ ဖြစ်လာပြီမို့ အစ်ကိုလတ် ညို့ကိုချစ်တာတွေ ငယ်ငယ်တုန်းကလို ထုတ်မပြခဲ့တာဘဲ ဖြစ်မယ်လို့ ညိုယူဆထားလိုက်တယ်။ဘယ်လိုဘဲဖြစ်ဖြစ် ပြေးကြည့်ရင် ဒီမောင်နှမ နှစ်ယောက်တည်းရှိတာ အငယ်လည်းဖြစ် မိန်းခလေးလည်းဖြစ်တော့ အစ်ကို အချစ်ခံချင် အလိုလိုက် ဂရုစိုက်စေချင်တာကတော့ ညို့ ဆန္ဒပေါ့။
ဒီလိုနဲ့ဘဲ ဘဝတွေဖြတ်သန်းရင်း အသက်တွေ (၂၀) ကျော်လာခဲ့တယ်။ အစ်ကိုလတ်ကတော့ ပညာရေးထက် စီးပွားရေးကို ပိုဦးစားပေးသူမို့ အဲဒီတုန်းကလည်း နိုင်ငံခြားထွက်တဲ့ အချိန် ခေတ်စားလာတာမို့ အမေ့မှာရှိတာလေးနဲ့ အစ်ကိုလတ်ကို နိုင်ငံခြားဆိုတဲ့ သူများနိုင်ငံမှာ အလုပ်လုပ်ဖို့ အမေကြိုးစားပေးခဲ့တယ်။ အစ်ကိုလတ်လည်း နိုင်ငံခြားရောက်ပြီး အလုပ်အကိုင်တွေလည်း အဆင်ပြေတာသိရတော့ ညိုတို့မိသားစု အားလုံး ဝမ်းသာပီတိဖြစ်ခဲ့ရတာပေါ့။ ဒီလိုနဲ့ ညိုလည်း အစ်ကိုလတ်ရှိတဲ့ နိုင်ငံကို အလုပ်လုပ်ဖို့ ခြေဆန့်ခဲ့ပြန်တယ်။
တိုင်းတစ်ပါးမှာ ညိုတစ်ယောက် ရေမျှောလိုက် ကမ်းတင်လိုက် အဆင်ပြေတလှည့် အခက်ခဲတလှည့်နဲ့ နေလာလိုက်တာ အချိန်တွေကြာလို့ ကြာညောင်းမှန်းတောင် မသိလိုက်ဘူး။ အသက်အရွယ်ကလည်း ခလေးမဟုတ်တော့ မိန်းမသားတွေဆိုတဲ့ အတွေးလေးနဲ့ ညို အိမ်ဦးနတ်နဲ့ ဆုံဖြစ်ခဲ့ကြတယ်။ ညို အိမ်ထောင်ပြုဖို့ဆုံးဖြတ်ပြီးချိန် ညို့ မိဘတွေဆီ ပထမဆုံး အသိပေး အကြောင်းကြားခဲ့တယ်။ ညို့ မိဘတွေက ညို့ကိုယုံကြည်စွာဖြင့် သမီးညို ရွေးချယ်တဲ့လမ်း သမီးဘဲ လျှောက်ရမှာမို့ အဖေနဲ့အမေ ဘာမှမပြောလိုပါဘူး။ အိမ်ထောင်ရေး သာယာပျော်ရွှင်အောင် တည်ထောင်ကြပါလို့ဘဲ မှာခဲ့တယ်။
ဒီလိုနဲ့ဘဲ ညိုတို့ မင်္ဂလာရက်လေး နီးလာလေလေ ညို ပိုပင်ပန်းခဲ့ရတယ်။ မိဘတွေလည်း အနားမရှိ အစ်ကိုလတ်ကလည်း ညို့ မင်္ဂလာပွဲကို မေးဖော်တောင်မရ ညို အတော်ဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့ ဒီလမ်းကို ညိုရွေးချယ်ခဲ့တာမို့ ညို ကို့လက်ကိုဆွဲ သတ္တိရှိရှိ ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ အားလုံးပြီးဆုံးပြီး မင်္ဂလာရက်မတိုက်ခင် ညို အစ်ကိုလတ်နဲ့ ကို့ကိုပေးတွေ့ခဲ့တယ်။ ညို စိတ်ကသိနေတယ်။ အစ်ကိုလတ် ညို့အပေါ် တစ်ခုခုစိတ်ခုနေတယ်ဆိုတာ။ ဒါပေမဲ့ အစ်ကိုလတ်က အနေအေး စကားနည်းတော့ မေးလည်းဘာမှမဖြစ်ပါဘူး ဆိုတာထက်ပိုပြီး ဘာမှမပြောခဲ့ဘူး။ ဒါတွေသိနေလို့ ညို့ မင်္ဂလာပွဲလေးမှာ မိဘတွေ အကြောင်းကြောင်းကြောင့် မတက်ရောက်နိုင်ခဲ့ရင်တောင် ညို့မှာတစ်ဦးတည်းရှိတဲ့ အစ်ကိုလတ်ကို မိဘနေရာမှာ ရှိစေချင်တာ ညို့ ဆန္ဒပေါ့။ ဒါကြောင့် ညိုကိုယ်တိုင် ရိုသေသမှု့ပြု အစ်ကိုလတ်ကို ညနေခင်းတစ်ခုမှာ ဆိုင်တစ်ဆိုင်မှာချိန်းပြီး ညို့ အိမ်ဦးသခင်ဖြစ်လာမဲ့ ကိုနဲ့လည်း မိတ်ဆက်ပေးခဲ့ပြီး ညို့တို့ မင်္ဂလာဖိတ်စာလေးကို ကိုယ်တိုင်ကမ်းပေးခဲ့သူ မိဘနေရာ လက်မှတ်ထိုးပေးဖို့လည်း တောင်းပန်ခဲ့သူပါ။
အဲလိုတောင်းပန်ပြောနေတဲ့ ညို့ကို အစ်ကိုလတ် ဒီလိုရက်စက်လိမ့်မယ်လို့ ညို မထင်ခဲ့ဘူး။ ညို့မှာတော့ အစ်ကိုလတ်ရဲ့ လာခဲ့မှာပေါ့ဆိုတဲ့ အဖြေလေးက တကယ့်အားဆေးပါဘဲ။ တိုင်းတစ်ပါးမှာ လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတော့ မင်္ဂလာပွဲဖြစ်မြှောက်ရေးအတွက် ညို တစ်ယောက်တည်း ကြိုးစားခဲ့တယ်။ဒီလိုနဲ့ မင်္ဂလာရက်ရောက်တော့ ညို မျက်ရည်မကျအောင် စိတ်ကိုထိန်းပြီး ဖြေသိမ့်ခဲ့ရတယ်။ အစ်ကိုလတ်ကိုလည်း နားမလည်ဖြစ်ခဲ့ရတယ်။ မင်္ဂလာခန်းမထဲ လက်မှတ်ထိုးမဲ့အချိန်ထိ ညို အစ်ကိုလတ်ကို ရှာမတွေ့ခဲ့ဘူး။ ညို အပါဝင် ညို့ သူငယ်ချင်းတွေကအစ ဖုန်းတွေ ကိုယ်စီ တစ်ဂွမ်ဂွမ် အစ်ကိုလတ်ဆီ ဖုန်းဆက်ပေးကြတယ်။ ဖုန်းသာဝင်သွားတယ်။ ဖုန်းဝင်တဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ဒါပေမဲ့ ဖုန်းကြိမ်ရေသာများခဲ့တာ အစ်ကိုလတ်ဘက်က တစ်ကြိမ်တောင် ဖုန်းမကိုင်ခဲ့ပါ။
အချိန်လည်းအတော် နောက်ကျနေပြီမို့ ဝမ်းနည်းကြေကွဲ အားငယ်စွာဖြစ်နေတဲ့ ညို့လက်ကို ညို့ အိမ်ဦးသခင်က လာကိုင်ပြီး ညို့ရယ် အစ်ကိုလတ် မအားလို့နေမှာပေါ့။ ကို တို့ရှိတဲ့သူနဲ့ဘဲ ပွဲလေးမပျက်အောင် လှပအောင် စီစဉ်ကြမယ်နော်။ ဝမ်းမနည်းပါနဲ့ သူတို့ကို နားလည်ပေးလိုက်ပါနော် ဆိုပြီး ကို့ဆီမှ ဒီလိုစကားတွေကြားရပြန်တော့ ညို တစ်ယောက် ပိုလို့တောင် စိတ်ထိခိုက်ရပြန်တယ်။ ကို့ ကိုလည်းကျေးဇူးတင်မိတာပေါ့။ သူက မိန်းခလေးရှင်ဖြစ်တဲ့ ညို့ မိဘမောင်နှမတွေအပေါ် ခုလိုနားလည်ပေးလို့။ ဒီလိုနဲ့ဘဲ ညို နဲအမျိုးမကင်းနဲ့ ဦးလေးတစ်ယောက်ကို ညို အသိသက်သေ မိဘနေရာလက်မှတ်ထိုးပေးဖို့ အကူညီတောင်းခဲ့ရပါတယ်။
မင်္ဂလာပွဲလေးက အချိန်သိပ်မကြာလိုက် သတ်မှတ်ထားတဲ့ နာရီပြည့်တော့ ညိုလည်း လာကြိုတဲ့ ကားလေးနဲ့ ညို နေတဲ့အိမ်လေးကို ပြန်ခဲ့တယ်။ အိမ်ရောက်တဲ့ထိ ညို စိတ်တွေမပြေသေး။ ပြောရင်း ငိုရင်းပေါ့။ မိန်းခလေးတစ်ယောက်ရဲ့ နောက်ဆုံးအလှ အရေးကြီးဆုံးရက်မှာ ဘယ်သူမှ ညို့ အနားမှာမရှိဘူး။ ညို့ကို ဘယ်သူမှမချစ် ဘယ်သူမှ ဂရုမစိုက်ဘူးလို့ ခံစားရပြီး အဲဒီချိန်ကတည်းက ညို့ စိတ်ထဲမှာ မိသားစုတွေနဲ့ ပါတ်သက်ပြီး အားငယ်စိတ် ဝမ်းနည်းစိတ် ကြေကွဲစိတ်တွေ ဝင်လာမိတယ်။ ညို ... ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါ။ အားလုံးလည်း ပြီးဆုံးသွားပြီမို့။
နောက်နေ့မှာတော့ ညို ဖေဖေမေမေတို့ဆီ ဖုန်းဆက်ဖြစ်တယ်။ ညိုနဲ့ညို့ အိမ်ဦးသခင်တို့ရဲ့ ကံပေါ့။ ကံအကြောင်းပါလို့ မင်္ဂလာဆောင်ခါနီးရက်မှာ ထီ ပေါက်သွားတယ်။ ဆုကြီးမဟုတ်ပေမဲ့ ( ၂ ) ဖက်မိဘတွေကိုတော့ လုံလောက်စွာ ကန်တော့နိုင်ခဲ့တယ်။ညို အရမ်းပျော်သွားတယ်။ ဖေဖေမေမေတို့ကတော့ သင့်မြတ်အောင်နေဖို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားဖို့တော့ မှာခဲ့ပါတယ်။ ပြီးတော့ မေမေ့ဆီမှ သမီး မင်္ဂလာဆောင် မေမေတို့ မလာနိုင်လို့ သမီးအစ်ကိုလတ်ကို အစစအရာရာ ကူညီစီစဉ်ပေးဖို့ မေမေ့ လက်ဝတ်ပစ္စည်း တစ်ချို့ ပေးထားပြီး သေချာမှာထားတယ်။ သမီးအစ်ကိုကြီး ကူညီရဲ့လားသမီးဆိုတော့ ညို ဘာမပြန်ပြောရမှန်းမသိ။ ဖုန်းထဲကနေ အားရအောင် ငိုပစ်လိုက်တယ်။ အဲဒီချိန်ထိ ညို ဘာကြောင့် ငိုတယ်ဆိုတာ မေမေ မသိသေးသလို ညို လည်းမပြောပြခဲ့။ လူကြီးတွေ သိလည်း ပြီးသွားတာတွေ ပြီးသွားပြီမို့ စိတ်မကောင်းယုံကလွှဲပြီး ဘာမှ တတ်နိုင်မည် မဟုတ်ချေ။
ဒီလိုနဲ့ ညို ပုံမှန်လေးတော့ အိမ်နဲ့ဖုန်းပြောဖြစ်တယ်။ ဒါပေမဲ့ အစ်ကိုလတ်နဲ့ လုံးဝမဆုံဖြစ်သလို အသံမကြားရတာ ရက်တွေအတော်ကြာ ဖြစ်လာခဲ့တယ်။ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက် ခုတော့ တကယ့်တစ်စိမ်းတွေလို ဖြစ်လာတာ ဘာကြောင့်လဲ ညို စဉ်းစားမိတယ်။ညို့မှာတော့ အိမ်ကိုလွမ်းတိုင်း ကဗျာလေးရေး စာလေးရေး သီချင်းလေးစပ် ခံစားမှု့တိုင်းပေါ့။ ဒါပေမဲ့ ဒါတွေကို ညိုကလွှဲပြီး ဘယ်သူမှ မသိခဲ့ပါဘူး!!!!!!%%%
အလွမ်းမြို့အကြောင်းကို ပြန်လည်ရေးသားထားသော တကယ့်ဖြစ်ရပ်မှန် ဝတ္တုတိုလေးသာဖြစ်သည်။ မကြာမှီ ကျန်ရှိအပိုင်းများ ဆက်လက်ဖော်ပြပေးမည်။ လူနာမည်များကို ပြောင်းလဲထားပါသည်။ ဝတ္တုတိုလေးရဲ့ ခေါင်းစဉ်ကို အတိတ်ကောက်ကြောင်းက ဘဝအက်ကြောင်း လို့ပေးထားပါတယ်။ ဝတ္တုလို မရေးသားတတ်ပေမဲ့ အလွမ်းအကြောင်းလေးကို ခုလိုရေးချင်စိတ်ဖြစ်ပေါ်လာတာမို့ ပြန်လည်ရေးသား ထားခြင်းဖြစ်ပါမယ်။ စာဖတ်အားနည်းခြင်း အရေးအသားညံ့ခြင်း အဖက်ဖက်အတွင် မပြည့်စုံမှု့အတွက် စာဖတ်သူများကို အထူးတောင်းပန်ပါတယ်။ လာရောက်အားပေးတဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင် ရှိပါတယ်။

းးးး ဒုတိယပိုင်းးးးး
မကြာမှီဆက်မည်။

လာရောက်အားပေးသောစာဖတ်သူများကို
အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့
9 comments:
အစပိုင်းဆိုတော့ ဘာမှတော့သေချာမသိရသေးဘူးနော်
သိပ်ချစ်ကြတဲ့ မောင်နှမနှစ်ယောက်ကိုတော့ပြန်ဆုံစေချင်မိတယ်
ဘာအကြောင်းတွေရှိနေလဲမသိရသေးဘူးလေ
စိတ်ဝင်စားဖို့တော့ ကောင်းနေပြီနော်
ဆက်ရေးပါ-----စောင့်နေတယ်
ချစ်တဲ့
jasmine
မရေးတတ်ဘူးဆိုပေမယ့် စိတ်ဝင်စားအောင် ရေးတတ်တယ်နော်
အခုတော့ အပြီးမဖတ်ရသေးဘူး
အမြည်းပဲ ဖတ်ရသေးတယ်
နောက်မှ အပြီးလာဖတ်မယ်နော်
:)
မမလွမ်းတို့ စာရေးကောင်းလာပါလား..
စောင့်မျှော်ဖတ်နေပါတယ်စိတ်ဝင်စားစွာဖြင့်
မမလွမ်းအကြောင်းဆိုတော့အလုပ်များတယ်ပြောပြီးစာတွေလည်းရေးနိုင်တာလေးစားပါတယ်ဗျို့
ဖတ်လို့ကောင်းနေတုန်း ဒုတိယပိုင်းမျှော်တဲ့
ကိုးရီးယားကား ကြည့်ရသလိုပါပဲလား စောင့်ဆိုတော့လည်း စောင့်၇တာပေါ့ ဟဲ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
အမြန်တင်ပါ၊ ကောင်းခန်းရောက်နေတာကို။
ကိုရီးယားဇတ်လမ်းတွဲလုပ်နဲ့နော်။ :)
မကြီးရေ...
ဘ၀အက်ကြောင်းလေးလာဖတ်ရင်း မျှဝေခံစားသွားပါ
တယ်ခင်ဗျာ... အင်းလူတိုင်းမှာတော့ အက်ကြောင်း
ကိုယ်စီနဲ့ပေါ့ အမရာ... ပြီးအောင်ဆက်ဖတ်ပါမယ်
အမရေ... အားပေးလျှက်ပါခင်ဗျာ... ဘ၀သစ်မှာ
အစစအရာရာ အဆင်ပြေ၊ သာယာအောင်မြင်တဲ့ အိမ်
ထောင်သည်၊ မိသားစုဘ၀လေးကို ရရှိခံစားနိုင်ပါစေ
လို့ ကျွန်တော်လိုချင်တဲ့ ဆု၊ အမြဲတောင်းနေကျ ဆု
လေးကို ပဲ အမတွက်တောင်းပေးလိုက်ပါတယ်အမရေ
...
ခင်မင်စွာဖြင့်
ရာဇာထွေး
မမရေ..ဖတ်လို့ကောင်းနေတုန်းရပ်သွားတယ်..
ဒါပေမဲ့ ဆက်ပြီးစောင့်ဖတ်ပါ့မယ်...မမရယ်
ဘာလို့လဲဟင်...? ညိုနဲ့ ကိုလတ်ကြားမှာ ဘာတွေများ
လွဲမှာနေလို့ပါလိမ့်..ညလေးသိပ်သိချင်နေမိတယ်..
ညလေးမှာလဲ အကိုကြီးရယ်..ညလေးရယ်..မောင်နှမ
နှစ်ယောက်ထဲ ရှိလို့ပါ...ကိုယ်ချင်းစာမိနေတယ်
ခင်မင်နေတဲ့...ညီမလေးမိုးနတ်
အတိတ်ကောက်ကြောင်းလေးကိုမျှဝေခံစားခဲ့တယ် မမ
ဆက်ရေးပါနော မမ အမြဲအားပေးနေပါတယ်
~ Kk ~
ဝတ္ထုတိုလေးလာရောက်အားပေးသွားပါတယ်
ဒုတိယပိုင်းလေးလည်းမျော်နေပါတယ်နော်
Post a Comment